ဦးကျော်ဝင်း ဥပဒေချိုးဖောက်ကြောင်း ခိုင်လုံသည့် အထောက်အထားမတွေ့ဟု အဂတိတိုက်ဖျက်ရေး ကော်မရှင်ပြော

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအဖြစ်က နုတ်ထွက်သွားတဲ့ ဦးကျော်ဝင်းဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် ငြိစွန်းခဲ့တယ်ဆိုတဲ့ ခိုင်လုံတဲ့အထောက်အထား မတွေ့ရဘူးလို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ပြောပါတယ်။

“ကျွန်တော်တို့က အပြစ်မရှိဘူးလို့ ပြောဆိုခြင်း မဟုတ်ပါဘူး။ ကျွန်တော်တို့က တိုင်တန်းချက်မှာ ဖော်ပြထားတဲ့ တိုင်တန်းချက်ဟာ ကျွန်တော်တို့ ဥပဒေနဲ့ ငြိစွန်းဖို့အတွက် ခိုင်လုံတဲ့ အထောက်အထားမရှိဘူးလို့ ပြောချင်တာဖြစ်ပါတယ်” လို့ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ဇွန် ၉ ရက်နေ့က ပြုလုပ်တဲ့ ကော်မရှင် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဦးကျော်ဝင်းကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးခဲ့တယ်ဆိုတဲ့သတင်း မေလလယ်ခန့်မှာ ထွက်ပေါ်လာပြီးနောက် ရက်သတ္တပတ် တစ်ပတ်ကျော်အကြာမှာ အဲဒီသတင်းကို ဦးအောင်ကြည်က အတည်ပြုခဲ့ပါတယ်။

ဦးကျော်ဝင်းနဲ့ ပတ်သက်တဲ့ တိုင်ကြားစာကို ကော်မရှင်က လက်ခံရရှိခဲ့ပြီးနောက် စုံစမ်းစစ်ဆေးမှုတွေ အလျှင်အမြန်ဆောင်ရွက်ခဲ့တယ်လို့ ဦးအောင်ကြည်က သတင်းထောက်တွေကို မေ ၂၃ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ဦးကျော်ဝင်းနဲ့ ပတ်သက်ပြီး တိုင်ကြားချက် ရှစ်ချက်ရှိတယ်လို့ ကော်မရှင်က ဆိုပါတယ်။ အဲဒီထဲမှာ လူမှုရေးကိစ္စ သုံးချက်၊ တကယ် ကျူးလွန်ရင် အရေးယူခံရမယ့် နှစ်ချက်၊ မမှန်မကန် တိုင်ကြားချက် နှစ်ချက်နဲ့ လုပ်ငန်းရှင်တဦးက ဝန်ကြီးဌာနအမည်ခံပြီး ဂေါက်ရိုက်ပြိုင်ပွဲ ကျင်းပတာတွေ ပါဝင်တယ်လို့ သိရပါတယ်။

အဂတိလိုက်စားမှုနဲ့ ငြိနိုင်တဲ့ အချက်နှစ်ချက်ကတော့ ပုဂ္ဂလိကဘဏ်တခုကို လိုင်စင်ထုတ်ပေးတာနဲ့ မြန်မာ့လယ်ယာ စိုက်ပျိုးရေးဘဏ်ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ကို ပို့လိုက်တဲ့ ကိစ္စတွေ ဖြစ်ပါတယ်။

ပုဂ္ဂလိကဘဏ်တစ်ခုရဲ့ မတည်ရင်းနှီးငွေဟာ ငွေကြေးခဝါချမှူဥပဒေနဲ့ ငြိစွန်းနေတယ်ဆိုတဲ့ အချက်ကို စုံစမ်းစစ်ဆေးရာမှာ အဆိုပါဘဏ်ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်က လိုင်စင်ထုတ်ပေးခဲ့တာဖြစ်လို့ ဦးကျော်ဝင်း တာဝန်မယူခင်က ကိစ္စသာဖြစ်တယ်လို့ ကော်မရှင်က ပြောပါတယ်။

မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ကနေ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်သို့ ပို့လိုက်ခြင်းကလည်း ယခင်အစိုးရလက်ထက်က ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းစဉ်ဖြစ်တယ်ဆိုတာ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဦးကျော်ဝင်းရဲ့ သားဖြစ်သူနဲ့ ပတ်သတ်တဲ့ ကားတွေကို စစ်ဆေးတဲ့အခါမှာလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ မငြိဘူးလို့ ကော်မရှင်က ပြောပါတယ်။

လုပ်ငန်းရှင်က ဝန်ကြီးဌာနအမည်ခံပြီး ဂေါက်ရိုက်ပြိုင်ပွဲ ကျင်းပရာမှာလည်း လုပ်ငန်းရှင်အတွက် အခွင့်အရေး တစ်စုံတစ်ရာ ရရှိခဲ့တယ်လို့ ပေါ်ပေါက်ခြင်းမရှိတဲ့အတွက် အဂတိလိုက်စားမှု ဥပဒေအရ အဂတိလိုက်စားတယ်လို့ အကျုံးမဝင်ဘူးလို့ ကော်မရှင်က ဆုံးဖြတ်ခဲ့တယ်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ခေါင်းဆောင်၊ ကော်မရှင်အဖွဲ့ဝင် ဦးစိုးတင့်က ပြောပါတယ်။

“ဒါကြောင့် ကျွန်တော်တို့က အရေးယူဆောင်ရွက်ခွင့်မရှိတဲ့သဘောပါ။ ကျွန်တော်တို့ နိုင်ငံတော် သမ္မတကြီးဆီ တင်ပြတဲ့အခါမှာလည်း ဒီအတိုင်းပဲ တင်ပြခဲ့တာဖြစ်ပါတယ်” လို့ ဦးအောင်ကြည်က ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီးအဖြစ်ကနေ ဦးကျော်ဝင်း နုတ်ထွက်သွားခြင်းကတော့ ကော်မရှင်နဲ့ သက်ဆိုင်ခြင်းမရှိဘူးလို့ ဦးအောင်ကြည်က ပြောပါတယ်။

“ကျန်တဲ့အပိုင်းက ကျွန်တော်တို့ ကိစ္စမဟုတ်ပါဘူး။ ဒါက နိုင်ငံတော်သမ္မတနဲ့ အစိုးရအဖွဲ့၊ သက်ဆိုင်ရာ အကြီးအကဲတွေရဲ့ ခွင့်ပြုခြင်း၊ နုတ်ထွက်ခွင့်အပေါ်မှာ ခွင့်ပြုခြင်းဟာ အုပ်ချုပ်ရေးပိုင်းက ဆိုင်တဲ့ ကိစ္စဖြစ်ပါတယ်” လို့သူက ပြောပါတယ်။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar