အေအေနှင့် “လက်နက်ကိုင်တော်လှန်ရေး မုန်တိုင်း”

အေအေလက်နက်ကိုင်တပ်ဖွဲ့၏ ဒုတိယခေါင်းဆောင်အား ကချင်ပြည်နယ်၏ နယ်စပ်မြို့ဖြစ်သော လိုင်ဇာ၌ Frontier က တွေ့ဆုံစဉ် အေအေအဖွဲ့ ရခိုင်ပြည်နယ်သို့ စုရပ်ပြောင်းသွားရသည့်အကြောင်း၊ လာမည့်နှစ်များအတွင်း ရခိုင်လူထု ဆင်းရဲဒုက္ခများ ခံစားကြရဦးမည့်အကြောင်းများကို သူက ပြောပြခဲ့သည်။

ရဲမွန် ရေးသားသည်။

ဓာတ်ပုံများ- ခွန်လတ်

အေအအေအဖွဲ့နှင့် တပ်မတော်တို့၏ တိုက်ပွဲများက ရခိုင်ပြည်နယ်၏ အခြားမြို့များသို့ပါ ပျံ့နှံ့သွားပြီး နှစ်ဖက်လုံးမှ အကျအဆုံး များပြားနေခြင်း၊ ဒေသခံလူထုတို့ ကြောက်ရွံ့စိုးရိမ်လျက် အိုးပစ်၊ အိမ်ပစ်၊ ထွက်ပြေးတိမ်းရှောင်နေကြရခြင်း တို့ကြောင့် ရခိုင်ပြည်နယ်၏ လုံခြုံရေးအခြေအနေမှာ ဆက်လက်ဆိုးရွားလျက်ရှိသည်။

ရခိုင်၌ နောက်ဆုံးတိုက်ပွဲ မဖြစ်ပွားမီ အချိန်လေးတွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ်ရှိရာ တရုတ်နယ်စပ်မြို့ လိုင်ဇာအနီးတွင် အေအေ၏ ဒု-ခေါင်းဆောင် ဗိုလ်မှူးချုပ် ညိုထွန်းအောင်နှင့် Frontier က တွေ့ဆုံမေးမြန်းခွင့်ရခဲ့သည်။ အေအေအဖွဲ့၏ ယာယီဌာနချုပ်ဟုဆိုသောနေရာတွင် ထိုသို့တွေ့ဆုံစဉ် သူက လွတ်လပ်ရေးနေ့က တိုက်ခိုက်မှုကို အေအေ တို့ အဘယ်ကြောင့် မည့်သည့်ရည်ရွယ်ချက်နှင့် တိုက်ခဲ့သည်ဆိုသည်များနှင့်၊ အေအေက အာဆာ (ARSA) အကြမ်းဖက်အဖွဲ့နှင့် ဆက်သွယ်မှုရှိသည်ဟု ပြောဆိုနေကြသည့်ကိစ္စအပြင် အေအေဌာနချုပ်အား ရခိုင်ပြည်နယ်အတွင်းသို့ ရွှေ့ပြောင်းဖို့ဆုံးဖြတ်ခဲ့ရသည့် အကြောင်းများ ပြောကြားခဲ့သည်။

ထိုနေ့နှောင်းပိုင်းမှာပင် ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ရွာရှိ အစိုးရ ရဲစခန်းတစ်ခုကို အေအေတို့ အလစ်ဝင်ရောက် တိုက်ခိုက်ရာ ရဲတပ်သား ၉ ဦး သေဆုံးခဲ့ရသည်ဟု အစိုးရမီဒီယာများက ဖော်ပြခဲ့သည်။

အေအေ၏ တိုက်ခိုက်မှုများသည် သမိုင်းဝင် မြောက်ဦးမြို့အပါအဝင် မြို့ပြအရပ်ဒေသများသို့ပါ ပျံ့နှံ့ရောက်ရှိလာခဲ့သည်။ မြောက်ဦးသည် တစ်ချိန်က လွတ်လပ်သော ရခိုင်ဘုရင့်နိုင်ငံတော်၏ နေပြည်တော်ဖြစ်ခဲ့သည်။

ကြိုတင်လက်ဦးမှုယူ တိုက်ခိုက်ခြင်း

ဇန်နဝါရီ ၄ ရက်နေ့တွင် အစိုးရက ရဲစခန်း ၄ ခုကို အေအေတို့ တိုက်ခိုက်ခဲ့ခြင်းမှာ ရခိုင်မြောက်ပိုင်းတွင် တပ်မတော်က အင်အားဖြည့်တင်းစုဆောင်းနေသဖြင့် ကြိုတင်ကာကွယ်သည့်အနေဖြင့် လက်ဦးမှုယူတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဗိုလ်မှူးချုပ်ညိုထွန်းအောင်ကဆိုသည်။

၂ဝ၁၈ ခုနှစ်၊ အောက်တိုဘာနှင့် နိုဝင်ဘာလများအတွင်း ထိပ်တန်းတပ်မများဖြစ်သော ခြေမြန်တပ်မ ၂၂ နှင့် တပ်မ ၅၅ တို့ကို ရခိုင်သို့ စေလွှတ်ချထားရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီးတွင် လေ့ကျင့်သင်တန်းပေးပြီး ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်ဟု ၎င်းကပြောသည်။

တပ်မတော်သည် ရခိုင်ပြည်နယ်အပြင် ချင်းနှင့် ရခိုင်ပြည်နယ်နယ်စပ်များသို့ တပ်ဖွဲ့များ ထပ်မံစေလွှတ် ချထားလျက်ရှိသည်။ အေအေအဖွဲ့၏ အခြေစိုက်စခန်းများမှာ ချင်းနှင့် ရခိုင်ပြည်နယ် နယ်စပ်တွင်ရှိသည်ဟု သိရှိရသည်။ အေအေအနေဖြင့် ဖမ်းဆီးရမိခဲ့သည့် တပ်မတော် စစ်သားများထံမှ တပ်မတော်၏ စစ်ဆင်ရေးအစီအစဉ်များကို သိရှိခဲ့ရသည်ဟု ၎င်းက ပြောသည်။ တပ်မတော်၏ ဒီဇင်ဘာ ၂၁ ရက်နေ့ ထုတ်ပြန်ကြေညာချက်ကိုလည်း ၎င်းက ထောက်ပြခဲ့သည်။ တပ်မတော်က မြန်မာနိုင်ငံမြောက်ပိုင်း၊ စစ်ဌာနချုပ်နယ်မြေ ၅ ခုတွင် စစ်ဆင်ရေးများကို ဧပြီ ၃ဝ ရက်အထိ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်မှာ ရခိုင်ပြည်နယ်တွင် မကြာမီ စစ်ဆင်ရေးများပြုလုပ်တော့မည့် လက္ခဏာပင်ဖြစ်သည်ဟု ၎င်းက ပြောပြခဲ့သည်။ NCA လက်မှတ်မထိုးရသေးသောအဖွဲ့များနှင့် ဆွေးနွေးရန် တပ်မတော်က တဖက်သတ် အပစ်ရပ်ကြေညာခဲ့ခြင်းဖြစ်သည်ဟု တပ်မတော်က ပြောသော်လည်း အပစ်ရပ်မည့် စစ်တိုင်းနယ်မြေများတွင် ရခိုင်ပြည်နယ်ပါဝင်သော အနောက်ပိုင်းတိုင်းအား မထည့်သွင်းဘဲချန်ထားခဲ့သည်ဟု ၎င်းက ထောက်ပြခဲ့သည်။

မကြာမီမှာပင် ဇန်နဝါရီ ၄ ရက်နေ့၊ လွတ်လပ်ရေးနေ့တွင် ရခိုင်မြောက်ပိုင်းရှိ လုံခြုံရေးရဲစခန်းများကို အေအေတို့က ပြောင်ပြောင်တင်းတင်း ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ရဲတပ်သား ၁၃ ဦး သေဆုံးခဲ့ရသည်။ နောက် ၃ ရက်အကြာတွင် ပြုလုပ်သော အဆင့်မြင့်လုံခြုံရေးအစည်းအဝေးတွင် အကြမ်းဖက် အေအေများအား အပြတ်ချေမှုန်းရန် အစိုးရက တပ်မတော်ကို ညွှန်ကြားလိုက်သည်။

ဝင်ရောက်တိုက်ခိုက်ခဲ့သော အစိုးရရဲစခန်းများမှ လက်နက်နှင့် ခဲယမ်းအမြောက်အမြားကို အေအေက သိမ်းဆည်းရရှိခဲ့ကြောင်း၊ ဤမျှများပြားသော လက်နက်များ သိုလှောင်ထားခြင်းသည် ရခိုင်ပြည်နယ်တွင် လုံခြုံရေးအင်အား တိုးချဲ့နေသော သက်သေအထောက်အထားများဖြစ်သည်ဟု ဗိုလ်မှူးချုပ်ညိုထွန်းအောင်က ပြောသည်။

လိုင်ဇာအနီးရှိ အေအေ၏ လေ့ကျင့်ရေးသင်တန်းကျောင်း။ ဓာတ်ပုံ-ခွန်လတ်

လိုင်ဇာအနီးရှိ အေအေ၏ လေ့ကျင့်ရေးသင်တန်းကျောင်း။ ဓာတ်ပုံ-ခွန်လတ်

အာဆာနှင့် ဆက်သွယ်မှုမရှိ

လွတ်လပ်ရေးနေ့တိုက်ခိုက်မှုအပြီးတွင် အစိုးရနှင့် တပ်မတော်တို့က ၂ဝ၁၇ သြဂုတ်လက အစိုးရရဲစခန်းများကို ဝင်တိုက်ခဲ့သည့် အာဆာအကြမ်းဖက်အဖွဲ့နှင့် အေအေတို့ ပူးပေါင်းလုပ်ဆောင်နေသည်ဟု ပြောကြားချက်ကို အေအေ အဖွဲ့က ငြင်းဆိုခဲ့သည်။ အေအေနှင့် အာဆာတို့အကြား ဆက်သွယ်မှုရှိသည်ဟု အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ဇန်နဝါရီလတွင် ပြောကြားခဲ့သည်။ လွတ်လပ်ရေးနေ့တိုက်ခိုက်မှုအပြီး တပ်မတော်၏ ထုတ်ပြန်ချက်တွင်လည်း အေအေက အာဆာနှင့် ပူးပေါင်းလုပ်ဆောင်နေသည်ဟု ဖော်ပြခဲ့သည်။

တိုက်ခိုက်ခဲ့ပုံများ တူညီမှုရှိသော်လည်း စွပ်စွဲချက်များကို အေအေက ငြင်းဆိုခဲ့သည်။ ဗိုလ်မှူးချုပ်ညိုထွန်းအောင်က အေအေအနေဖြင့် အာဆာကဲ့သို့ အရပ်သားများကို ”ဘယ်တော့မှ မသတ်သလို” တိုက်ပွဲအတွင်း ဖမ်းဆီးရမိသော စစ်သားနှင့် အရပ်သားများကို အေအေက ပြန်လွှတ်ပေးခဲ့သည်ဟုပြောကြားသည်။

အာဆာအား အကြမ်းဖက်အဖွဲ့ဟု အစိုးရနှင့် အေအေ နှစ်ဘက်လုံးက လက်ခံထားသည်။ သို့သော် လွတ်လပ်ရေးနေ့ တိုက်ပွဲအပြီးတွင် အစိုးရက အေအေအဖွဲ့ကို အကြမ်းဖက်အဖွဲ့ဟု တံဆိပ်ကပ်လိုက်သည်။

“အာဆာတွေကို နှိမ်နှင်းရာမှာ အစိုးရနဲ့ ပူးပေါင်းလုပ်ဖို့ ကျွန်တော်တို့က အဆင်သင့်ပါပဲ။ ကျွန်တော်တို့က အကြမ်းဖက်လုပ်ငန်းကို ရှုံ့ချတယ်။ အာဆာနဲ့ ဘယ်တော့မှ ပူးပေါင်းမှာ မဟုတ်ပါဘူး” ဟု ဗိုလ်မှူးချုပ်ညိုထွန်းအောင်က ပြောသည်။ အေအေနှင့် အာဆာတို့အကြား ဆက်နွယ်မှုရှိသည်ဟု အစိုးရနှင့် တပ်မတော်တို့၏ ပြောဆိုချက်ကို ရခိုင်ပြည်နယ်တွင် အင်အားကောင်းသော ရခိုင်အမျိုးသားပါတီ (ANP) ကလည်း ဝေဖန်လိုက်သည်။

အေအေနှင့် အာဆာတို့အကြား ဆက်နွယ်မှုရှိသည့်အထောက်အထားတစ်ခုကိုမှ အစိုးရနှင့် စစ်တပ်က မပြသနိုင်ခဲ့ကြောင်းနှင့် ရခိုင်တိုင်းရင်းသားများက အေအေကို မထောက်ခံရေးအတွက် အစိုးရနှင့် တပ်မတော်က ထိုသို့ ပြုလုပ်သည်ဆိုပါကလည်း ထိုအကြံက အလုပ်ဖြစ်ပါ့မလားဟု ANP အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က မေးခွန်းထုတ်လိုက်သည်။

“ရခိုင်တိုင်းရင်းသားအများစုက အေအေကို ထောက်ခံကြတယ်။ ဒါဟာအမှန်တရားပဲ” လို့ သူက Frontier ကို ပြောသည်။

အိပ်မက်ကို အကောင်အထည်ဖော်ခြင်း

အေအေကို ၂ဝဝ၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သော်လည်း လွန်ခဲ့သော သုံးနှစ်အတွင်း ထင်ရှားသော လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များတွင် တစ်ခုအပါအဝင်ဖြစ်လာခဲ့သည်။ ရခိုင်ပြည်နယ်တွင် အမျိုးသားရေးနှင့် အစိုးရဆန့်ကျင်ရေးစိတ်ဓာတ်များ အားကောင်းနေသဖြင့် အေအေအပေါ် ထောက်ခံမှုများရနေခဲ့သည်။

အေအေတွင် ရခိုင်အမျိုးသားရေးအတွက် အစီအစဉ်များ ရှိနေသည်။ ထိုအထဲတွင် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်၊ ရခိုင်အမျိုးသား သရုပ်နှင့် ယဉ်ကျေးမှုထိန်းသိမ်းရေး၊ ပြည်နယ်ဖွံ့ဖြိုးရးတို့ ပါဝင်သည်။ ရခိုင်ပြည်နယ်သည် ချင်းပြည်နယ်ပြီးလျှင် မြန်မာပြည်၌ ဒုတိယအဆင်းရဲဆုံးပြည်နယ်ဖြစ်သည်။ ရခိုင်အမျိုးသားရေးဝါဒီများ၏ ကြွေးကြော်သံဖြစ်သော ‘ရက္ခီတ’ လမ်းစဉ်ကို အေအေက လက်ခံထားသည်။ တစ်ချိန်က အင်အားကောင်းခဲ့ဖူးသော ရခိုင်ဘုရင့်နေပြည်တော်သည် ၁၇၈၄ ခုနှစ်တွင် ကုန်းဘောင်မင်းဆက်၏ ဗမာဘုရင် ဘိုးတော်ဘုရားက တိုက်ခိုက်သိမ်းပိုက်ရာမှ မြန်မာပြည်နယ်နိမိတ်အတွင်း ကျရောက်ခဲ့သည်။ နောက်ထပ် ကြွေးကြော်သံတစ်ခုမှာ “၂ဝ၂ဝ ရခိုင် အိပ်မက်” ဖြစ်သည်။ လာမည့်နှစ်ကုန်ခန့်တွင် ရခိုင်များ၌ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရရှိလာရန် ရည်ရွယ်ထားသည်။ ဝ အဖွဲ့ (UWSA) ကဲ့သို့ ကိုယ်ပိုင်နယ်မြေနှင့် ကိုယ်ပိုင်အုပ်ချုပ်မှုမျိုးအား မြန်မာနိုင်ငံအတွင်း၌ပင် ရရှိရေးအတွက် အေအေက မျှော်လင့်ထားသည်။ ရခိုင်ဘုရင့်နိုင်ငံတော် တည်ထောင်ရေးကိုလည်း ဗိုလ်မှူးချုပ်ညိုထွန်းအောင်က အင်တာဗျူးတွင် မကြာခဏ ထည့်သွင်းပြောကြားခဲ့သည်။

KIO ၏အကူအညီဖြင့် တည်ထောင်ခဲ့ပြီး အခြေစိုက်နေသည့် လိုင်ဇာမှ တပ်ဖွဲ့ဝင်အများအပြားကို ရခိုင်သို့ ရွှေ့ပြောင်းခြင်းဖြင့် ထောက်ခံမှုရရှိရန် အေအေက လုပ်ဆောင်နေသည်။ အေအေ၏ဋ္ဌာနချုပ်ကို ရခိုင်ပြည်နယ်သို့ ရွှေ့ပြောင်းရေးဆိုသည့် ကာလရှည်အိပ်မက်ကို ဖြည့်ဆည်းနေပြီဟု ဗိုလ်မှူးချုပ်ညိုထွန်းအောင်က ပြောကြားသည်။ သို့သော်လည်း ဋ္ဌာနချုပ်သစ်တည်နေရာကို ပြောရန်ကို ငြင်းဆန်ခဲ့သည်။

“ကျွန်တော်က ခင်ဗျားကို အဲဒီနေရာပြောလိုက်ရင် စစ်တပ်က အဲဒီကို သွားမှာပဲ။ ကျွန်တော်တို့က တော်လှန်ရေးလုပ်နေတာပါ” ဟု ၎င်းကပြောသည်။ အေအေအနေဖြင့် ရခိုင်ပြည်နယ်တွင်သာ ရှိနေရမည်ဖြစ်ပြီး အကြောင်းမှာ ရခိုင်လူမျိုးများအတွက် ကိုယ်ပိုင်တပ်ဖွဲ့လိုအပ်နေသောကြောင်ဖြစ်သည်ဟု ၎င်းကဆိုသည်။ “ကျွန်တော်တို့ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ရာမှာ ကျွန်တော်တို့ မအောင်မြင်ဘူးဆိုရင် နောက်မျိုးဆက်တွေက ဒါကို ဆက်ပြီး အကောင်အထည်ဖော်ရမှာပါဋ္ဌ ဟု ၎င်းက ပြောသည်။

အေအေ၏ ဋ္ဌာနချုပ် ရခိုင်ပြည်နယ်တွင် ရှိခြင်းမရှိခြင်းထက် ရခိုင်ပြည်နယ်တွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးက ပို၍ အရေးကြီးသည်ဟု ANP မှ ဦးထွန်းအောင်ကျော်က ပြောသည်။ “လက်ရှိအခြေအနေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ တော်တော် စိတ်ပျက်မိပါတယ်။ တိုက်ခိုက်မှုတွေ ရပ်သင့်ပါတယ်” ဟု ၎င်းကပြောသည်။ ရခိုင်လူမျိုးများ၏ ထောက်ခံမှုမှာ အေအေအတွက် ရည်မှန်းချက်များ အောင်မြင်ရန် မရှိမဖြစ်အရေးကြီးသော်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရန် လက်နက်ကိုင်တော်လှန်ရေး တစ်ခုတည်းဖြင့် လုံလောက်မှုရှိမရှိကို သံသယဖြစ်မိကြောင်း နိုင်ငံရေးဆန်းစစ်လေ့လာသူ ဦးသန်းစိုးနိုင်က ပြောသည်။

“ရခိုင်လူမျိုးတွေက သူတို့ကို ထောက်ခံတယ်လို့ အေအေက ယူဆတယ်။ တကယ်လည်း အများစုက ထောက်ခံပါတယ်။ ဒါ့ကြောင့်လည်း တိုက်ပွဲတွေက အရမ်းပြင်းထန်တာလို့ ကျွန်တော်ထင်တယ်။ ဒါပေမယ့် အေအေရဲ့ ရခိုင်အိမ်မက် မဟာဗျူဟာက ရခိုင်ပြည်နယ်ကို ပြောင်းလဲမှုတွေ ယူဆောင်လာလိမ့်ယ်လို့တော့ ကျွန်တော်မထင်ဘူး”  ဟု ၎င်းက ပြောသည်။

တရုတ်နယ်စပ်အနီးရှိ လိုင်ဇာမြို့တွင် အေအေကို ၂၀၀၉ ခုနှစ်က စတင်တည်ထောင်ခဲ့သည်။ ဓာတ်ပုံ-ခွန်လတ်

တရုတ်နယ်စပ်အနီးရှိ လိုင်ဇာမြို့တွင် အေအေကို ၂၀၀၉ ခုနှစ်က စတင်တည်ထောင်ခဲ့သည်။ ဓာတ်ပုံ-ခွန်လတ်

မြောက်ဦးက တိုက်ခိုက်မှုများ

အေအေနှင့် တပ်မတော်ကြား ပြင်းထန်သည့် တိုက်ခိုက်မှုများ အရှိန်မြင့်မားလာကာ မတ်လအတွင်းတွင် တစ်ချိန်က ထင်ရှားခဲ့သည့် ရခိုင်ဘုရင့်နိုင်ငံတော်၏ နေပြည်တော် မြောက်ဦးသို့ ကူးစက်လာခဲ့သည်။ မြောက်ဦးကို ယူနက်စကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရေးအတွက် အစိုးရက စက်တင်ဘာလတွင် အမည်စာရင်းတင်သွင်းခဲ့သည်။

ပြည်နယ်မြို့တော် စစ်တွေ၏ မြောက်ဘက် ကီလိုမီတာ ၆ဝ ခန့်အကွာရှိ မြောက်ဦးသည် ၁၅ ရာစုနှင့် ၁၈ ရာစုအတွင်းက တည်ဆောက်ခဲ့သည့် ဗုဒ္ဓစေတီပုထိုးများကြောင့် ထင်ရှားကျော်ကြားသည်။ ၎င်းတို့အနက် နှစ်ခုမှာ မတ် ၁၈ ရက်နေ့က အမြောက်ဖြင့် ပစ်ခတ်မှုကြောင့် ပျက်စီးသွားခဲ့သည်။

ယင်းဖြစ်ရပ်အတွက် စစ်တပ်နှင့် အေအေတို့က အပြန်အလှန် အပြစ်ဖို့ခဲ့ကြသည်။ တပ်မတော်က မြောက်ဦးတွင် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်ဟု အေအေက မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA၊ TNLA တို့နှင့်အတူ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ရှေးဟောင်းမြို့တော်တွင် တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းက ဒေသခံများကို ဒေါသထွက်စေခဲ့ပြီး ရှေးဟောင်သုတေသန ပညာရှင်များကိုလည်း စိုးရိမ်မှုမြင့်တက်စေခဲ့သည်။ နိုင်ငံ၏ အရေးပါဆုံး ဗုဒ္ဓဘာသာအထိမ်းအမှတ်အချို့ကို ကာကွယ်ရန်လိုအပ်သည်ဟု ပညာရှင်တို့က သတိပေးခဲ့ကြသည်။

တိုက်ခိုက်မှုများကြောင့် မြောက်ဦးကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေး တိုးတက်မှုများကို အဟန့်အတားဖြစ်စေနိုင်သည်ဟု မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနအသင်းက မတ် ၁၈ ရက်နေ့တွင် ကြေညာခဲ့သည်။

“လက်နက်ကိုင်နှစ်ဖွဲ့လုံးက မြောက်ဦးကို စစ်ကင်းမဲ့ဇုန်အဖြစ် ကြေညာသင့်ပါတယ်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ လက်နက်ကိုင်ပဋိပက္ခများတွင် ယဉ်ကျေးမှုဆိုင်ရာအဆောက်အအုံများ ကာကွယ်ရန် ၁၉၅၄ ဟိဂ်ကွန်ဗင်းရှင်းတွင် မြန်မာနိုင်ငံက ၁၉၅၆ ခုနှစ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့သည်ဟု ဖော်ပြထားသည်။

ဗုဒ္ဓဘုရားကျောင်းများ မပျက်စီးစေရေးအတွက် သမ္မတအနေဖြင့် အာဏာသုံးသင့်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက တိုက်တွန်းမည်ဟု ရှေးဟောင်းသုတေသနနှင့် ပြတိုက်ဋ္ဌာန ဒု-ညွန်ကြားရေးမှူး ဦးသိန်းလွင်က ပြောကြားသည်။ “အဲဒီမှာ တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေရင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေး လုပ်ဆောင်ရတာ ခက်ခဲပါလိမ့်မယ်”ဟု ၎င်းကပြောသည်။

စာရင်းထုတ်ပြန်ရာတွင် အာဏာပိုင်များက နှေးကွေးနေသည့်တိုင် မြောက်ဦးနှင့် အနီးတဝိုက်တွင် တိုက်ပွဲများ ဖြစ်ပွားခြင်းကြောင့် အရပ်သားထောင်ပေါင်းများစွာမှာ နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။ လွန်ခဲ့သည့်နှစ် နှောင်ပိုင်းမှစ၍ ရခိုင်နှင့် ချင်းပြည်နယ်တွင် တိုက်ခိုက်မှုများကြောင့် ထွက်ပြေးရသည့် လူအရေအတွက်အား ခန့်မှန်းမှုများတွင် ကွဲလွဲမှုများရှိနေသေးသည်။

နေရပ်စွန့်ခွာ ထွက်ပြေးသူအရေအတွက်မှာ ၇,၈ဝဝ ဦးဖြစ်သည်ဟု ရခိုင်ပြည်နယ်အစိုးရက ထုတ်ပြန်ခဲ့သော်လည်း ခန့်မှန်းချက်အချို့အရ လူဦးရေး ၂ဝ,ဝဝဝ ခန့်အထိရှိနေသည်။ တော်လှန်ရေးမုန်တိုင်းကာလအတွင်း ရခိုင်ပြည်သူများမှာ နောက်ထပ် ဒုက္ခများခံစားရလိမ့်ဦးမည်ဟု ဗိုလ်မှူးချုပ်ညိုထွန်းအောင်က ဝန်ခံထားသည်။

“ရခိုင်ပြည်သူတွေနဲ့ IDP (နေရပ်စွန့်ခွာရသူ) တွေက ကျွန်တော်တို့ကို နားလည်ပါတယ်” ဟု ၎င်းကပြောသည်။ “ကျွန်တော်တို့ သူတို့အတွက် တကယ်ကို စိတ်မကောင်းပါဘူး”ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။ အေအေက ၎င်း၏တပ်ဖွဲ့ဝင်များ ရုပ်သိပ်းရန် စီစဉ်သည်ဟူသည့် အရိပ်လက္ခဏာများကို ၎င်းက မပြောကြားခဲ့ပေ။ “ရခိုင်မှာ နောက်ထပ် တိုက်ပွဲတွေ ဖြစ်လာအုံးမှာပါ” ဟုသာ ၎င်းက ပြောကြားသည်။

ခေါင်းစီးဓာတ်ပုံ- အေအေအဖွဲ့၏ ဒုခေါင်းဆောင် ဗိုလ်မှူးချုပ်ညိုထွန်းအောင်က လိုင်ဇာအနီးတွင် အင်တာဗျူးဖြေကြားခဲ့သည်။ ဓာတ်ပုံ-ခွန်လတ်

ဦးကိုကိုနှင့် အောင်ကျော်ဦး ဘာသာပြန်သည်။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar