ရန်ကုန်၊ ဇွန် ၆
ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ နှလုံးအထူးကြပ်မတ်ကုသဆောင်၌ တက်ရောက်ဆေးဝါးကုသမှု ခံယူနေရသည့် ဦးတင်ဦး၏ ကျန်းမာရေးအခြေအနေကို သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်တို့ ယနေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှု၍ အားပေးစကား ပြောကြားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နာယကဖြစ်သူ ဦးတင်ဦးသည် ဦးနှောက်သွေးကြော ပိတ်ပြီး ကိုယ်တစ်ခြမ်း လေဖြတ်ရောဂါ ခံစားရသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဆေးဝါးကုသမှု ခံယူနေခြင်းဖြစ်ပြီး လက်ရှိတွင် အပျော့စား အစားအစာများကို သုံးဆောင်နိုင်သည့်အပြင် ၁၅ မိနစ်ခန့် မတ်တပ်ရပ်လာနိုင်သည်အထိ ကျန်းမာရေး တိုးတက်လာပြီဟု နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့သည်။
ပုံမှန်အတိုင်း ပြောဆိုလှုပ်ရှားနိုင်ရေးအတွက် အချိန်အတိုင်းအတာတစ်ခုထိ လေ့ကျင့်ခန်းများကို ဆက်လက် လုပ်ဆောင်သွားရမည်ဖြစ်ပြီး ဆေးရုံမှဆင်းနိုင်ရန် ဆရာဝန်ကြီးများနှင့်အဖွဲ့က ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားမည်ဟုလည်းဖော်ပြထားသည်။
ဦးတင်ဦး၏ ကျန်းမာရေးအခြေအနေအား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ယခုလ ၃ ရက်နေ့က သွားရောက်ကြည့်ရှုပြီး အားပေးစကား ပြောကြားခဲ့သေးသည်။
ဦးတင်ဦးမှာ မေ ၁၇ ရက်နေ့ ညက ၎င်း၏နေအိမ် ရေချိုးခန်းအတွင်း လဲကျခဲ့သဖြင့် ရွှေဂုံတိုင်ဆေးရုံသို့ တင်ပို့ခဲ့ရပြီးနောက် ရန်ကုန်ဆေးရုံကြီးသို့ ထပ်မံပို့ဆောင် ကုသမှု ခံယူနေခြင်းဖြစ်သည်။
သူရဘွဲ့ရရှိထားသည့် ဗိုလ်ချုပ်ကြီးဟောင်းဦးတင်ဦးသည် တပ်မတော်တွင် ကာကွယ်ရေးဦးစီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပူးတွဲ တည်ထောင်သူလည်း ဖြစ်သည်။
ပြီးခဲ့သည့် မတ်လအတွင်းက အသက် ၉၀ ပြည့်သွားပြီးဖြစ်သည့် ၎င်းသည် ဒီချုပ်ပါတီ၏ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး စစ်အစိုးရလက်ထက်တွင် နှစ်ရှည်ထောင်သွင်း အကျဉ်းချခြင်းနှင့် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခြင်းများကို ခံခဲ့ရသူဖြစ်သည်။
စစ်အစိုးရကို ပြင်းပြင်းထန် ဝေဖန်ပြောဆိုလေ့ရှိသူ ၎င်းသည် လက်ရှိတွင် ပါတီ၏ ဦးဆောင်နာယကအဖြစ် တာဝန်ယူထားသည်။