အေအက်ဖ်ပီ
မြန်မာအိမ်အကူတစ်ဦးအား ရက်ရက်စက်စက်နှိပ်စက်ခဲ့ပြီး မြန်မာနိုင်ငံတွင်ရှိနေသည့် မိသားစုအား သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည့် စင်ကာပူစုံတွဲကို မတ် ၁၈ ရက်နေ့တွင် စင်ကာပူတရားရုံးတစ်ခုက ထောင်ဒဏ်များ ချမှတ်လိုက်သည်။
စင်ကာပူနိုင်ငံတွင် ဖြစ်ပွားခဲ့သည့်အလားတူအမှုများထဲတွင် “အဆိုးရွားဆုံးသောအမှု” ဖြစ်သည်ဟု စင်ကာပူအစိုးရရှေ့နေများက ပြောကြားခဲ့သည့် ထိုဖြစ်ရပ်တွင် စင်ကာပူစုံတွဲက အိမ်အကူအား ကန်ကျောက်ရိုက်နှက်ခြင်း၊ အိမ်သန့်ရှင်းရေးပြုလုပ်ချိန်တွင် အတွင်းခံသာ ဝတ်ဆင်ထားစေခြင်းများကို ကျူးလွန်ခဲ့ကြသည်။ ထို့ပြင် ကတော့အား ပါးစပ်တွင်တေ့တာ အစားအစာများ အတင်းစားစေခြင်း၊ အန်ဖတ်များကို ပြန်လည်စားခိုင်းခြင်းနှင့် ထိုသို့ရက်စက်မှုများအား ပြန်လည်သတင်းပို့ပါက မိသားစုကို သတ်ပစ်မည်ဟု စင်ကာပူစုံတွဲက ခြိမ်းခြောက်ခဲ့ကြသည်ဟု တရားရုံးစာရွက်စာတမ်းများတွင် ဖော်ပြထားသည်။
၎င်းတို့က အသက် ၃၂ နှစ်ရှိ မမိုးမိုသန်းကို အစာရေစာ မဝမလင်သာ ကျွေးခဲ့ပြီး အိမ်သာကိုလည်း အကန့်အသတ်ဖြင့်သာ သုံးခွင့်ပြုခဲ့သည်ဟုဆိုသည်။
ခရိုင်တရားသူကြီး အိုလီဗီယာလိုက အမျိုးသမီးဖြစ်သူ Chia Yun Ling အား ထောင်ဒဏ် ၄၇ လနှင့် ဒဏ်ငွေပေးဆောင်စေရန် အမိန့်ချလိုက်သည်။ ထို့ပြင် ခင်ပွန်းဖြစ်သူ အိုင်တီမန်နေဂျာဟောင်း Tay Wee Kiat ကိုမူ ထောင်ဒဏ် ၂၄ လ ချမှတ်ခဲ့သည်။
ထို့ပြင် ၎င်းတို့အနေဖြင့် အိမ်အကူဖြစ်သူအား လျော်ကြေးပေးရန်လည်း တရားရုံးက အမိန့်ချမှတ်ခဲ့သည်။
၎င်းစုံတွဲသည် အခြားအိမ်အကူတစ်ဦးအား နှိပ်စက်မှုဖြင့် ပြီးခဲ့သည့်နှစ်နှစ်ကလည်း ပြစ်ဒဏ်ချမှတ်ခံထားရသည်။
မမိုးမိုးသန်းအား အလုပ်ခန့်အပ်ထားစဉ် ၂၀၁၂ ခုနှစ်အတွင်း တစ်နှစ်နီးပါးခန့်ကြာအောင် ကျူးလွန်ခဲ့သည့် နှိပ်စက်ခဲ့မှုများကို စွဲချက် ၂၀ ဖြင့် အသေးစိတ်ဖော်ပြထားသည်။
“ယခုအမှုတွင် စွပ်စွဲခံရသူများဟာ မိုးမိုးသန်းကို အလုပ်ခန့်အပ်ထားစဉ် ကာလတစ်လျောက်လုံးမှာ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာမှာပါ စနစ်တကျနဲ့ ထပ်တလဲလဲ နှိပ်စက်ခဲ့ကြပါတယ်” ဟု အစိုးရရှေ့နေများက တရားရုံး၌ ပြောကြားသည်။
အစားအစာ ဝလင်အောင်မစားရဟု ပြောကြားခဲ့သည့်အတွက် အကြီးတန်းအရောင်းမန်နေဂျာဖြစ်သူ Chia က ထမင်းနှင့် သကြားရောနှောက အိမ်အကူဖြစ်သူ၏ ပါးစပ်တွင်းသို့ ကတော့ဖြင့် အတင်းထိုးသွင်းခဲ့သည်ဟု စွဲချက်တစ်ခု၌ ဖော်ပြထားသည်။
ထိုသို့ ပြုမူခဲ့သည့်အတွက် မမိုးမိုးသန်းမှာ အစာနင်ပြီး အိမ်သာထဲတွင် သွားရောက် အန်ထွက်ခဲ့သည်ဟု စွဲချက်၌ ဖော်ပြထားသည်။
သို့သော် Chia က နောက်မှလိုက်လာကာ ဆူပူရိုက်နှက်ခဲ့သည်။ ထို့နောက် ပလတ်စတစ်အိတ်အတွင်းသို့ အန်ထုတ်စေပြီးနောက် “အန်ဖတ်များအား ပြန်စားစေခဲ့သည်” ဟု စွဲချက်တွင် ဖော်ပြထားသည်။
အဆိုပါဇနီးမောင်နှံသည် အင်ဒိုနီးရှားအိမ်အကူအား နှိပ်စက်ခဲ့သည့်အတွက် ၂၀၁၇ ခုနှစ်၊ မတ်လတွင် ထောင်ဒဏ်ချမှတ်ခံထားရသူများဖြစ်သည်။ ခင်ပွန်းဖြစ်သူက ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရပြီ ဇနီးဖြစ်သူက နှစ်လ ချမှတ်ခံထားရကာ ထိုပြစ်ဒဏ်များကို ကျခံရခြင်းမရှိသေးပေ။
ချမ်းသာသည့် စင်ကာပူနိုင်ငံတွင် လစာကောင်းကောင်းရရှိရန်အတွက် အိမ်အကူအဖြစ် လာရောက်လုပ်ကိုင်ကြသည့် အာရှနိုင်ငံများမှ အိမ်အကူများအား နှိပ်စက်သည့်အမှုများကို စင်ကာပူက တင်းတင်းကြပ်ကြပ် ကိုင်တွယ်နေသည်။
ပြီးခဲ့သည့်ဖေဖော်ဝါရီလအတွင်းကလည်း အိမ်အကူဖြစ်သူအား မိမိကိုယ်မိမိ ရေနွေးဖြင့် လောင်းချရန် ခိုင်းစေခဲ့သည့် စင်ကာပူအလှပြင်ဆိုင်မန်နေဂျာနှင့် ခင်ပွန်းဖြစ်သူတို့အား ထောင်ဒဏ်များ ချမှတ်ခဲ့သည်။