ဦးဆောင်သူများနှင့် ဦးဆောင်သည့်အဖွဲ့အစည်းအနေဖြင့် အမှားအယွင်းများလာပါက တိုင်းပြည်ဆုံးရှုံးမှုများ ဖြစ်လာနိုင်သည်ဟု ဂျပန်နိုင်ငံ၊ အဆာဟိရှင်ဘွန်းသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းမှုတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ရက်သတ္တပတ်က ပြုလုပ်ခဲ့သည့် အဆိုပါအင်တာဗျူးတွင် လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် ၎င်း၏အမြင်နှင့် ပတ်သက်ပြီး သတင်းထောက်၏ မေးမြန်းမှုကို ဖြေကြားရာ၌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိုသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
“ဒါကတော့ ပုဂ္ဂိုလ်ရေးဆန်တဲ့ ဟာလေးဖြစ်တာပေါ့။ သာမန်အားဖြင့်တော့ ဒါဟာဖြေဖို့တော့ မကောင်းပါဘူး၊ သို့သော်လည်း ကျွန်တော့်အမြင်ပြောရရင်တော့ ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ တက်လာတယ် ဆိုတာကလည်း ပြည်သူက ရွေးချယ်တာပါ။ သူတို့ပေးထားတဲ့ ကတိကဝတ်ပေါ် မူတည်ပြီးလုပ်တာပေါ့” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားသည်။
ထို့ကြောင့် လုပ်ဆောင်နိုင်ခြင်း၊ မလုပ်ဆောင်နိုင်ခြင်းများမှာ ၎င်းတို့၏ စွမ်းဆောင်ရည်ပေါ်တွင် မူတည်နေသည်ဟု ၎င်းကပြောသည်။
“အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ရင်လည်း သူ့ရဲ့ လုပ်ဆောင်ချက်အပေါ်မှာ မူတည်တာပေါ့၊ ဒါက ပြည်သူကမြင်လည်း မြင်နေရတာပေါ့၊ ပြည်သူလည်း ဆုံးဖြတ်လို့ရတယ်” ဟု ဗိုလ်ချုပ်မှူးကြီးက ပြောသည်။
“ကျွန်တော့်အနေနဲ့ကတော့ ပြည်သူကတော့ လုပ်သင့်လုပ်ထိုက်တာကို လုပ်ကြဖို့လိုတယ်လို့ ပြောလိုပါတယ်” ဟု ၎င်းကပြောသည်။
လူတိုင်းအနေဖြင့် မိမိကိုယ်မိမိ တိုးတက်အောင်လုပ်ရန် တာဝန်ရှိပြီး ကိုယ့်ကိုကိုယ် တိုးတက်အောင် လုပ်ရမည်ဟုလည်း ၎င်းကပြောကြားခဲ့သေးသည်။ ထို့ပြင် မိမိတို့ဒေသများ တိုးတက်အောင်လုပ်ရန်လည်း တာဝန်ရှိသည်ဟု ၎င်းကပြောသည်။
“အပြစ်တင်တာထက်စာရင်တော့ ကျွန်တော်တို့ ဒီဟာကို ဘယ်လိုကောင်းအောင် လုပ်မလဲဆိုတဲ့စိတ်နဲ့ တစ်ဖက်ကလုပ်ရင်တော့ ပိုကောင်းမလားလို့ မြင်တာပေါ့၊ ဒါပေမယ့်လည်း ဦးဆောင်တဲ့သူက ပိုပြီး အရေးကြီးတာပေါ့။ ဦးဆောင်တဲ့သူနဲ့ ဦးဆောင်တဲ့ အဖွဲ့အစည်းပေါ့” ဟု ဗိုလ်ချုပ်မှူးကြီးကပြောသည်။
တပ်မတော်အနေဖြင့်မူ ၎င်း၏ ဦးဆောင်မှုအောက်တွင် မှန်မှန်ကန်ကန်လုပ်ဆောင်နေကြသည်ဟုလည်း ၎င်းကပြောသည်။
“ကျွန်တော်တို့ အဲ့ဒါသာ မှန်မှန်ကန်ကန် မလုပ်ဘူးဆိုရင် ကျွန်တော်တို့ရဲ့ Institution မှာ ပြဿနာတွေ၊ အခက်အခဲတွေ ဖြစ်သွားနိုင်တာပေါ့” ဟု ၎င်းကပြောသည်။
သို့သော် တိုင်းပြည်တစ်ပြည်အတွက်မူ ပိုမိုပြီး ကျယ်ပြန့်သည်ဟုလည်း ၎င်းကပြောသည်။
“အမှားအယွင်းနည်းနိုင်လေ ပိုပြီးကောင်းလေပေါ့။ အမှားအယွင်းများလာရင် တိုင်းပြည်ဆုံးရှုံးမှုတွေ ဖြစ်သွားနိုင်တယ်။ ဒါကတော့ ပြည်သူကလည်း ဒါတွေ သိထားဖို့လည်းလိုတယ်။ ဆင်ခြင်ဖို့လည်းလိုတယ်။ သတိတရားနဲ့လုပ်ဖို့လည်း လိုတယ်လို့ ကျွန်တော်တို့က ဒီလိုပဲမြင်ပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။