ဦးထုပ်ဝါနဲ့ ယာဉ်ကြောရှင်းလင်းရေးသမားတွေ

ရန်ကုန်မြို့ရဲ့ လမ်းမတွေထက်မှာ ယာဉ်ကြောပိတ်ဆို့နေတာတွေကို အဓိကတာဝန်ယူ ဖြေရှင်းရတာက အစိုးရဝန်ထမ်း ယာဉ်ထိန်းရဲတွေဖြစ်ပေမဲ့ ယာဉ်ထိန်းရဲတွေ မရှိတဲ့နေရာတွေမှာ ဖြစ်နေတဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေကိုတော့ စေတနာ့ဝန်ထမ်း ယာဉ်ကြောရှင်းလင်းပေးသူတွေကပဲ တာဝန်ယူထားပါတယ်။

ထွန်းခိုင် ရေးသားသည်။

ပေ ၂၀ လောက်ပဲအကျယ်ရှိတဲ့ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်က ကွန်ကရစ်လမ်းမတွေပေါ်မှာ  ကားတွေက ရှေ့မတိုးနောက်မဆုတ်သာနဲ့ ရပ်တန့်နေပါတယ်။

လမ်းဘေးဈေးသည်တွေက လူသွားလမ်းပလက်ဖောင်းတွေပေါ်မှာ ဈေးဆိုင်တွေဖွင့်ထားပြီး လမ်းသွားလမ်းလာတွေကလည်း လမ်းမပေါ်မှာ ဟိုဟိုဒီဒီသွားလာနေတဲ့အတွက် နဂိုထဲကကျဉ်းတဲ့ ကားလမ်းပေါ်မှာ ကားတွေသွားလာရတာ ပိုခက်ခဲလာပါတော့တယ်။

ဒီလိုအခက်အခဲတွေကြုံပြီဆိုရင် အသက် ၄၅ နှစ်အရွယ် ကိုနိုင်တယောက် ဆိုက်ကားတစ်စီးနဲ့ ရောက်လာပြီး ပိတ်ဆို့နေတဲ့ကားတွေကို ရှင်းလင်းပါတော့တယ်။

“လမ်းကျပ်ရင် ပြည်သူလူထုဒုက္ခရောက်မယ်။ ပြည်သူလူထုဒုက္ခရောက်ရင် ကျနော်တို့ ဒုက္ခရောက်သလိုပဲ”လို့ စေတနာဝန်ထမ်း ယာဉ်ထိန်းပေးသူအဖြစ် လုပ်ကိုင်နေတဲ့ ဆိုက်ကားဆရာကိုနိုင်က ပြောပါတယ်။

ရန်ကုန်မြို့ရဲ့ လမ်းမတွေထက်မှာ ယာဉ်ကြောပိတ်ဆို့နေတာတွေကို အဓိကတာဝန်ယူ ဖြေရှင်းရတာက အစိုးရဝန်ထမ်း ယာဉ်ထိန်းရဲတွေဖြစ်ပေမဲ့ ယာဉ်ထိန်းရဲတွေ မရှိတဲ့နေရာတွေမှာ ဖြစ်နေတဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေကိုတော့ စေတနာ့ဝန်ထမ်း ယာဉ်ကြောရှင်းလင်းပေးသူတွေကပဲ တာဝန်ယူထားပါတယ်။

သူတို့ဟာ ငွေကြေးအကျိုးအမြတ် တစုံတရာမရကြဘဲ လုပ်ကိုင်နေကြရတာဖြစ်ပြီး လမ်းရှင်းရာမှာသုံးတဲ့ ခရာကအစ ကိုယ်ပိုင်ပိုက်ဆံနဲ့ ဝယ်ယူကြရတာဖြစ်ပါတယ်။

အစိုးရကခန့်ထားတဲ့ ယာဉ်ထိန်းရဲတွေဟာ ခေါင်းကနေ ခြေထောက်အဆုံး စမတ်ကျလှတဲ့ တူညီဝတ်စုံတွေ ဝတ်ဆင်ပြီး ယာဉ်ကြောရှင်းလင်းကြပါတယ်။

စေတနာ့ဝန်ထမ်းယာဉ်ထိန်းတွေကတော့ သာမာန်အရပ်ဝတ်ပဲ ဝတ်ကြပြီး ဆောက်လုပ်ရေးလုပ်ငန်းသုံး အဝါရောင်ဦးထုပ်တွေဆောင်းပြီး ယာဉ်ကြောရှင်းပေးကြပါတယ်။

အသက် ၄၅ နှစ်ရှိပြီဖြစ်တဲ့ ကိုနိုင်ဟာ ဦးထုတ်အဝါဆောင်းပြီး ယာဉ်ကြောရှင်းပေးလေ့ရှိပါတယ်။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

အသက် ၄၅ နှစ်ရှိပြီဖြစ်တဲ့ ကိုနိုင်ဟာ ဦးထုတ်အဝါဆောင်းပြီး ယာဉ်ကြောရှင်းပေးလေ့ရှိပါတယ်။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

“ဦးထုပ်အဝါဆိုရင် ဒီဆိုက်ကားသမားက မော်တော်ပီကယ်ဆိုတာ သိတယ်”လို့ ဆိုက်ကားနင်းပြီး အသက်မွေးဝမ်းကျောင်းပြုရတဲ့ ကိုနိုင်က ပြောပါတယ်။

သူကူညီပြီး လမ်းရှင်ပေးတဲ့ ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်က လယ်ယာရွှေမြေလမ်းဆုံဟာ မော်တော်ယာဉ်တွေ အသုံးများတဲ့လမ်း ဖြစ်ပါတယ်။

အစိုးရရုံး၊ ကျောင်း၊ ဘဏ်တွေ၊ မော်တော်ယာဉ်အသေးစားပြုပြင်တဲ့အလုပ်ရုံတွေနဲ့ အိမ်ရာတွေ စုစုံနေတဲ့ နေရာတစ်ခုဖြစ်ပြီး အမြဲတမ်းလိုလို ယာဉ်ကြောကျပ်တဲ့နေရာတစ်ခု ဖြစ်ပါတယ်။

သူလမ်းရှင်းပေးလေ့ရှိတဲ့ အဲဒီလမ်းဆုံအနီးမှာ အစိုးရဘဏ်တစ်ခုရှိပြီး လစဉ် လတိုင်းရဲ့နောက်ဆုံး ရက်သတ္တပတ်တွေမှာဆိုရင် ပင်စင်လစာလာထုတ်တဲ့ ဝန်ထမ်းဟောင်းတွေ လာရောက်ကြတာကြောင့် ရပ်ထားတဲ့ကားတွေ၊ ဆိုက်ကားတွေနဲ့ ကားလမ်းဟာ အရင်ကထက် ပိုမို ပိတ်ဆို့နေတတ်ပါတယ်။

Frontier Myanmar က သုံးရက်ကြာ စောင့်ကြည့်မှုအရ ပေ ၂၀ လောက်သာကျယ်တဲ့ အဲဒီလမ်းလေးမှာ နံနက် ၁၀ နာရီလောက်ဆိုရင် တစ်မိနစ်ကို ပျမ်းမျှမော်တော်ယာဉ် အစီး ၄၀ လောက်ဖြတ်သန်းပြီး ည ၅ နာရီခွဲလောက်မှာဆိုရင်  တစ်မိနစ်ကို ပျမ်းမျှ မော်တော်ယာဉ် ၅၄ စီးလောက် ဖြတ်သန်းလေ့ရှိပါတယ်။

ကားတွေအသုံးပြုတာများတဲ့နေရာဖြစ်ပေမဲ့ အဲဒီနေရာမှာ အစိုးရက စေလွှတ်လိုက်တဲ့ ယာဉ်ထိန်းရဲကို တခါမှမတွေ့ဖူးဘူးလို့ ကိုနိုင်လမ်းရှင်းလေ့ရှိတဲ့ လယ်ယာရွှေမြေလမ်းနဲ့ သမာဓိလမ်းဆုံက ဆိုက်ကားဆရာ ကိုဇာနည်က ပြောပါတယ်။

အစိုးရက ထုတ်ပြန်တဲ့စာရင်းအရ မြန်မာနိုင်ငံမှာ ၂၀၁၆ ခုနှစ် နှစ်လယ်ပိုင်းအထိ တရားဝင်မှတ်ပုံတင်ထားတဲ့ မော်တော်ယာဉ်စီးရေ ခုနှစ်သိန်းကျော်ရှိနေပေမဲ့ ယာဉ်ထိန်းရဲအင်အား နည်းပါးနေတဲ့အတွက်  ယာဉ်ထိန်းတစ်ဦးကို ယာဉ် ၇၆၄ စီးနှုန်း ထိန်းသိမ်းနေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မကြာခဏပျက်နေတတ်တဲ့ မီးပွိုင့်တွေနဲ့ ရှားပါးလှတဲ့ ကားပါကင်နေရာတွေကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေကလည်း ဆက်တိုက်ဆိုးရွားလာခဲ့ပါတယ်။

ရန်ကုန်မြို့မှာ မော်တော်ယာဉ်အရေအတွက်နဲ့ ယာဉ်ထိန်းရဲအင်အားက မမ ျှမတဖြစ်နေပါတယ်။ ဓာတ်ပုံ-အေအက်ဖ်ပီ

ရန်ကုန်မြို့မှာ မော်တော်ယာဉ်အရေအတွက်နဲ့ ယာဉ်ထိန်းရဲအင်အားက မမ ျှမတဖြစ်နေပါတယ်။ ဓာတ်ပုံ-အေအက်ဖ်ပီ

နေ့စဉ်ယာဉ်ကြော ပိတ်ဆို့တာကို မြင်တွေ့နေရတဲ့ ကိုနိုင်ဟာ ခရာတစ်လုံးနဲ့ဆောက်လုပ်ရေးလုပ်ငန်းသုံး ဦးထုပ်အဝါတစ်လုံးကိုဝယ်ပြီး လွန်ခဲ့တဲ့လေးလလောက်ကစတင်ကာ လမ်းကျပ်တာကို ရှင်းလင်းပေးဖို့ စီစဉ်ပါတော့တယ်။

“ဒီကောင်တွေ(ယာဉ်ထိန်းတွေ)က အလုပ်မလုပ်ဘူး။ ရုံထဲမှာထိုင်နေတာတွေ မြင်ရတယ်”လို့ သူက အလုပ်မကြိုးစားတဲ့အချို့သော ယာဉ်ထိန်းရဲတွေကို ဝေဖန်လိုက်ပါတယ်။

ငယ်စဉ်က ယာဉ်ထိန်းရဲဖြစ်ချင်ပေမယ့် ပညာရေးကန့်သတ်ချက်ကြောင့် မဖြစ်ခဲ့ရတဲ့ ဆိုက်ကားဆရာကိုနိုင်ဟာ သူ့ဝမ်းသူကျောင်းရင်း တစ်ရက်ကို လေးနာရီကနေ ရှစ်နာရီလောက်အထိ လမ်းရှင်းပေးတဲ့အလုပ်ကို လုပ်ပေးနေတယ်လို့ ဆိုပါတယ်။

“တချို့ကားသမားတွေက စည်းကမ်းမရှိဘူး။ လမ်းဘေးထိုးရပ်၊ သော့တွေပိတ်သွား၊ လူတွေ ဒုက္ခရောက်ကုန်ရော”လို့ ကိုနိုင်က ဆက်ပြောပါသေးတယ်။

ကိုနိုင်လိုပဲ ဆောက်လုပ်ရေးလုပ်ငန်းသုံး ဦးထုပ်အဝါရာင်ဆောင်း၊ ကိုယ့်ထမင်းကိုယ်စားပြီး ယာဉ်ကြောရှင်းပေးနေသူ နောက်တစ်ဦး ရှိပါသေးတယ်။

 

 

သူကတော့လူဦးရေ တစ်သိန်းခြောက်သောင်းလောက်နေထိုင်ပြီး ရန်ကုန်မြို့ရဲ့အဓိကကျတဲ့ ဈေးကြီးတွေရှိတဲ့ တာမွေမြို့နယ်က လမ်းဆုံလမ်းခွတွေမှာ လွန်ခဲ့တဲ့လေးနှစ်လောက်ကတည်းက လမ်းကူရှင်းပေးတဲ့ ကိုရွှေဌေးပါ။

“ဆိုက်ကားနင်းရင်း ယာဉ်ကြောကျပ်တာတွေတွေ့တော့ သူများအခက်အခဲတွေကို ရှင်းပေးမယ်လို့ ဆုံးဖြတ်ခဲ့တယ်”လို့  အသက် ၄၆ နှစ်အရွယ် ရဲဝန်ထမ်းဟောင်းတစ်ဦးလည်းဖြစ်တဲ့ ကိုရွှေဌေးက ဆိုပါတယ်။

ဦးထုပ်အဝါနဲ့ ယာဉ်ကြောရှင်းပေးနေတဲ့သူတွေကို လူတိုင်းက လက်ခံကြိုဆိုတာတော့ မဟုတ်ပါဘူး။

သူတို့ဟာ စနစ်တကျ လေ့ကျင့်ထားတဲ့ လမ်းရှင်းရဲတွေမဟုတ်ဘဲ စေတနာ့ဝန်ထမ်းသက်သက်ဖြစ်တဲ့အတွက် မလေးစားတဲ့သူတချို့လည်း ရှိပါတယ်။ အမှားအယွင်းလုပ်မိတယ်ဆိုရင် စိတ်တိုတတ်တဲ့ ယာဉ်မောင်းတွေ အော်ဟစ်တာလဲ ခံရတတ်ပါတယ်။

“ဆိုက်ကားစီးလာတဲ့ အမူးသမားက ရစ်တာခံရတယ်။ ရိုက်မလို့အထိ အပြောခံရပါတယ်”လို့ ကိုရွှေဌေးက ပြောပါတယ်။

ဘယ်ကမှန်းမသိတဲ့ အရပ်ဝတ်နဲ့လူတွေက လမ်းရှင်းပေးတာတွေရပ်ဖို့ သူတို့ကို မကြာခဏ လာရောက် တားမြစ်တာရှိပေမယ့် ဒေသခံတွေက လိုလိုလားလား ခွင့်ပြုထားတဲ့အတွက် နောက်ပိုင်းမှာ လာရောက် တားမြစ်တာတွေမရှိတော့ဘူးလို့ ဦးထုပ်အဝါရောင်ဝတ်ကြတဲ့ ပရဟိတယာဉ်ထိန်းတွေက ဆိုပါတယ်။

“ကျွန်တော်တို့လည်း ကြည့်ပေးနေရတယ်။ သူ့ကို ကားသမားတွေဆင်းပြီး ရန်လုပ်ရင်ကာကွယ်ဖို့အတွက်”လို့ ကိုနိုင်နဲ့  ဆိုက်ကားတစ်ဂိတ်ထဲ နင်းဖော်ဖြစ်တဲ့ ကိုဇာနည်ကပြောပါတယ်။

ယာဉ်ကြောတွေပိတ်ဆို့နေပြီဆိုတဲ့သတင်းကြားတာနဲ့ ကိုနိုင်တစ်ယောက် လမ်းရှင်းဖို့ ဆိုက်ကားကိုနင်းပြီး ရောက်လာတတ်ပါတယ်။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ယာဉ်ကြောတွေပိတ်ဆို့နေပြီဆိုတဲ့သတင်းကြားတာနဲ့ ကိုနိုင်တစ်ယောက် လမ်းရှင်းဖို့ ဆိုက်ကားကိုနင်းပြီး ရောက်လာတတ်ပါတယ်။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

သူတို့လမ်းရှင်းပေးလို့ မြန်မြန်ဆန်ဆန်သွားခွင့်ရတဲ့အတွက် ကျေးဇူးတင်တဲ့အနေနဲ့ လမ်းသွားလမ်းလာတွေက ဦးထုပ်အဝါရောင်ဆောင်းကြတဲ့ ပရဟိတယာဉ်ထိန်းတွေကို ထောက်ပံ့မှုတွေ ပေးကြတာတွေလည်း ရှိပါတယ်။

သူတို့အတွက်အဝတ်အစားတွေ၊ သောက်ရေတွေနဲ့ ညဘက်ဝတ်ဖို့ ရောင်ပြန်ပါတဲ့အင်္ကျီတွေကို စေတနာရှင်တွေက ဝေငှပေးကြပါတယ်။

ဒါပေမဲ့ ငွေကြေးသတ်သတ်မှတ်မှတ် ရတာမျိုးတော့မရှိပါဘူး။

ငွေကြေးမရဘဲ နေ့စဉ်ရက်ဆက် ကားလမ်းရှင်းပေးနေတာတွေကို ဘာကြောင့်လုပ်ကြလဲဆိုတော့ သူတို့ ပေးကြတဲ့ တူညီတဲ့အဖြေက ဗုဒ္ဒဘာသာမှာအခြေခံတဲ့ ပရဟိတစိတ်ကြောင့်လို့ ဆိုကြပါတယ်။

သူတပါးအခက်အခဲဖြစ်နေတာကို ကိုယ်ကျိုးစွန့်ပြီးကူညီရမယ်လို့ ဘာသာရေးအရ လက်ခံယုံကြည်ထားပြီး ဒီအတိုင်း ကျင့်သုံးတာဖြစ်တယ်လို့ ဆိုပါတယ်။

“ထမင်းမစားရရင်နေပါစေ။ ကျွန်တော် ပျော်နေတယ်”လို့ ကိုနိုင်က ပြောပါတယ်။

နေ့စဉ်ရက်ဆက် လုပ်အားပေးကြတဲ့သူတို့ဟာ လူမှုကွန်ရက်ပေါ်မှာ လူသိများလာပြီးနောက်မှာတော့ အစိုးရဘက်က ဂုဏ်ပြုတာတွေ၊ ဆုငွေချီးမြှင့်လာတာတွေလည်း ရှိလာပါတယ်။

ဒါပေမဲ့ သူတို့ဟာ မိသားစုကိုယ်စီရှိကြပြီး ဝမ်းစာအတွက်လည်း ရှာဖွေနေရတာကြောင့် အမြဲတမ်းတော့ လမ်းမတွေပေါ်မှာ ယာဉ်ကြောရှင်းတာကို မလုပ်နိုင်ကြပါဘူး။ ဒါပေမယ့် လမ်းကျပ်တယ်ဆိုတာကို သူတို့ကြားရင်တော့ ကိုယ်ပိုင်ဆိုက်ကားတွေနဲ့ လမ်းကြိုလမ်းကြားတွေကို ဖြတ်သန်းရင်း အရောက်လာ ဖြေရှင်းပေးတတ်ကြပါတယ်။

“ကျွန်တော်အစက ဝီစီကိုမမှုတ်တတ်ဘူး။ အခုတော့ ဒီကောင်တွေ (မော်တော်ပီကယ်တွေ)ထက် ၁၅ ဆလောက်မှုတ်တတ်တယ်”လို့ ကိုနိုင်က ဆိုပါတယ်။

Htun Khaing

Htun Khaing

Htun Khaing is a Myanmar journalist. Before joining Frontier, he spent more than three years on staff at 7 Day News Journal.
Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar