ကျားမကွဲပြားမှု အခြေပြု အကြမ်းဖက်မှုများ အဆုံးသတ်ရေး လှုပ်ရှားမှုတွင် အမျိုးသမီးများနှင့် မိန်းကလေးများ သာမက အမျိုးသားများနှင့် လူငယ်လေးများလည်း ပါဝင်ရန် လိုအပ်ပေသည်။
ယင်နီ ဂမ်းမင်း ရေးသားသည်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့ရှိ နမ့်ဆန်ယမ်ကျေးရွာမှ အသက် ၄၁ နှစ်အရွယ် ဦးအောင်ထွေးမှာ ၎င်းနေထိုင်ရာ နေရာအနီး၌ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားခဲ့သည့် လွန်ခဲ့သော ငါးနှစ်ခန့်က နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ ထိုအချိန်မှစ၍ လက်နက်ကိုင်ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေသဖြင့် နေရပ်မပြန်နိုင်ဘဲ စစ်ဘေးရှောင် ဒုက္ခသည်စခန်း တစ်ခုအတွင်း နေထိုင်ခဲ့ရသည်။
“တဲတွေက အရမ်းသေးပြီး နံရံတွေက ပါးလွန်းတော့ ကိုယ်ပိုင်လွတ်လပ်ခွင့်ရယ်လို့ မရှိပါဘူး။ ပြီးတော့ မိသားစုတွေအတွင်းမှာ အကြမ်းဖက်မှု ဘယ်လောက်များသလဲဆိုတာကို ဖြည်းဖြည်းချင်း သတိထားမိလာတယ်” ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတွင် အမျိုးသမီးများအား အကြမ်းဖက်မှုကို ထူးထူးကဲကဲ လက်ခံထားသည်။ အထူးသဖြင့် အိမ်တွင်းအကြမ်းဖက်မှုများကို ကိုယ်ရေးကိုယ်တာ ကိစ္စရပ်အဖြစ်သာ လူများစုက လက်ခံထားပြီး ယင်းပြဿနာရပ်မှာ စစ်ဘေးရှောင် ဒုက္ခသည်စခန်းများမှာသာရှိသော ကိစ္စရပ်မျိုး မဟုတ်ပေ။
သို့သော်ငြားလည်း နှစ်ရှည်လများ ရွှေ့ပြောင်းအခြေချနေရခြင်းနှင့် အလုပ်အကိုင် ဆုံးရှုံးခြင်းများကြောင့် တင်းကျပ်မှုများ မြင့်တက်လာပြီး ကျဉ်းကျဉ်းကျုပ်ကျုပ် နေထိုင်ရသော အနေအထားအရ မည်သည့်မိသားစုများတွင် အကြမ်းဖက်မှုများ ပုံမှန်ဖြစ်တတ်သည်ကို စစ်ဘေးရှောင် အသိုင်းအဝိုင်းတစ်ရပ်လုံးက သိရှိနေသည်။
ဓာတ်ပုံ – ယင်နီ ဂမ်းမင်း
“ကျွန်တော့်အတွက်တော့ အခြေအနေက လစ်လျူရှုလို့ မရတော့တဲ့ အခြေအနေမျိုး ဖြစ်လာတယ်။ တစ်ခုခုကို လုပ်ချင်မိခဲ့တယ်။ ဒါပေမဲ့ အခြေအနေတွေ ပိုဆိုးမသွားစေမယ့် နည်းလမ်းတစ်ရပ်နဲ့ ကြားဝင်ဆောင်ရွက်ရမယ့် ပုံစံမျိုးကို သိရှိဖို့တော့ ခက်တယ်” ဟု ဦးအောင်ထွေးက ဆိုသည်။
ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ UNFPA က ၎င်း၏စခန်းတွင်း၌ ကျားမကွဲပြားမှုအခြေပြု အကြမ်းဖက်မှု ပညာပေးလုပ်ငန်းများကို စတင်ဆောင်ရွက်ရာ အဖြေရှာရန် အခွင့်အလမ်း တစ်ရပ်ကို ဦးအောင်ထွေး တွေ့ရှိခဲ့တော့သည်။ ယခုအခါ ၎င်းကိုယ်တိုင် ဒုက္ခသည်စခန်းများတွင် တနေ့တခြား တိုးလာသော အိမ်တွင်းအကြမ်းဖက်မှု ဆန့်ကျင်တိုက်ဖျက်သည့် အမျိုးသားများအဖွဲ့၏ အဖွဲ့ဝင်တစ်ဦး ဖြစ်နေပေပြီ။
ကြိုတင်ကာကွယ်ခြင်းနှင့် ပြဿနာဖြေရှင်းခြင်း
ကျားမကွဲပြားမှုအခြေပြု အကြမ်းဖက်မှုများ ဆန့်ကျင်တိုက်ဖျက်ခြင်းကို ကြိုတင်ကာကွယ်ခြင်းနှင့် ပြဿနာဖြေရှင်းခြင်းဟူသော အဆင့်နှစ်ဆင့်ဖြင့် ဆောင်ရွက်သည်။
ပြဿနာဖြေရှင်းခြင်း – အကြမ်းဖက်မှုဒဏ် ခံစားနေရသော အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက် ဆေးဝါးကုသမှု၊ စိတ်ပိုင်းဆိုင်ရာနှင့် ဥပဒေကြောင်းဆိုင်ရာ ကူညီမှုများအပါအဝင် ဘေးကင်းလွတ်မြောက်မှုဗဟိုပြု ပြဿနာဖြေရှင်းခြင်းဆိုင်ရာ ဝန်ဆောင်မှုများ ရရှိရန်မှာ မရှိမဖြစ် လိုအပ်လှပေသည်။
ကြိုတင်ကာကွယ်ခြင်း – အိမ်တွင်းအကြမ်းဖက်မှုများ မဖြစ်အောင် ကြိုတင်ကာကွယ်ခြင်းမှာ ယင်း၏ အကျိုးဆက်များကို စီမံခန့်ခွဲခြင်းကဲ့သို့ပင် အရေးပါလှသည်။ အကြောင်းမှာ အိမ်တွင်းအကြမ်းဖက်မှုသည် ကြားဝင်မဖြန်ဖြေနိုင်သည့် တားမြစ်ချက်ဖြစ်နေ၍ မဖြစ်မနေ ပြောရသည့်အခါမှာလည်း လူအများက ယင်းကို ယေဘုယျဆန်သော အသုံးအနှုန်းများဖြင့်သာ ပြောဆိုကြသည်။ သို့တစေ ယင်းမှာ “မတော်တဆ ဖြစ်ပျက်သော” ကိစ္စရပ် မဟုတ်ပေ။ မကြာခဏဆိုသလို အမျိုးသားတစ်ဦးဖြစ်သူက များသောအားဖြင့် အမျိုးသမီးတစ်ဦးအား ရုပ်ပိုင်းအရသော်လည်းကောင်း၊ သို့မဟုတ် စိတ်ပိုင်းအရသော်လည်းကောင်း၊ သို့မဟုတ် ထိုနှစ်မျိုးစလုံးအရသော်လည်းကောင်း ရည်ရွယ်ချက်ရှိရှိ အန္တရာယ်ပေးခြင်းမျိုးဖြစ်သည်။ ထို့ကြောင့် ကျားမကွဲပြားမှုအခြေပြု အကြမ်းဖက်မှုများ ရပ်တန့်ရေးတိုက်ပွဲတွင် အမျိုးသမီးများနှင့် အမျိုးသားများ ပါဝင်ဆောင်ရွက်ခြင်းမှာ အလွန်တရာ အရေးကြီးရခြင်းဖြစ်သည်။
ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့သည် ယင်း၏ အမျိုးသမီးများနှင့် မိန်းကလေးငယ်များဆိုင်ရာ စင်တာများမှတဆင့် ပဋိပက္ခထူပြောသော ကချင်ပြည်နယ်အတွင်းမှ စစ်ဘေးရှောင် ဒုက္ခသည်စခန်း ၃၈ ခုတွင် နေထိုင်သည့် ပြည်သူများအတွက် ဆောင်ရွက်လျက်ရှိသော အမျိုးသမီး စေတနာ့ဝန်ထမ်းများနှင့်အတူ အမျိုးသား စေတနာ့ဝန်ထမ်းကွန်ရက်တစ်ခုကို ကူညီဖန်တီးပေးခဲ့ပြီးဖြစ်သည်။
အမျိုးသမီးများနှင့် မိန်းကလေးငယ်များဆိုင်ရာ စင်တာများနှင့် ချိတ်ဆက်ထားသော အမျိုးသား၊ အမျိုးသမီး စေတနာ့ဝန်ထမ်းများသည် ဒုက္ခသည်စခန်းများအတွင်း ပြောင်းလဲမှုများကို လက်တွဲဖော်ဆောင်လျက်ရှိသည်။ အော့က်စ်ဖန်အဖွဲ့က ကူပံ့သည့် အရှည်သဖြင့်တည်တံ့သော ငြိမ်းချမ်းရေးအစီအစဉ် Oxfam-supported Durable Peace programme ၏ ၂၀၁၆ ခုနှစ် အခြေခံနှိုင်းယှဉ်ချက် အစီရင်ခံစာတစ်စောင်တွင် အညွှန်းကိန်း အားလုံးနီးပါး၌ စစ်ဘေးရှောင်စခန်းများ၌ နေထိုင်ကြသူများသည် စခန်းပြင်ပ နေထိုင်သူများ၏ အခြေအနေထက် သိသိသာသာ ဆိုးရွားနေသော်လည်း ကျားမကွဲပြားမှုအခြေပြု အကြမ်းဖက်မှုမှာမူ သိသာထင်ရှားသော ခြွင်းချက်တစ်ခုဖြစ်သည်။ အိမ်တွင်းအကြမ်းဖက်မှုမှာ ကြောင်းကျိုးသင့်လျော်မှုရှိသည်ဟု စခန်းပြင်ပ၌ နေထိုင်ကြသူများက စစ်ဘေးရှောင်စခန်းတွင်း နေထိုင်ကြသူများထက် ပိုမိုလက်ခံကြသည်ကိုလည်း ထိုအစီရင်ခံစာက လေ့လာတွေ့ရှိခဲ့သည်။
ယခုအခါ အမျိုးသားတစ်ဦးက ၎င်း၏ဇနီးကို နိုင့်ထက်စီးနင်း ပြုကျင့်ကြောင်း တွေ့ရလျှင်သော်လည်းကောင်း၊ ကြားရလျှင်သော်လည်းကောင်း မည်သို့ဆောင်ရွက်ရမည်ကို သိရှိနေပါပြီဟု ဦးအောင်ထွေးက ပြောသည်။
“အဲ့ဒီအမျိုးသားကို ဘယ်လိုချဉ်းကပ်ရမယ်၊ ကျွန်တော်တို့ လူမှုအသိုင်းအဝိုင်းက ခေါင်းဆောင်တွေကို ဘယ်ပုံဘယ်နည်း ပါဝင်စေရမယ်ဆိုတာတွေကို ကျွန်တော်သိနေပါပြီ။ အိမ်တွင်းအကြမ်းဖက်မှုတွေကို ဆန့်ကျင်တိုက်ဖျက်နေတဲ့ အမျိုးသားတစ်ဦး ဖြစ်ရတာကို ကျွန်တော်ဂုဏ်ယူပါတယ်”
အောင်မင်း ဘာသာပြန်သည်။
(အယ်ဒီတာ့မှတ်ချက် – ဤဆောင်းပါးမှာ မြန်မာနိုင်ငံရှိ ကျားမကွဲပြားမှုအခြေပြု အကြမ်းဖက်မှုများကို မီးမောင်းထိုးပြရန် ရည်ရွယ်သည့် ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့နှင့် နှစ်ဦးနှစ်ဘက် ညှှိနှိုင်းဆောင်ရွက်မှုမှ ဒုတိယပိုင်း ဖြစ်ပါသည်။)