ဧရာဝတီကမ်းရိုးတန်း စက်မှုဇုန်သစ် ဒေါ်လာ ၁၀ ဘီလျံ ရင်းနှီးမြှုပ်နံှမည်

အင်ဂျင်နီယာလုပ်ငန်းကြီးတစ်ခုသည် ဧရာဝတီတိုင်းဒေသကြီးရှိ လူသူအရောက်အပေါက်နည်းသော အနောက်ဘက် ကမ်းရိုးတန်းဒေသတွင် ရန်ကုန်နှင့် မော်တော်ကား၊ မီးရထားတို့ဖြင့် ဆက်သွယ်မှုများ ပါဝင်သည့် ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်တစ်ခုတည်ဆောက်ရန် အဆိုပြုခဲ့သည်။

စာသား – ကျော်ရဲလင်း၊ ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

ဧရာဝတီတိုင်းဒေသကြီး၏ အနောက်ဘက်ကမ်းလွန်ရှိ လူသိအများဆုံး ချောင်းသာကမ်းခြေမှ မိုင်အနည်းငယ်မျှ သွားပါက သန့်ရှင်းဆိတ်ငြိမ်ပြီး ချောင်ကျလှသော နေရာကလေးတစ်နေရာကို တွေ့ရမည်ဖြစ်သည်။

ချောင်းသာနှင့် ရွှေသောင်ယံမှာ ၁၁ ကီလိုမီတာ (၆ ဒသမ ၈ မိုင်) မျှသာ ကွာဝေးသည်။ သို့သော် လမ်းကြမ်းပြီး မော်တော်ဆိုင်ကယ်ဖြင့်သာ သွားနိုင်သည်။ ရွှေသောင်ယံနှင့် အနီးဝန်းကျင်ဖြစ်သော ဝက်သေ-မေတ္တာ ပင်လယ်အော်ဒေသကို မကျည်းချောင်းက ခြားထားသောကြောင့် လှေငယ်ဖြင့် ကူးရသည်။ ပြီးခဲ့သော မိုးအကုန်က ချောင်းကိုဖြတ်၍ တံတားခင်းခဲ့ရာ မတ်လအကုန်တွင် အပြီးသတ်မည်ဟု ခန့်မှန်းရသည်။

နိုဝင်ဘာလအတွင်း ရောက်ရှိခဲ့စဉ်က ရွှေသောင်ယံဟိုတယ်တွင် အခြားဖောက်သည် မတွေ့ရသလောက်နီးပါး ဖြစ်ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် နှစ်စဉ်ချောင်းသာကို လာရောက်သူခရီးသည် ထောင်ပေါင်းများစွာအနက် မြောက်ဘက်ပိုင်း ခရီးတိုကို သွားရောက်လိုသူ မရှိသလောက်ဖြစ်နေသည်ကို ပြသလျက်ရှိသည်။

ဒေါ်လာဘီလျံနှင့်ချီရင်းနှီးကာ သဘာဝဓာတ်ငွေ့ ဓာတ်အားပေးစက်ရုံတည်ဆောက်မည့် မီးလောင်ချိုင်ကျေးရွာ၌ ဖမ်းဆီးရမိသည့်ငါးများ ရွေးချယ်နေကြစဉ်။ ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

ဒေါ်လာဘီလျံနှင့်ချီရင်းနှီးကာ သဘာဝဓာတ်ငွေ့ ဓာတ်အားပေးစက်ရုံတည်ဆောက်မည့် မီးလောင်ချိုင်ကျေးရွာ၌ ဖမ်းဆီးရမိသည့်ငါးများ ရွေးချယ်နေကြစဉ်။ ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

ဆိတ်ငြိမ်သန့်ရှင်းသော ရွှေသောင်ယံရှိ သဲသောင်ပြင်ပေါ် လမ်းလျှောက်ပြီး ဖန်သားပြင်ကဲ့သို့ ကြည်လင်နေသည့်ရေထဲတွင် ကူးခတ်လိုက်သည့်အခါ ဒေသခံတို့က သူတို့သဲသောင်ပြင်သည် ချောင်းသာထက်ကောင်းကြောင်း ဂုဏ်ယူစွာ အဘယ့်ကြောင့်ပြောသည်ကို လွယ်ကူစွာ သဘောပေါက်နိုင်သည်။

“ကြည့်လေ၊ ချောင်းသာကကျော်ပြီး ဒီနေရာတွေကိုရောက်ဖို့ ဘယ်လောက်ခက်သလဲဆိုတာ” ဟု ဆိုင်ကယ် ကယ်ရီသမားဒေသခံ ကိုချစ်စံက ပြောသည်။

“ဧည့်သည်တွေ ပိုရောက်လာပြီး ကျွန်တော်တို့နယ်မြေကို အကျိုးဖြစ်ထွန်းစေဖို့အတွက် လမ်းတွေအဆင့်မြှင့်ပြီး တံတားတစ်စင်းထိုးပေးဖို့ ကျွန်တော်တို့ ပြောလာခဲ့တာ ဆယ်စုနှစ်ပေါင်းများစွာရှိပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့ တောင်းဆိုတာကို လျစ်လျူရှုထားပါတယ်။ ကျွန်တော်တို့နေရာက ခရီးသည်တွေလာဖို့ အလားအလာကောင်းတဲ့နေရာဖြစ်ပေမဲ့ ချောင်းသာလာတဲ့ ခရီးသည်တွေကို ဆွဲခေါ်သွားမှာ သူတို့ မလိုလားကြပါဘူး” ဟု ဒေသဆိုင်ရာ အာဏာပိုင်များနှင့် စီးပွားရေးသမားများကို ရည်ညွှန်း၍ သူကပြောသည်။

ရွှေသောင်ယံမှ မိနစ် ၃၀ ခန့် မော်တော်ဆိုင်ကယ်ဖြင့်သွားလျှင် ကျွန်းကလေးတစ်ကျွန်းပေါ်ရှိ ကရင်ရွာ တစ်ရွာဖြစ်သည့် ဝက်သေသို့ရောက်သည်။ ဤနေရာမှာ တိုးတက်မှု လုံးဝမရှိသလောက် ဖြစ်နေသော်လည်း စီးပွားရေးအကွက်မြင်သူတို့က ရောက်လာကြပြီဖြစ်သည်။

ဧရာဝတီကမ်းရိုးတန်းပေါ်ရှိ ဝက်သေကျေးရွာအနီး အဆိုပြုထားသော စက်မှုဇုန်နှင့် ပင်လယ်ဆိပ်ကမ်း စီမံကိန်းမြေပုံ (ဖရန်တီယာ)

ဧရာဝတီကမ်းရိုးတန်းပေါ်ရှိ ဝက်သေကျေးရွာအနီး အဆိုပြုထားသော စက်မှုဇုန်နှင့် ပင်လယ်ဆိပ်ကမ်း စီမံကိန်းမြေပုံ (ဖရန်တီယာ)

၂၀၀၆ ခုနှစ် မာလာဆိုင်ကလုန်း မုန်ုတိုင်းတိုက်ပြီးနောက်ပိုင်းတွင် အခြားဒေသမှလူများက ကမ်းခြေပိုင်းဒေသရှိ မြေများကို စတင်ဝယ်ယူလာကြောင်း ဝက်သေအုပ်ချုပ်ရေးမှူး စောဟယ်ထူး Saw Hal Htoo က ပြောသည်။

“ကမ်းခြေဒေသတလျှောက်လုံးက မြေတွေအားလုံးနီးပါး လူစိမ်းတွေ လက်ထဲရောက်ကုန်ပါပြီ” ဟု သူက ပြောသည်။

“တချို့ရွာသားတွေဆိုရင် တစ်ဧက ကျပ်သန်း ၂၅၀ တောင်ရတယ်” ဟု သူကဆိုသည်။ ကာလပေါက်ဈေးအရ အမေရိကန်ဒေါ်လာ ၁၈၃,၀၀၀ ခန့်ရှိသည်။

“ဦးမိုးမြင့်နဲ့ မြန်မာနိုင်ငံ ရွက်လှေအသင်း Myanmar Yachting Federation ကလည်း ဒီမှာ ငါးဧက၊ ဒါမှမဟုတ် ခုနစ်ဧကလောက် ဝယ်ထားတယ်” ဟု စောဟယ်ထူးက ပြောသည်။ ကမ်းခြေပိုင်းတလျှောက် မြေများသည် ဝယ်လိုအား ဆက်လက်မြင့်တက်နေကြောင်း သူူကပြောသည်။ အခြားကုမ္ပဏီကြီးကလည်း ဤနယ်မြေရှိ မြေကွက်များကို ပိုင်ဆိုင်ထားမည်ဟု ယုံကြည်ရသည်။

ကမ်းခြေပိုင်းဒေသမှ အုန်းခြံသုံးဧကကို တစ်ဧကကျပ်သန်း ၂၀၀ နှုန်းဖြင့် ရောင်းရန်စဉ်းစားနေကြောင်း အသက် ၇၃ နှစ်အရွယ် နော်ဘလူးလပ်ဖ်က ပြောသည်။

“တစ်ဧက ကျပ်သန်း ၅၀  ပဲပေးလို့ မာလာဆိုင်ကလုန်း မုန်တိုင်းတိုက်ပြီးစက ကျွန်မတို့မြေကို မရောင်းဖို့ ဆုံးဖြတ်လိုက်တာ ကံကောင်းသွားတယ်” ဟု နော်ဘလူးလပ်ဖ်က ဆိုသည်။

“ကုမ္ပဏီကြီးတချို့ ဒီမှာ စီးပွားရေး လုပ်ချင်နေကြတယ်ကြားလို့ ချောင်းသာ၊ ဒါမှမဟုတ် ပုသိမ်ကိုပြောင်းဖို့ ကျွန်မတို့ စဉ်းစားနေတယ်” ဟု ၎င်းက ပြောသည်။

မြေသိမ်းခံဒုက္ခသည် ဖြစ်လာမည်ကိုလည်း နော်ဘလူးလပ်ဖ်က တွေးတောပူပန်နေမိပြန်သည်။

“ကျွန်မမြေတွေကို လျော်ကြေးနည်းနည်းလေး၊ ဒါမှမဟုတ် လုံးဝမပေးဘဲ အသိမ်းမခံချင်ပါဘူး” ဟု ၎င်းက ဆိုသည်။

ဒီနယ်မြေမှာ ပင်လယ်ရေနက်ဆိပ်ကမ်းနှင့် မြို့သစ်များ တည်ဆောက်မည့်စီမံကိန်းကို ရှေ့ဆက်အကောင်အထည်ဖော်သွားမည်ဆိုပါက ဆိတ်ငြိမ်သည့် ဤဒေသတွင် သိသာထင်ရှားသော ပြောင်းလဲမှုများ မကြာမီ ဖြစ်ပေါ်လာနိုင်သည်။

တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီး ဦးဝင်းဌေးက မြန်မာဆောက်လုပ်ရေးနှင့် ဖွံ့ဖြိုးရေးအများပိုင်ကုမ္ပဏီလီမိတက် Myanmar Construction and Development Public Co Ltd သည် ချောင်းသာမြောက်ဘက် ဝက်သေ-မေတ္တာ ပင်လယ်အော်ဒေသတွင် မြေဧက တစ်သောင်း(၄,၀၄၆ ဟက်တာ) ပေါ်၌ ပေါင်းစည်းစီမံကိန်းတစ်ခု တည်ဆောက်ရန် အဆိုပြုထားကြောင်း ပြောသည်။

MCD သည် ဧရာဝတီတိုင်းဒေသကြီး၏ ၅၁၄ ကီလိုမီတာ( ၃၃၂ မိုင်) အရှည်ရှိ ကမ်းခြေဒေသတွင် စီမံကိန်းများတင်သွင်းရန် ဖိတ်ခေါ်ထားသော ကုမ္ပဏီအများအပြားအနက် တစ်ခုဖြစ်ကြောင်း ဦးဝင်းဌေးက ဖရန်တီယာကို ပြောသည်။ MCD က ပြုစုထားသော စီမံကိန်းအရ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံကျော်ထိရှိသည်။

ဝက်သေ-မေတ္တာဒေသသည် ကမ်းခြေတလျှောက် ဖွံ့ဖြိုးရေးစီမံကိန်းများကို အကောင်အထည်ဖော်ရန် အသင့်တော်ဆုံးဒေသဖြစ်ကြောင်း သူက ပြောသည်။

“ကမ်းခြေဒေသကို မှန်မှန်ကန်ကန်နဲ့ ပါးပါးနပ်နပ် အသုံးပြုသွားနိုင်မယ်ဆိုရင် ဧရာဝတီတိုင်းဒေသကြီးကို ဆယ်နှစ်အတွင်း ဖွံ့ဖြိုးတိုးတက်အောင် ကျွန်တော်တို့ ဆောင်ရွက်နိုင်ပါတယ်” ဟု ဦးဝင်းဌေးက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီး ဦးဝင်းဌေး။ ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီး ဦးဝင်းဌေး။ ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

အထူးစီးပွားရေးဇုန်နှင့် လမ်းကွန်ရက်များနှင့်အတူ ဒေသကြီးအတွင်းရှိ မြစ်ဝကျွန်းပေါ်ဒေသတွင် ရေနက်ဆိပ်ကမ်း ဖွံ့ဖြိုးရေးစီမံကိန်းသည် မြန်မာနိုင်ငံ ဥရောပကုန်သည်ကြီးများအသင်းက ထုတ်ဝေခဲ့သည့် White Book မှ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမူဝါဒ ထောက်ခံတင်ပြချက်များ၌ ပါဝင်သော လုပ်ငန်းတစ်ခု ဖြစ်သည်။

ရန်ကုန်မြစ်ကို အသုံးပြုနိုင်သော ရေယာဉ်အရွယ်အစား အကန့်အသတ်များရှိခြင်းနှင့် အခြေခံအဆောက်အအုံ မရှိခြင်းက နိုင်ငံ၏ ပင်လယ်ရေကြောင်းကုန်သွယ်မှုတွင် “ထူးခြားသော အကန့်အသတ်များ” ဖြစ်နေကြောင်း White Book တွင် ဖော်ပြသည်။

ရန်ကုန်မြစ်ဆိပ်ကမ်းများနှင့် သီလဝါဆိပ်ကမ်းတို့တွင် အရှည် ၁၆၇ မီတာနှင့် မီတာ ၂၀၀ အသီးသီးရှိ ရေယာဉ်များသာ ဆိုက်ကပ်နိုင်သော်လည်း ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့တွင်ရှိသော ဆိပ်ခံများကမူ ၃၂၀ မီတာထိ ဆိုက်ကပ်နိုင်သည်။

ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

မြန်မာ့ဆောက်လုပ်ရေးလုပ်ငန်းများအသင်းက တည်ထောင်ထားသော MCD သည် လာမည့်ဧပြီလတွင် အစိုးရ၊ ပြည်သူ့လွှတ်တော်နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ ဖွံ့ဖြိုးရေးအဆိုပြုချက်ကို တင်သွင်းရန် ရည်ရွယ်ထားကြောင်း ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဦးကျော်ပိုင်က ပြောသည်။

“အစိုးရက သဘောတူလို့် အစိုးရနဲ့ ကျွန်တော်တို့ နားလည်မှုစာချွန်လွှာ MoU ထိုးပြီးရင် စီမံကိန်းအတွက် ဖြစ်မြောက်နိုင်စွမ်း လေ့လာချက်အစီရင်ခံစာကို ပြုစုမှာဖြစ်ပါတယ်” ဟု သူက ဖရန်တီယာကို ပြောသည်။

MCD သည် လွန်ခဲ့သောငါးနှစ်ကတည်းက နိုင်ငံခြားစီးပွားဘက်များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် စီမံကိန်းကိစ္စကို ဆွေးနွေးထားပြီးဖြစ်ကြောင်း သူကဆိုသည်။

အခြားကုမ္ပဏီတစ်ခုကလည်း ဒေသတွင်း၌ လျှပ်စစ်ထုတ်လုပ်ရေး စက်ရုံတစ်ရုံကို တည်ဆောက်ရန် စီစဉ်နေသည်ဟု MCD က သတင်းကြားသိထားကြောင်း ဦးကျော်ပိုင်က ပြောသည်။ “ဒါကြောင့် ကိုယ်ပိုင်ဓာတ်အားပေးစက်ကို ကျွန်တော်တို့ ဆောက်ဖို့မလိုတော့ဘူးပေါ့” ဟု သူက ပြောသည်။(Sidebar ကိုကြည့်ပါ။)

ရည်မှန်းချက်မြင့်မားသော MCD ၏ အဆိုပြုချက်တွင် အိမ်ခြေ ၄၈ အိမ်မျှသာရှိကာ ဝက်သေကျေးရွာမှ ပင်လယ်အော်ကိုဖြတ်၍ လှေဖြင့်သာ သွားလာနိုင်သောမေတ္တာကို တိုင်းဒေသကြီးမြို့တော်ပုသိမ်မှတဆင့် ရန်ကုန်မြို့ကို ဆက်သွယ်ပေးမည့် အဝေးပြေးလမ်းမကြီး ဆောက်လုပ်ရေးလုပ်ငန်းလည်း ပါဝင်သည်။

၂၀၁၅ ခုနှစ်က ဖောက်လုပ်ပြီးစီးခဲ့သော ၁၅၈ ကီလိုမီတာ( ၉၈ မိုင်) ရှိ ပုသိမ်-ရန်ကုန်မီးရထားလမ်းကို အသုံးပြုရန် ၎င်း၏အကြံပြုချက်ကို MCD က လက်ခံသဘောတူကြောင်း ဦးဝင်းဌေးက ပြောသည်။ သို့သော် ထိုရထားလမ်းမှာ နိုဝင်ဘာ ၃၀ ရက်ထုတ် ဖရန်တီယာ၌ ဖော်ပြသည့်အတိုင်း လုံးဝမဖွင့်လှစ်ရသေးချေ။

စီမံကိန်း အဆိုပြုထားသောနေရာနှင့် စီးပွားရေးမြို့တော်ကို ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်နိုင်အောင် ရန်ကုန်-ပုသိမ်မီးရထားလမ်းကို အသုံးပြုနိုင်မည်ဆိုပါက “ခဲတစ်လုံးဖြင့် ငှက်နှစ်ကောင် ပစ်နိုင်သကဲ့သို့” ဖြစ်ကြောင်း ဦးကျော်ပိုင်က ပြောသည်။

“မီးရထားလမ်းကို ကျွန်တော်တို့ အဆင့်မြှင့်တင်ပြီး တစ်ဘက်တစ်ချက်မှာ အဝေးပြေးလမ်းသစ်တွေ ဖောက်နိုင်ပါတယ်” ဟု သူက ပြောသည်။ မီးရထားလမ်းဘေးမြေများမှာ အစိုးရပိုင်မြေများ ဖြစ်သည့်အတွက် မြေသိမ်းခြင်းကိုလည်း ရှောင်ရှားနိုင်မည်ဖြစ်ကြောင်း ဦးကျော်ပိုင်က ပြောသည်။

အင်ဂျင်နီယာလုပ်ငန်းကြီးတစ်ခုက ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်တစ်ခုတည်ဆောက်ရန် အဆိုပြုထားသည့်နေရာ။ ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

အင်ဂျင်နီယာလုပ်ငန်းကြီးတစ်ခုက ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်တစ်ခုတည်ဆောက်ရန် အဆိုပြုထားသည့်နေရာ။ ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

ရန်ကုန်မြစ်ဆိပ်ကမ်းများသည် တန်ချိန် ၂၀,၀၀၀ အထိရှိ ရေယာဉ်များကိုသာ လက်ခံရှင်းလင်းနိုင်သော်လည်း ဝက်သေ-မေတ္တာ ပင်လယ်အော် ရေနက်ဆိပ်ကမ်းကမူ တန်ချိန် ၄၀,၀၀၀ ရှိ ရေယာဉ်များကိုပင် လက်ခံရှင်းလင်းနိုင်မည်ဖြစ်ကြောင်း ဦးကျော်ပိုင်ကဆိုသည်။

“အဝေးပြေးလမ်းသစ် ဖောက်နိုင်မယ်ဆိုရင် ရေနက်ဆိပ်ကမ်းကနေ ရန်ကုန်ကို နှစ်နာရီခွဲလောက်သာ ကြာပါမယ်” ဟုဦးကျော်ပိုင်က ပြောသည်။

သို့သော်လည်း ရည်မှန်းချက်ကောင်းသော အစီအစဉ်အတွက် အဟန့်အတားဖြစ်စေမည့် အားနည်းချက် တစ်ရပ် ရှိနေကြောင်း၊ ယင်းမှာ အဆိုပါပင်လယ်အော်သည် ရေနက်ဆိပ်ကမ်း တည်ဆောက်၍ ရလောက်အောင် ရေအနက်မရှိခြင်းဖြစ်ကြောင်း အင်ဂျင်နီယာတစ်ဦးက ဖရန်တီယာကို ပြောသည်။

“လွန်ခဲ့တဲ့နှစ်နှစ်လောက်က ကျွန်တော်တို့ ဆိုနာကိရိယာနဲ့ ပင်လယ်အော်ရေအောက်ကို တိုင်းခဲ့ဖူးတယ်။ ရေအနက်က ရှစ်မီတာလောက်ပဲ တွေ့ရတယ်” ဟု ပင်လယ်ပြင် အတွေ့အကြုံ ၁၅ နှစ်ရှိ အမည်မဖော်လိုသူ အင်ဂျင်နီယာ တစ်ဦးက ပြောသည်။

ကုမ္ပဏီတစ်ခုအတွက် ဖြစ်မြောက်နိုင်စွမ်း လေ့လာချက်အစီရင်ခံစာ သူ ပြုစုစဉ်က ယင်းစမ်းသပ်ချက်ကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် စီးပွားရေးအရ တွက်ခြေမကိုက်သဖြင့် အဆိုပါစီမံကိန်းကို စွန့်လွှတ်ခဲ့ကြောင်း သူက ပြောသည်။

“ပင်လယ်အော်က သင်္ဘောကြီးတွေအတွက် ကောင်းတယ်လို့ သူတို့ဘာကြောင့်ပြောမှန်း ကျွန်တော်လည်း မသိဘူး” ဟု သူက ဆိုသည်။

သူတို့တွင် ရပိုင်ခွင့်များအကြောင်း ဗဟုသုတ မရှိသကဲ့သို့ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဂယက် ရိုက်ခတ်မှုအတွက် အကဲဖြတ်ချက်နည်းစဉ်များအကြောင်းလည်း ကျေးရွာသားများ သိရှိထားပုံ မရချေ။

“ကျွန်တော်တို့က ဗဟုသုတ သိပ်မရှိတော့ ပြဿနာကို အာဏာပိုင်တွေကပဲ ဖြေရှင်းရမှာပါ။ ရိုးရိုးသားသားပြောရရင် ကျွန်တော်တို့နယ်မြေထဲကို စီးပွားရေးစီမံကိန်းကြီးတွေ ရောက်လာမှာကို ကျွန်တော်တို့ နည်းနည်းတော့ စိုးရိမ်မိပါတယ်” ဟု ဝက်သေကျေးရွာအနီးရှိ သဗော့ကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးချစ်စံက ပြောသည်။

ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

အတည်ပြုပြီးသွားပါက နေရာပြောင်းရွှေ့ပေးရမည်ကို သိနေသော်လည်း ဒေသခံများက စီမံကိန်းကို ကြိုဆိုကြောင်း ဝက်သေကျေးရွာ နှစ်ခြင်းခရစ်ယာန်အသင်းမှ သင်းအုပ်ဆရာ စောကေရေးရှိုးက ပြောသည်။

“ဒါပေမဲ့ ဘုရားကျောင်းကို ရွှေ့ပစ်မယ်ဆိုရင်တော့ စိတ်မကောင်းစရာပါပဲ” ဟု သူကဆိုသည်။

လျှပ်စစ်ဓာတ်အားပေးစက်ရုံ အဆိုပြုချက်

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဘင်္ဂလားပင်လယ်အော်ကမ်းခြေ ဝေးလံခေါင်းပါးသည့်ဒေသတွင် ကုမ္ပဏီက တည်ဆောက်လိုသော သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံသည် အရှေ့တောင်အာရှ၌ အကြီးမားဆုံး သဘာဝဓာတ်ငွေ့သုံး စက်ရုံတစ်ရုံဖြစ်ကြောင်း Supreme Group of Companies က ပြောသည်။

“ဒီစက်ရုံက မြန်မာနိုင်ငံရဲ့လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှုအများဆုံးနဲ့ အရှေ့တောင်အာရှဒေသမှာ သဘာဝဓာတ်ငွေ့နဲ့ ရေနွေးငွေ့တွဲသုံးတဲ့ စက်ရုံတွေထဲမှာ အကြီးဆုံးဖြစ်ပါတယ်” ဟု စီမံကိန်းမန်နေဂျာ ဦးအောင်မျိုးခိုင်က ပြောသည်။

Supreme Group သည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလျံကုန်ကျမည့် စက်ရုံတည်ဆောက်ရေးအတွက် အစိုးရနှင့် ၂၀၁၅ ခု ဒီဇင်ဘာလက ဆွေးနွေးထားပြီးဖြစ်ကြောင်း ၎င်းက ဖရန်တီယာကို ပြောသည်။

မီးလောင်ချိုင်ကျေးရွာတွင် အဆိုပြုထားသော စီမံကိန်းအတွက် မြေနေရာကို ရွေးချယ်ရသည့် အကြောင်းရင်း သုံးချက်ရှိကြောင်း ဦအောင်မျိုးခိုင်က ဆိုသည်။

ပထမအကြောင်းရင်းမှာ ပင်လယ်ကမ်းစပ်မှ ၁ ဒသမ ၆ ကီလိုမီတာအကွာတွင် ပင်လယ်ပြင်၏အနက်မှာ မီတာ ၂၀ ရှိသဖြင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံအတွက် လိုအပ်သည့် တန်ချိန် ၈၀,၀၀၀ ရှိ အယ်လ်အင်န်ဂျီ LNG သင်္ဘောများ ဆိုက်ကပ်နိုင်ခြင်းဖြစ်သည်။

ဒုတိယအကြောင်းရင်းမှာ မီးလောင်ချိုင်တွင် အိမ်ခြေ ၂၀၀ “မျှသာ” ရှိသဖြင့် ကုမ္ပဏီက ၎င်းတို့အား အလွယ်တကူ ရွှေ့ပြောင်းနေရာချထားပေးနိုင်ခြင်းဖြစ်ကြောင်း ဦးအောင်မျိုးခိုင်က ပြောသည်။

တတိယအချက်မှာ မြေနေရာအမြောက်အမြား ရနိုင်ခြင်းဖြစ်သည်။

“စက်ရုံအတွက် လိုအပ်တဲ့မြေက ဧက ၈၀ ပဲ ဖြစ်ပေမဲ့ စက်ရုံပတ်လည် ကန့်သတ်ဇုန်က ဧက ၂၀၀ လိုအပ်မှာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။

စီမံကိန်းအတွက် မြေနေရာကို လျာထားပေးပြီးဖြစ်ကြောင်းနှင့် အတည်ပြုပြီးသည်နှင့် ကုမ္ပဏီသည် စီမံကိန်းကို နှစ်နှစ်ခွဲအတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း ဦးအောင်မျိုးခိုင်က ပြောသည်။

Supreme Group သည် ဖြစ်မြောက်နိုင်စွမ်း လေ့လာချက်အစီရင်ခံစာကို ပြည်ထောင်စုအစိုးရထံ တင်ပြထားပြီး ရွာသားများနှင့်လည်း ညှိနှိုင်းထားပြီးဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောကြားသည်။

“ဒီစီမံကိန်းက ဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြုပြီး ဒေသခံတွေ အကျိုးစီးပွား ဖြစ်ထွန်းစေချင်တဲ့ဆန္ဒ ကျွန်တော်တို့မှာ ရှိပါတယ်” ဟု ဝန်ကြီးက ပြောသည်။

သို့ရာတွင် အသုံးပြုရန် လျာထားသည့်မြေအတွက် လျော်ကြေးပေးရာ၌ သဘောထားကွဲလွဲမှုများ ရှိနိုင်သည်။

မြေပိုင်ရှင်များအား အမျိုးသားမြေ အသုံးချရေးမူဝါဒနှင့်အညီ လျော်ကြေးပေးသွားမည်ဖြစ်ကြောင်း ဦးအောင်မျိုးခိုင်က ပြောသည်။

“လိုအပ်ရင် လျော်ကြေးကို အပိုထပ်ဆောင်းပေးဦးမှာပါ” ဟု သူကဆိုသည်။

ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

လက်ရှိဈေးကွက်ပေါက်ဈေးအတိုင်း ပေးမည်ဟု သူတို့အား ကတိပေးထားပြီးဖြစ်ကြောင်း မီးလောင်ချိုင်ရွာသားများက ဖရန်တီယာကို ပြောသည်။

“ကျွန်တော်တို့မြေကို ကာလပေါက်ဈေးအတိုင်း ဝယ်ပြီးတော့ ကျွန်တော်တို့အတွက် ရွာသစ်လည်း တည်ပေးဦးမယ်လို့ ကုမ္ပဏီအရာရှိတွေက ပြောပါတယ်။ ဒါကြောင့် အဆင်ပြေလိမ့်မယ်လို့ ကျွန်တော်တို့ ထင်ပါတယ်” ဟု မြေ ဧက ၅၀ ပိုင်ဆိုင်သူ အသက် ၅၂ နှစ်အရွယ် ဦးထိန်ဝင်းက ဆိုသည်။

ကမ်းခြေဒေသရှိ မြေများ၏ ဈေးကွက်ပေါက်ဈေးမှာ တစ်ဧက ကျပ်သန်း ၇၀ ရှိပြီး ကမ်းစပ်နှင့်ဝေးသော နေရာများမှာ တစ်ဧက ကျပ် ၁၅ သန်းရှိကြောင်း သူကပြောပြသည်။

စီမံကိန်းကြောင့် ငါးဖမ်းလုပ်ငန်းကို မှီခိုနေရသည့် သူတို့၏ စီးပွားရေးလုပ်ငန်းကို ထိခိုက်မည်မဟုတ်ကြောင်း ကုမ္ပဏီက ပြောကြားထားသည်ဟု ဦးထိန်ဝင်းက ပြောသည်။

“ရေယာဉ်တွေက တစ်နှစ်ကို သုံးလေးကြိမ်လောက်ပဲ လာမှာပါလို့ သူတို့က ပြောပါတယ်” ဟု LNG တင် ရေယာဉ်များကို ရည်ညွှန်း၍ သူကဆိုသည်။

ကမ်းစပ်နှင့်မနီးဘဲ တစ်ဧက ကျပ် ၁၅ သန်းတန် သူ့မြေကွက်ဧက ၂၀ ကို ပေါက်ဈေးရမှသာ ရောင်းမည်ဖြစ်ကြောင်း အသက် ၃၅ နှစ်အရွယ် ကိုလင်းစိုးကလည်း ပြောသည်။

အရွယ်အစားကြီးသည့်အတွက် စီမံကိန်းကို ပြည်ထောင်စုအစိုးရနှင့် ပြည်သူ့လွှတ်တော်၏ အတည်ပြုချက်ကို ရယူရမည် ဖြစ်ကြောင်း ဦးဝင်းဌေးကဆိုသည်။

“အတည်ပြုချက်ရဖို့အတွက် ဖြစ်မြောက်နိုင်စွမ်း လေ့လာချက်နဲ့ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးထိခိုက်မှု သုံးသပ်ချက်ကို တင်ပေးရမယ်။ ဒါကြောင့် ဒေသခံတွေအပေါ်မှာ ဘယ်လို အကျိုးသက်ရောက်မှု ရှိမယ်ဆိုတာ ကျွန်တော်တို့ သိရမှာပါ” ဟု သူက ပြောသည်။

သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံက သဘာဝပတ်ဝန်းကျင်အပေါ် ဂယက်ရိုက်ခတ်မှု မရှိသလောက်ဖြစ်ကြောင်း ဦးအောင်မျိုးခိုင်က ပြောကြားသည်။

“ရွာသားတွေအတွက် ကျွန်တော်တို့ ဆောက်ပေးမယ့်ရွာသစ်က စက်ရုံနဲ့ ချောင်းခြားနေပါသေးတယ်။ ဒါကြောင့် စက်ရုံမှာ မတော်တဆမှုဖြစ်တောင်မှ ဘေးအန္တရာယ်ကင်းနိုင်ပါတယ်” ဟု သူကဆိုသည်။

ဉာဏ်တင် ဘာသာပြန်သည်။

ကျော်ရဲလင်း

ကျော်ရဲလင်း

ရန်ကုန်အခြေစိုက် သတင်းထောက်တစ်ဦးဖြစ်သည့် ကျော်ရဲလင်းသည် ၂၀၁၁ ခုနှစ်တွင် ပေါ်ပြူလာသတင်းဂျာနယ်တွင် လုပ်ကိုင်ခြင်းဖြင့် ဂျာနယ်လစ်ဘဝကို စတင်ခဲ့သည်။ Frontier နှင့် လက်မတွဲမီက အလွတ်တန်းသတင်းထောက်နှင့် Fixer အဖြစ်လည်း လုပ်ကိုင်ခဲ့သည်။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar