ကီလိုမီတာ ၇,၀၀၀ နီးပါးရှည်လျားပြီး အနောက်ဘန်ဂေါနှင့် ၎င်း၏ အရှေ့မြောက်ဘက် ပြည်နယ်များအား ဘင်္ဂလားဒေရှ့်နှင့် မြန်မာနိုင်ငံများဖြင့် ဆက်သွယ်ပေးမည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းတစ်ခုအား အိန္ဒိယနိုင်ငံက တည်ဆောက်ရန် စီစဉ်နေသည်ဟု သတင်းများက ဖော်ပြသည်။
အဆိုပါ ရည်ရွယ်ချက် ကြီးမားသည့် အစီအစဉ်ကို အိန္ဒိယနိုင်ငံပိုင် ရေနံနှင့် သဘာဝဓာတ်ငွေ့ကော်ပိုရေးရှင်း၏ အမှုဆောင်ဒါရိုက်တာဖြစ်သူ မစ္စတာအက်စ်စီဆိုနိကက ထရိုင်ပူရ၏ မြို့တော် အဂ္ဂါတလသို့ သြဂုတ် ၁၃ ရက်နေ့က လာရောက်စဉ် ချပြခဲ့ခြင်းဖြစ်သည်ဟု Hindustan Times သတင်းစာက ရေးသားထားသည်။
ကီလိုမီတာ ၆၉,၀၀ ကျော် ရှည်လျားမည့် အဆိုပါ ပိုက်လိုင်းသည် အနောက်ဘန်ဂေါရှိ စီလီဂူရီနှင့် ဒါဂါပူလ်တို့ကို ဆက်သွယ်မည်ဖြစ်ကာ အရှေ့မြောက်ပိုင်း ပြည်နယ်အများစုနှင့် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှ စစ်တွေနှင့် ဘင်္ဂလားဒေရှ့် ဆိပ်ကမ်းမြို့တော် စစ်တကောင်းတို့သို့လည်း ဆက်သွယ်ထားမည်ဖြစ်သည်။
အဆိုပါ ပိုက်လိုင်း စီမံချက်သည် အရှေ့မြောက်ပိုင်း ပြည်နယ်များမှ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုမိုထုတ်လုပ်ရန်နှင့် စွမ်းအင်ကို ပိုမိုအကျိုးရှိစွာ အသုံးချနိုင်ရန် ရည်ရွယ်သည့် အိန္ဒိယ၏ Hydrocarbon Vision 20130 ပေါ်လစီ၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။
စွမ်းအင်ကြွယ်ဝသည့် အရှေ့မြောက်ပိုင်းဒေသများရှိ ရေနံမြေများတွင် သဘာဝဓာတ်ငွေ့အမြောက်အများ ထွက်ရှိနေသော်လည်း သုံးစွဲသူများထံ ပေးပို့ပေးမည့် ပိုက်လိုင်းမရှိသောကြောင့် မီးရှို့ပစ်နေရသည်ဟု ဆိုနိက ပြောကြားသည်။
သဘာဝဓာတ်ငွေ့များကို အကျိုးရှိစွာ သုံးဆွဲနိုင်ရန် ပိုက်လိုင်းက ဆောင်ရွက်ပေးနိုင်မည်ဟုလည်း ၎င်းကပြောသည်။
စစ်တကောင်းတွင် သဘာဝဓာတ်ငွေ့ တင်ချစခန်းတစ်ခုအား ပူးတွဲတည်ဆောက်ရန် ဘင်္ဂလားဒေရှ့်ရေနံကော်ပိုရေးရှင်းနှင့် အိန္ဒိယ ရေနံကော်ပိုရေးရှင်းတို့ ပြီးခဲ့သည့် ဧပြီလက သဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက် ယခုကဲ့သို့ ဆိုနိက ထုတ်ပြန်ပြောကြားခြင်း ဖြစ်သည်။
အိန္ဒိယနှင့် ဘင်္ဂလားဒေရှ့် တာဝန်ရှိသူများသည် ယခုနှစ်နှောင်းပိုင်းတွင် အဂ္ဂါတလာတွင် တွေ့ဆုံကာ ပိုက်လိုင်းတည်ဆောက်ရေး အစီအစဉ်များကို အပြီးသတ် ဆွေးနွေးကြမည် ဖြစ်သည်။ အဆိုပါ ပိုက်လိုင်းက ဒီဇယ်နှင့် ဓာတ်ငွေ့အရည်များအပြင် သဘာဝဓာတ်ငွေ့များကိုပါ သယ်ပို့ပေးမည် ဖြစ်သည်။
ပိုက်လိုင်းအတွက် လမ်းကြောင်း ၁၃ ခုဖြင့် အရှည် ၆၉,၀၀ ကီလိုမီတာကို အဆိုပြုထားသည်ဟု Hindustan Times က ရေးသားထားသည်။
အရင်းအမြစ်များ လျော့နည်းလာသည်နှင့်အမ ျှ သဘာဝဓာတ်ငွေ့လိုအပ်ချက်မှာ ဘင်္ဂလားဒေရှ့်နိုင်ငံတွင် မြင့်မားလာခဲ့သည်ဟု ပိုက်လိုင်းနှင့် ပတ်သက်ပြီး ဒါကာမြို့ထုတ် Daily Star သတင်းစာ၏ သတင်းတွင် ဖော်ပြထားသည်။
ဘင်္ဂလားဒေရှ့်နိုင်ငံတွင် သဘာဝဓာတ်ငွေ့သိုက် ၁၃ ဒသမ ၂၂ ထီလျံ ကုဗပေရှိသည်ဟုလည်း ရေးသားထားသည်။
“တစ်ဖက်တွင်လည်း မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့သိုက် ကုဗပေ ၁၀ ထီလျံရှိနေသည်” ဟု သတင်းစာက ရေးသားထားသည်။