အီးယူက ကုန်သွယ်မှုအခွင့်အရေး ရပ်ဆိုင်းပါက အထည်ချုပ်လုပ်ငန်းများ စိုးရိမ်စရာ ဖြစ်လာ

ဘင်ဒူးနန့်

တပ်မတော်က ရခိုင်ပြည်နယ်တွင် ရက်စက်သည့် ပြစ်မှုများကျူးလွန်ခဲ့သည်ဆိုသည့် စွပ်စွဲချက်များကြောင့် ဥရောပသမဂ္ဂ (အီးယူ) က မြန်မာနိုင်ငံကို ပေးအပ်ထားသည့် ကုန်သွယ်မှု အထူးအခွင့်အရေးများကို ရပ်ဆိုင်းရန် စဉ်းစားနေသည်ဆိုသည့် ကြေညာချက်တစ်ခုကြောင့် မြန်မာနိုင်ငံရှိ အထည်ချုပ်ကုမ္ပဏီများအတွက် စိုးရိမ်စရာ ဖြစ်လာသည်။ ထိုသို့ ရပ်ဆိုင်းခံရပါက အလုပ်အကိုင် ထောင်ပေါင်းများစွာ ဆုံးရှုံးနိုင်သည့် အန္တရာယ်ရှိနေသည်။

ထိုကြေညာချက်ကြောင့် လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် စည်းရုံးလှုံ့ဆော်သည့် အုပ်စုများကို စိတ်ရှုပ်ထွေးစေခဲ့သည်။  ၎င်းတို့က ကျယ်ပြန့်သည့် စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှုများပြုလုပ်ရန် ဆော်သြခဲ့ခြင်း မရှိခဲ့ပေ။ ကုန်သွယ်မှု အခွင့်အရေး ရပ်ဆိုင်းမည့် လုပ်ငန်းစဉ် စတင်မှု လုပ်သင့်၊ မလုပ်သင့် ဆုံးဖြတ်ရန် မြန်မာနိုင်ငံသို့ မစ်ရှင်အဖွဲ့တစ်ခု မကြာမီ စေလွှတ်တော့မည်ဖြစ်ကြောင်း အီးယူကုန်သွယ်ရေးကော်မရှင်နာ မစ္စစီစစ်လီယာမမ်စထရွမ်က အောက်တိုဘာ ၅ ရက်နေ့တွင် သြစတြီးယား၌ ပြုလုပ်ခဲ့သည့် အီးယူကုန်သွယ်ရေးဝန်ကြီးများ အစည်းအဝေးတွင် ပြောကြားခဲ့သည်။ ရုပ်သိမ်းရေး လုပ်ငန်းစဉ်တွင် တိုးတက်မှုရှိမရှိ စောင့်ကြည့်ကာလ ခြောက်လပါဝင်မည်ဟု သိရသည်။

“အခွင့်အရေးရုပ်သိမ်းမှုက ရလဒ်ဖြစ်နိုင်တယ်ဆိုတာ ရှင်းလင်းတဲ့ ဖြစ်နိုင်ခြေတစ်ခုပါ” ဟု ၎င်းကပြောသည်။ ကုန်သွယ်မှု အထူးအခွင့်အရေးများကို ပြန်လည်သုံးသပ်ရခြင်းအတွက် စေ့ဆော်မှုအဖြစ် ရခိုင်ပြည်နယ်တွင် နိုင်ငံတကာဥပဒေအရ စိုးရိမ်ဖွယ် အကောင်းဆုံးပြစ်မှုများ ဖြစ်ပွားခဲ့သည်ဟု ဖော်ပြထားသည့် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး မစ်ရှင်၏ အစီရင်ခံစာကို မမ်စထရွမ်က ကိုးကားခဲ့သည်။ သာမာန်အလုပ်သမားများကို ထိခိုက်စေနိုင်သည့် အထွေအထွေ စီးပွားရေးဒဏ်ခတ်မှုကို ဆန့်ကျင်ကြောင်း အချက်အလက်ရှာဖွေရေးမစ်ရှင်က အကြံပြုခဲ့သည့်တိုင် အီးယူ၏ အဆိုပါကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများမှ လက်နက်များမှအပ ကုန်ပစ္စည်းများကို ဥရောပဈေးကွက်သို့ ဝင်ရောက်ရာတွင် အကောက်ခွန်နှင့် ခွဲတမ်း ကင်းလွတ်ခွင့်ပေးသည့် အီးယူ၏ Generalised Scheme of Preferences ပေါ်လစီကို မြန်မာနိုင်ငံအတွက် ရပ်ဆိုင်းပါက လျင်မြန်စွာကြီးထွားနေသည့် မြန်မာ့အထည်ချုပ်လုပ်ငန်း ကဏ္ဍအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နိုင်သည်ဟု ကုမ္ပဏီများက ပြောကြားနေသည်။

၂ဝ၁၇ ခုနှစ်တွင် မြန်မာက အီးယူသို့ တင်ပို့ခဲ့သည့် ကုန်တန်ဘိုး ယူရို ၁ ဒသမ ၅၆ ဘီလျံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလျံ) ၏ ၇၂ ဒသမ ၂ ရာခိုင်နှုန်းမှာ အဝတ်အထည်များတင်ပို့မှု ဖြစ်ပြီး မြန်မာက ကုန်သွယ်ရေးပိုငွေ ရရှိခဲ့သည်။ မြန်မာနိုင်ငံအား အထူးအခွင့်အရေး GSP ပြန်မပေးမီ ၂ဝ၁၂ ခုနှစ်ကထက် အီးယူထံမှ ကုန်သွယ်ရေးဝင်ငွေ ၁ဝ ဆနီးပါး မြင့်တက်လာခြင်းလည်း ဖြစ်သည်။ ခြုံကြည့်ပါက မြန်မာနိုင်ငံ အဝတ်အထည် ချုပ်လုပ်မှုကဏ္ဍမှာ ရေနံနှင့် သဘာဝဓါတ်ငွေ့ပြီးလျှင် နိုင်ငံခြားငွေ ရရှိနိုင်သည့် အကြီးမားဆုံး အရင်းအမြစ်ဖြစ်သည်။

မြန်မာနိုင်ငံတွင် အထည်ချုပ်စက်ရုံ ၆ဝဝ ကျော်ရှိပြီး အလုပ်သမား ၄၅ဝ,ဝဝဝ ခန့်လုပ်ကိုင်နေကြသည်။ စက်ရုံအများစုမှာ ရန်ကုန်မြို့၊ ဆင်ခြေဖုန်းတွင် တည်ရှိပြီး အခြားစက်ရုံများမှာ ပဲခူး၊ ပုသိမ်၊ ဘားအံနှင့် မန္တလေးမြို့များတွင် တည်ရှိသည်ဟု မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA) က ပြောသည်။ နိုင်ငံတကာမှ ဝယ်ယူသည့် ကုမ္ပဏီများတွင် Primark၊ H&M၊ Inditex၊ Next၊ Adidas နှင့် Gap တို့ပါဝင်သည်။

အီးယူ၏ ကုန်သွယ်မှု အထူးအခွင့်အရေးများသာ ရုပ်သိမ်းခံရပါက အထည်ချုပ်လုပ်သား ထက်ဝက်ကျော်မှာ ၎င်းတို့၏ အလုပ်အကိုင်များ ဆုံးရှုံးသွားနိုင်သည်ဟု MGMA ၏ ဥက္ကဋ္ဌ ဦးစိုးမြင့်က Frontier ကို ပြောသည်။ ထိုအလားအလာက ၂ဝဝ၃ ခုနှစ်တွင် ကြုံခဲ့ရသည့် အခြေအနေကို အမှတ်ရစရာ ဖြစ်နေကြောင်းလည်း ၎င်းက ပြောသည်။ ထိုစဉ်က ဖွံ့ဖြိုးစ မြန်မာ့အထည်လုပ်ငန်းကဏ္ဍမှာ အမေရိကန်၏ ကုန်သွယ်ရေး ပိတ်ဆို့ဒဏ်ခတ်မှုကြောင့် အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့ပြီး ခိုကိုးရာမဲ့သွားသည့် အမျိုးသမီး အလုပ်သမား ထောင်ပေါင်းများစွာမှာ ပြည့်တန်ဆာလုပ်ငန်းနှင့် လူကုန်ကူးခံရသည့် အခြေအနေသို့ တွန်းပို့ခံခဲ့ရသည်။

အဝတ်အထည် လက်လီဖြန့်ချီသည့် ဂျာမန်-ဒတ်ချ်ကုမ္ပဏီ C&A က အလုပ်အပ်နှံသည့် ရန်ကုန်မှ အထည်ချုုပ် လုပ်သားများအကြောင်းနှင့် ပတ်သက်ပြီး ၂ဝ၁၇ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် စစ်တမ်းအရ အလုပ်သမား ၉၄ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်ပြီး အများစုမှာ ၁၆ နှစ်နှင့် ၂၃ နှစ်အတွင်းဖြစ်သည်။

အများစုမှာ ဧရာဝတီဖြစ်ဝကျွန်းပေါ်ဒေသရှိ ဆင်းရဲသည့် ကျေးရွာများစွာမှ ရောက်လာသူများဖြစ်ကြပြီး ၁၉ ရာခိုင်နှုန်းမှာ ရခိုင်ပြည်နယ်မှ ဖြစ်သည်။ အလုပ်သမားများမှာ ၎င်းတို့၏ မိသားစုများထံသို့ ဝင်ငွေအများအပြားကို ပြန့်ပို့လေ့ရှိပြီး အဆင်းရဆုံး ပြည်နယ်တစ်ခုဖြစ်သည့် ရခိုင်ပြည်နယ် လာရောက်သည့် အလုပ်သမားများက ပြန်ပို့သောငွေမှာ ၎င်းတို့ဇာတိ လူ့အသိုင်းအဝိုင်းများအတွက် အသက်သွေးကြောသဖွယ် ဖြစ်သည်။

ဓာတ်ပုံ- Lauren DeCicca | Frontier

ဓာတ်ပုံ- Lauren DeCicca | Frontier

ကြီးမားသည့် ဆုတ်ယုတ်မှုကြီးတစ်ခု

ရခိုင်ပြည်နယ်ရှိအခြေအနေ တိုးတက်မှုမရှိပါက မြန်မာနိုင်ငံကို ပေးထားသည့် ကုန်သွယ်မှုအထူးအခွင့်အရေး GSP ကို ရုပ်သိမ်းနိုင်ဖွယ်ရှိကြောင်း စက်တင်ဘာ ၁၈ ရက်နေ့တွင် ဥရောပကုန်သည်ကြီးများအသင်း EuroCham က စီစဉ်သည့် နံနက်စာ ဆွေးနွေးပွဲ၌ မြန်မာနိုင်ငံဆိုင်ရာ အီးယူသံအမတ်ကြီးက ဥရောပစီးပွားရေးလုပ်ငန်း ကိုယ်စားလှယ်များကို ရှင်းလင်း ပြောကြားခဲ့သည်။

အဓိကအားဖြင့် မြန်မာနိုင်ငံ၏ အထည်ချုပ်ကဏ္ဍသို့ ဥရောပဝယ်ယူသူများနှင့် ရင်းနှီးမြုပ်နှံသူများ ယူဆောင်လာသည့် သာလွန် ကောင်းမွန်သည့် အလုပ်သမားအခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံနှုန်းများကို အလေးပေး ပြောကြားခြင်းဖြင့် မြန်မာနိုင်ငံအပေါ် ပေးအပ်ထားသည့် အထူးအခွင့်အရေး GSP ကို မရုပ်သိမ်းရေးအတွက် ဥရောပကော်မရှင်ကို စည်းရုံးပြောကြားရန် EuroCham က ပြင်ဆင်လျက်ရှိသည်။

“မြန်မာနိုင်ငံမှာ ဥရောပစီးပွားရေးလုပ်ငန်းတွေ ရှိနေခြင်းက ကျားမ တန်းတူမှု၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုအပြင် လူမှုရေးနဲ့ သဘာဝပတ်ဝန်းကျင်ရေးရာ တာဝန်ယူမှုတွေ အပါအဝင် ဥရောပရဲ့ တန်ဘိုးတွေကို ရပ်တည် ကာကွယ်ပေးပါတယ်” ဟု EuroCham ၏ အမှုဆောင်ဒါရိုက်တာ မစ္စတာဖီးလစ်လော်ဝါရီဆင်းက Frontier ကိုပြောသည်။

တရုတ်နိုင်ငံက သွားခဲ့သည့် လမ်းကြောင်းနှင့် အလားတူသည့် ခိုင်မာသော စက်မှုလုပ်ငန်းအခြေစိုက် စခန်းတစ်ခုအဖြစ် တည်ဆောက်ရန် အထည်ချုပ်လုပ်ငန်းက မြန်မာအတွက် အကောင်းဆုံး အခွင့်အလမ်းကို ပြသနေသည်။ တရုတ်နိုင်ငံတွင် လုပ်ခများကြီးမြင့်လာမှသာ ထုတ်လုပ်ရေးလုပ်ငန်းက အရှေ့တောင်အာရှသို့ ရွှေ့ပြောင်းခဲ့သည်။ သို့သော်လည်း အလုပ်သမားများ သာယာဝပြောရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုအပေါ် တိုးတက်စေသည့် အခွင့်အလမ်းတစ်ခုလည်း ရှိနေသည်။

“သင့်လျော်ကောင်းမွန်စွာ လုပ်ထားမယ်ဆိုရင်တော့ ဒါက အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုအတွက် သယ်ဆောင်ပေးတဲ့ အရာတစ်ခု ဖြစ်နိုင်ပါတယ်” ဟု ၎င်းကပြောသည်။ “ဒါပေမယ့် အခုချိန်မှာတော့ အထူးအခွင့်အရေး ရပ်တန့်ခံရနိုင်တဲ့ အလွန်စိုးရိမ်စရာကောင်းတဲ့ ခြိမ်းခြောက်မှုတစ်ခုနဲ့ ရင်ဆိုင်နေရပါတယ်” ဟု ၎င်းကဆိုသည်။ မြန်မာနိုင်ငံအား ပေးထားသည့် ကုန်သွယ်ရေးအထူးအခွင့်အရေး ရုပ်သိမ်းခြင်းက အထည်ချုပ်ကဏ္ဍအတွက် ကြီးမားသည့် ဆုတ်ယုတ်မှုကြီးတစ်ခု ဖြစ်လာလိမ့်မည်ဟု ၂ဝ၁၃ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့ပြီး ယခုအခါ လူပေါင်း ၄၃,ဝဝဝ ကို အလုပ်အကိုင်ပေးထားသော စက်ရုံပေါင်း ၄ဝ မှ အဝတ်အထည်များကို ယူ၍ဖြန့်ချိနေသည့် ဆွီဒင်လက်လီဖြန်ချိရေးကုမ္ပဏီ H&M မှ ပြောခွင့်ရပုဂ္ဂိုလ်က Frontier ကို ပြောကြားသည်။

“အထူးအခွင့်အရေး GSP ရုပ်သိမ်းမှုတစ်ခုဟာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးနေတဲ့ ဒီအထည်ချုပ်ကဏ္ဍနဲ့ ဒီကဏ္ဍက ဖန်တီးပေးထားတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေအတွက်တော့ ကြီးမားတဲ့ အကျိုးဆက်တွေ ရှိနိုင်ပါတယ်။ ဒီနည်းနဲ့ပဲ အလုပ်သမားတွေနဲ့ လူ့အသိုင်းအဝိုင်းတွေပေါ် ဆိုးကျိုး သက်ရောက်နိုင်ပါတယ်” ဟုအဆိုပါ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

လုပ်ငန်းအရွယ်အစားကြီးမားသော်လည်း ၎င်းတို့ အသင်းအနေဖြင့် အီးယူကို စည်းရုံးဖျောင်းဖြရန်လည်းကောင်း၊ မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးနှင့် ပတ်သက်၍ အီးယူ၏ စိုးရိမ်မှုများကို ဦးစားပေး ကိုင်တွယ်ရေးအတွက် မြန်မာအစိုးရကို စည်းရုံး ပြောကြားရန်သော်လည်းကောင်း အခွင့်အာဏာမရှိဟု MGMA ဥက္ကဋ္ဌ ဦးစိုးမြင့်က ပြောသည်။ “ကျွန်တော်တို့ ဘာလုပ်နိုင်သလဲ။ တကယ်တော့ ဒီလုပ်ငန်းစဉ်တွေအားလုံးကို ကျွန်တော်တို့ နားတောင်မလည်ပါဘူး” ဟု ၎င်းကဆိုသည်။

ဥရောပဝယ်ယူသူများသည် အာရှဝယ်ယူသူအများစုထက် ပိုမိုတင်းကျပ်သည့် စိစစ်မှုကို ရင်ဆိုင်နေရပြီး အလုပ်သမားများအတွက် သာယာဝပြောရေးနှင့် ပတ်ဝန်းကျင်စိမ်းလန်းရေးကို ပိုမိုဦးတည်သည့် လုပ်ဆောင်ချက်များကို မြင့်တင်ရေး ကြိုးပမ်းမှုများတွင် အားပေးဆောင်ရွက်လျက်ရှိသည်ဟု လူမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံနှုန်းများ တိုးတက်ရေးအတွက် စက်ရုံများနှင့် တိုက်ရိုက် ပူးပေါင်းဆောင်ရွက်နေသည့် SMART Myanmar ကို ညွှန်ကြားနေသည့် မစ္စတာ ဂျက်ကော့ကလဲယားက Frontier ကို ပြောသည်။ ၎င်းတို့အား အီးယူက ငွေကြေးထောက်ပံ့ပေးနေခြင်းဖြစ်သည်။

“ဥရောပ စီးပွားရေးလုပ်ငန်းတွေ ရှိနေတာက မြန်မာနိုင်ငံမှာ စံနှုန်းတွေကို တိုးတက်မှု ရှိစေတာကတော့ အငြင်းပွားဖွယ် မရှိအောင် မှန်ကန်ပါတယ်” ဟု ၎င်းကပြောသည်။ ယခင်က စက်မှုလုပ်ငန်းတွင် ကလေးအလုပ်သမား ထူပြောမှုကို လျှော့ချရာတွင် တိုးတက်မှုရှိခြင်း၊ မီးဘေးအန္တရာယ် ကင်းရှင်းမှု တိုးတက်လာခြင်းနှင့် ယခုအခါ စက်ရုံအများစုမှာ အထပ် နှစ်ထပ်ထက် မပိုဘဲ သံမဏိသံဘောင်ဖြင့် တည်ဆောက်လာခြင်းတို့ကို ထောက်ပြပြောဆိုခဲ့သည်။

စက်ရုံပိုင်ရှင်များထံမှ မကျေမနပ်ပြောဆိုမှုများနှင့် လုပ်ငန်း ပြိုလဲမည်ဆိုသည့် ခန့်မှန်းချက်များရှိခဲ့သော်လည်း ၂ဝ၁၅ ခုနှစ်တွင် သတ်မှတ်ခဲ့သည့် အနိမ့်ဆုံးလုပ်ခ ၃၆ဝဝ ကျပ်မှ ယခုနှစ်အစောပိုင်းတွင် ၄၆ဝဝ ကျပ်သို့ တိုးမြင့်ခဲ့မှုက အောင်မြင်မှုတစ်ခု ဖြစ်ပြီး အလုပ်သမားများ၏ ဝင်ငွေမြင့်မားလာကာ လုပ်ငန်းမှာလည်း တိုးတက်နေဆဲသာဖြစ်ကြောင်း ကလဲယားက ထပ်မံပြောကြားသည်။

ထို့အပြင် အထည်ချုပ်ကဏ္ဍတွင် ကျွမ်းကျင်၍ ပညာတတ်သည့် လုပ်သားများမရှိဟု ရင်းနှီးမြုပ်နှံသူများက အမြဲတမ်း ငြီးတွားနေမှုက ပိုမိုကျယ်ပြန့်သည့် စီးပွားရေးအကျိုးအတွက် လေ့ကျင့်သင်တန်းပေးမှုတွင် ပိုမိုရင်းနှီးမြုပ်နှံရန် ကုမ္ပဏီများကို တွန်းအားပေးလျက်ရှိသည်။

သို့သော်လည်း ဥရောပမှ ဝယ်ယူသူများကို ဝန်ဆောင်မှုပေးနေသည့် စက်ရုံအများစုက အနိမ့်ဆုံးလုပ်ခကို ပေးသော်လည်း ပိုမို သေးငယ်သည့် ကုမ္ပဏီများကမူ အခြေခံလစာမှ ပမာဏအချို့ကို ထိန်ချန်လေ့ရှိပြီး ယင်းသို့ထိန်ချန်သည့်ငွေပမာဏကို ပိုမိုကြာရှည်သည့် နာရီများအတွင်း ပိုမိုပင်ပန်းခက်ခဲသည့် လုပ်ကိုင်မှုအတွက် ဆုကြေးအဖြစ်သာ ပြန်လည်ပေးအပ်လေ့ရှိသည်ဟု ကလဲယားက ပြောသည်။

အလုပ်သမား ၁၅ ရာခိုင်နှုန်းကသာ အလုပ်သမားသမဂ္ဂသို့ ဝင်ရောက်ထားပြီး အလုပ်သမားအများစုမှာ နေ့စဉ်လူနေမှု စရိတ်ကာမိစေရေးအတွက် အချိန်ပိုလုပ်အားခအပေါ်တွင်သာ အလွန်အကျွံ မှီခိုနေရသည်ဟု C&A က အလုပ်အပ်သည့် အထည်ချုပ်လုပ်သား အင်အားစစ်တမ်းက ဖော်ပြခဲ့သည်။

နောက်ဆုံး အားကိုးအားထား

၂ဝ၁၃ ခုနှစ်တွင် မြန်မာနိုင်ငံအား GSP ပေးခဲ့ခြင်းက ဥရောပနှင့် မြန်မာဆက်ဆံရေးတွင် အဓိက အောင်မြင်မှုတစ်ခုဖြစ်ကြောင်း ရှမစ်က Frontier ကိုပြောသည်။ သို့သော်လည်း ဥရောပဈေးကွက်သို့ ဝင်ရောက်ခွင့်ရခြင်းမှာ လူ့အခွင့်အရေးနှင့် အခြေခံတန်ဘိုးများအပေါ်တွင် မူတည်နေသည်ဟု ၎င်းက မြန်မာအစိုးရကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် ပြောကြားခဲ့သည်။

အဓိက လူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေးများနှင့် ပတ်သက်၍ နိုင်ငံတကာကွန်ဗင်းရှင်းအချို့တွင် ချမှတ်ခဲ့သော အခြေခံစည်းမျဉ်းများကို စိုးရိမ်ဖွယ် စနစ်တကျ ချိုးဖောက်သည့်နိုင်ငံများအား GSP အခွင့်အရေးပေးခြင်းမှ ဖယ်ရှားခံရနိုင်ကြောင်း ၂ဝ၁၂ ခုနှစ်က အီးယူ၏ စည်းမျဉ်းဥပဒေတွင် ဖော်ပြထားသည်။

ဓာတ်ပုံ- Lauren DeCicca | Frontier

ဓာတ်ပုံ- Lauren DeCicca | Frontier

ထိုအထဲတွင် လူမျိုးစုအလိုက် ရှင်းလင်းသုတ်သင်ခြင်း၊ နှိပ်စက်ခြင်း၊ လူမျိုးရေးနှင့် ကျားမခွဲခြားဆက်ဆံခြင်း၊ အများပြည်သူနှင့် နိုင်ငံရေးဆိုင်ရာ အခွင့်အရေး၊ သင်းဖွဲ့ဆိုင်ရာ လွတ်လပ်မှု၊ အဓမ္မစေခိုင်းမှုနှင့် ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးတို့နှင့် ပတ်သက်သည့် ကွန်ဗင်းရှင်းများ ပါဝင်သည်။

အခွင့်အရေးရုပ်သိမ်းရေးလုပ်ငန်းစဉ် မစတင်မီ အီးယူကော်မရှင်က အဖွဲ့ဝင်နိုင်ငံများကို တိုင်ပင်ရုံသာ လိုအပ်ပြီး ဥရောပကောင်စီတွင် မဲခွဲဆုံးဖြတ်မည် မဟုတ်ပေ။ တွေ့ဆုံဆွေးနွေးခြင်းနှင့် ပူးပေါင်းဆောင်ရွက်ရေး ပုံစံများက လိုအပ်သည့် တိုးတက်မှုများ မထွက်ပေါ်သေးသည့်အခါ နောက်ဆုံးအားထားရာမှာ GSP ရုပ်သိမ်းခြင်းဖြစ်သည်ဟု ကော်မရှင်က ပြောကြားသည်။

ရုပ်သိမ်းရေးလုပ်ငန်းစဉ်မှာ ရှည်လျားပြီး စောင့်ကြည့်ကာလ ခြောက်လဖြင့် စတင်မည်ဖြစ်သည်။ ယင်းကာလအတွင်း မြန်မာနိုင်ငံ၏ အခြေအနေကို တိုးတက်မှုရှိမရှိ စောင့်ကြည့်မည်ဖြစ်ကာ ပူးပေါင်းဆောင်ရွက်နိုင်သည့် အခွင့်အလမ်းအားလုံး မြန်မာနိုင်ငံကို ပေးမည်ဖြစ်ကြောင်း အီးယူ၏ စည်းမျဉ်းတွင် ဖော်ပြထားသည်။

အကယ်၍ မြန်မာနိုင်ငံသည် ပြန်လည်သုံးသပ်မှုတွင် မအောင်မြင်ပါက GSP အခွင့်အရေးများ ရုပ်သိမ်းမှုကို နောက်ထပ် ခြောက်လကြာ အချိန်ယူမည်ဖြစ်ပြီး ထုတ်ကုန်အားလုံး၊ သို့မဟုတ် အချို့သော ထုတ်ကုန်များ အကျုံးဝင်မည်ဖြစ်သည်။ သို့သော်လည်း အထည်များကို ကင်းလွတ်ခွင့်ပေးမှု ဖြစ်နိုင်ခြေမှာ လမ်းပွင့်နေမည်ဖြစ်သည်။

သို့သော်လည်း စမ်းသပ်မှုများ အောင်မြင်သည့်တိုင် GSP ရုပ်သိမ်းမှုဖြစ်နိုင်ခြေက မြန်မာနိုင်ငံအတွက် ကောင်းမွန်မှုမရှိသေးသော ပြည်ပရင်းနှီးမြုပ်နှံမှုကို ပိုမို ဆိုးရွားစေနိုင်သည်။ ထုတ်လုပ်မှု တိုးတက်နေသည့်တိုင် ၂ဝ၁၇ ခုနှစ် ပထမခြောက်လအတွင်း စက်ရုံသစ် ၇ဝ အထိရှိခဲ့သော်လည်း ၂ဝ၁၈ ခုနှစ် ပထမခြောက်လတွင်မူ စက်ရုံသစ် ၁၈ ရုံသာ ရှိတော့သည်ဟု ကလဲယားက ပြောသည်။

ယခုအခါ ဥရောပကုမ္ပဏီများက ဖြစ်နိုင်ဘွယ်ရှိသည့် GSP ရုပ်သိမ်းမှုအတွက် စီးပွားရေးလုပ်ငန်းပုံစံများနှင့် ရင်းနှီးမြုပ်နှံမှု စီမံကိန်းများကို ပြန်လည်ချိန်ညိနေပြီဖြစ်သည်ဟု လော်ဝါရီဆင်းက ပြောသည်။ အကယ်၍ GSP ရုပ်သိမ်းလျင် ၎င်းတို့ မြန်မာနိုင်ငံမှ ထွက်ပြီး အာဖရိကရှိ အခွင့်အလမ်းများကို စဉ်းစားနိုင်သည်ဟု ဥရောပရှိ အဓိကကုမ္ပဏီကြီးများ၏ ကိုယ်စားလှယ်အချို့က ၎င်းအားပြောကြောင်း လော်ဝါရီဆင်က ဆိုသည်။

မြန်မာတွင် အနောက်နိုင်ငံများ၏ ရင်းနှီးမြုပ်နှံမှုလျော့ကျခြင်းအတွက် အကာအကွယ်အဖြစ် ရှုမြင်ရသည့် တရုတ် ရင်းနှီးမြုပ်နှံမှုလည်း ထိခိုက်မည်ဖြစ်သည်။ အကြောင်းမှာ အထည်ချုပ်စက်ရုံအားလုံး၏ ထက်ဝက်နီးပါးမှာ တရုတ်ပိုင်များ ဖြစ်သောကြောင့်ဖြစ်သည်။

သို့သော်လည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်ကမူ ပြဿနာကို လျှော့လျှော့ပေါ့ပေါ့ ပြောကြားခဲ့ပြီး GSP ဆုံးရှုံးခြင်းကြောင့် ပို့ကုန်များအပေါ် အတန်အသင့် ထိခိုက်နိုင်သည်ဟု ဆိုသည်။

GSP ရုပ်သိမ်းရေးတွင် အီးယူအဖွဲ့ဝင်အားလုံး၏ သဘောတူညီချက်လိုအပ်မည်ဟု ၎င်းက ယုံကြည်ထားသည်။ အီးယူနှင့် မည်သို့ ညိနှိုင်းမည်နှင့် ပတ်သက်ကာ အစိုးရအဖွဲ့အတွင်း ဆွေးနွေးမှုများရှိသည်ဟု ၎င်းကပြောသည်။ သို့သော်လည်း ၎င်းတို့က သိမ့်မွေ့စွာ ချဉ်းကပ်မည်ဟုလည်း ဆိုသည်။

သတိရှိရှိ ပစ်မှတ်ထားခြင်းလား

အလားအရှိသော အရေးယူဆောင်ရွက်မှုကြောင့် ပြည်သူများအပေါ် ထိခိုက်မည်ကို ၄တို့စိုးရိမ်သော်လည်း စစ်တပ်စစ်ဆင်ရေးအား လူမျိုးတုံး ရှင်းလင်းသုတ်သင်မှုတစ်ခုအဖြစ် ဖော်ပြသော ကုလသမဂ္ဂ၏ အစီရင်ခံစာတစ်ခုကိုလည်း ၎င်းတို့အနေဖြင့် လစ်လျူရှု၍ မရကြောင်း  GSP ရုပ်သိမ်းရေးဖြစ်နိုင်ခြေနှင့် ပတ်သက်၍ အမည်မဖော်လိုသည့် အီးယူအရာရှိတစ်ဦးက ဘရပ်ဆဲတွင် ရိုက်တာကို ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဧပြီလတွင် မြန်မာသို့ လက်နက်တင်ပို့ခြင်းကို အီးယူက အခိုင်အမာ ပိတ်ပင်ခဲ့သည်။ ဇွန်လက ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာမူဆလင်များအပေါ် အခွင့်အရေးချိုးဖောက်သည်ဟု စွပ်စွဲခံရသည့် စစ်တပ်နှင့် ရဲအရာရှိကြီး ခုနှစ်ဦးကို ခရီးသွားလာခွင့်နှင့် ပိုင်ဆိုင်မှုထိန်းချုပ်ခြင်းများကို အီးယူက ချမှတ်ခဲ့သည်။

သို့သော်လည်း ယင်းတို့မှာ အများအားဖြင့် အမှတ်သင်္ကေတ သဘောဆောင်ပြီး ထိုပစ်မှတ်ထားခံရသည့် အရာရှိကြီးများ၏ ပိုင်ဆိုင်မှုများ ဥရောပတွင် ရှိမရှိ မသိရပေ။ GSP ရုပ်သိမ်းမှုက ကြီးမားသည့် သက်ရောက်မှုရှိမည်ဖြစ်သော်လည်း အထည်ချုပ်စက်ရုံ လက်တစ်ဆုပ်စာသာ စစ်တပ်နှင့် ပတ်သက်နေသည်ဟု ကလဲယားက ပြောသည်။

လူမျိုးတုံး သုတ်သင်ရှင်းလင်းမှုအတွက် တာဝန်ရှိသော အကြီးတန်းစစ်အရာရှိကြီးများကို တရားစွဲဆိုမှုနှင့် အတူ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုအတွက် တာဝန်ရှိသော အရာရှိများကို ပစ်မှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ရန် ကုလ အချက်အလက်ရှာဖွေရေးမစ်ရှင်က ထောက်ခံထားသည်။

သို့သော်လည်း ယခင်က အလားတူဒဏ်ခတ်မှုများကြောင့် ဆိုးဝါးသည့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်အရှိဆုံးသူများအပေါ် သက်ရောက်မှုမရှိဘဲ ယေဘုယျအားဖြင့် မြန်မာပြည်သူများကိုသာ ဆင်းရဲ ချွတ်ချုံကျစေသဖြင့် ကျယ်ပြန့်သည့် စီးပွားရေးပိတ်ဆို့မှုကို ဆန့်ကျင်ခဲ့သည်။

စက်တင်ဘာလက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့တင်ပြခဲ့သည့် မစ်ရှင်၏ အစီရင်ခံစာအပြည့်အစုံတွင် စီးပွားရေးတွင် သတိရှိရှိ ပစ်မှတ်ထား ပါဝင်မှု၊ ဖွံ့ဖြိုးရေးအကူအညီများ မြှင့်တင်မှုမှတဆင့် ဆင်းရဲမွဲတေမှု လျှော့ချရေး ဆက်လက်ဆောင်ရွက်မှုကိုမူ ထောက်ခံထားသည်။

သို့သော်လည်း Burma Campaign UK ၏ ဒါရိုက်တာ မာ့ခ်ဖာမန်နာကမူ အီးယူ၏ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ “အီးယူက စစ်တပ်ပိုင်ကုမ္ပဏီတွေအပေါ် ဒဏ်ခတ်မှုတွေကို ပယ်ချထားတယ်။ စစ်တပ်ကို လေ့ကျင့်ပေးတာအားလုံး ပိတ်ပင်တာကို ပယ်ချထားတယ်။ ကုလသမဂ္ဂရဲ့ လက်နက်ပိတ်ပင်မှုကို မထောက်ခံဘူး။ အိုင်စီစီကို လွှဲဖို့လည်း မထောက်ခံဘူး။ ဒါပေမယ့် သာမာန်ပြည်သူတွေကို အဓိက ထိခိုက်စေမယ့် ပိတ်ဆို့ဒဏ်ခတ်မှုမျိုး လုပ်ဖို့ကျတော့ စဉ်းစားနေတာ အဓိပ္ပါယ်မရှိပါဘူး” ဟု ၎င်းက Frontier ကို ပြောသည်။

အောင်ကျော်ဦး ဘာသာပြန်သည်။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar