မိုဘိုင်းဖုန်း ဆင်းကတ်များကို သက်ဆိုင်ရာဆိုင်များသို့ သွားရောက်ရန်မလိုအပ်ပဲ အွန်လိုင်းမှတစ်ဆင့် ၂၄ နာရီ အဆင်ပြေသည့်အချိန်တွင် မှတ်ပုံတင်နိုင်မည့် ဝန်ဆောင်မှုကို အူရီဒူးမြန်မာက ပထမဆုံး စတင်လိုက်သည်။
မြန်မာနိုင်ငံရှိ မိုဘိုင်းဖုန်းအသုံးပြုသူများအနေဖြင့် ၎င်းတို့ သုံးဆွဲနေသော ဆင်းကတ်များကို သက်ဆိုင်ရာ အော်ပရေတာများမှ တစ်ဆင့် မှတ်ပုံတင်ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ညွန်ကြားထားသည်။ မှတ်ပုံတင်ရမည့် နောက်ဆုံးရက်ကို လာမည့် မတ် ၃၁ ရက်အထိ သတ်မှတ်ထားပြီး ထိုရက်နောက်ပိုင်းတွင် မှတ်ပုံမတင်ထားသည့် ဆင်းကတ်များကို ဆက်သွယ်ပြောဆိုခွင့် ယာယီဖြတ်တောက်ထားမည်ဖြစ်ကာ မှတ်ပုံတင်ပြီးမှသာ ပြန်လည်အသုံးပြုနိုင်မည်ဟု ညွှန်ကြားချက်တွင် ဖော်ပြထားသည်။
အူရီဒူးအသုံးပြုသူများအနေဖြင့် ၎င်းတို့၏ ဆင်းကတ် မှတ်ပုံတင်ထားခြင်းရှိ၊ မရှိကို *666# သို့ ဖုန်းခေါ်ဆိုပြီး ကိုယ်တိုင် စစ်ဆေးနိုင်ကာ မှတ်ပုံမတင်ရသေးပါက အွန်လိုင်းတွင် ကိုယ်တိုင်မှတ်ပုံတင်နိုင်ရန် စာတိုဖြင့် လင့်ခ်တစ်ခုပေးပို့မည်ဟု အူရီဒူးက စက်တင်ဘာ ၂၁ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ ထို့နောက် အဆိုပါလင့်ခ်သို့ သွားရောက်ကာ အွန်လိုင်းမှ တစ်ဆင့် ကိုယ်တိုင်မှတ်ပုံတင်နိုင်မည်ဖြစ်သည်။
မှတ်ပုံတင်ရာတွင် နိုင်ငံသားမှတ်ပုံတင်ကတ်ပြား၏ နှစ်ဖက်လုံးအား ဓာတ်ပုံရိုက်ကာ ပေးပို့ရန် လိုအပ်ပြီး နိုင်ငံခြားသားများအနေဖြင့် မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့်ပါသည့် ဗီဇာစာမျက်နှာနှင့် ဓာတ်ပုံပါသည့် နိုင်ငံကူးလက်မှတ် စာမျက်နှာကို ပေးပို့ရမည်ဖြစ်သည်။ မှတ်ပုံတင်ပြီးပါက မိမိ၏ ဆင်းကတ်ကို အောင်မြင်စွာ မှတ်ပုံတင်ပြီးကြောင်း အကြောင်းကြားသည့် စာတိုတစ်စောင် လက်ခံရရှိမည်ဖြစ်သလို အွန်လိုင်းမှ တစ်ဆင့် ဆင်းကတ်မှတ်ပုံတင်ခြင်းအတွက် ဆုလက်ဆောင်ပါ ရရှိမည်ဖြစ်သည်ဟု အူရီဒူးက ထုတ်ပြန်ထားသည်။
အွန်လိုင်းအပြင် အူရီဒူးအရောင်းဆိုင်များသို့လည်း သွားရောက်ကာ မှတ်ပုံတင်နိုင်မည်ဖြစ်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားမိတ္တူ သို့မဟုတ်၊ ကျောင်းသားကတ်မိတ္တူ သို့မဟုတ်၊ ယာဉ်မောင်းလိုင်စင်မိတ္တူတို့ လိုအပ်မည် ဖြစ်သည်။