ထောင်ဒဏ် လေးနှစ်အထိ ချမှတ်နိုင်သော လွန်ခဲ့သည့်လေးနှစ်က စွဲချက်ဟောင်းများအား အာဏာပိုင်များက ရုပ်သိမ်းပေးလိုက်သဖြင့် ကိုညီညီလွင်သည် ဇူလိုင် ၁ ရက်နေ့တွင် လွတ်မြောက်လာပြီ ဖြစ်သည်။
ရဟန်းအမည် ဦးဂမ္ဘီရဟု လူသိများသည့် ကိုညီညီလွင်အား ၂၀၀၇ ခုနှစ်က ရွှေဝါရောင် တော်လှန်ရေးတွင် ဦးဆောင်ပါဝင်ခဲ့သည့် သံဃာတော်တစ်ပါးအဖြစ် နိုင်ငံတကာတွင် လူသိများသည်။ စစ်အစိုးရ အုပ်ချုပ်မှုကို တော်လှန်ခဲ့သည်အဆိုပါ ဆန္ဒပြပွဲများအား အာဏာပိုင်များက အကြမ်းဖက်နှိမ်နင်းခဲ့သည်။
ရွှေဝါရောင်တော်လှန်ရေး နောက်ပိုင်းတွင် အာဏာပိုင်များက ပိတ်ထားခဲ့သည့် ဘုန်းတော်ကြီးကျောင်းများအတွင်းသို့ ၂၀၁၂ ခုနှစ်က ဝင်ရောက်မှုဖြင့် ဗဟန်းနှင့် သန်လျင်တရားရုံးများတွင် စွဲချက်ဟောင်းများအား ရင်ဆိုင်စေရန် ၎င်းအား မန္တလေးမြို့မှ ဇွန် ၂၆ ရက်နေ့က ခေါ်ဆောင်လာခဲ့သည်။ လူဝင်မှုကြီးကြပ်ရေးဥပဒေအား ချိုးဖောက်မှုဖြင့်ဆိုကာ ၎င်းသည် မန္တလေးအိုးဘိုထောင်တွင် ဇန်နဝါရီလက စတင်ကာ ထောင်ခြောက်လ ကျခံနေရရာမှ လွတ်ရန် ရက်ပိုင်းအလိုတွင် ခေါ်ဆောင်လာခြင်းလည်း ဖြစ်သည်။
တရားရုံးနှစ်ခုလုံးတွင် ပြစ်မှုထင်ရှားကြောင်း တွေ့ရှိပါက ကိုညီညီလွင်သည် အမြင့်ဆုံး ထောင်ဒဏ်ခြောက်နှစ်အထိ ကျခံရဖွယ်ရှိနေသည်။
ကိုညီညီလွင်၏ ရှေ့နေဖြစ်သူ ဦးရောဘတ်စန်းအောင်ကလည်း တရားရုံးနှစ်ခုလုံးတွင် စွဲချက်များအား ရုပ်သိမ်းလိုက်ကြောင်းကို အတည်ပြုခဲ့သည်။
နိုင်ငံတကာ ဥပဒေပညာရှင်များကော်မရှင် (International Commission of Jurists) မှ တရားရေး အကြံပေးတစ်ဦးဖြစ်သူ ဗာနီဆာသီဆန်က အာဏာပိုင်များအနေဖြင့် ကိုညီညီအောင်က လူဝင်မှုကြီးကြပ်ရေးဥပဒေများကို ချိုးဖောက်ခဲ့ကြောင်းကို ခိုင်ခိုင်မာမာ သက်သေပြသနိုင်ခြင်း မရှိခဲ့ဟု Frontier ကို မတ်လအတွင်းက ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့သို့ ၂၀၁၃ ခုနှစ်အတွင်းက ပြောင်းရွှေ့သွားပြီး နောက်ပိုင်းတွင်လည်း ကိုညီညီလွင်သည် မြန်မာနိုင်ငံတွင်းသို့ ဝင်ထွက်သွားလာမှုအချို့ ရှိခဲ့သော်လည်း ပြဿနာမရှိခဲ့ပေ။
ဇူလိုင် ၁ ရက်နေ့တွင် ကိုညီညီလွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများနှင့် ပတ်သက်ပြီး အစီရင်ခံစာရေးသားရန် ရောက်ရှိနေသည့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စယန်ဟီလီနှင့် တွေ့ဆုံခဲ့သည်။
သတင်း- ရှောင် ဂလေစင်