ဦးဝင်းထိန် (သို့မဟုတ်) အင်န်အယ်လ်ဒီရဲ့ ခေါင်းကိုင်ဖခင်

စစ်သား၊ စီးပွားရေးသမား၊ နိုင်ငံရေးသမားစသည့် မတူညီသော တည်ဆောက်မှုများဖြင့် ဖြတ်သန်းလာခဲ့သည့် ဦးဝင်းထိန်သည် သူ၏ကျင်လည်ရာ ပတ်ဝန်းကျင် ပြောင်းသွားသော်လည်း လူအများ၏ ချီးကျူးဂုဏ်ပြုမှု၊ လေးစားမှုတို့နှင့်အတူ ဝေဖန်ပြစ်တင်မှုတို့ကိုပါ ယှဉ်တွဲပိုင်ဆိုင်လျှက်ရှိသည့် သူ၏ စရိုက်လက္ခဏာတို့မှာမူ မပြောင်းလဲပေ။

ဉာဏ်လှိုင်လင်း ရေးသားသည်။

ရုပ်မြင်သံကြားစက်ကတစ်ဆင့် ပျံ့လွင့်နေသော အသံများအပေါ် “ဟား ဟား ဟား ဟား” ဆိုသော ရယ်သံကြီးတစ်ခုက လွှမ်းမိုးလျှက်။ နေရာကား အုပ်ချုပ်ရေးမြို့တော် နေပြည်တော်ရှိ စည်ပင်သာယာ ဧည့်ရိပ်သာဝန်းအတွင်းမှ အခန်းငယ်တစ်ခုတွင် ဖြစ်သည်။ 

သူ့ကို သရော်ထားသော ကာတွန်းများ၊ ရုပ်ပြောင်ပုံများကို ရောင်စုံပုံများထုတ်၍ ကပ်ထားသောနံရံကို လက်ညှိုးထိုးပြရင်း ရွှင်မြူးစွာ ပွင့်ပွင့်လင်းလင်းပြောဆိုနေသည့် အသက် ၇၆ နှစ်အရွယ် အမျိုးသားကြီးတစ်ဦး၏ အသံပင်။

“ကာတွန်းဆရာတွေက ကိုယ့်ကို ဂရုတစ်စိုက်နဲ့ ရေးတယ်ဆိုပြီး ဂုဏ်ပြုတဲ့အနေနဲ့ နံရံမှာကပ်ထားတာ”ဟု ပြောလာသူမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အတွင်းရေးမှူးအဖွဲ့တွင် အမှတ်စဉ် နံပါတ်တစ်နေရာတွင် ဖော်ပြခံရလျှက် ကြီးလေးသောတာဝန်များကို ထမ်းဆောင်နေသည့် ဦးဝင်းထိန် ဖြစ်သည်။

အကြောင်းအရာ သုံးမျိုးနှင့် စပ်လျဉ်း၍ ဝေဖန်ခံရသော ကာတွန်းလေးပုံ၊ ၂၀၁၅ ခုနှစ်အတွင်း Michael Peel ရေးသားပြီး Financial Times သတင်းစာတွင် ဖော်ပြခဲ့သည့် Lunch with the FT: U Win Htein ဟူသည့် ဆောင်းပါးနှင့်အတူ ဖော်ပြထားသည့် ကာတွန်း သရုပ်ဖော်ပုံတစ်ပုံတို့ကို သူနေထိုင်သည့် အခန်း၏ ဘုရားစင်အောက်က နံရံပေါ်တွင် တခုတ်တရ ကပ်ထားခြင်းဖြစ်သည်။ 

ဦးဝင်းထိန်သည် ၁၉၈၈ ခုနှစ်မှစ၍ ယနေ့တိုင်ဆင်နွှဲနေဆဲဖြစ်သည့် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD နှင့် အတူ အမာခံ၊ အနာခံ ပါဝင်လှုပ်ရှားလာသူတစ်ဦးလည်း ဖြစ်၏။

တပ်မတော်အစိုးရက အာဏာလွှဲပြောင်းပေးခြင်းမရှိသော ၁၉၉၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် မိတ္ထီလာမြို့နယ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်ရွေးချယ်ခံရသော်လည်း လွှတ်တော်မရောက်ဘဲ အကျဉ်းထောင်အတွင်း၌သာ အချိန်ကုန်ခဲ့ရသူ၊ NLD တစ်ကျော့ပြန် ရွေးကောက်ပွဲ ဝင်ခဲ့သည့် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် အဆိုပါ မဲဆန္ဒနယ်၌ပင် အရွေးခံရပြီး ၂၀၁၆ ခုနှစ်အထိ ဥပဒေပြုရေး အမတ်တာဝန်ကို ထမ်းဆောင်ခဲ့ဖူးသူလည်း ဖြစ်သည်။

ထူးခြားသည်မှာ ဦးဝင်းထိန် ဝင်ရောက်မယှဉ်ပြိုင်တော့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မိတ္ထီလာမဲဆန္ဒနယ်၌ သူ့ကိုယ်စား ပါဝင်ယှဉ်ပြိုင်သူ NLD အမတ်လောင်းမှာ ပြိုင်ဘက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမတ်လောင်းကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

ဦးဝင်းထိန်ကမူ အဆိုပါရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်း မပြုတော့သော်လည်း အာဏာရပါတီဖြစ်လာသည့် NLD အတွက် ယခင်အစိုးရထံမှ အာဏာလွှဲပြောင်းရေး လုပ်ငန်းစဉ်များ ချောချောမွေ့မွေ့ဖြစ်စေရန်နှင့် အစိုးရအဖွဲ့၏ ရာထူးတာဝန်များကို ထမ်းဆောင်တော့မည့် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား ပါတီကို ထိန်းကျောင်းရန် တာဝန်ရှိသည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးဖြစ်လာသည်။

ထိုသို့ အများစု၏ ဆန္ဒကို အခြေခံသော ဒီမိုကရေစီစနစ်ကို နိုင်ငံတွင်းအမြစ်တွယ်ရန် အင်တိုက်အားတိုက် ကြိုးပမ်းလျက်ရှိသော ဦးဝင်းထိန်သည် တစ်သွေးတစ်သံတစ်မိန့်ဖြင့် ဖွဲ့စည်းအုပ်ချုပ်သည့် တပ်မတော်တွင်လည်း ထူးချွန်တပ်မတော်သားတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ဖူးသည်ဆိုသော မှတ်တမ်းလည်း ရှိနေပြန်သည်။

ဗိုလ်ကြီးဝင်းထိန်ဘဝ

သူသည် တပ်မတော်၏ မှတ်တမ်းအတွင်း ထူးချွန်ဆုနှစ်ဆုကို တစ်ဦးတည်းရဖူးသည့် ဗိုလ်ကြီးဟောင်းတစ်ဦးဖြစ်သည်။ ၁၉၆၃ ခုနှစ် အပတ်စဉ် (၅) ဗိုလ်သင်တန်းဆင်းပွဲတွင် အောင်စစ်သည်နှင့် စာပေဆုနှစ်ခုလုံးကို ဆွတ်ခူးနိုင်ခဲ့ပြီး တပ်မတော်တွင် ၁၄ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။

ထိုသို့ တပ်မတော်နှင့်အတူ ဂုဏ်ယူဖွယ် ကာလများကို ဖြတ်သန်းနေသည့် ဦးဝင်းထိန်သည် ၁၉၇၆ ခုနှစ်တွင် စစ်သားဘဝတစ်ခန်းရပ်ရန် အကြောင်းကြုံခဲ့ရ၏။ ဦးနေဝင်း၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင် ပေါ်ပေါက်သည့် ဗိုလ်ကြီး အုန်းကျော်မြင့် ဦးဆောင်သော နိုင်ငံတော်လုပ်ကြံမှုကြောင့်ပင်ဖြစ်သည်။

နာမည်ဆိုးနှင့် ကျော်ကြားသည့် ရေကြည်အိုင်ထောက်လှမ်းရေးစခန်းတွင် အဆိုပါအမှုအတွက် ခြောက်လနီးပါးကြာ အစစ်ဆေးခံခဲ့ရပြီး အစိုးရသက်သေအဖြစ် တရားခွင်တွင် ပါဝင်ခဲ့ရကာ နောက်ပိုင်းတွင် တပ်မတော်မှ ဖိအားပေး နှုတ်ထွက်ခိုင်းခြင်းကို ဦးဝင်းထိန် ကြုံလိုက်ရသည်။

“တပ်က ထွက်ခိုင်းတာ ပင်စင်တော့ပေးတယ်။ ပင်စင်ငွေကို သတိရရင်ထုတ်လိုက်၊ မထုတ်လိုက်လုပ်ပြီး နေလာတာ။ နောက်တော့ တပ်မတော်က ဘယ်အဖွဲ့ဆိုလည်းမသိဘူး။ အဲဒါရဲ့ ဆုံးဖြတ်ချက်နဲ့ ပင်စင်မပေးတော့ဘူးလို့ အကြောင်းကြားတယ်။ မပေးတော့တဲ့အပြင် ထုတ်ထားတဲ့ပင်စင်ငွေတွေ ပြန်တောင်းတယ်။ ဒါနဲ့ မင်းတို့မပေးလည်း ဂရုမစိုက်ဘူး။ ထုတ်ပြီးတာတွေလည်း ပြန်မပေးနိုင်ဘူး ပြောလိုက်တယ်။ အဲဒါနဲ့ ဒီအတိုင်းပဲ။ ကိုယ်လည်းမထုတ်ဖူး။ သူတို့လည်း လာမတောင်းဘူး”ဟု သူ၏ ထုံးစံအတိုင်း ရယ်ပွဲဖွဲ့ရင်း ဦးဝင်းထိန်က ဆိုသည်။

ဦးဝင်းထိန်ကို ရယ်မောခြင်း၊ နောက်ပြောင်ခြင်း အမူအကျင့်တို့နှင့် ယှဉ်တွဲတွေ့ရသည်မှာ ယခုမှတော့ မဟုတ်ပေ။ သူ၏ လုပ်ဖော်ကိုင်ဖက်ဟောင်းအချို့ ထုတ်ဖော်ပြောဆိုသည့် စကားတို့ကလည်း အခက်အခဲကြုံချိန်၌ပင် အပြုံးအရယ်မပျက်၊ အရွှ့န်းဖောက်စကားများဖြင့် ရင်ဆိုင်တတ်သော ဦးဝင်းထိန်၏ အမူအကျင့်ကို ထင်ဟပ်စေ၏။

သူ့ကို သရော်လှောင်ပြောင်ထားသည့် ကာတွန်းများ၊ ရုပ်ပြောင်များကို ဦးဝင်းထိန်က သူ၏ အခန်းနံရံတွင် ကပ်ထားသည်ကို တွေ့ရသည်။ ဓာတ်ပုံ-ဉာဏ်လှိုင်လင်း

သူ့ကို သရော်လှောင်ပြောင်ထားသည့် ကာတွန်းများ၊ ရုပ်ပြောင်များကို ဦးဝင်းထိန်က သူ၏ အခန်းနံရံတွင် ကပ်ထားသည်ကို တွေ့ရသည်။ ဓာတ်ပုံ-ဉာဏ်လှိုင်လင်း

ထိုသို့ အမူအကျင့်နှင့် စပ်လျဉ်း၍ NLD ၏ နာယကဖြစ်သူ ဦးတင်ဦး၏ မှတ်ချက်မှာ အထင်အရှားပင်ဖြစ်သည်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး သူရဦးတင်ဦးအဖြစ်မှ ထုတ်ပယ်ခံရပြီးနောက် ဗိုလ်ကြီးအုန်းကျော်မြင့်အမှုအတွက် တရားရုံးတွင်ထွက်ဆိုရာတွင် ဦးဝင်းထိန်ပါဝင်သော ရုံးချိန်းရက်သည် ပျော်ရွှင်စရာကောင်းသည့်နေ့များဖြစ်ကြောင်း လွတ်လပ်သောအာရှ အသံ (RFA)က ၂၀၁၀ ပြည့်နှစ်အတွင်း ထုတ်လွှင့်ခဲ့သည့် “ပြည်သူ့ဖက်က ဗိုလ်ချုပ်ကြီး” အမည်ရသော ရေဒီယိုအစီအစဉ်တွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ဖူးသည်။

အဆိုပါအဖြစ်အပျက်နှင့် ပတ်သက်၍ ဦးတင်ဦးက “သူက ကျွန်တော်နဲ့လည်းရင်းနှီးတော့ သူ့ကိုလည်း ခေါ်စစ်တာပေ့ါ။ အဓိပ္ပာယ်ကတော့ ဒါနဲ့ ပတ်သက်တာ အားလုံးကို သိရမယ်ပေ့ါ။ အဲဒါနဲ့ ပတ်သက်ပြီးမေးတာ အမေးခံရတဲ့သူ (ဦးဝင်းထိန်) က သိမှမသိဘဲ။ ဟုတ်မှ မဟုတ်ဘဲဆိုပြီး ရယ်ရယ်မောမောနဲ့ ပြန်ပြန်ဖြေတာ။ သူက ပြန်မေးသလိုဖြစ်နေတော့ တဝါးဝါးနဲ့ပေ့ါဗျာ”ဟု ပြောကြားခဲ့သည်။

အဆိုပါ ရေဒီယိုအစီအစဉ်ကို ပုံနှိပ်မှတ်တမ်းအဖြစ် ပြုစုထုတ်ဝေသည့် ဖိုးစိုင်း (ဂျာနယ်လစ်) ရေးသားသော “ပြည်သူချစ်သော ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦး” စာအုပ်တွင် ထိုသို့ ဖော်ပြထားခြင်းဖြစ်ပါသည်။            

ဦးဝင်းထိန်ကိုယ်တိုင်ကလည်း ထိုစဉ်က အမှုကို စစ်ဆေးသော တရားသူကြီးအပါအဝင် ပါဝင်ပတ်သက်သူ အားလုံးမှာ သူ၏ မိတ်ဆွေများသာဖြစ်၍ အရွှန်းဖောက်နောက်ပြောင်မိသည်ဟု ဝန်ခံခဲ့သည်။

“ဥပမာ တရားသူကြီးက ဦးဝင်းထိန် ဘယ်တပ်မှာ တာဝန်ထမ်းဆောင်နေသလဲ၊ ဘာရာထူးလဲ စသည်ဖြင့် မေးခွန်းတွေ မေးလာရင် “ဟာ ခင်ဗျား သိရဲ့သားနဲ့ ဘာတွေလာမေးနေတာလဲ”ဆိုပြီး ဟာသလုပ်ပစ်တာဟု ဦးဝင်းထိန်က ပြန်ပြောင်း ပြောပြသည်။

တရားရုံးချိန်းအတွင်း ဦးဝင်းထိန်၏ ထိုသို့ပြုမူမှုများကြောင့် အမြင်မကြည်လင်ကြသူများလည်း ရှိခဲ့ကြသည်ကို သူကိုယ်တိုင်ရေး၍ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလအတွင်းက ထုတ်ဝေသည့် “ကျွန်တော်ရေးချင်တဲ့ အကြောင်း၊ ကျွန်တော်ပြောချင်တဲ့အကြောင်း၊ ဗိုလ်ကြီးအုန်းကျော်မြင့်၊ နိုင်ငံတော်လုပ်ကြံမှု” စာအုပ်တွင် ထည့်သွင်း ဖော်ပြထားသည်။

တရားခွင်အတွင်း ဗိုလ်ကြီးအုန်းကျော်မြင့်ကို ဥပေစ္ဆေဒကံ ပါမပါ လက္ခဏာကြည့်ပေးသည်ကို အမြင်မကြည်သည့် ထောက်လှမ်းရေးတပ်ဖွဲ့ဝင်တို့က တရားခံအားဂုဏ်ပြုသည်ဟုဆိုကာ အထက်အရာရှိတို့ထံ အစီရင်ခံမှုကို ဦးဝင်းထိန် ကြုံခဲ့ရခြင်းဖြစ်၏။

လွန်ခဲ့သော နှစ်ပေါင်း ၄၀ ကျော်က ထိုကိစ္စကို Frontier က မေးမြန်းရာတွင် သူ၏ အပြုအမူ ဝသီကြောင့် ချောက်တွန်းခံရဖူးသည့် ဒုက္ခဟု ထင်မှတ်ပုံမရဘဲ ရွှင်မြူးစွာတက်ကြွစွာဖြင့်ပင် ဦးဝင်းထိန်က တစ်ဟားဟား ရယ်မောခဲ့သည်။

ထို့နောက် သူ၏ ရှတတအသံမှတစ်ဆင့် စကားလုံးပင်စီစရာမလိုဘဲ တရစပ်ထွက်ပေါ်လာသော အမှတ်သညာတို့မှာ ..

“တရားခွင်တစ်ခုပြီးတဲ့အချိန်မှာ အုန်းကျော်မြင့်ရှေ့ကနေ ဖြတ်သွားတော့ ဟေ့ကောင် ပြစမ်း မင်းလက္ခဏာဆိုပြီး နောက်ပြောင်တဲ့သဘောနဲ့ ကြည့်ဖို့လုပ်တာ။ ထောက်လှမ်းရေးက တရားခံနဲ့ အဲဒီလို ရင်းရင်းနှီးနှီးမနေရဘူး ဆိုပြီး အော်လို့ မကြည့်ဖြစ်လိုက်ရပါဘူး။ အဲဒီ အုန်းကျော်မြင့်ကို လက္ခဏာကြည့်တဲ့ကိစ္စကို မကြည်တော့ အဲဒီထောက်လှမ်းရေးက သူရေးတဲ့ အစီရင်ခံစာမှာ ဦးဝင်းထိန်ဟာ အုန်းကျော်မြင့်ကို ဂုဏ်ပြု နှုတ်ဆက်တယ်ဆိုပြီး လီဆယ်ရေးတာ” ဟူ၍ပင်။

အဆိုပါအချိန်မှ စတင်ရေတွက်လျှင် နောင် ၁၂ နှစ်အကြာ၊ ၁၉၈၈ ပြည်သူ့အရေးတော်ပုံမှစ၍ ဒီမိုကရေစီအရေး ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သူဖြစ်လာမည့် ဗိုလ်ကြီးဝင်းထိန်သည် ထိုသို့ ဇက်ပေါ်ဓားမိုးထားခြင်းကြုံရသည့် ကာလ၌ပင် မတရားဘူးထင်ပါက အာခံရဲသည့် သူ၏ ဗီဇကို ပြသခဲ့ဖူးသည့်ကိစ္စကိုလည်း ပြုလုပ်ခဲ့သေး၏။ 

“ထောက်လှမ်းရေးစခန်းမှာ စစ်ဆေးခံရတုန်းက အစိုးရသက်သေထွက်တဲ့အခါ ထည့်ပြောရမယ့်ကိစ္စတွေကို သူတို့ သင်ပေးလိုက်တာ ရှိတယ်။ အဲဒါတွေတစ်ခုမှ တရားခွင်မှာ ကျွန်တော်က ထည့်မပြောဘူး။ ဒါနဲ့ ပတ်သက်ပြီး တရားခွင်ပြီးတဲ့အချိန်မှာ ထောက်လှမ်းရေးက ပြောတဲ့အခါကျတော့ “ဟာ….မေ့သွားတာဗျာ” ဆိုပြီး လုပ်ရရော”ဟု သူက ပြောရင်း ထုံးစံအတိုင်း တစ်ဟားဟား ရယ်ပြန်ပါသည်။

စီးပွားရေးလုပ်ငန်းရှင်ဘဝ

သည်လိုနှင့် တပ်မတော်သားဘဝ တစ်ခန်းရပ်ခဲ့ရသည့် ဦးဝင်းထိန်သည် ဆိုရှယ်လစ်ခေတ်အတွင်း အောင်မြင်သော စီးပွားရေးသမားဘဝကို အံ့သြဖွယ်ကောင်းလောက်အောင် တည်ဆောက်ပြခဲ့ပြန်၏။

မြန်မာနိုင်ငံသား ပုဂ္ဂလိက လုပ်ငန်းရှင်များ၏ ပိုင်ဆိုင်မှုလုပ်ငန်းများပင် ပြည်သူပိုင်သိမ်းခံရသည့်အချိန်တွင် သကြားနှင့် အရက်ထုတ်လုပ်သည့် ဥရောပကုမ္ပဏီများ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှပ်နှံနိုင်ရန် ကိုယ်စား ဆောင်ရွက်ပေးသူအဖြစ် ဦးဝင်းထိန်က လျှို့လျှို့ဝှက်ဝှက်က် လုပ်ကိုင်ခဲ့ခြင်းပင်ဖြစ်သည်။

“မြန်မာ့ဆိုရှယ်လစ်ခေတ်မှာ ဆီလိုအပေါက်ရှာရင်းနဲ့ စီးပွားရေးလုပ်ရတာ။ ဆလွန်းကားတောင်း မစီးရဲဘူး။ ဦးနေဝင်းရဲ့ ထောက်လှမ်းရေးက ဆလွန်းကားစီးတယ်၊ တိုက်ဆောက်တယ်ဆို အဲဒီသူကို မသိအောင် ခေါ်သွားပြီး မေးတာမျိုး လုပ်တယ်။ တစ်ချို့သူတွေဆို အဲဒါမျိုးတွေလုပ်လို့ အဖမ်းခံရတာ။ ပိုင်ဆိုင်မှု အသိမ်းခံရတာတောင် ရှိတယ်” ဟု သူက ပြန်ပြောင်း ပြောပြသည်။

ဘဝသုံးမျိုးပြောင်းခဲ့သူ ဦးဝင်းထိန်သည် အောင်မြင်မှု၊ ဝေဖန်မှုများကို ကြံ့ကြံ့ခံနိုင်ခဲ့သူဖြစ်သည်။ ဓာတ်ပုံ-ဉာဏ်လှိုင်လင်း

ဘဝသုံးမျိုးပြောင်းခဲ့သူ ဦးဝင်းထိန်သည် အောင်မြင်မှု၊ ဝေဖန်မှုများကို ကြံ့ကြံ့ခံနိုင်ခဲ့သူဖြစ်သည်။ ဓာတ်ပုံ-ဉာဏ်လှိုင်လင်း

နိုင်ငံရေးသမားကြီးဘဝ

၁၉၈၈ အရောက်တွင်မူ ဦးဝင်းထိန်သည် နိုင်ငံရေးလောကသို့ ခြေစုံပစ်ဝင်ရောက်လာခဲ့ပြီး ဦးနှောက် အလုပ်လုပ်သည့်အချိန်အထိ နိုင်ငံရေးသမားအဖြစ် ရပ်တည်တော့မည်ဟု ဆုံးဖြတ်ထားသူ ဖြစ်လာပြန်၏။

ထူးခြားသည်မှာ စစ်သား၊ စီးပွားရေးသမား၊ နိုင်ငံရေးသမားစသည့် မတူညီသော တည်ဆောက်မှုများဖြင့် ဖြတ်သန်းလာခဲ့သည့် ထိုပုဂ္ဂိုလ်၏ ဘဝတွင် အထိုက်အလျှောက်ထက်ပိုသော အောင်မြင်မှုများနှင့်အတူ သူ၏ ထူးခြားသော အပြောအဆို၊ အပြုအမူများကြောင့် အများသူငှာထံမှ အကောင်းအဆိုး ရှုမြင်ချက်အထွေထွေကို လက်ခံရရှိတတ်သူ တစ်ဦးလည်း ဖြစ်နေခြင်းပင်ဖြစ်သည်။

ကျင်လည်ရာပတ်ဝန်းကျင် ပြောင်းသွားသော်လည်း လူအများ၏ ချီးကျူးဂုဏ်ပြုမှု၊ လေးစားမှုတို့နှင့်အတူ ဝေဖန်ပြစ်တင်မှုတို့ကိုပါ ယှဉ်တွဲပိုင်ဆိုင်လျှက်ရှိသည့် သူ၏ စရိုက်လက္ခဏာတို့မှာမူ မပြောင်းလဲပေ။

ဗိုလ်ကြီးအုန်းကျော်မြင့်ကိစ္စတွင် ထောက်လှမ်းရေးအချို့၏ မလိုမုန်းထားမှုကို ကြုံခဲ့ရသလို၊ တရားမဝင် စီးပွားရေးသမားဘဝတွင်လည်း မနာလိုသူတို့၏ ရန်ရှာခြင်းမခံရအောင် သိုသိုသိပ်သိပ် နေထိုင်ခဲ့ရဖူးသည်။ ထို့အတူ စစ်အစိုးရကို အတိုက်အခံလုပ်သည့် နိုင်ငံရေးသမားဘဝမှစ၍ အာဏာရပါတီကို ဦးဆောင်သူ ဖြစ်လာချိန်တွင်လည်း ထိုသို့ ကြုံနေရဆဲပင်ဖြစ်သည်။

အနီးစပ်ဆုံးနှင့် လူသိထင်ရှားသော အကြောင်းအရင်းများကတော့ သူဦးစီးဆောင်ရွက်လိုက်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ကိစ္စရပ်အချို့၊ မီဒီယာအပေါ် တုန့်ပြန်မှုအချို့၊ အစိုးရအဖွဲ့နှင့် လွှတ်တော်ကိစ္စရပ် များအပေါ် ပါဝင်ပတ်သက်မှုအချို့နှင့် သူအားဝေဖန်သူအချို့ပေါ် တုန့်ပြန်မှုတို့ကြောင့် ဖြစ်ပေါ်လာသည့် ဂယက်များ ဖြစ်သည်။

၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်နေ့တွင် သမ္မတအမိန့်ဖြင့် တာဝန်မှ ရပ်စဲခံလိုက်ရသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာထွန်းဝင်းကိစ္စအပြင် ရှမ်းပြည်နယ် NLD ပါတီ ဥက္ကဋ္ဌနှင့်အဖွဲ့ ထုတ်ပယ်ခံရသည့်ကိစ္စတို့နှင့် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) တရားဝင် ရပ်တည်ခွင့် ရှိမရှိကိစ္စအဆုံး ဦးဝင်းထိန်၏ ပါဝင်ပတ်သက်မှု၊ ပြောဆိုမှုများအပေါ် ဝေဖန်မှုများရှိနေခြင်းဖြစ်သည်။

ဒေါက်တာထွန်းဝင်းကဆိုလျှင် သူဒုတိယဝန်ကြီးအဖြစ် တာဝန်ယူနေစဉ်အတွင်း ရှမ်းပြည်နယ်၊ ဟဲဟိုးမြို့ရှိ နိုင်ငံပိုင်မြေဧက ၂၀၀ ကျော် ငှားရမ်းသုံးစွဲနေသော အမေရိကန်နိုင်ငံသားပိုင် Prime Limited ထံမှ မြေပြန်လည်ရယူရေး ဆောင်ရွက်မှုကြောင့် ဦးဝင်းထိန်၏ အမျက်ရှမှုကိုခံခဲ့ရပြီး ထုတ်ပယ်ခံခဲ့ရခြင်ဖြစ်ကြောင်း ယုံကြည်ထားသူ ဖြစ်သည်။

အစိုးရအဖွဲ့ ရာထူးခန့်၊ ပြောင်းရွှေ့၊ ထုတ်ပယ်ကိစ္စများတွင် ပါတီပိုင်းက ဝင်ရောက်စွက်ဖက်မှုကို ဝေဖန်သူတို့က ထောက်ပြကြသော်လည်း ဦးဝင်းထိန်ကတော့ မည်သို့မျှ မှတ်ချက်မပြုပေ။

ထို့အတူNLD ပါတီမှ ခန့်အပ်ထားသော ဝန်ကြီးများကို ပညာပြနေသည့် ယခင်အစိုးရခန့်ခဲ့သည့် အမြဲတမ်းအတွင်းဝန်များကို နေရာ ပြောင်းပစ်မည်ဟု အောက်တိုဘာလအစောပိုင်းအတွင်း မဇ္ဈိမသတင်းဌာနကို ပြောဆိုဖူးသည့် စကား၊ စက်တင်ဘာလဆန်းပိုင်းအတွင်း ၎င်း၏ လက်မှတ်ဖြင့် ထုတ်ပယ်ခဲ့သော ရှမ်းပြည်နယ် NLD ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုးအပါအဝင် စုစုပေါင်း ခြောက်ဦးကိစ္စတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အပြင် သမ္မတရုံးဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူနေသည့် ဒေါ်အောင်ဆန်းစုကြည်ထံမှ ခွင့်ပြုချက်ရပြီးသားဟူသည့်သဘော ပြောဆိုမှုတို့ကြောင့် ဖြစ်ပေါ်လာသော ဝေဖန်မှုတို့ကို ဦးဝင်းထိန်တစ်ယောက် ပြင်ပြင်းထန်ထန် ခံခဲ့ရသည်။ 

အခြေခံ ဥပဒေအရ အစိုးရအဖွဲ့ဝင်များနှင့် ပါတီ၏ ပတ်သက်မှုအပေါ် ကန့်သတ်မှုများကို ဖောက်ဖျက်ကျူးလွန်ရာရောက်နေသည်ဆိုသည့် စွပ်စွဲချက်များကို လက်ခံရရှိခြင်းပင်ဖြစ်သည်။

ဦးဝင်းထိန်ကမူ ပါတီနှင့် အစိုးရအဖွဲ့ပတ်သက်မှု အပေါ် ဝေဖန်သူများအား နိုင်ငံရေး လေနှင့်ဝမ်းနှင့်မကွဲခြင်းဟု တုန့်ပြန်ခဲ့သည်။ ရွေးကောက်ပွဲ ဝင်ခြင်းမှ အစ၊ အစိုးရဖွဲ့ခြင်းအဆုံး ပါတီကသာ ရွေးချယ်ခန့်အပ်ခြင်းဖြစ်၍ ဝင်စွက်ဖက်ရုံမက ဦးဆောင်ရသည့် သဘောရှိသည်ဟု နိုဝင်ဘာ ၃၀ ရက်ထုတ် The Voice သတင်းစာတွင် “နိုင်ငံရေး လေနဲ့ ဝမ်းနဲ့ ကွဲစေလို” ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ်အား ဦးဝင်းထိန်က ရေးသား ဖြေရှင်းထားသည်။

ဦးဝင်းထိန်၏ ပွဲဆူစေမှုများမှာ ထိုမျှမကသေးပေ။ ၂၀၁၆ ခုနှစ်ဆန်းပိုင်းတွင် အစိုးရဖွဲ့ရန် ပြင်ဆင်နေချိန်အတွင်း RFA သတင်းထောက်အား မေးခွန်းတွေ စဉ်းစဉ်းစားစားမေးကြဟု ဘုတောသည်မှစ၍ အစိုးရဖွဲ့ပြီးချိန် သြဂုတ်လအတွင်းတွင် ဝန်ကြီး အပြောင်းအလဲ ဖြစ်မည်လားဟု မေးမြန်းလာသည့် လူထုပုံရိပ်ဂျာနယ် သတင်းထောက်တစ်ဦးကို “စောက်ရူး၊ စောက်ရူး” ဟု ပြန်လည်တုန့်ပြန်မှုတို့ကလည်း အထင်အရှားပင် ဖြစ်သည်။

ထိုစဉ်က လူထုပုံရိပ်ဂျာနယ်တွင် သတင်းထောက်အဖြစ် တာဝန်ထမ်းဆောင်နေရင်း ဦးဝင်းထိန်၏ တုန့်ပြန်မှုကို ကိုယ်တိုင်ကြုံလိုက်ရသည့် ကိုစိုင်းဝဏ္ဏက နိုင်ငံရေးတန်ခိုးထွားသည့် ဦးဝင်းထိန်အနေဖြင့် သတင်းမီဒီယာများအပေါ် ဆဲရေးတိုင်းထွာမှုမျိုးကို ရှောင်သင့်ကြောင်း ပြောကြားသည်။

“သူ့အနေနဲ့ သတင်းမီဒီယာကို ဆက်ဆံတာ၊ ထာဝရအာဏာတည်နေမယ့်သူတစ်ဦးလို ဆက်ဆံခဲ့တယ်လို့ ကျွန်တော်ခံစားရတယ်” ဟု ကိုစိုင်းဝဏ္ဏက ဆိုသည်။

ဦးဝင်းထိန်ကမူ ထုံးစံအတိုင်း ဖြစ်စဉ်အလိုက် သီးခြား မှတ်ချက်မပြုခဲ့ဘဲ သူ၏ လုပ်ဆောင်ချက်များ၊ ပြောဆိုမှုများအပေါ် ဝေဖန်မှု၊ ပြစ်တင်ရှုံ့ချမှုများကြောင့် ပြဿနာတစ်စုံတစ်ရာမရှိကြောင်းသာ ပြောကြားသည်။

ရှမ်းပြည်နယ် NLD ဥက္ကဋ္ဌအဖြစ်မှ ထုတ်ပယ်ခံလိုက်ရသည့် ဒေါ်ခင်မိုးမိုးက “အခုနောက်ပိုင်း ဦးဝင်းထိန်ရဲ့ လုပ်ရပ်တွေဟာ အာဏာရှင်ဆန်လာတယ်” ဟု ပြောသော်လည်း ဦးဉာဏ်ဝင်းကဲ့သို့သော ပါတီခေါင်းဆောင်နှင့် အခြားသော ပါတီဝင် ရှစ်ဦး၊ ဒေါက်တာရန်မျိုးသိန်းကဲ့သို့သော နိုင်ငံရေးလေ့လာသုံးသပ်သူနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးဂျင်မီကဲ့သို့သော နိုင်ငံရေးခေါင်းဆောင်များကမူ တစ်စုံတစ်ရာ ပြောကြားရန် ငြင်းဆိုခဲ့သည်။

၎င်း၏ အမည်နှင့် မဲဆန္ဒနယ်ကို ထုတ်ဖော်မပြောလိုသည့် ပြည်သူ့လွှတ်တော်အမတ်တစ်ဦးကမူ ရှမ်းပြည်နယ် ပါတီတာဝန်ရှိသူအချို့ကို ထုတ်ပယ်သည့် ကိစ္စတွင် ဦးဝင်းထိန်၏ ကိုင်တွယ်ပုံကို မကျေနပ်ကြောင်း ပြောသည်။

“နောက်ပိုင်းမှသာ ပါတီအနေနဲ့ ထုတ်တာဖြစ်ပေမယ့် အရင်ဦးဆုံးကတော့ သူ့တစ်ယောက်ထဲ သဘောမျိုးဖြစ်နေတယ်။ ပါတီပိုင်းမှာကျန်ခဲ့တဲ့ တာဝန်အရှိဆုံးသူတွေထဲမှာ သူတစ်ယောက်ပဲ နေပြည်တော်မှာနေပြီး စီမံလုပ်ကိုင်ရတဲ့သဘောမျိုးရှိတော့ သူ့သြဇာက ထက်နေတဲ့ သဘောပေ့ါ” ဟု အဆိုပါ အမတ်က မှတ်ချက်ပြုသည်။ 

NLD ပါတီ၏ နေပြည်တော်ခရိုင်ဥက္ကဋ္ဌ ဖြစ်သူ ဦးမင်းသူကမူ ဦးဝင်းထိန်သည် အတိတ်နှင့် ပစ္စုပ္ပန်နိုင်ငံရေးဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်း၍ ပါတီတွင်းနှင့် ပါတီပြင်ပ အကြောင်းအရာများကို အစအဆုံး အတွင်းကျကျသိသော တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်သည်ဟု ညွှန်းဆိုသည်။

ထို့အတူ အစိုးရအဖွဲ့တွင် အုပ်ချုပ်ရေးအာဏာရယူထားသဖြင့် ပါတီကိစ္စ တိုက်ရိုက် မဆောင်ရွက်နိုင်သည့် ဒေါ်အောင်ဆန်းစုကြည် ချမှတ်ထားသော လမ်းကြောင်းပေါ်တွင် တည့်တည့်မတ်မတ် လျှောက်လှမ်းနိုင်အောင် ပါတီကို ဦးဆောင်နေခြင်းသာဖြစ်သည်ဟု သုံးသပ်သည်။ 

“အာဏာရပါတီမှာ သူက ခေါင်းကိုင်ဖခင် သဘောမျိုးပဲ။ လက်ရှိ ပါတီပိုင်းရော၊ အစိုးရပိုင်းရော၊ လွှတ်တော်ပိုင်းရော အားလုံးချိတ်ပြီးလုပ်နိုင်တာက သူတစ်ယောက်ပဲရှိတယ်။ အသက်အရွယ်ရရော၊ ကျန်းမာရေးအရရော ဒီလောက် လုပ်နိုင်တယ်ဆိုတာ သူ့အတွက် မဟုတ်ဘဲ တိုင်းပြည်အတွက်၊ ဒီမိုကရေစီ ထူထောင်နိုင်ဖို့အတွက်၊ ပါတီမှာ စည်းမျဉ်းစည်းကမ်းနဲ့ အညီဆောင်ရွက်နိုင်ဖို့ လုပ်နေတာပါပဲ” ဟု ဦးမင်းသူက ပြောသည်။ 

ကျွန်းစုမြို့နယ်၊ NLD ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်ရီကမူ တစ်ဟားဟားရယ်ခြင်း၊ ပက်ကနဲ နစ်နစ်နာနာ တုန့်ပြန်ခြင်း၊ အရွှန်းဖောက်ခြင်းစသည်တို့မှာ ဦးဝင်းထိန်၏ အမူအကျင့်ဖြစ်သော်လည်း ၁၉၈၈ ခုနှစ်မှစ၍ လက်တွဲအလုပ်လုပ်လာသည့် အတွေ့အကြုံရ အဆိုပါအပြုအမူတို့မှာ ရိုင်းစိုင်းသောစိတ်မျိုးဖြင့် လုပ်သည်ဟု သတ်မှတ်၍ မရဟု ပြောသည်။

“ပတ်ဝန်းကျင်အမြင်နဲ့ ကျွန်မနဲ့တော့ တူမှာမဟုတ်ဘူး။ ဦးဝင်းထိန်က ဟောဟောဒိုင်းဒိုင်း ပြောတတ်ပေမယ့် စိတ်ရင်းက ကောင်းတယ်။ အသုံးအနှုန်း ကြမ်းတမ်းတယ်ဆိုပေမယ့် မရိုင်းစိုင်းပါဘူး။ တစိမ်းတွေကတော့ စကားအပြောအဆို စည်းမစောင့်ဘူးလို့ ထင်နိုင်ပေမယ့် ကျွန်မတို့က အကြောင်းသိဆိုတော့ သူ့ရင်ထဲက စေတနာကို သိတယ်” ဟု ဒေါ်တင်တင်ရီက ဆိုသည်။ 

အင်းစိန်ထောင်အတွင်း ဦးဝင်းထိန်နှင့် လေးနှစ်ခန့် အတူနေထိုင်ဖူးသည့် နာမည်ကျော် လူရွှင်တော်၊ ဒါရိုက်တာ ဇာဂနာ (အမည်ရင်းကိုသူရ) ကမူ အဆိုပါအမူအကျင့်များမှာ ဦးဝင်းထိန်၏ ဝသီသာဖြစ်ပြီး မည်သည့် အကြောင်းကိစ္စကိုမျှ အညှိုးအတေးထားသူမဟုတ်သလို အဝေဖန်မခံနိုင်ဆိုသော သုံးသပ်ချက်များမှာလည်း မှားယွင်းနေကြောင်း ပြောကြားသည်။ 

“တစ်ချက်က ထောင်ထဲမှာ ကြမ်းပြင်ပေါ်အိပ်နေရတဲ့ နိမ့်ပါးတဲ့ဘဝတုန်းကလည်း ရာထူးကြီးတဲ့သူတွေ၊ ဝန်ကြီးတွေ၊ ညွှန်ချုပ်တွေလာရင် သူပြန်ပြောတာပဲ။ အခုလို အချိန်မျိုး အပြောင်းအလဲမှာ ပါတီတစ်ခုကို ဦးဆောင်သူတစ်ယောက်အနေနဲ့ ကျွန်တော်သိသလောက်တော့ သူများကို နှိမ်ပြီးပြောမယ့် သူမျိုးလည်း မဟုတ်ပါဘူး” ဟု ဇာဂနာက ဆိုသည်။

မည်သို့ပင်ဆိုစေ ဗိုလ်ကြီးအုန်းကျော်မြင့် ကိစ္စမှစ၍ ဒီမိုကရေစီလှုပ်ရှားမှုအဆုံး ၁၉၇၆ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ နိုင်ငံရေး ဆိုင်ရာပုဒ်မအမျိုးမျိုးဖြင့် အကျဉ်းထောင်များအတွင်း အနှစ် ၂၀ ကျော်နေထိုင်ဖူးပြီး အသက်အရွယ်အရ အဖိုးအိုဟု သတ်မှတ်နိုင်သော ဦးဝင်းထိန်သည် ဇရာကြောင့် နှလုံး၊ သွေးတိုး ရောဂါများရှိနေပြီး တုတ်ကောက်အသုံးပြု၍ လမ်းလျှောက်ရသည်မှအပ မာမာချာရှိနေဆဲပင်ဖြစ်သည်။

မတူညီသော နယ်ပယ်သုံးခုတွင် အောင်မြင်သူအဖြစ် ရပ်တည်နိုင်ခြင်းမှာ ရည်ရွယ်လုပ်ဆောင်ခြင်းမဟုတ်ဘဲ ကံကြမ္မာ အလှည့်အပြောင်းအတိုင်း၊ အလိုလိုဖြစ်လာခြင်းသာ ဖြစ်သည်ဟု ခံယူထားသူ ဦးဝင်းထိန်သည် ယနေ့အထိ သူ၏ မှတ်ဉာဏ်၊ စွမ်းဆောင်ရည်နှင့် သြဇာပြည့်ဝနေသေးကြောင်း၊ ဟာဒယ ဉာဏ်ရွှင်သူတစ်ဦးဖြစ်ကြောင်းကို သူ၏ နှုတ်မှထွက်ပေါ်လာသော ပွင့်ပွင့်လင်းလင်း တုတ်ထိုးအိုးပေါက် စကားလုံးများဖြင့် သက်သေပြလျှက်ရှိနေဆဲပင်ဖြစ်သည်။

တစ်ဟားဟား ရယ်ရင်း “ဖြစ်ခဲ့သမျှ ကိစ္စတွေဟာ တမင် အောင်မြင်အောင်၊ ပွဲဆူအောင်လုပ်တာမဟုတ်ဘူး။ သူ့ဖာသာသူဖြစ်သွားတာ မတတ်နိုင်ဘူး” ဟုပင် ဦးဝင်းထိန်က ပြောလိုက်သေးသည်။

ထို့ပြင် သူအပေါ် ဝေဖန်မှုများနှင့် ပတ်သက်၍ အကျဉ်းထောင်တွင်း နေထိုင်ရစဉ်အတွင်း ဆုံတွေ့ဖူးသည့် ကွယ်လွန်သူ နာမည်ကျော် စာရေးဆရာ ဗေဒင်ဆရာ မင်းသိင်္ခထံမှ သူမှတ်သားဖူးသော စကားတစ်ခွန်းဖြင့် ဦးဝင်းထိန်က တုန့်ပြန်ခဲ့သည်။

အဆိုပါ စကား၏ အနက်မှာ လူတို့သည် အလကားရသော ထင်မြင်ယူဆချက်တို့ကို မည်သူမျှ မတောင်းလျှင်တောင်မှ ဖောချင်းသောချင်းပေးလေ့ရှိသည်ဟူသော အဓိပ္ပာယ်ပင်။

“အခုလည်း အဲဒါပဲပေ့ါ အလကားရတာတွေ ဖောချင်းသောချင်းလုပ်နေကြတာပေ့ါ။ အေးဆေးပါ။ ကြာရင် မောသွားမှာပဲ၊ မောသွားရင် တိတ်သွားမှာဘဲ”ဟု ပြောရင်း ဦးဝင်းထိန်က ရယ်လိုက်ပြန်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar