ဥပဒေစည်းမျဉ်းလိုက်နာသည့် ဆက်သွယ်ရေးပစ္စည်း ထောက်ပံ့သူများကို ပိတ်ပင်မည်မဟုတ်

မြန်မာနိုင်ငံအတွက် ဆက်သွယ်ရေးပစ္စည်းများ ထောက်ပံ့သူများအနေဖြင့် ဥပဒေစည်းမျဉ်းများကို လိုက်နာနေသရွေ့ ၎င်းတို့အား ပိတ်ပင်တားမြစ်သွားမည်မဟုတ်ဟု ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဆက်သွယ်ရေးလုပ်ငန်းသုံးပစ္စည်း ထောက်ပံ့သူမည်သူမဆို မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမယ်ဆိုရင် တရားမျှမျှတတ ယှဉ်ပြိုင်တဲ့နေရာမှာ ဘယ်သူ့ကိုမှ ပိတ်ပင်သွားမှာမဟုတ်ပါဘူး” ဟု ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးနိုင်က ပြောကြားသည်။

“တချိန်တည်းမှာပဲ မြန်မာနိုင်ငံရဲ့ ကွန်ရက်လုံခြုံမှုရှိစေဖို့အတွက် ဆိုင်ဘာလုံခြုံရေးနဲ့ အခြား ဆက်စပ်နည်းပညာ စံချိန်စံညွှန်းတွေကိုလည်း ချမှတ်ပေးသွားမှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

တရုတ်နည်းပညာလုပ်ငန်းကြီးဖြစ်သည့် Huawei နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်တို့ ပူးပေါင်းကာ ရန်ကုန်မြို့၊ Pan Pacific ဟိုတယ်တွင် မေ ၂၄ ရက်နေ့က ကျင်းပသည့် မြန်မာနိုင်ငံအဆောက်အဦးတွင်း ကွန်ရက်များ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး ဆွေးနွေးပွဲ ၂၀၁၉ တွင် ၎င်းက ပြောကြားခြင်းဖြစ်သည်။

“မြန်မာနိုင်ငံ ဆက်သွယ်ရေးနယ်ပယ် ဖွံ့ဖြိုးတိုးတက်ဖို့ စိတ်ချယုံကြည်ရတဲ့ ဆက်သွယ်ရေး solution တွေ၊ ကျွမ်းကျင်အတတ်ပညာ ဝန်ဆောင်မှုတွေကို ပံ့ပိုးပေးပြီး ကူညီထောက်ပံ့နေတဲ့ Huawei ကို ကျေးဇူး အထူးတင်ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ်ဆက်သွယ်ရေးကွန်ရက်တည်ဆောက်မှုမှာ ပါဝင်ဖို့လည်း Huawei ကို ကြိုဆိုပါတယ်” ဟု ၎င်းက ပြောသည်။

လုံခြုံရေးအကြောင်းပြချက်ဖြင့် အမေရိကန်သမ္မတဒေါ်နယ်ထရန့်က Huawei အပေါ် အရေးယူပိတ်ဆို့မှုများ ပြုလုပ်ရန်ကြေညာခဲ့ပြီးနောက် Google ကဲ့သို့ အမေရိကန်နည်းပညာလုပ်ငန်းကြီးများက Huawei နှင့် စီးပွားရေးဆောင်ရွက်မှုများကို ကန့်သတ်ဖြတ်တောက်မှုများ ဆောင်ရွက်လာကြသည်။ ထို့ပြင် Huawei က ထုတ်လုပ်သည့်ပစ္စည်းများကိုလည်း တားမြစ်မှုများဆောင်ရွက်လာကြသည်။ အမေရိကန်၏ စွပ်စွဲချက်များကို Huawei က ငြင်းဆိုထားသည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင်မူ ဆက်သွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးသူအဖြစ် Huawei က အဓိကနေရာမှ ပါဝင်နေသည်။

ထို့ပြင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် စမတ်ဖုန်းအလုံးရေ တစ်သန်းအထိ ရောင်းချနိုင်ခဲ့သည်ဟု Huawei က ပြောကြားထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar