ဦးဝင်းမြင့် သမ္မတဖြစ်ပြီ

ဉာဏ်လှိုင်လင်း

သမ္မတဦးထင်ကျော် နုတ်ထွက်သွားပြီး တစ်ပတ်အကြာမှာပဲ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးဝင်းမြင့်ကို မြန်မာနိုင်ငံရဲ့ ၁၀ ဦးမြောက် သမ္မတအဖြစ် ပြည်ထောင်စုလွှတ်တော်က ရွေးချယ်ပေးလိုက်ပါပြီ။

နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမအတွင်း ယနေ့ ပြုလုပ်တဲ့ နိုင်ငံတော် သမ္မတ ရွေးချယ်ပွဲမှာ မဲပေးခွင့်ရှိသူ လွှတ်တော်အမတ် ၆၃၆ ဦးအနက် ၄၀၃ ဦးက ဦးဝင်းမြင့်ကို ထောက်ခံမဲ ပေးခဲ့ကြပါတယ်။ ဒါကြောင့် ဦးဝင်းမြင့်က မဲအများဆုံးရရှိပြီး သမ္မတအဖြစ် တာဝန်ယူခွင့်ရသွားတာဖြစ်ပါတယ်။

ဒါ့အပြင် ဦးမြင့်ဆွေက ၂၁၁ မဲ၊ ဦးဟန်နရီဗန်ထီးယူက ၁၈ မဲအသီးသီးရရှိခဲ့တဲ့အတွက် ဦးမြင့်ဆွေက ဒုတိယသမ္မတ (၁)၊ ဦးဟန်နရီဗန် ထီးယူက ဒုတိယသမ္မတ (၂)အဖြစ် ပြည်ထောင်စုအစိုးရအဖွဲ့ကို ဦးဆောင်ရတော့မှာပါ။

သမ္မတသစ်အဖြစ် ရွေးချယ်တင်မြှောက်ခံရသူ ဦးဝင်းမြင့်က ”ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ တာဝန်များကို ထမ်းဆောင်သွားပါမယ်” လို့ ပြည်ထောင်စုလွှတ်တော်က အထွက်မှာ သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။

ဦးဝင်းမြင့်ဟာ မတ် ၃၀ ရက်နေ့မှာ သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် ပြည်ထောင်စုလွှတ်တော်၌ မိန့်ခွန်းပြောကြားရန် စီစဉ်ထားပါတယ်။

မဲရလဒ်

ပြည်ထောင်စုလွှတ်တော်က ထုတ်ပြန်ထားတဲ့ စာရင်းများအရ NLD ပါတီဝင် အမတ် ၃၉၀ ဦးရှိတာကြောင့် ၄၀၃ မဲရရှိတဲ့ ဦးဝင်းမြင့်ကို အခြားပါတီဝင် ၁၃ ဦးကလည်း ထောက်ခံမဲပေးခဲ့တဲ့ သဘောပင်ဖြစ်ပါတယ်။ ၂၁၁ မဲရခဲ့တဲ့ ဦးမြင့်ဆွေကိုတော့ ကိုယ်စားလှယ် ၁၆၆ ဦးဖြင့် ဒုတိယအင်အားအများဆုံးအဖြစ် ရပ်တည်နေတဲ့ တပ်မတော်သား အားလုံးအပြင် အမတ် ၄၁ ဦးဖြင့် တတိယအင်အားအများဆုံးဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဝင် အားလုံးက မဲပေးခဲ့တယ်လို့ ယူဆနိုင်ပါတယ်။ ယခုမဲပေးမှုအတွင်း ပယ်မဲအရေအတွက် စုစုပေါင်း လေးမဲရှိခဲ့ပါတယ်။

ထူးခြားချက်များ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) အစိုးရအဖွဲ့ သက်တမ်းနှစ်နှစ်ပြည့်ခါနီးအလို ဒုတိယအကြိမ် ပြုလုပ်တဲ့ သမ္မတရွေးချယ်ပွဲကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုဝန်ကြီးများ၊ သူရဦးရွှေမန်းနဲ့ ဦးဝင်းထိန်တို့လည်း တက်ရောက်ခဲ့ကြပါတယ်။

 class=

class=

သမ္မတရွေးချယ်ပွဲကို မဲပဲခွင့်ရှိသူ လွှတ်တော်အမတ် ၆၅၆ ဦးရှိတဲ့အနက် ၆၃၆ ဦးပဲ တက်ရောက်ခဲ့ပါတယ်။ မတက်ရောက်နိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၂၀ ဦးရှိခဲ့ရာမှာ တပ်မတော်သား လေးဦးကလွဲလို့ ကျန်သူတွေက ဘယ်ပါတီတွေက ဖြစ်သလဲဆိုတာကို အတည်မပြုနိုင်သေးပါဘူး။

မှတ်ချက်များ

သမ္မတရွေးချယ်ပွဲမတိုင်မီ ပါတီအချို့က လွှတ်တော်အမတ်များက ဦးဝင်းမြင့်အပေါ် အောက်ပါအတိုင်း မှတ်ချက်ပြုခဲ့ကြပါတယ်။

– ဒေါ်ခင်စန်းလှိုင် (ပုလဲမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ်၊ ဒုသမ္မတအရည်အချင်းစိစစ်ရေးအဖွဲ့ဝင်၊ NLD)

“တပ်မတော်ဘက်ကလည်း ရှောရှောရှူရှူပါပဲ။ သူတို့လည်း သဘောတူတယ်။ သူတို့ကလည်း အဓိကကတော့ ဥပဒေကြောင်းအရပဲ သုံးသပ်တယ်။ သုံးသပ်တဲ့အခါမှာ ဥပဒေကြောင်း အရ ဦးဝင်းမြင့်က ဘာမှငြိစွန်းတာမရှိဘူး။ သူတို့ဘက်က သဘောမတူနိုင်စရာမရှိဘူး၊ ကန့်ကွက်စရာ မရှိဘူးလို့ ပြောပါတယ်။”

– ဦးဖေသန်း (မြေပုံမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ်၊ ရခိုင်အမျိုးသားပါတီ- ANP)

“သူကပိုပြီးတော့ အထောက်အကူ ပြုနိုင်လိမ့်မယ်ထင်တယ်။ ဒေါ်အောင်ဆန်းစုကြည်အတွက် ပိုပြီးအားကိုး အားထားဖြစ်နိုင်လိမ့်မယ်လို့ ထင်တယ်။”

– စိုင်းသန့်ဇင် (သီပေါမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် -SNLD)

“တန်းတူညီမျှတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ ဘယ်လိုဦးဆောင်သွားနိုင်မလဲဆိုတဲ့ အခြေအနေပေါ်မှာ ကျွန်တော်တို့ကတော့ မျှော်လင့်ချက်ထားဆဲပဲဖြစ်ပါတယ်။”

– ဦးသိန်းထွန်း (ကျောင်းကုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ- USDP)

“အပြောင်းအလဲတစ်ခု ဖြစ်လိမ့်မယ်ထင်ပါတယ်။ တကယ်လုပ်နိုင်စွမ်းမရှိတဲ့ ဝန်ကြီးတွေလည်း ပြောင်းလဲလိမ့်မယ်လို့ ကျွန်တော်တို့မြင်ရပါတယ်။ ဦးဝင်းမြင့်ရဲ့စွမ်းဆောင်မှုပေါ်မူတည်ပြီး ပြည်သူကလက်ခံလာမယ်။ စီးပွားရေးတွေကောင်းလာမယ်။ နိုင်ငံတည်ငြိမ်မယ်ဆိုရင်တော့ သူ့ ဆောင်ရွက်မှုတွေဟာ အောင်မြင်မယ့် အတိုင်းအတာရှိပါတယ်။”

ဦးဝင်းမြင့်၏ ကိုယ်ရေးရာဇဝင်အကျဉ်း

အသက် ၆၇ နှစ်ရှိပြီဖြစ်တဲ့ ဦးဝင်းမြင့်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဝါရင့်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယုံကြည်စိတ်ချမှုကို ရရှိထားသူလည်း ဖြစ်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီး ဇာတိဖြစ်တဲ့ သူဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီလှုပ်ရှားမှုများမှာ ပါဝင်ခဲ့သလို နောက်ပိုင်းမှာ ဖမ်းဆီးထောင်ချခံခဲ့ရပါတယ်။

၁၉၉၀ ရွေးကောက်ပွဲနဲ့ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲများမှာလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသူဖြစ်ပါတယ်။ အထက်တန်းရှေ့နေနဲ့ တရားလွှတ်တော်ရှေ့နေလည်းဖြစ်တဲ့ သူဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှာ ဓနုဖြူမြို့နယ် စည်းရုံးရေးအဖွဲ့ အတွင်းရေးမှူး၊ ဧရာဝတီတိုင်း စည်းရုံးရေးအဖွဲ့အတွင်းရေးမှူး၊ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အတွင်းရေးမှူးအဖွဲ့ဝင်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.