ပြီးခဲ့သော ၁၂ လ အတွင်းမှာ မြန်မာနိုင်ငံကို အကောင်းအဆိုး အကျိုးသက်ရောက်စေခဲ့သူများအကြောင်း Frontier က လေ့လာဆန်းစစ်၍ ပထမပိုင်း ဖော်ပြခဲ့ပြီးဖြစ်ရာ ယခု ဒုတိယပိုင်းကို ဆက်လက်ဖော်ပြအပ်ပါသည်။
ကိုဖီအာနန် – မူ လက်ကိုင်ထားသည့် နိုင်ငံရေးသမား
မြန်မာနိုင်ငံတွင် ယခု ကိုဖီအာနန် လုပ်ကိုင်ဆောင်ရွက်နေရသော အလုပ်ထက် ပို၍ခက်ခဲသော အလုပ်ဟူ၍ သိပ်များများစားစား ရှိမည်မထင်ပေ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်းကို ရခိုင်ပြည်နယ် အကြံပေး ကော်မရှင် အကြီးအကဲအဖြစ် ရခိုင်ပြည်နယ်မှ သိမ်မွေ့ရှုပ်ထွေးလှသည့် ပြဿနာများ၏ ရေရှည်ခံမည့် အဖြေရအောင် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ရှာဖွေရမည့် တာဝန်ကို အပ်နှင်းထားသည်။
ဓာတ်ပုံ – သိမ့်မွန်စိုး(ခ) ဂျေ
အခြေအနေကောင်းများအောက်တွင် ဤရည်မှန်းချက်၏ ဖြစ်မြောက်နိုင်စွမ်းကို မေးခွန်းထုတ်သင့်သည်ဟု ဆိုနိုင်မည်။ သို့သော် ရခိုင်အမျိုးသားရေးဝါဒီများက ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်နေကြပြီး ရခိုင်မြောက်ပိုင်းတွင် မူဆလင်များက ဆူပူသောင်းကျန်းနေသော အချိန်မျိုးတွင် ထိုရည်မှန်းချက်ပန်းတိုင်မှာ မဖြစ်နိုင်သလောက်နီးနီးပင် ဖြစ်တော့သည်။ အချို့ကတော့ ကိုဖီအာနန် ကော်မရှင်သည် အကြောင်းမဲ့ အချိန်ဖြုန်းနေသည်ဟု ဆိုကောင်းဆိုကြမည်။ ဤသို့ဆိုလျှင် မှားလိမ့်မည်။ နောက်ခံ မကျေနပ်မှု၊ နစ်နာမှုများကို သိရှိအောင် ဖော်ထုတ်ပြီး ယင်းတို့ကို ဖြေရှင်းပေးရန်မှာ မည်မျှအရေးကြီးမှန်း ယင်းအခြေအနေများက ဖော်ညွှန်းကြမည်ဖြစ်၍ပင်။
ကိုဖီအာနန်သည် မူနှင့်လုပ်ဆောင်တတ်သော သံတမန် တစ်ဦးအဖြစ်လည်းကောင်း၊ အလုပ်ကို ပိုင်ပိုင်နိုင်နိုင် ဆောင်ရွက်တတ်သော နိုင်ငံရေးသမား တစ်ဦးအဖြစ်လည်းကောင်း နာမည်ကောင်း ရထားပြီးသူ ဖြစ်သည်။ ယင်းနာမည်ကောင်းနှင့်ပင် ကမ္ဘာပေါ်ရှိ ပဋိပက္ခဒဏ် ခံနေကြရသော ဒေသများတွင် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးများ ရရှိလာအောင် ကြိုးပမ်းနေသူလည်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်က သူ့ကို အကူအညီတောင်းလိုက်ချိန်တွင် သူ ဒါတွေကို သဘောပေါက်မထားဘူးဆိုပါက ယခုရခိုင်ပြည်နယ် အကြံပေးကော်မရှင် ဥက္ကဋ္ဌ၏ အလုပ်တာဝန်သည် ကာလရှည်ကြာ ထူးခြားအောင်မြင်ခဲ့သော သူ့ဘဝတွင် အခက်ခဲဆုံး စမ်းသပ်မှု တစ်ခုပင် ဖြစ်ပေလိမ့်မည်။
ဦးဇော်ဌေး – အစိုးရ၏ ပြောခွင့်ရပုဂ္ဂိုလ်
ယခင် ဦးသိန်းစိန် အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို အင်န်အယ်လ်ဒီပါတီ အစိုးရသစ်က ယင်း၏ ပြောခွင့်ရပုဂ္ဂိုလ်အဖြစ် ဧပြီလအတွင်းက ဆက်လက်ခန့်ထားလိုက်သောအခါ အားလုံးအံ့အားသင့် သွားကြသည်။ ဒီမိုကရေစီနည်းဖြင့် ရွေးကောက်တင်မြောက်ခံရသော လူထုအစိုးရ၏ အသံအဖြစ် စစ်တပ်အရာရှိဟောင်း တစ်ယောက်က ဘယ်လို အခန်းကဏ္ဍကများ ပါဝင်မှာပါလိမ့်ဟု ဆန်းစစ်သူအများက သိချင်ခဲ့ကြသည်။
ဓာတ်ပုံ – အေအက်ဖ်ပီ
ယင်းမေးခွန်းကို ယခုနှစ်အတွင်း နောက်ပိုင်းဖြစ်ရပ်များက ပြတ်ပြတ်သားသား အဖြေပေးလိုက်သည်။ ရခိုင်မြောက်ပိုင်းတွင် အောက်တိုဘာလ ၉ ရက် အကြမ်းဖက် တိုက်ခိုက်မှုအပြီး ထိုဒေသအတွင်း လုံခြုံရေးစစ်တပ်က နယ်မြေရှင်းလင်းရေး အားတိုက်ခွန်တိုက် လုပ်ဆောင်ခဲ့ရာတွင် မေးစရာမေးခွန်းများ ပေါ်ထွက်လာခဲ့ရာ ဦးဇော်ဌေးက အစိုးရနှင့် မီဒီယာများအကြား တံတိုင်းကြီးသဖွယ် အစိုးရကို ကာကွယ်ဖြေဆိုပေးနိုင်ခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့များက လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိခဲ့သည်ဟူသော စွပ်စွဲချက်များကို ဦးဇော်ဌေးက ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည်။ “သောင်းကျန်းသူတွေ ခိုအောင်းနေတဲ့ အိမ်ခြေ ၈၀၀ လောက်ရှိတဲ့ ရွာကြီးရဲ့အလယ်မှာ မုဒိန်းမှု ကျူးလွန်တယ်ဆိုတာကတော့ သာမန်ကျိုးကြောင်း ဆင်ခြင်တုံတရားနဲ့ တွေးကြည့်ရင်တောင် ဖြစ်နိုင်ဖွယ် မရှိပါဘူးဗျာ” ဟု ဦးဇော်ဌေးက ရိုက်တာသတင်းဌာနကို ဖြေကြားသည်။
လူ့အခွင့်အရေး ချိုးဖောက်သည်ဟု စွပ်စွဲရေးသားကြသော ပြည်ပသတင်းဌာနများကိုလည်း ဦးဇော်ဌေးက ပြင်းပြင်းထန်ထန် ဝေဖန်သည်။ ထို့ကြောင့် သတင်းစာ လွတ်လပ်ခွင့်ကိုပင် ခြိမ်းခြောက်သလို ရှိသည်။ ရခိုင်မြောက်ပိုင်း နယ်မြေရှင်းလင်းရေးနေရာများတွင် မီးလောင်ထားသော နေအိမ်များ ပါရှိသော ဂြိုဟ်တုရုပ်ပုံများကို လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ Human Rights Watch HRW က နိုဝင်ဘာလအတွင်း ထုတ်ပြန်လိုက်ရာ ဦးဇော်ဌေးက ယင်းအဖွဲ့သည် အမှန်တရားနှင့် ကင်းကွာနေသည်။ အစိုးရအဖွဲ့များ သွားရောက်စဉ်က တွေ့မြင်ခဲ့ရသည်တို့နှင့် ကွဲပြားခြားနားနေသည်ဟု ပြောခဲ့သည်။
လုံခြုံရေး တပ်ဖွဲ့၏ လုပ်ဆောင်မှုများကို ပြည်ပက ဝေဖန်ပြစ်တင်သံများ ထွက်ပေါ်နေသော်လည်း ပြည်တွင်းကမူ ထောက်ခံမှုများ ရရှိနေသည်။ မည်သို့ပင်ရှိစေ ထိုဒေသတွင်းသို့ မီဒီယာများကို လွတ်လပ်စွာ သွားရောက်ခွင့် မပြုသေးသမျှ ကာလပတ်လုံး အစိုးရအပေါ်တွင် ဖိအားများ ဆက်လက်ကျရောက်နေမည်သာ ဖြစ်သည်။ တွင်တွင်ငြင်းဆိုနေရုံဖြင့် ကိစ္စပြီးမြောက်မည် မဟုတ်ပေ။
ဦးသန်းထွဋ်အောင် – မီဒီယာ အကျဉ်းသား
အလဲဗင်းန် မီဒီယာဂရု(ပ်) Eleven Media Group ၏ စီအီးအို ဦးသန်းထွဋ်အောင်သည် သူ့ပြိုင်ဘက်၊ အတိုက်အခံများကို သူ့မီဒီယာကိုသုံးပြီး အမြဲတစေ ပုံမှန်တိုက်ခိုက်လေ့ရှိပြီး လူထုအကြား စိတ်ဝမ်းကွဲပြားအောင် လုပ်တတ်သူ ဖြစ်သည်။ ယင်းအကျင့်စရိုက်ကြောင့်ပင် ရုံးပြင်ကန္နားနှင့် တရားတဘောင် ရင်ဆိုင်ခဲ့ရသည်မှာလည်း အကြိမ်ကြိမ်၊ တိုက်စရာ ခိုက်စရာရှိလျှင်လည်း ဘယ်တော့မှ နောက်မဆုတ်၊ သူက ပြန်၍ တရားစွဲကာ နှစ်မှုဖြစ်သွားအောင် လုပ်တတ်သူ ဖြစ်သည်။ သမ္မတ ဦးသိန်းစိန်၏ အစိုးရသက်တမ်း တလျှောက်လုံး သူ့သတင်းစာသည် နိုင်ငံရေးအကျဉ်းသားလို၊ မြစ်ဆုံဆည်လို ကိစ္စမျိုးတွင် လေသံမာမာဖြင့် အစိုးရကို တောက်လျှောက်ဝေဖန်လာခဲ့သည်။
ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး
သို့သော် ဦးသန်းထွဋ်အောင် တစ်ယောက် တကယ်တမ်း တရားဥပဒေနှင့် နဖူးတွေ့ဒူးတွေ့ ပထမဆုံး တွေ့လိုက်ရသည်ကတော့ ဦးသိန်းစိန် အစိုးရမဟုတ်ဘဲ အင်န်အယ်လ်ဒီအစိုးရလက်ထက်တွင် ဖြစ်သည်။ နိုဝင်ဘာလအတွင်းက ဦးသန်းထွဋ်အောင်နှင့် သူ့သတင်းစာ အယ်ဒီတာချုပ် ကိုဝေဖြိုးတို့ ပုဒ်မ ၆၆ (ဃ) ဖြင့် အဖမ်းခံကြရသည်။ အင်န်အယ်လ်ဒီအစိုးရ တိုင်းဝန်ကြီးချုပ်တစ်ဦးက စီးပွားရေးသမားတစ်ဦးထံမှ လာဘ်ယူသည်ဟု စွပ်စွဲထားသော ဝေဖန်ရေး ဆောင်းပါးတစ်ပုဒ် ရေးသားဖြန့်ဝေမှုဖြင့် ဆက်သွယ်ရေး ဥပဒေအရ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ ဝန်ကြီးချုပ်ကို နာမည်ဖြင့် ဖော်ပြမထားသော်လည်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ရည်ညွန်းသည်မှာ သိသာနေသည်။
နိုဝင်ဘာလနှောင်းပိုင်းတွင် သူတို့နှစ်ယောက် အာမခံမရဘဲ အင်းစိန်ထောင်ကို ပို့ခံကြရသည်။ ဦးသန်းထွဋ်အောင်မှာ နှလုံးရောဂါ ခံစားနေရပြီး ကျန်းမာရေး မကောင်းကြောင်း ပြောသံဆိုသံ ကျယ်ကျယ်ပြန့်ပြန့် ကြားရသော်လည်း သူ၏ အာမခံ လျှောက်ထားမှုကို တရားသူကြီးက ငြင်းပယ်ခဲ့သည်။
ဟုန်လျန် – အခြေအနေပေါ်မူတည် ဆက်ဆံသည့် သံတမန်
မြန်မာပြည်တွင် စစ်အာဏာရှင်များ ကြီးစိုးထားစဉ်က တရုတ်နိုင်ငံသည် မြန်မာအစိုးရနှင့် အလွန် ပလဲနံပသင့်ခဲ့ရာ အကြီးစား လုပ်ကိုင်ခွင့် တင်ဒါများလည်း ရရှိခဲ့သည်။ ၂၀၁၁ ခုနှစ်နောက်ပိုင်းတွင် တရုတ်တို့က ရင်းနှီးမြှုပ်နှံမှုကို တော်သင့်ရုံသာ ပြုလုပ်တော့သော်လည်း ပြိုင်ဆိုင်မှု ပြင်းထန်လာသော ပိုမိုရှုပ်ထွေးလာသည့် မြန်မာ့ဈေးကွက်တွင် အဓိကနေရာမှ ဆက်လက်ပါဝင်နိုင်ခဲ့သည်။ ထိုသို့ဖြစ်အောင်လည်း နည်းဗျူဟာသစ်သုံးကာ နည်းလမ်းကိုလည်း ပြောင်းလဲခဲ့ရသည်။
မတ်လအတွင်းက ရန်ကုန်မြို့ရှိ ၎င်း၏ နေအိမ်တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် တရုတ်သံအမတ် ဟုန်လျန်က မြန်မာနိုင်ငံ၌ အခြေအနေများ ပြောင်းလဲလာ၍ တရုတ်နိုင်ငံက ချဉ်းကပ်မှုနည်းလမ်းများလည်း ပြောင်းလဲခဲ့ပြီဟု သတင်းထောက်များအား ထုတ်ဖော်ပြောဆိုခဲ့သည်။ အင်န်အယ်လ်ဒီအစိုးရ တက်လာပြီးနောက် တရုတ်က ထပ်မံပြောင်းလဲခဲ့ရပြန်သည်။ နိုင်ငံတော် အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယခင်သမ္မတ ဦးသိန်းစိန် ကျင့်သုံးခဲ့သော အရှေ့နှင့်အနောက် ချိန်ခွင်လျှာညှိသည့် နိုင်ငံခြားရေး ပေါ်လစီကို ဆက်လက်ထိန်းသိမ်းထားသော်လည်း တရုတ်နှင့် ဂျပန်တို့ထက် အနောက်အုပ်စုနိုင်ငံတို့နှင့် ပို၍ရင်းနှီးသည်မှာ အမှန်ပင်ဖြစ်သည်။
၂၀၁၅ ခုနှစ် ဇူလိုင်လတွင် ၎င်း၏ သံအမတ် ခန့်အပ်လွှာကို သမ္မတ ဦးသိန်းစိန်ထံ ပေးအပ်ခဲ့ရသော တရုတ်သံအမတ် ဟုန်လျန်သည် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် ချဉ်းကပ်မှုနည်းဗျူဟာ အပြောင်းအလဲကို လက်တွေ့ဖော်ဆောင်ရသူ ဖြစ်သည်။ နှစ်နိုင်ငံအကြား အကြီးမားဆုံး ပြဿနာမှာ ဒေါ်လာဘီလျံ များစွာတန်သော မြစ်ဆုံ ဘက်စုံစီမံကိန်းပင် ဖြစ်သည်။
ဟုန်လျန်သည် ဇွန်လအတွင်း ကချင်ပြည်နယ်သို့ ကိုယ်တိုင်သွားကာ အာဏာပိုင်၊ ဒေသခံများနှင့်တွေ့ဆုံပြီး မြစ်ဆုံစီမံကိန်း ပြန်စတင်နိုင်ရေး ကြိုးစား၍ မဲဆွယ်စည်းရုံးသည်။ သို့သော် တကယ့်လက်တွေ့တွင်မူ ပြည်သူအများက မလိုလားသော ဤစီမံကိန်းကို ပြန်စခြင်းသည် နှစ်နိုင်ငံစလုံးအတွက် ပျက်စီးရာ ပျက်စီးကြောင်း ဖြစ်လာနိုင်ပေသည်။ တရုတ်နိုင်ငံသည် မြစ်ဆုံကိစ္စအကြောင်းပြပြီး မြန်မာအစိုးရထံမှ အခြားလုပ်ငန်း ကန်ထရိုက်များရအောင် ဖိအားပေးနေသည်ဟု လေ့လာသူအချို့က ပြောနေကြသော်လည်း တရုတ်ကမူ ထိုစွပ်စွဲချက်ကို ငြင်းဆိုထားသည်။
မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင်လည်း တရုတ်က တက်တက်ကြွကြွ ပါဝင်နေသည်။ ဇူလိုင်လအတွင်း ကချင်ပြည်နယ် မိုင်ဂျာယန်တွင် ကျင်းပခဲ့သည့် လက်နက်ကိုင် တိုင်းရင်းသား အုပ်စုများအကြား ဆွေးနွေးပွဲသို့ တက်ရောက်ရန် ဖိတ်ကြားခြင်းခံရသော တစ်ခုတည်းသော နိုင်ငံခြားတိုင်းပြည်မှာ တရုတ်ပြည်ပင် ဖြစ်သည်။
မကြာမီက ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်နှင့် လက်နက်ကိုင် အုပ်စု ၄ ခု အကြား တိုက်ပွဲများ ဖြစ်ပွားရာတွင် ဒေသခံများ သောင်းချီ၍ နယ်စပ်ကိုဖြတ်ကာ တရုတ်ပြည်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရာ တရုတ်ကို ဒေါသဖြစ်စေခဲ့သည်။ မကြာခင်မှာပင် တရုတ်အစိုးရပိုင် သတင်းစာက ထိုဒေသရှိ ယူနန်ပြည်နယ် အစိုးရကို မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး ရရှိအောင် တက်တက်ကြွကြွ ပါဝင်ကူညီပေးရန် တိုက်တွန်းတောင်းဆိုခဲ့သည်။
ဦးမင်းဇော်ဦး – ငြိမ်းချမ်းရေး တမန်
ငြိမ်းချမ်းရေး ဆွေးနွေးမှုကို ဦးဆောင်ရန် ဒေါ်အောင်ဆန်းစုကြည်က ဒေါက်တာ တင်မျိုးဝင်းကို တာဝန်ပေးထားသည်မှန်သော်လည်း ဒေါက်တာ တင်မျိုးဝင်းမှာ သူ၏ အဓိက ဆရာဝန်အလုပ်တာဝန်ကို ဆက်လက်လုပ်ဆောင်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုတွင် ရုပ်ပြခေါင်းဆောင် တစ်ဦးသာဖြစ်သည်ဟု Frontier က နားလည်ထားသည်။ အစိုးရ၏ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ကော်မတီ NRPC တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အချိန်ပြည့် လုပ်ဆောင်နေသူများတွင် ဦးမင်းဇော်ဦးကဲ့သို့ ပုဂ္ဂိုလ်များကို တွေ့ရမည် ဖြစ်သည်။
ယင်းအလုပ်သည် အလွန်လွယ်ကူလှသည့် အလုပ်တော့ မဟုတ်ပေ။ မကြာမီလများအတွင်းက ငြိမ်းချမ်းရေးကို အထိနာစေသော အဖြစ်အပျက်များ ဖြစ်ခဲ့သည်။ အထူးသဖြင့် နိုင်ငံမြောက်ပိုင်းတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်နေခဲ့ခြင်းများပင်ဖြစ်သည်။ မဟာဗျူဟာအရ အရေးပါသော ဂီဒွန်စခန်းကို ကေအိုင်အေတို့လက်မှ တပ်မတော်က သိမ်းပိုက်လိုက်ခြင်းကြောင့် တပ်မတော်အတွက် စစ်ရေးအကျိုးအမြတ် ရရှိကောင်း ရရှိနိုင်သော်လည်း အရှိန်အဟုန် လျော့ကျနေသည့်နှယ်ဖြစ်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ယုံကြည်မှု တည်ဆောက်ရေးအတွက်မူ အထောက်အကူ မဖြစ်ခဲ့ပေ။
အတိုက်အခိုက်တွေ လျော့ပါးသွားဖို့ အထိရောက်ဆုံး နည်းလမ်းမှာ တိုင်းရင်းသား လက်နက်ကိုင်တို့က အပစ်ရပ်စာချုပ် NCA ကို အမြန်လက်မှတ်ထိုးခြင်းသာ ဖြစ်သည်ဟု ဦးဇော်မင်းဦးက အစဉ်တစိုက် ပြောကြားခဲ့သည်။ အောက်တိုဘာလအတွင်း ကျင်းပခဲ့သော NCA လက်မှတ်ရေးထိုးပွဲ နှစ်ပတ်လည် အခမ်းအနားတွင် ဦးဇော်မင်းဦးက အခြေအနေကတော့ ဘဲဥအစ ရှာမရတဲ့ ပုံစံမျိုး ဖြစ်နေပြီဟု Frontier ကို ပြောကြားခဲ့သည်။ “အပစ်အခတ် ရပ်စဲရေး ဖော်ဆောင်ဖို့ နှစ်ဘက်သဘောတူညီလိုက်တာနဲ့တပြိုင်နက် ထိတွေ့ပစ်ခတ်မှုတွေ လျော့ကျသွားမယ်လို့ ကျွန်တော် ယုံကြည်တယ်” ဟု ၎င်းကပြောသည်။
ဒီလိုလက်မှတ်ရေးထိုးနိုင်ဖို့ သက်ဆိုင်သူအားလုံးအကြား သိသာထင်ရှားသော ယုံကြည်မှုအဆင့် တစ်ခုတော့ လိုအပ်ပေသည်။ ယခုလို အပြန်အလှန် ပစ်ခတ်တိုက်ခိုက်နေကြချိန်မှာတော့ ရပြီးသား ယုံကြည်မှုလေးများပင် ပျောက်ကွယ်သွားခဲ့ပြီ။ ငြိမ်းချမ်းရေးအတွက် အစဉ်တစိုက် အားသွန်ကြိုးပမ်းနေသော ဦးဇော်မင်းဦးကဲ့သို့ စေ့စပ်ညှိနှိုင်းရေးသမားများအတွက်မူ ရေရှည်သဘောတူညီချက် တစ်ရပ်ကို လက်မှတ်ရေးထိုးနိုင်ရေးမှာ ဆထက်ထမ်းပိုး ကြိုးပမ်းအားထုတ်ရဦးမည့်သဘော ဆောင်နေလေသည်။
မစ္စတာ စကော့ မာဆီယယ် – အမေရိကန် သံအမတ်သစ်
မြန်မာနိုင်ငံသို့ စေလွှတ်တာဝန်ပေးခံရသော အမေရိကန် သံအမတ်သစ်များအဖို့ မစ္စတာ ဒဲရစ် မစ်ချယ်၏ ခြေရာကို နင်းနိုင်ဖို့ သိပ်လွယ်လိမ့်မည် မဟုတ်ချေ။ သံအမတ်သစ် စကော့မာဆီယယ်၏ အရင် တာဝန်ထမ်းဆောင်ခဲ့သော မစ္စတာ ဒဲရစ် မစ်ချယ်သည် အာရှတစ်ခွင်တွင် သံတမန်တာဝန်ကို ထမ်းဆောင်ခဲ့သော အတွေ့အကြုံ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့သူဖြစ်ပြီး မြန်မာလူထုနှင့်လည်း အတော်ပင် အထာကျခဲ့သူ ဖြစ်ပုံရသည်။ ယင်းကလည်း သူတာဝန်ထမ်းဆောင်စဉ် ကာလအတွင်း သမ္မတ အိုဘားမားနှင့် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်တို့က မြန်မာနိုင်ငံအပေါ် အထူးစိတ်ဝင်စားမှုကို ပြသခဲ့ကြ၍လည်း ဖြစ်နိုင်ပေသည်။
ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး
မြန်မာနိုင်ငံ မတိုင်မီ အင်ဒိုနီးရှားဆိုင်ရာ သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ စကော့ မာဆီယယ်အဖို့ မြန်မာနိုင်ငံတွင် အစမကောင်းခဲ့ပေ။ သူတာဝန်ယူ၍မှ ရက်ပိုင်းအကြာမှာပင် အမေရိကန်သံရုံးရှေ့၌ အမျိုးသားရေး လှုပ်ရှားသူ တစ်စု၏ ကန့်ကွက်ဆန္ဒပြမှုနှင့် ရင်ဆိုင်ရသည်။ ရခိုင်ကမ်းလွန်တွင် စက်လှေတစ်စီး နစ်မြုပ်ရာ၌ လူ ၂၀ ခန့် သေဆုံးခဲ့ရမှုအတွက် ဝမ်းနည်းကြောင်း ထုတ်ပြန်ရာတွင် ရိုဟင်ဂျာဟူသော စကားလုံးကို သံရုံးက သုံးနှုန်းခဲ့သောကြောင့် ကန့်ကွက်ဆန္ဒပြကြခြင်းဖြစ်သည်။
သို့သော် ယင်းအဖြစ်အပျက်နောက်ပိုင်း ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်လာခဲ့သည်။ ရခိုင်ပြည်နယ်အတွင်း မကြာမီက ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် ထိခိုက်ခဲ့ရသော ဒေသများသို့ လေ့လာရေး သွားခဲ့ကြသော သံတမန်များအဖွဲ့တွင် အမေရိကန် သံအမတ် စကော့မာဆီယယ်လည်း လိုက်ပါသွားခဲ့သည်။ ဗြိတိန်သံအမတ် အင်ဒရူးပက်ထရစ် အပါအဝင် ရခိုင်ခရီးစဉ်တွင် လိုက်ပါသွားခဲ့ကြသော အခြားသံတမန် များနှင့်အတူ စကော့မာဆီယယ်က ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုနှင့် ယင်းတိုက်ခိုက်မှုအပြီး စစ်တပ်က လုပ်ဆောင်ခဲ့သော နယ်မြေရှင်းလင်းရေး လုပ်ငန်းအပေါ် လွတ်လပ်၍ ယုံကြည်ရလောက်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စုံစမ်းစစ်ဆေးမှု ပြုလုပ်ပါရန် အစိုးရကို တိုက်တွန်းခဲ့သည်။
ရခိုင်မြောက်ပိုင်းတွင် စစ်တပ်က နယ်မြေရှင်းလင်းရေး စတင်လုပ်ဆောင်ခဲ့အပြီး နှစ်လအကြာတွင် ရခိုင်မြောက်ပိုင်းသို့ လူသားချင်းစာနာသော အကူအညီများ ပေးပို့နိုင်ရေး ၁၄ နိုင်ငံ ပါဝင်သော သံတမန်အဖွဲ့က တောင်းဆိုခဲ့ရာတွင် ထို ၁၄ နိုင်ငံ စာရင်း၌ အမေရိကန်သံရုံးလည်း ပါဝင်ခဲ့သည်။ ယင်းစာရင်း၌ ဗြိတိန်သံရုံး မပါဝင်ခဲ့သည်မှာ သတိပြုစရာပင်ဖြစ်သည်။
အတာအူလာ – ကစားကွက် ပြောင်းသူ
ရခိုင်ပြည်နယ်မြောက်ပိုင်းမှ အခြေအနေနှင့်ပတ်သက်၍ အတွေးအမြင်များ မည်သို့ပင် ရှိသည်ဖြစ်စေ အောက်တိုဘာလ ၉ ရက်က ထိုဒေသရှိ နယ်စပ်ရဲစခန်း ၃ ခု တပြိုင်နက်တည်း အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရပြီးနောက် ထိုဒေသတွင် လှုပ်ရှားမှုအနေအထား သိသိသာသာ ပြောင်းလဲသွားသည်ကို သံသယဖြစ်ဖွယ် မရှိပေ။
စစ်တပ်၏ နယ်မြေရှင်းလင်းရေးအတွင်း လူ ၃၀,၀၀၀ ခန့် နယ်စပ်ဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ထွက်ပြေးသွားခဲ့ကြပြီး ဘာသာရေး တင်းမာမှုများလည်း တဖန်ခေါင်းပြန်ထောင်လာခဲ့သည်။ ကျွနု်ပ်တို့ အဆင့်တစ်ကို အတိအကျ ပြန်မရောက်နိုင်သေးပေ။ သို့သော် လူ့အဖွဲ့အစည်း နှစ်ခုအကြား ယုံကြည်မှု ပြန်လည်တည်ဆောက်ရေးအတွက် လုပ်နိုင်ခဲ့သမျှကိုမူ လက်စမသတ်နိုင်ခဲ့ပေ။
အတာအူလာ၊ သို့မဟုတ် အဘူအမာဂျနူနီနှင့် ဟာဖစ်တိုဟာ ဆိုသူတို့သည် ဟာရကာ-အယ်-ယာကင် (ဘာသာရေး လှုပ်ရှားမှု) ဟု အမည်ပေးထားသော အောက်တိုဘာလ ၉ ရက် တိုက်ခိုက်မှုကို ဦးဆောင်ခဲ့သူ ဖြစ်သည်။ International Crisis Group ICG ၏ မကြာမီက ထုတ်ပြန်သော ရခိုင်ဆိုင်ရာ အစီရင်ခံစာအရ အတာအူလာသည် ပါကစ္စတန်နိုင်ငံတွင် မွေးဖွားပြီး ဆော်ဒီအာရေဗျ နိုင်ငံ၌ ကြီးပြင်းခဲ့သော ရိုဟင်ဂျာ တစ်ဦး ဖြစ်သည်ဟု ဆိုသည်။ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုများ ဖြစ်ပွားပြီးမကြာမီ သူသည် အရှေ့အလယ်ပိုင်းဒေသမှ ပျောက်ကွယ်သွားခဲ့သည်ဟု ဆိုသည်။
ယင်းအဖွဲ့အစည်းကို မည်သို့မည်ပုံ ဖွဲ့စည်းခဲ့သည်၊ ငွေကြေးထောက်ပံ့မှု ဘယ်က ရရှိသည်ဆိုသည့် အချက်များနှင့်ပတ်သက်၍ လစ်ဟာနေသည့် အချက်များစွာ ရှိသည်။ သို့သော် ပြည်ပ အဆက်အသွယ်များ ရှိသည်ဆိုသည်ကိုတော့ ICG အစီရင်ခံစာက အတိအလင်း ဖော်ပြထားသည်။ မည်သို့ပင်ရှိစေ ဟာရာကာ- အယ်-ယာကင် အဖွဲ့သည် မြန်မာနိုင်ငံရှိ ဘင်္ဂါလီတို့၏ အခွင့်အရေး ရရှိရေးကိုသာ သီးသန့်စိတ်ဝင်စားပြီး ကမ္ဘာလုံးဆိုင်ရာ ဂျီဟတ်လှုပ်ရှားမှု၏ အစိတ်အပိုင်း တစ်ခုမဟုတ်ကြောင်း အစီရင်ခံစာက မှတ်ချက်ပြုထားသည်။
ယင်းအသစ်ဖြစ်ပေါ်လာသော ဆူပူသောင်းကျန်းမှုကို အစိုးရက မည်သို့ တုန့်ပြန်ဆောင်ရွက်မည် ဆိုသည်မှာ လွန်စွာအရေးကြီးသည်။ ICG အစီရင်ခံစာတွင် ဖေါ်ပြထားသည့်အတိုင်း လုံခြုံရေးအပိုင်းက ပြင်းပြင်းထန်ထန် အရေးယူနေမှုသည် မည်သည့်ဘက်ကိုမျှ ကောင်းကျိုးမပြုဘဲ ရေရှည်တွင် ဆူပူသောင်းကျန်းသူများ တိုးပွားလာမည်ကို စိုးရိမ်ဖွယ် ဖြစ်နေပါသည်။
လက်ရှိအခြေအနေတွင် လက်နက်ကိုင် အကြမ်းဖက်မှုဖြင့် သူတို့၏ ကံကြမ္မာ တိုးတက်ကောင်းမွန်လာမည်ဟု ဘင်္ဂါလီအများစုက မယုံကြည်ကြတော့သဖြင့် ဟာရာကာ-အယ်-ယာကင် အဖွဲ့သည် သေးငယ်သွားဖွယ်ရာသာ ရှိသည်။ သို့သော် အစိုးရက အစွန်းရောက် လှုပ်ရှားမှု တိုးပွားလာသည်ကို တားဆီးကာကွယ်ရန် စီမံကိန်းချမှတ် လုပ်ဆောင်ရန် အလွန်အရေးကြီးသည်။ ယင်းစီမံချက်တွင် လူ့အခွင့်အရေးကို မဖြစ်မနေ လက်ခံထည့်သွင်းဖို့ လိုအပ်ပါသည်။
“၂၀၁၆ ခုနှစ် ထင်ရှားကျော်ကြား ပုဂ္ဂိုလ်ကြီးများ – ပထမပိုင်း” ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
ဖြိုးဝင်းကိုကို ဘာသာပြန်သည်။