ပြီးခဲ့သည့်နှစ်က ရန်ကုန်မြို့ အမေရိကန်သံရုံးရှေ့တွင် ဆန္ဒပြမှုဖြင့် တရားစွဲဆိုခြင်း ခံထားရကာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဖမ်းဆီးခံခဲ့ရသည့် ဦးပါမောက္ခ၏ အာမခံလျှောက်ထားမှုကို တရားရုံးက ယနေ့ ပယ်ချလိုက်သည်။
အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တစ်ခုတွင် “ရိုဟင်ဂျာ” ဟူသည့် အသုံးအနှုန်းကို ထည့်သွင်း အသုံးပြုခဲ့သည့်အတွက် သံရုံးရှေ့တွင် ၂၀၁၆ ခုနှစ်၊ မေလအတွင်းက ပြုလုပ်ခဲ့သည့် ဆန္ဒပြပွဲတွင် ဦးဆောင်ပါဝင်မှုဖြင့် ၎င်းအပါအဝင် ခြောက်ဦးကို ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉၊ နောက်တိုးပုဒ်မ ၅၀၅(ခ) တို့ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
သို့သော် ဦးပါမောက္ခအား နိုဝင်ဘာ ၁၂ ရက်နေ့ကမှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ လူဝတ်လဲထားသည့် ဦးပါမောက္ခကို ကမာရွတ်တရားရုံးသို့ ယနေ့ခေါ်ဆောင်လာချိန်တွင် ၎င်းကို ထောက်ခံသူ ဒါဇင်ပေါင်းများစွာက တရားရုံးပြင်ပတွင် ဆီးကြိုနှုတ်ဆက်ခဲ့ကြသည်ဟု အေအက်ဖ်ပီက ရေးသားထားသည်။
တရားရုံးအတွင်း မဝင်ရောက်မီ ဦးပါမောက္ခက ၎င်းအနေဖြင့် နိုင်ငံ၏ အချုပ်အခြာကို ကာကွယ် စောင့်ရှောက်ခြင်းသာ ဖြစ်သည်ဟု အေအက်ဖ်ပီကို ပြောကြားသွားသည်။
၎င်း၏ အမှုကို နိုဝင်ဘာ ၂၁ ရက်နေ့တွင် ဆက်လက်စစ်ဆေးမည်ဖြစ်သည်။