လူမှုကွန်ရက်ဖြစ်သည့် Facebook တွင် “အောင်ရဲထွေး”အမည်ဖြင့် ဟာသဗီဒီယိုများ ရိုက်ကူးတင်ဆက်ရာမှ နာမည်ရလာသူ ရဲထွေးအောင် သေဆုံးမှုနှင့် ပတ်သက်ပြီး တရားခံများကို အမှုဖွင့်စုံစမ်းနေသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားသည်။
ဇန်နဝါရီ ၁ ရက်နေ့ နံနက် ၄ နာရီခန့်က သင်္ဃန်ကျွန်းမြို့နယ်၊ ပေါ်ဆန်းမွှေးလမ်းရှိ The One Entertainment ဝင်းအတွင်း ကျင်းပသော ပါတီပွဲတွင် အမျိုးသားငါးဦးက ဝိုင်းဝန်းထိုးကြိတ်ခဲ့သောကြောင့် အသက် ၂၄ နှစ်ရှိ ရဲထွေးအောင်၏ ဦးခေါင်းတွင် ဒဏ်ရာများရရှိခဲ့ပြီး ဇန်နဝါရီ ၂ ရက်နေ့တွင် ဆေးရုံ၌ သေဆုံးသွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဝိုင်းဝန်းထိုးကြိတ်ခဲ့သည့် အမျိုးသားငါးဦးမှာ သေဆုံးသူနှင့် “လွန်ခဲ့သည့် ၄ ရက်ခန့်က ခိုက်ရန်ဖြစ်ခဲ့ဖူးသူ” ဟု ပြည်ထဲရေး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါအမျိုးသားငါးဦးနှင့် ပတ်သက်ပြီး “စိစစ်ဆဲ” ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။
အမှုအား သုဝဏ္ဏနယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ (လူသတ်မှု/ အားပေး ကူညီမှု)ဖြင့် အမှုဖွင့်ပြီး တရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အောင်ရဲထွေး၏ Aung Yell Htwe အမည်ဖြင့် Facebook စာမျက်နှာသည် Follower ၁၃ သိန်းကျော်ရှိပြီး ရုပ်ရှင်ကားတစ်ကားတွင်လည်း ၎င်းက ပါဝင်သရုပ်ဆောင်ထားသည်။