၂၁ ရာစု ပင်လုံညီလာခံမှ ဝ ကိုယ်စားလှယ်အဖွဲ့ ထွက်ခွာသွား

UPDATED: 4:30 PM

၂၁ ရာစုပင်လုံ ဝင်ခွင့်ကတ်များဖြန့်ဝေရာတွင် တန်းတူအခွင့်အရေးမရဟု နားလည်မှု လွဲသွားသော ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA) အဖွဲ့သည် ညီလာခံကျင်းပရာ ခန်းမအတွင်းမှ ယနေ့ (စက်တင်ဘာ ၁ ရက်နေ့) နံနက်ပိုင်းက ထွက်ခွာသွားပြီးနောက် ယခုအခါ ၎င်းတို့၏ ဒေသသို့ ပြန်သွားပြီဖြစ်သည်ဟု သတင်းရရှိသည်။

ဝင်ခွင့်ကတ်ပြားထုတ်ပေးရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတည်းခိုရန် ကျင်းပရေးကော်မတီက စီစဉ်ထားသည့် အားကစားရွာသို့ အဖွဲ့ဝင် လေးဦးပါ UWSA အဖွဲ့ ရောက်ရှိမလာခဲ့သဖြင့် သြဂုတ် ၃၁ ရက်နေ့ ညီလာခံဖွင့်ပွဲတက်ရောက်နိုင်ရန်အတွက် လေ့လာသူကတ်ပြား အစားထိုးသုံးစွဲခွင့်ပေးထားခြင်းကို နားလည်မှု လွဲမှားသွားကြခြင်းဖြစ်သည်ဟု ကျင်းပရေးပူးတွဲကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) ခင်ဇော်ဦးက မီဒီယာများကို ပြောသည်။

ထို့ကြောင့် ၎င်းတို့ တည်းခိုရာ နေပြည်တော်ရှိ ဟိုတယ်သို့ ယနေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် သွားရောက် ညှိနှိုင်းခဲ့သည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံ ကျင်းပရေး ပူးတွဲကော်မတီအဖွဲ့ဝင်များက ပြောသည်။

ထိုကဲ့သို့ ဝ ကိုယ်စားလှယ်အဖွဲ့နှင့် သွားရောက်ညှိနှိုင်းရာတွင် ဝ ကိုယ်စားလှယ်အဖွဲ့က ဝ ဒေသ၊ ပန်ဆန်းရှိ ၎င်းတို့ဌာနချုပ်နှင့် ပြန်လည်ညှိနှိုင်းမည်ဟု ပြောကြားခဲ့သည်ဟု သိရသည်။

သို့သော် ယခုအခါ အဆိုပါ ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်မှ ထွက်ခွာသွားပြီဖြစ်ကြောင်း သေချာသည့် သတင်းရရှိခဲ့သည်ဟု အမည်မဖော်လိုသည့် အရာရှိကြီးများက Frontier ကို ယနေ့ မွန်းလွဲ ၃ နာရီခန့်တွင် ပြောကြားခဲ့ကြသည်။

UWSA အဖွဲ့သည် စက်တင်ဘာ ၁ ရက်တွင် ကျင်းပနေသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစု ပင်လုံ ) ပထမအစည်းအဝေး၊ ဒုတိယနေ့ မွန်းလွဲ ၂ နာရီ ၁၃ မိနစ်တွင် ၎င်းတို့၏ သဘောထားအမြင် တင်ပြရန် အစီအစဉ် ပါဝင်သော်လည်း ယနေ့ နံနက်ပိုင်း၌ ကျင်းပရေး ပူးတွဲကော်မတီရုံးအဖွဲ့ဝင်တစ်ဦးထံသို့ ၎င်းတို့ ညီလာခံ ဆက်လက် မတက်ရောက်တော့ဟု အကြောင်းကြား၍ ပြန်သွားခြင်းဖြစ်သည်ဟု ညီလာခံတာဝန်ရှိသူတို့က ဆိုသည်။ သဘောအထားအမြင်တင်ပြသည့် အစီအစဉ်တွင် ၎င်းတို့အလှည့်ကျရောက်ချိန်တွင် အခမ်းအနား စီစဉ်သူများက ထိုအစီအစဉ်အား ကျော်လိုက်သည်ကို တွေ့ရသည်။

သြဂုတ် ၃၁ ရက်နေ့ ညက ကျင်းပသည့် ညီလာခံဖွင့်ပွဲ ညစာစားပွဲတွင် UWSA အဖွဲ့ဝင်များထံ ညီလာခံတက်ရောက်သူအဆင့် ဝင်ခွင့်ကတ်ပေးပို့ရန် စီစဉ်သော်လည်း ၎င်းတို့က လက်မခံခဲ့ဘဲ စက်တင်ဘာ ၁ ရက်နေ့၊ နံနက်ပိုင်း အစည်းအဝေး အစီအစဉ်များ ကျင်းပအပြီးတွင် ထွက်ခွာသွားသည်ဟူသော သတင်းစကားကို လက်ခံရရှိသည်ဟု တိုင်းရင်းသား လက်နက်ကိုင်များဖက်မှ ညီလာခံ ပူးတွဲကျင်းပရေးကော်မတီတွင် ပါဝင်သည့် ချင်းအမျိုးသားတပ်ဦးခေါင်းဆောင် ဒေါက်တာ လျန်မုန်းဆာခေါင်းက ပြောသည်။

ငါးရက်ကြာ ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံကို ရခိုင်တပ်မတော် (AA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့် အဖွဲ့၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TLNA)၊ နာဂအမျိုးသား ဆိုရှယ်လစ် ကောင်စီ – ကပ်ပလန် (NSCN-K)တို့မှအပ တစ်နိုင်ငံလုံး အပစ်ရပ် သဘောတူညီချက် (NCA) ထိုးပြီးနှင့် မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ တက်ရောက်ရန် စီစဉ်ခဲ့ခြင်းဖြစ်သော်လည်း ယခုအခါ ဝ အဖွဲ့ကပါ နှုတ်ထွက်သွားခြင်း ဖြစ်သည်။

သို့သော် ယခု နေပြည်တော်သို့ ညီလာခံ တက်ရောက်သည့် UWSA ကိုယ်စားလှယ်အဖွဲ့သည် တာချီလိတ်မြို့ရှိ ၎င်းတို့၏ ဆက်ဆံရေးရုံးအဆင့် ကိုယ်စားလှယ်များသာ ဖြစ်သည်ဟု သိရသည်။

၂၁ ရာစု ပင်လုံ ညီလာခံသို့ တပ်မတော်၊ နိုင်ငံရေးပါတီများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ဖိတ်ကြားထားသူများလည်း တက်ရောက်နေကြသည်။

တရုတ်နိုင်ငံ နယ်စပ်ဒေသတွင် အခြေစိုက်သည့် UWSA အဖွဲ့သည် ပြီးခဲ့သည့် ဇူလိုင်လက ကချင်ပြည်နယ် မိုင်ဂျာယန်တွင် ကျင်းပသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်ကြားမှုကိုလည်း လက်မခံခဲ့ပေ။ သို့သော် UWSA ၏ ကိုယ်စားလှယ်များသည် အဆိုပါ အစည်းအဝေး ကျင်းပနေသည့် အချိန်မှာပင် နေပြည်တော်သို့ လာရောက်ကာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြသည်။ ၎င်းအဖွဲ့သည် ယခင်စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးထားပြီး ဦးသိန်းစိန်အစိုးရနှင့်လည်း ၂၀၁၁ ခုနှစ်တွင် သဘောတူညီချက် ထပ်မံလက်မှတ်ရေးထိုးခဲ့သည်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar