ဉာဏ်လှိုင်လင်း ရေးသားသည်။
“ဟက်ပီးဘက်ဒေးတူးယူ” ဆိုတဲ့ အသံတွေဟာ မွန်းလွဲနေရောင်အောက်မှာ ခပ်အုပ်အုပ် ပျံ့လွင့်လာပါတယ်။
လူပေါင်း ၂၀ ကျော်ရှိတဲ့ ဒီအစုအဝေးထဲက တစ်ချို့တစ်လေကတော့ တစ်ခုခုကို အာရုံစူးစိုက်ထားဟန်နဲ့ သံပြိုင်သီဆိုမှုမှာ မပါဝင်ဘဲ နှုတ်ဆိတ်လျှက်ပေ့ါ။
အပြာရောင်းဝမ်းဆက် ဝတ်ဆင်ထားတဲ့ မွေးနေ့ရှင်ဟာ သူ့ခြေထောက်နှစ်ဖက်ကို ထိန်းချုပ်ထားတဲ့ သံခြေချင်းရဲ့ ဒေါက်ကို ပုဆိုးကြားထဲညှပ်၊ အဝါရောင်ပုဝါလးကို ပုခုံးပေါ်တင်ရင်း ကိတ်မုန့်ပေါ်က ဖယောင်းတိုင်မီးတွေကို မှုတ်လိုက်ပါတယ်။
“ကျေးဇူးတင်ပါတယ်။ Thank you for all” လို့ ခပ်တိုးတိုးအသံပြုရင်း ကိတ်မုန့်လှီးတဲ့ ကော်ဓားနဲ့ မုန့်ကို ကော်ထုတ်ကာ သူ့ရဲ့ ချစ်လှစွာသောမိခင်ကို ဦးစွာကျွေးလိုက်ပါတယ်။ သူ့မိခင်ကြီးကတော့ သားကျွေးတဲ့ ကိတ်မုန့်တစ်ဖဲ့ကို ကုန်အောင်မစားပါဘူး။
တစ်ဝက်ချန်ပြီး ပုဆိုးကြားက သံဒေါက်ကြီးကြောင့် သက်သောင့်သက်သာ ဖြစ်ဟန်မတူတဲ့ သူ့သား မွေးနွေးရှင်ကြီးကို ပြန်ခွံ့လိုက်တာပါ။
မွေးနေ့ရှင်ရဲ့ အမည်ဟာ ကိုအောင်နိုင်စိုးဖြစ်ပြီး သူ့ရဲ့ အသက် ၂၇ နှစ်ပြည့်မွေးနေ့ကို နေပြည်တော်၊ ဇဗ္ဗူသီရိ မြို့နယ်တရားရုံးထဲက အချုပ်ခန်းရှေ့မှာ မိနစ်ပိုင်းမျှ အချိန်ယူကာ တက်သုတ်ရိုက် ဖြတ်သန်းခဲ့ရသူပါ။
“၂၇”ဆိုတဲ့ ဂဏန်းဟာ သူ့အတွက် စိတ်လှုပ်ရှားစရာတွေ ဖြစ်နေတဲ့ပုံပါပဲ။ လွန်ခဲ့တဲ့တစ်လ စတင် ဖမ်းဆီးခံရချိန်ကလည်း အောက်တိုဘာ ၂၇၊ အမှုပလပ်ပေးဖို့ မဖြစ်နိုင်ကြောင်း အမိန့်ချခံရတဲ့ ဒီနေ့ကလည်း နိုဝင်ဘာ ၂၇၊ ချမှတ်ခံထားရတဲ့ ပြစ်ဒဏ်စေ့မယ့်ရက်ဟာလည်း ဒီဇင်ဘာ ၂၇ ရက်နေ့ ဖြစ်နေလို့ပါပဲ။
ပြီးခဲ့တဲ့လ ဒီလိုနေ့ မနက်ပိုင်းမှာ သူ့ကို ဘာသာပြန်ဖို့ငှားရမ်းခဲ့တဲ့ တူရကီနိုင်ငံ အခြေစိုက် စင်ကာပူရုံးခွဲ TRT သတင်းဌာနက မလေးရှားနိုင်ငံသူ MOK CHOY LIN၊ စင်ကာပူနိုင်ငံသား LAU HON MENG ယာဉ်မောင်း ဦးလှတင်တို့နဲ့အတူ နေပြည်တော်မှာ ဒရုန်းတစ်စီးနဲ့ မှတ်တမ်းရိုက်ယူဖို့ ပြင်ဆင်နေစဉ် ထိန်းသိမ်းခံခဲ့ရတာပါ။
အဲဒီနောက် ဒရုန်းကို လိုင်စင်မရှိဘဲ တင်သွင်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ နဲ့ အမှုဖွင့်ခံထားရသူတွေထဲက တစ်ဦးပါ။ ဒါပေမယ့် နိုဝင်ဘာ ၁၀ ရက်နေ့၊ ရုံးထုတ်ချိန်မှာ ဖမ်းဆီးခံရပြီး နှစ်ပတ်ခန့်ကြာတဲ့အထိ မိသားစုနဲ့တွေ့ခွင့်မရတဲ့ သူတ့ိုဟာ လေကြောင်းပျံသန်းမှု ဥပဒေ (Aerodrone Act) နဲ့ ပုဒ်မတပ်ကာ ထောင်ဒဏ်နှစ်လ ချခံခဲ့ရပါတယ်။
အဲဒီလို ပြစ်ဒဏ်ချခံရပြီးဖြစ်လို့ ဆက်လက်စစ်ဆေးနေတဲ့ ပို့ကုန်သွင်းကုန်ဥပဒေနဲ့ တရားစွဲဆိုမှုကို ရုတ်သိမ်း ပေးဖို့ သူတို့က လျှောက်လဲထားပေမယ့် အကြောင်းအရာမတူဘူးဆိုတဲ့ တရားသူကြီးရဲ့မှတ်ချက်နဲ့ ဒီနေ့ရုံးချိန်းမှာ ပယ်ချခံလိုက်ရတာပါ။
မွေးနေ့ပွဲပြုလုပ်ဖို့ အချိန်လေးနာရီကျော်အလို နံနက်ပိုင်းတုန်းက ဒီနေ့အမိန့်ချမှုဟာ သူ့အတွက် မွေးနေ့ လက်ဆောင်ကောင်းဖြစ်မယ်လို့ ကိုအောင်နိုင်စိုးက မျှော်လင့်ခဲ့ပါသေးတယ်။
မိနစ် ၂၀ တောင်မကြာတဲ့ တရားစီရင်မှုအပြီးမှာတော့ “ဒီမွေးနေ့ကတော့ ထူးထူးခြားခြားပါပဲ၊ သမားရိုးကျ ဖြတ်သန်းဖူးတာနဲ့ မတူဘူး။ ဒီနေ့မှာ တရားရုံးထွက်ခွင့်ရတာက ကျွန်တော့်အတွက် လက်ဆောင်ပေ့ါ” လို့ သူက Frontier ကို ပြောတယ်။
အကျဉ်းရုံး မွေးနေ့ပွဲကို ဖြစ်မြောက်အောင် စီစဉ်ပေးသူ ကဗျာဆရာ မောင်ဆောင်းခကတော့ သူ စိတ်မကောင်းဘူးလို့ဆိုတယ်။ အကြောင်းကတော့ ပြီးခဲ့တဲ့အစိုးရလက်ထက်မှာ သမ္မတဦးသိန်းစိန်ကို သရော်တဲ့ ကဗျာကို လူမှုကွန်ရက် စာမျက်နှာပေါ် တင်မှုနဲ့ တရားရင်ဆိုင်နေရချိန် သူ့ရဲ့ မွေးနေ့တုန်းက ကိုအောင်နိုင်စိုးရဲ့ ကူညီပေးမှုတွေကို အမှတ်ရနေခဲ့လို့ပါပဲ။
၂၀၁၅ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်နေ့မှာ မောင်ဆောင်းခကို စရုံးထုတ်စဉ်မှာ Coconut Media အတွက် အလုပ်လုပ်နေတဲ့ ကိုအောင်နိုင်စိုးက တရားရုံးသတင်းအပြင် အချုပ်ခန်းအတွင်း ကျင်းပခဲ့ရတဲ့ သူ့မွေးနေ့အကြောင်း ဓာတ်ပုံ၊ ဗီဒီယိုနဲ့ သတင်းတွေ တင်ဆက်ပေးခဲ့တာကို သူက သတိရနေတာပါ။
ကိုအောင်နိုင်စိုးတို့ ပြီးခဲ့တဲ့ ရုံးထုတ်တွေတုန်းက ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ လွတ်လွတ်လပ်လပ် ရိုက်ခွင့်ရခဲ့ပေမယ့် မွေးနေ့နဲ့တိုက်တဲ့ ဒီနေ့မှာတော့ တရားရုံးဝင်းအတွင်း တယ်လီဖုန်းတောင် ယူခွင့်မပြုခဲ့တာကြောင့် ပြန်လည် မှတ်တမ်းမတင်ပေးနိုင်ခဲ့တဲ့အပေါ် သူက မချိတင်ကဲ ဖြစ်နေတာပါ။
“တော်တော်လေးကို ဝမ်းနည်းရပါတယ်”လို့ မောင်ဆောင်းခက ဆိုတယ်။
သားဖြစ်သူနဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေတွေ ကိတ်မုန့်ခွဲနေတာကို အချုပ်ခန်းခြံစည်းရိုးရဲ့ ထောင့်ကနေ ရပ်ကြည့်နေတဲ့ သူ့ဖခင်ကို ဒီနေ့မှာ ဘာတွေးများ တွေးမိနေပါသလဲလို့ Frontier က မေးတဲ့အခါ ငယ်ငယ် တုန်းက ပုခုံးပေါ် ချော့သိပ်နေတာတွေ၊ သားလိမ္မာဖြစ်အောင် ဆုံးမခဲ့တာတွေ၊ နိုင်ငံအပေါ် သစ္စာရှိဖို့၊ ဥပဒေကို လေးစားလိုက်နာဖို့ သွန်သင်ခဲ့တာတွေကို သတိရနေပါတယ်လို့ ပြန်ဖြေတယ်။
“ကံတရားနိမ့်ပါးနေတာကြောင့် အခုလိုကြုံရတာ၊ ယူကြုံးမရ ဖြစ်ရတယ်”လို့ ဦးအောင်ကျော်မိုးက သူ့ရဲ့ အကြီးဆုံးသားကြီးအပေါ် ဖြစ်နေတဲ့ စိတ်ခံစားချက်ကို ဖွင့်ဆိုတယ်။
တရားရုံးကို စတင်ရောက်ရှိချိန်ကတည်းက အချုပ်ခန်းထဲကသားနဲ့ မျက်နှာချင်းဆိုင်နေရာ နေပူကြီးထဲက ခုံတန်းမှာ ထိုင်လျှက်ရှိနေတဲ့ ကိုအောင်နိုင်စိုးရဲ့ မိခင် ဒေါ်သန္တာကတော့ အမြန်ဆုံးလွတ်မြောက်ဖို့က သူ့အတွက် အပေးချင်ဆုံး မွေးနေ့လက်ဆောင်ပါတဲ့။
ကိုအောင်နိုင်စိုးကတော့ ပြင်ပလေကို လေးနာရီကျော်ရှုခွင့်ရပြီးတဲ့နောက်၊ မိတ်ဆွေအချို့ရဲ့ ပျော်ရွင်စရာမွေးနေ့ ဖြစ်ပါစေလို့ အော်ဟစ် ဆုတောင်းသံတွေ ခံယူပြီးတဲ့နောက်မှာ ကုန်းဘောင်ခေတ်အကြောင်း၊ သီပေါမင်း ပါတော်မူတဲ့အကြောင်းတွေ ပါဝင်တဲ့ Amitav Ghoshရဲ့ The Glass Place စာအုပ်ကို ကိုင်ဆောင်ပြီး အချုပ်ကားပေါ် ပြန်တက်သွားပါတယ်။
ဇဗ္ဗူသီရိတရားရုံးနဲ့ ကီလိုမီတာ ၉၀ ကျော်ကွာဝေးတဲ့ ရမည်းသင်းအကျဉ်းထောင်ဆီကိုပါ။
(မှတ်ချက်။ ဒီနေရုံးချိန်းမှာ နိုင်ငံခြားသားနှစ်ဦးကို လူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မ ၁၃/၁နဲ့ ထပ်မံ စွဲဆိုလိုက်ပြီး ဒီဇင်ဘာ ၄ ရက်နေ့မှာ သူတို့အမှုကို ထပ်မံစစ်ဆေးမယ်လို့ တရားသူကြီးက အသိပေးလိုက်ပါတယ်။)