နေပြည်တော်၊ ဇန်နဝါရီ ၁၄
ဓာတ်ပုံ- အေဒီဘီ
မြန်မာနိုင်ငံတွင် ဆောင်ရွက်သည့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ၏ ပတ်ဝန်းကျင်နှင့် လူမှုရေးအပေါ် သက်ရောက်မှုများကို ဆန်းစစ်အကဲဖြတ်ရာတွင် လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများကို မြန်မာအစိုးရက ယနေ့ နေပြည်တော်တွင် အတည်ပြု ထုတ်ပြန်ခဲ့သည်။
ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း လုပ်ငန်းစဉ်ကို လုပ်ထုံးလုပ်နည်းနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး လမ်းညွှန်ချက်များဖြင့်အညီ ပါဝင် ပတ်သက်သူအားလုံး ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်သွားပါက ဖွံ့ဖြိုးရေးလုပ်ငန်းများကြောင့် ဖြစ်ပေါ်လာနိုင်သော ပတ်ဝန်းကျင်နှင့် လူမှုရေးအပေါ် သိသာထင်ရှားသည့် ဆိုးကျိုးသက်ရောက်မှုများကို ထိရောက်စွာ တားဆီးကာကွယ်သွားနိုင်မည်ဖြစ်သည်ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ သက်သက်ဇင်က ထုတ်ပြန်သည့် အခမ်းအနားတွင် ပြောကြားသည်။
ယခုအတည်ပြု ထုတ်ပြန်ခဲ့သည့် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း (အီးအိုင်အေ) တွင် ပတ်ဝန်းကျင်နှင့် လူမှုရေးအပေါ် ဆိုးကျိုး သက်ရောက်မှုများကို ဖြစ်စေနိုင်သည့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများအားလုံး လိုက်နာရမည့် ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းအမျိုးအစားနှင့် အတိမ်အနက်တို့ကို ခွဲခြား ဖော်ပြထားသည်ဟု အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ လုပ်ထုံးလုပ်နည်းနှင့် လမ်းညွှန်ချက်များ ရေးဆွဲပြုစုခြင်းလုပ်ငန်းကို အေဒီဘီက ၎င်း၏ မဟာမဲခေါင်ဒေသခွဲ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဗဟိုဌာနမှ တစ်ဆင့် ကူညီခဲ့သည်။ မြန်မာနိုင်ငံက အကောင်အထည်ဖော်နေသော ပတ်ဝန်းကျင်ထိခိုက်မှု ဘေးရန်မှ အကာအကွယ်ပြုမည့်စနစ်ကို နိုင်ငံတကာ စံညွှန်းနှင့်အညီ ဖြစ်စေရန်လည်း အေဒီဘီက ဆက်လက်ကူညီသွားမည်ဖြစ်သည်။
“မြန်မာနိုင်ငံအနေနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိပဲ ရေရှည်တည်တံ့အောင် အထောက်အကူပြုမယ့် စီးပွားရေးစနစ်ကို ဆောင်ရွက်ဖို့ လိုအပ်တဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေနဲ့ လုပ်ငန်းစဉ်တွေကို အကောင်အထည် ဖော်ဆောင်ရာမှာ တိုးတက်မှုအဖြစ် အခုလို အီးအိုင်အေ လုပ်ထုံးလုပ်နည်းနဲ့အမျိုးသား ပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး (ထုတ်လွှတ်မှု) လမ်းညွန်ချက်တွေကို ထုတ်ပြန်နိုင်ခဲ့ခြင်းက ပြသနေပါတယ်” ဟု အေဒီဘီ၏ မြန်မာနိုင်ငံ ဌာနကိုယ်စားလှယ် ဗင်းဖရက်ဗစ်ကလိုင်းက သတင်းထုတ်ပြန်ချက်ထဲတွင် ပြောကြားထားသည်။
လေ၊ ရေနှင့် အသံဆူညံ ညစ်ညမ်းမှုအဆင့်ကို လျှော့ချရန် ရည်ရွယ်သည့် အမျိုးသား ပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး (ထုတ်လွှတ်မှု) လမ်းညွန်ချက်များကိုလည်း ယနေ့အခမ်းအနားတွင် အသိပေး ကြေညာခဲ့သည်။
အဆိုပါ လမ်းညွန်ချက်နှင့် လုပ်ထုံးလုပ်နည်းများကို http://www.ecd.gov.mm/policy တွင် ဝင်ရောက်လေ့လာနိုင်မည်ဖြစ်သည်။