စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းနှင့် ပတ်သက်ပြီး တိုင်ကြားထားမှုအား စစ်ဆေးနေမှုမှာ ပြီးစီးလုပြီဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က နေပြည်တော်တွင် ယနေ့ပြောကြားလိုက်သည်။
“တိုင်ကြားတာ ရှိခဲ့ပါတယ်။ တကယ့်တကယ် အဲဒီကိစ္စဆိုရင် ပြီးသလောက်ဖြစ်နေပါပြီ။ ဒါအမြန်ဆုံး ကျွန်တော်တို့ လုပ်တာ” ဟု ဦးကျော်ဝင်းနှင့် ပတ်သက်ပြီး တိုင်ကြားမှုရှိမရှိ သတင်းထောက်များ၏ မေးမြန်းမှုကို ဦးအောင်ကြည်က ပြန်လည်ဖြေကြားခဲ့သည်။
“ကျွန်တော်တို့ဆီ တိုင်ကြားစာ (မေ) ၃ ရက်နေ့မှာ ရောက်တယ်။ ကျွန်တော်တို့ ၇ ရက်နေ့မှာ အဖွဲ့ဖွဲ့တယ်။ ပြီးတာနဲ့ အမြန်ဆုံးစစ်တယ်။ ကျွန်တော်တို့ evidence (သက်သေခံပစ္စည်း) ယူရတာတွေရှိတယ်။ သက်သေတွေ စစ်ရတာတွေရှိတယ်။ စာရွက်စာတမ်းတွေ ကြည့်ရတာတွေရှိတယ်။ အဲဒါတွေ ပြီးသွားတဲ့အခါအချိန်မှာ ကျွန်တော်တို့ အခုချိန်မှာ ပြီးသလောက်ဖြစ်နေပြီ” ဟုလည်း ဦးအောင်ကြည်က ဆက်လက်ပြောကြားသည်။
ထို့နောက် ပထမဦးဆုံး လုပ်ဆောင်ရမည့်ကိစ္စမှာ နိုင်ငံတော်သမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌများထံ အစီရင်ခံစာများ တင်ရန်ဖြစ်သည်ဟု ၎င်းကပြောသည်။
“အဲဒါတွေ စောလျင်စွာ တင်နိုင်ဖို့အတွက် ကျွန်တော်တို့ အပြင်းအထန် ကြိုးစားနေပါတယ်။ အဲဒီအနေအထား ရောက်နေပါပြီ” ဟု ဦးအောင်ကြည်က ပြောသည်။
ရန်ကုန်မြို့ရှိ ဦးကျော်ဝင်း၏ နေအိမ်သို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က မေ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု သတင်းများ ပထမဆုံး ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ ဝင်ရောက်စစ်ဆေးမှု ပြုလုပ်သည်ဆိုသည့် သတင်းနှင့် ပတ်သက်ပြီး ကော်မရှင်အဖွဲ့ဝင် ဦးစိုးတင့်ထံသို့ Frontier က ဆက်သွယ်မေးမြန်းခဲ့ချိန်တွင် ယင်းသတင်းအပေါ် ၎င်းက အတည်ပြုခြင်းမရှိသလို ငြင်းဆန် ပြောဆိုခြင်းလည်း မရှိပေ။
ထို့နောက် ဦးကျော်ဝင်းအား ပြည်ပခရီးစဉ်ထွက်ခွာခွင့် တားမြစ်ထားသည်ဟုလည်း သတင်းများ ပေါ်ထွက်ခဲ့ပြီး ဦးကျော်ဝင်းက ပြည်ထောင်စုဝန်ကြီးအဖြစ်မှ နုတ်ထွက်ခွင့်တင်ထားသည်ဟူသည့် သတင်းလည်း ပေါ်ထွက်ခဲ့သည်။
အဆိုပါသတင်းများနှင့် ပတ်သက်ပြီး Frontier က သီးခြားအတည်ပြုချက် ရယူနိုင်ခြင်းမရှိပေ။
ကော်မရှင်ထံ တိုင်ကြားမှုများနှင့် ပတ်သက်ပြီး မည်သူ့ကိုမျှ ခွဲခြားခြင်းမရှိပဲ စစ်ဆေးကာ အရေးယူ ဆောင်ရွက်နေသည်ဟု ဦးအောင်ကြည်က ပြောကြားသည်။
“တိုင်ကြားတာဟာ အပြစ်ရှိတာ မဟုတ်သေးဘူး။ တိုင်ကြားချက်ကို မှန်သလား၊ မမှန်ဘူးလားဆိုတာ စစ်ဆေးပြီးတော့မှသာ သူတို့မှာ အပြစ်ရှိတယ်ဆိုရင် ကျွန်တော်တို့က ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောမှာ ဖြစ်ပါတယ်။ အပြစ်မရှိပဲနဲ့တော့ ပြောဖို့ မသင့်သေးဘူးပေါ့ဗျာ” ဟု ၎င်းကပြောသည်။ “ကျွန်တော်တို့ဆီ တိုင်စာရတာနဲ့ ကျွန်တော်တို့က အရေးယူတာပဲ။ ဘယ်သူ့ကိုမှ မခွဲခြားဘူး” ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။
ဗိုလ်ချုပ်ဟောင်း ဦးအောင်ကြည် ခေါင်းဆောင်သည့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သစ်ကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၂၄ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရက ပြန်လည် ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။
ထို့နောက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်အား အဂတိလိုက်စားမှုဖြင့် ကော်မရှင်က အမှုဖွင့် အရေးယူခဲ့ရာ ကော်မရှင်သစ်လက်ထက်တွင် ၎င်းသည် ပထမဆုံး အရေးယူခံရသည့် အစိုးရ အဆင့်မြင့်အရာရှိတစ်ဦး ဖြစ်သည်။ ၎င်းသည် ယခုအခါ တရားရုံးတွင် အမှုရင်ဆိုင်နေရဆဲဖြစ်သည်။