အိမ်ပြန်နိုင်မယ့် အခွင့်အလမ်း အမိအရ ဖမ်းဆုပ်သူ ကယားအမျိုးသမီးများ

ကမ္ဘာလှည့် ခရီးသွားများ လာရောက်ရာ ထိပ်တန်းနေရာတစ်ခု အနေအထားသို့ မြန်မာနိုင်ငံ ရောက်ရှိလာခြင်းက ထိုင်းနိုင်ငံရှိ လူသားတိရစ္ဆာန်ရုံများ၌ စွန့်စား၍ ငွေရှာနေကြရရှာသော ကယားအမျိုးသမီးများ အိမ်ပြန်လာနိုင်စေရေး လမ်းခင်းပေးလျက်ရှိသည်။

ဖြိုးဟိန်းကျော်/ အေအက်ဖ်ပီ ရေးသားသည်။

ကမ္ဘာလှည့် ခရီးသွားတို့ကို ဆွဲဆောင်နိုင်သည့် အရာတစ်ခုအဖြစ် ပြသအသုံးတော်ခံနေသော  လည်ပင်းတွင် ကြေးဝါကွင်းများစွာတပ်ဆင်ထားသည့် ကယားအမျိုးသမီးအားလုံး အိမ်ပြန်နိုင်သည့် အချိန်တစ်ချိန်ကို ဒေါ်မူပါးက စိတ်ကူးယဉ်အိပ်မက်မက်နေခဲ့သည်။ ကယားလူမျိုးစုတို့က အလှအပ အမှတ်သင်္ကေတအဖြစ် ယူဆသော လည်ပင်းတပ် ကြေးကွင်းများစွာကို ၎င်း၏ လည်တိုင်၌လည်း ဝတ်ဆင်ထားသည်။

ကယားအမျိုးသမီးများနှင့် မိန်းကလေးများသည် ဆင်းရဲမွဲတေမှုနှင့် ဒေသတွင်း ပဋိပက္ခကြောင့် နယ်စပ်ကို ဖြတ်ကျော်ကာ ထိုင်းနိုင်ငံတွင်း ဝင်ရောက်ပြီး ငွေရှာရာတွင် ရည်ရွယ်ချက်ရှိရှိ ဆောက်လုပ်ထားသော ထိုင်းရွာများတွင် ကမ္ဘာလှည့် ခရီးသွားများ ဓာတ်ပုံရိုက်နိုင်စေရန်  ကိုယ်ဟန်ပြပေးနေရသည်မှာ နှစ်များစွာ ကြာမြင့်နေပြီဖြစ်သည်။ ယင်းသို့ လုပ်ကိုင်နေခြင်းမှာ လူများအား တိရစ္ဆာန်များသဖွယ် ပြစားနေခြင်းဖြစ်သည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူများက ကန့်ကွက်လျက်ရှိသည်။

ကယားအမျိုးသမီးများ ထိုင်းသို့ ထွက်ခွာနေကြခြင်းကို အဆုံးသတ်စေရန် တစ်စိတ်တစ်ပိုင်းအားဖြင့် ရည်ရွယ်သည့် စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းအချို့ကြောင့် ကယားအမျိုးသမီးအချို့မှာ ကယားပြည်နယ်ရှိ ဝေးလံသီခေါင်သော ဇာတိပန်ပက်ဒေသသို့ ပြန်လာနေကြပြီဖြစ်သည်။

မူပါးလည်း ထိုင်းတွင် ၁၄ နှစ်ကြာ အလုပ်လုပ် စုဆောင်းထားသည့် ငွေစအနည်းငယ်ဖြင့် လွန်ခဲ့သည့်လ အနည်းငယ်က ပြန်လာခဲ့သည်။

ဒေသဖြစ် သစ်သားရုပ်လေးများ၊ ပုဝါစများနှင့် ကြေးဝါလည်ကွင်းများ ရောင်းချသော တစ်ဒါဇင်ခန့်ရှိ သေသပ်သည့်ဆိုင်လေးများအနက် မူပါးကလည်း ဆိုင်လေး တစ်ဆိုင် ဖွင့်လှစ်ရောင်းချလျက်ရှိရာ ကယားလူမျိုးတို့၏ ပကတိယဉ်ကျေးမှုကို ကမ္ဘာလှည့် ခရီးသွားများ ပို၍သိမြင်ခွင့်ရစေသည်။

လက်မှုပစ္စည်းဈေးသစ်ရှိ လက်မှုထည် လည်ပင်းရှည် အရုပ်ကလေးများကို သေသပ်စွာ စီတန်းထားရှိနေသော မူပါးက အသက် လေးနှစ်မှ ၁၅ နှစ်ရှိ သူ့ကလေး လေးယောက်ကို ထောက်ပံ့ကျွေးမွေးနိုင်ရန် ပန်ပက်ဒေသသို့ ကမ္ဘာလှည့်များအား ဆွဲဆောင်နိုင်မည်ဟု မျှော်လင့်ထားသည်။

 “မြန်မာပြည်မှာဆိုတော့ ကျွန်မကလေးတွေ ကျောင်းတက်နိုင်တယ်။ ဆွေမျိုးတွေကြား နေရတော့ ကျမလည်း ပျော်တယ်”ဟု လက်တစ်ဆုပ်စာ ကမ္ဘာလှည့် ခရီးသွားများ ယင်းဒေသသို့ ရောက်ရှိစဉ် အသက် ၃၃ နှစ်ရှိ မူပါးက အေအက်ဖ်ပီကို ပြောသည်။

စစ်အစိုးရလက်ထက် တချိန်တခါက ရဲဝံ့စွန့်စား ခရီးသွားများကို ထိန်းထားခဲ့သော်လည်း ယခုအခါ မြန်မာသည် ကမ္ဘာလှည့်များ လာရောက်မှုများသည့် ဦးဆောင်နေရာတစ်ခု ဖြစ်လာခဲ့သည်။

ကယားပြည်နယ်၏ မြစိမ်းရောင် တောင်ကုန်းများနှင့် ရေစီးသန်သော မြစ်များက ခရီးသွားများအား   ဆွဲဆောင်နိုင်သည့် ထိပ်တန်းနေရာ တစ်ခု ဖြစ်လာလိမ့်မည်ဟု အာဏာပိုင်များက မျှော်လင့်နေသည်။

လွန်ခဲ့သည့် ငါးနှစ်အတွင်း ကမ္ဘာလှည့် ခရီးသွား လာရောက်မှု နှစ်ဆတိုးလာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အစိုးရသစ် လက်ထက်တွင် ကမ္ဘာလှည့် ခရီးသွားအရေအတွက်မှာ တဟုန်ထိုး တိုးတက်လာရောက်လိမ့်မည်ဟု မျှော်လင့်ထားသည်။

ဧရိယာအားဖြင့် ကျဉ်မြောင်းသော ကယားပြည်နယ်၏ ဒေသအများအပြားကို မကြာသေးမီ ကာလအထိ နိုင်ငံခြားသားများအား သွားလာခွင့် မပြုသေးဘဲ ကန့်သတ်ထားရှိဆဲ ဖြစ်သည်။

ကယားပြည်နယ်၏ မြစိမ်းရောင် တောင်ကုန်းများနှင့် ရေစီးသန်သော မြစ်များက ခရီးသွားများအား   ဆွဲဆောင်နိုင်သည့် ထိပ်တန်းနေရာ တစ်ခု ဖြစ်လာလိမ့်မည်ဟု အာဏာပိုင်များက မျှော်လင့်နေသည်။

ရွာငယ် ငါးရွာပါသည့် ပန်ပက်ရွာစုမှ မူပါးနှင့် ၎င်း၏အိမ်နီးချင်းများသည် လက်မှုပစ္စည်း ဈေးဆောက်ရန် ကျသင့်ငွေကို စုပေါင်းထည့်ဝင်ခဲ့ကြပြီး ဝင်ကြေးရရှိငွေ ကျပ် ၅,၀၀၀ ကို အချိုးကျ ပြန်လည်ခွဲဝေယူကြသည်။

“ကျမတို့ဆီကိုကမ္ဘာလှည့် ခရီးသွားတွေ အများကြီးလာရင် ထိုင်းက ကယားမိန်းကလေး အားလုံးကို ပြန်လာစေချင်တယ်”ဟု ၎င်းက အေအက်ဖ်ပီကို ပြောသည်။

အငြင်းပွားမှုနှင့် ယဉ်ကျေးမှု

ကယားမိန်းကလေးများသည် အသက် ငါးနှစ်မှ စ၍ ၎င်းတို့၏ လည်ပင်းတွင် ကြေးဝါကွင်း ၁၀ ကွင်းအထိ တပ်ကြရပြီး နှစ်စဉ် တစ်ကွင်းနှုန်းဖြင့် လူကြီးဖြစ်သည်အထိ တပ်ဆင်သွားရသည်။ ယင်းသို့ တပ်ဆင်သည့် အလေ့အထက ၎င်းတို့၏ လည်ပင်းများ ဆန့်ထွက်လာစေသည်ထက် သစ်ကုလားအုပ်ပုံ ပေါက်လာစေပြီး ပခုံးကြွက်သားနှင့် ညှပ်ရိုးများကို နာကျင်အောင် ဖိနှိပ်ထားသကဲ့သို့ ရှိသည်။

အရွယ်ရောက် ကယားအမျိုးသမီးတစ်ဦးသည် ၂၅ ကွင်းခန့်အထိ ဝတ်ဆင်နိုင်ပြီး အဆိုပါ ကြေးဝါကွင်း ၂၅ ကွင်း၏ အလေးချိန်မှာ ငါးကီလိုဂရမ် (၁၁ ပေါင်) အထိ ရှိသည်။

ကယားဒဏ္ဍာရီတစ်ခုအရ အမျိုးသမီးများသည် ကျားရန်မှ ကာကွယ်ရန် ကြေးဝါကွင်းများကို စတင်ဝတ်ဆင်ရသည် ဆိုသည်။ တချိန်က ကျားများသည် ကယားဒေသတွင် မြောက်မြားစွာရှိပြီး သားကောင်တို့၏ လည်ပင်းကို ကိုက်ခဲတတ်ကြသည် ဆိုသည်။

တစ်ချိန်က ရွာခံ အမျိုးသားများလည်း ကျားများ၏ ချောင်းမြောင်းတိုက်ခိုက်မှုမှ အထိုက်အလျောက် ကာကွယ်နိုင်စေရန် ၎င်းတို့၏ ဦးခေါင်းနောက်ဖက်တွင် လူမျက်နှာပုံ မျက်နှာဖုံးများ ဝတ်ဆင်ကြရသည် ဆိုသည်။ သို့သော် ယင်းအလေ့အထမှာ ပျောက်ကွယ်သွားပြီဟုသိရသည်။

ယခုအခါ ဦးခေါင်းကို ဘေးဘီအလှည့်ရ ခက်စေပြီး ရှေ့တည့်တည့်သာ မျက်နှာမူနေစေသော ကြေးကွင်းဝတ်ဆင်မှု အလေ့အထ ကျင့်သုံးသူ ကယားအမျိုးသမီးများ ပို၍ နည်းလာရာ  အကြောင်းရင်းတစ်ခုမှာ ဈေးကြီးသည့် လက်လုပ်ကွင်းများကို မတတ်နိုင်သောကြောင့် ဖြစ်သည်။

ကွင်းများကို ကျွမ်းကျင်သူတစ်ဦး၏ အကူအညီဖြင့် ဖယ်ရှားနိုင်ပြီး ဝတ်ဆင်သူ အမျိုးသမီးများ၏ ပခုံးသားများနှင့် ညှပ်ရိုးများမှာ ဖြုတ်ယူချိန် အသက်အရွယ်ပေါ် မူတည်ပြီး ပုံမှန်အခြေအနေသို့ ပြန်ရောက်တတ်သည်ဟု သိရသည်။

ကယားအမျိုးသမီးအချို့မှာ ရိုးရာကွင်းများကို ဝတ်ဆင်နေဆဲဖြစ်ပြီး ပန်ပက်ရှိ လက်မှုပစ္စည်းဈေးသစ်မှ ကွင်းများလည်း ပါဝင်သည်။

မကြာသေးခင်အထိ ၎င်းတို့သည် တစ်နှစ်တွင် လပေါင်း အတော်များများကို ထိုင်းနိုင်ငံ၌ ကုန်လွန်စေပြီး ကမ္ဘာလှည့်များကို ဆွဲဆောင်သော ရွာများတွင် တစ်လလျှင် ထိုင်းဘတ် ၃,၀၀၀ (ကျပ် ၁၀၀,၀၀၀ခန့်) ဖြင့် နေထိုင်ကြသော်လည်း ယင်းငွေအများစုမှာ ထိုင်းခရီးသွားအေးဂျင့်တို့၏ လက်ထဲရောက်သွားသည်။

“ငွေအတွက် ဓာတ်ပုံအရိုက်ခံတဲ့အခါမှာ အမူအရာ လုပ်ခိုင်းခံရတာဟာ လူသားတိရစ္ဆာန်ရုံမှာ လုပ်နေရသလိုမျိုးပါ”ဟု မြန်မာ့ ခရီးသွားလုပ်ငန်း တစ်ခုမှ အရာရှိတစ်ဦးဖြစ်သူ ဒေါ်ဖြိုးဝေရာဇာက ပြောသည်။

 “သူတို့ရဲ့ ဇာတိရွာတွေမှာ ဆိုရင်တော့ သူတို့ကို ထောက်ပံ့ကူညီတဲ့အနေနဲ့ အစားအစာလို၊  လက်လုပ်ပစ္စည်းနဲ့ အမှတ်တရ ပစ္စည်းလိုဟာမျိုးတွေကို လူတွေက ဝယ်ပြီးအားပေးနိုင်ပါတယ်”

အောင်ကျော်ဦး ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – ထိုင်းရွာများတွင် ကမ္ဘာလှည့် ခရီးသွားများ ဓာတ်ပုံရိုက်နိုင်စေရန်  ကိုယ်ဟန်ပြပေးနေရသည်မှာ လူများအား တိရစ္ဆာန်များသဖွယ် ပြစားနေခြင်းဖြစ်သည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူများက ကန့်ကွက်လျက်ရှိသည်။ ဓာတ်ပုံ – ဖြိုးဟိန်းကျော်/ အေအက်ဖ်ပီ

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar