မြန်မာနိုင်ငံတွင် အသက် ၆၀ နှစ်နှင့် အထက် သက်ကြီးရွယ်အို လေးသန်းခွဲရှိနေပြီး ၂၀၅၀ ပြည့်နှစ်တွင် သက်ကြီးရွယ်အို ၁၃ သန်းအထိ ရှိလာမည် ခန့်မှန်းထားကြောင်း ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ သိရသည်။
သန်းခေါင်စာရင်းမှရရှိလာသော အချက်အလက်များကို အခြေခံ၍ပြုစုထားသော သက်ကြီးရွယ်အို အကြောင်းအရာ သုတေသနစာတမ်းအား ပြည်သူ့အင်အားဦးစီးဌာနက စက်တင်ဘာ ၂၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့ရာ၌ ထိုသို့ ဖော်ပြထားခြင်း ဖြစ်သည်။
၂၀၅၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ အသက်ဖွဲ့စည်းမှုပုံစံသည် ယနေ့ခေတ် စင်ကာပူနိုင်ငံ၏ အသက်ဖွဲ့စည်းမှုပုံစံနှင့် တူညီနေမည်ဖြစ်ပြီး အသက် ၆၀ နှစ်နှင့်အထက်တွင် လူဦးရေ ၂၀ ရာခိုင်နှုန်းခန့် ပါဝင်နေမည်ဟု ဖော်ပြထားသည်။
သက်ကြီးရွယ်အို အရေအတွက်နှင့် အသက် ၁၅ နှစ်အောက် ကလေးအရေအတွက်သည် ၂၀၅၀ ပြည့်နှစ်တွင် တူညီလုနီးပါး ဖြစ်နေမည်ဟု ဖော်ပြထားသည်။
သုတေသနစာတမ်းအရ ၁၉၇၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်အတွင်းတွင် နှစ်စဉ် စုစုပေါင်း လူဦးရေတိုးနှုန်း ၁ ဒသမ ၄ ရာခိုင်နှုန်းသာ ရှိခဲ့သော်လည်း အသက် ၆၀ နှစ်နှင့်အထက် လူဦးရေသည် နှစ်စဉ် ၂ ဒသမ ၄ ရာခိုင်နှုန်းဖြင့် တိုးတက်လာခဲ့ကာ မြို့ပြတွင် ကျေးလက်ထက် သက်ကြီးရွယ်အိုဦးရေ ပိုများနေသည်ဟု ဖော်ပြထားသည်။
သက်ကြီးရွယ်အိုဦးရေ ပမာဏတိုးပွားလာမှုမှာ မကွေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် အမြင့်ဆုံးဖြစ်သည်။
လက်ရှိနှုန်းအတိုင်း ဆက်လက်တိုးသွားမည်ဆိုပါက ၂၀၃၀ ပြည့်နှစ်၌ အချက်အချာကျသော တိုင်းဒေသကြီး/ ပြည်နယ်များတွင် စုစုပေါင်းလူဦးရေ လျော့နည်းလာခြင်းနှင့်အတူ အသက် ၆၀ နှစ်နှင့်အထက် သက်ကြီးရွယ်အိုဦးရေတိုးနှုန်း အမြင့်ဆုံးဖြစ်သည့် အခြေအနေများကို ကြုံတွေ့လာရမည်ဟု ဖော်ပြထားသည်။
အဆိုပါ သုတေသနစာတမ်းတွင် ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှ ကောက်ယူရရှိသော အချက်အလက်များကို အသုံးပြု၍ မြန်မာနိုင်ငံ၏ လူဦးရေပြောင်းလဲခြင်းနှင့် သက်ကြီးရွယ်အိုဦးရေ၊ သက်ကြီးရွယ်အိုများ၏ လူမှုရေးဆိုင်ရာ အချက်အလက်များ၊ နေထိုင်မှုအခြေအနေများ၊ စီးပွားရေးဆိုင်ရာ အခြေအနေများ၊ ကျန်းမာရေးနှင့် မျှော်မှန်းသက်တမ်း၊ ဒေသအလိုက် သက်ကြီး ရွယ်အိုများ၏ ကွာခြားချက်များစသည့် အကြောင်းအရာများကို လေ့လာသုံးသပ် တင်ပြထားခြင်း ဖြစ်သည်။