နေပြည်တော်၊ မေ ၂၂
လွန်ခဲ့တဲ့ သုံးလခန့်က တရားစီရင်ရေးကဏ္ဍနဲ့သက်ဆိုင်တဲ့ အဆိုတစ်ခုနဲ့ ပတ်သက်ပြီး ရှင်းလင်းစဉ် နားလည် လွဲမှုစေခဲ့တဲ့ သူ့ရဲ့စွပ်စွဲချက်တွေကို ကိုယ်တိုင်ပြန်လည်ရုတ်သိမ်းသလို လွှတ်တော်က မှတ်တမ်းတင်ထားမှုကိုလည်း ပယ်ဖျက်ပေးဖို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွှန့်က ပြည်သူ့လွှတ်တော်ကို ဒီနေ့ တောင်းပန်လိုက်ပါတယ်။
ပြည်သူ့ လွှတ်တော် ဝေါမြို့နယ်အမတ် ဦးတင်ထွေးတင်သွင်းတဲ့ တရားစီရင်ရေးကဏ္ဍ တိမ်းစောင်းနေမှုအား ပြန်လည်တည့်မတ်နိုင်ရေးနဲ့ပတ်သက်တဲ့အဆိုတစ်ခုကို မတ် ၇ရက်ကဆွေးနွေးရာမှာ ဒီအဆိုဟာ လွှတ်တော်ဆိုင်ရာ ဥပဒေနဲ့ မညီသလို အမတ်တွေရဲ့ ဆွေးနွေးချက်တွေဟာလည်း တရားရုံးများရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်၊ အပြုသဘောမဆောင်ဘူး၊ တိကျတဲ့အချက်အလက်တွေမပါဘူး စသဖြင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့်က တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။
ဒီကိစ္စကိုပြန်လည်ဖြေရှင်းတဲ့အစီအစဉ်တစ်ရပ် ယနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာပါဝင်ခဲ့ပြီး ဦးစိုးညွန့်က “တင်ပြပုံ အားနည်းမှုကြောင့် နားလည်မှုများလွဲမှားစေရန် ဖြစ်ပေါ်စေခဲ့ပါတယ်။ အမှန်အားဖြင့် ကျွန်တော့်အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးများကို ထိခိုက်စေရန် နစ်နာစေရန်ပြောဆိုလိုတဲ့ ရည်ရွယ်ချက်လုံးဝမရှိပါဘူး။ ဆန္ဒလည်းမရှိပါဘူး” စသဖြင့် တောင်းပန်သွားခဲ့ပါတယ်။
ဒ့ါအပြင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကို လေးစားကြောင်း၊ ထိခိုက်စေရန် နစ်နာစေရန်ရည်ရွယ်ချက်မရှိဘဲ မထင်မှတ်ဘဲဖြစ်ပွားခဲ့တဲ့ကိစ္စရပ်ဖြစ်တဲ့အတွက် ခွင့်လွှတ်ပေးပါလို့လည်း ဦးစိုးညွှန့်က ပန်ကြားခဲ့ပါတယ်။
ဦးစိုးညွှန့်ရဲ့ တောင်းပန်မှုအပြီးမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က တစ်စုံတစ်ရာတုန့်ပြန်တာမျိုး ဆုံးဖြတ် တာမျိုးမလုပ်ဘဲ မူလစီစဉ်ထားတဲ့အစီအစဉ်အတိုင်း အစည်းအဝေးကို ဆက်လက်ကျင်းပသွားခဲ့ပါတယ်။
ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ အတွင်းရေးမှူး ဦးအောင်တင်လင်းကို Frontier က ဆက်သွယ်မေးမြန်းရာမှတော့ မှတ်တမ်းတင်မှုက ပယ်ဖျက်ပေးမလား၊ လွှတ်တော်တွင်း ဆွေးနွေးပြီး အဆုံးအဖြတ်ယူဦးမှာလား စသဖြင့် ဘယ်လိုကိုင်တွယ်ဖို့ရှိတယ်ဆိုတာ ဥက္ကဋ္ဌ ဦးဝင်းမြင့်ထံကနေ မသိရသေး ဘူးလို့ပြောပါတယ်။
ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့၊ သုတေသနဒါရိုက်တာ ဦးထင်ကျော်အေးကတော့ “တရားရေးမဏ္ဍိုင်ဖက်က ဒီကိစ္စကို တုံ့ပြန်ခဲ့ရမှာ လွန်လွန်ကဲကဲ ဖြစ်သွားတယ်လို့ မြင်ခဲ့တယ်။ ဒါကြောင့် ပြန်တောင်းပန်တာက ဥပဒေပြုရေးမဏ္ဍိုင်ရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုတဲ့သဘောဖြစ်တာပေ့ါ။ အချင်းချင်းအပြန်အလှန် စိစစ်ထိန်းကျောင်းရတဲ့ သဘောသဘာဝကို လက်ခံလာတဲ့ အနေအထားပေ့ါ”လို့ Frontier ကို သုံးသပ်ပြောကြားပါတယ်။
တရားစီရင်ရေးကဏ္ဍမှာ နိုင်ငံတော်ရဲ့ အမြင့်ဆုံးဖြစ်ပြီး အကြောင်းကိစ္စတစ်စုံတစ်ရာ မပေါ်ပေါက်ရင် အသက် ၇၀ အထိ တာဝန်ထမ်းဆောင်ခွင့်ရှိတဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို လွှတ်တော်က စွပ်စွဲပြစ်တင် ဖြုတ်ချတာထက်စာရင် ဒါဟာ အကောင်းဆုံးနည်းလမ်းပါလို့ ဦးထင်ကျော်အေးက ထောက်ပြပါတယ်။
“အခုလိုမျိုး ဒီထက်အကြီးအကျယ်ဖြစ်မသွားဘဲနဲ့ ဒီအနေအထားနဲ့ပြီးဆုံးသွားပြီး အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခု အသိအမှတ်ပြုလာမျိုးကကောင်းတဲ့လက္ခဏာလို့ မြင်ပါတယ်” လို့ ဦးထင်ကျော်အေးက ဆိုပါတယ်။
သတင်း-ဉာဏ်လှိုင်လင်း