မြန်မာနိုင်ငံ၏ အရေးပါသော မြစ်များအနက်တစ်ခုဖြစ်သည့် ဧရာဝတီမြစ်က မြန်မာ့စီးပွားရေးနှင့် လူမှုအဖွဲ့အစည်းများအပေါ် အကျိုးပြုပုံများကို WWF-မြန်မာက လေ့လာ့မှုများ စတင်ပြုလုပ်နေပြီဖြစ်သည်။
“ကောင်းမွန်စွာ စီးဆင်းနေတဲ့ ဧရာဝတီ မြစ်ကြီး မြန်မာ့ စီးပွားရေးနဲ့ လူမှုအဖွဲ့အစည်းတွေကို ဘယ်လောက်အထိ အကျိုးပြုနေသလဲဆိုတာကို ဒီလေ့လာမှုကနေတစ်ဆင့် သိလာမှာ ဖြစ်ပါတယ်။ ဧရာဝတီမြစ်ကြီး ကောင်းမွန်စွာ ဆက်လက်စီးဆင်းနိုင်အောင် ထိန်းသိမ်းဖို့ လိုအပ်ကြောင်း အစိုးရနဲ့ ပြည်သူလူထု သိရှိနားလည်သဘောပေါက်လာအောင် ကျွန်တော်တို့က ဒီလေ့လာမှုနဲ့ တစ်ဖက်တစ်လမ်းကနေ ကူညီပေးခြင်းဖြစ်ပါတယ်” ဟု WWF-မြန်မာမှ ရေချိုအရင်းအမြစ် အစီအစဉ်နှင့် မူဝါဒဆိုင်ရာ မန်နေဂျာ မစ္စတာ ဆာမီတော်နီကော့စကီးက အောက်တိုဘာ ၂၃ ရက်နေ့က ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်ထဲတွင် ပြောကြားထားသည်။
“The Ayeyarwaddy River and the Economy of Myanmar” အမည်ရှိ ထိုလေ့လာမှုသည် WWF-မြန်မာ၏ ရေချိုအရင်းအမြစ် အစီအစဉ်အောက်မှ လေ့လာမှုတစ်ခုဖြစ်ပြီး ဧရာဝတီမြစ်အထက်ပိုင်းရှိ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီမြစ်အလယ်ပိုင်းရှိ မကွေးနှင့် မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီမြစ်အောက်ပိုင်းရှိ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် လေ့လာမှုများ ပြုလုပ်သွားမည်ဖြစ်ကာ ပထမအဆင့် လေ့လာမှုများသည် လာမည့် မတ်လတွင် ပြီးစီးမည်ဖြစ်သည်။
ဧရာဝတီမြစ်သည် အရှေ့တောင်အာရှဒေသရှိ လွတ်လပ်စွာစီးဆင်းနိုင်နေသေးသည့် မြစ်ကြီးများထဲတွင် တစ်စင်းအပါအဝင်ဖြစ်ကာ ဧရာဝတီမြစ်ဝှမ်းဒေသတစ်လျှောက်တွင် မြန်မာနိုင်ငံလူဦးရေ၏ သုံးပုံနှစ်ပုံခန့် မှီတင်း နေထိုင်နေကြသည်ဟု WWF-မြန်မာ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် မြန်မာ့ဆန်စပါးထုတ်လုပ်မှု၏ ၈၀ ရာခိုင်နှုန်းခန့်ကို ဧရာဝတီမြစ်ဝှမ်းတစ်လျှောက်၌ စိုက်ပျိုးထုတ်လုပ်နေသည်။
WWF အနေဖြင့် “စီးပွားရေးကဏ္ဍတွင် မြစ်များ၏ အကျိုးပြုပုံ”အမည်ဖြင့် လေ့လာမှုများကို ကင်ညာ၊ နီပေါ၊ ဘူတန်နှင့် ဇမ်ဘီယာနိုင်ငံတို့ရှိ မြစ်ဝှမ်းဒေသများနှင့် မဲခေါင်မြစ်အောက်ပိုင်း ဒေသတို့တွင် ပြုလုပ်ခဲ့ဖူးပြီး၊ ငါးလုပ်ငန်းကဏ္ဍ၊ ဆန်စပါးကဏ္ဍ၊ ပို့ဆောင်ရေးကဏ္ဍ၊ ခရီးသွားကဏ္ဍစသည့်ကဏ္ဍများအလိုက် ခွဲခြမ်းစိတ်ဖြာ၍ ကောင်းမွန်စွာ စီးဆင်းနေသည့် မြစ်များက နိုင်ငံ့စီးပွားရေးအပေါ် အကျိုးပြုပုံများကို အချက်အလက်များနှင့်တကွ ဖော်ပြနိုင်ခဲ့သည်။