A police officer who fled Myanmar stands in a temporary shelter at an undisclosed location in India's northeastern state of Mizoram on March 13. Mizoram officials said in mid-March the state was harbouring at least 383 Myanmar public servants who had deserted their posts, of whom 98 percent claimed to be from the police and fire service. (AFP)
မြန်မာပြည်ကနေ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ ရဲအရာရှိတစ်ဦးကို မတ်၁၃ရက်က အခုလိုမြင်တွေ့ခဲ့ရပါတယ်။ CDMလှုပ်ရှားမှုမှာပါဝင်ပြီး ထွက်ပြေးလာတဲ့ မြန်မာအစိုးရဝန်ထမ်း ၃၈၃ဦးကို လက်ခံထားကြောင်းနဲ့ သူတို့ထဲက ၉၈ရာခိုင်နှုန်းဟာ ရဲတပ်ဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေဖြစ်ကြောင်း မီဇိုရမ်ပြည်နယ်အစိုးရ တာဝန်ရှိသူတွေက မတ်လလယ်မှာ ထုတ်ဖော်ပြာကြားခဲ့ဖူးပါတယ်။ (ဓာတ်ပုံ | အေအက်ဖ်ပီ)

အိမ်ကိုထားခဲ့ရလို့ လိပ်ပြာမလုံဖြစ်ကြရတဲ့ အိန္ဒိယရောက် မြန်မာများ

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲကို ကုန်းကြောင်းကနေ ထွက်ပြေးလာသူထောင်ပေါင်းများစွာ ခိုလှုံခွင့် ရဖို့အတွက် စေတနာ့ဝန်ထမ်းကွန်ရက်တွေနဲ့ နယ်စပ်တစ်ဘက်တစ်ချပ်စီမှာ နေထိုင်ကြတဲ့ မျိုးနွယ်စုတူ တိုင်းရင်းသားတွေ၊ ဆွေမျိုးတော်စပ်သူတွေက ကူညီခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့ထဲက တချို့ကတော့ စစ်အာဏာရှင်ဆန့်ကျင်တဲ့ တော်လှန်ရေးကြီးမှာ တစ်တပ်တစ်အားပါဝင်ဖို့ မြန်မာပြည်ထဲ ပြန်လာချင်နေ ကြပါတယ်။

အမ်မလီ ဖစ်ရှ်ဘိန်း နှင့် နုနုလုဆန်၊ ဖရွန်းတီးယားမြန်မာ

အီမာနူအယ်လ်တစ်ယောက် စစ်ကိုင်းတိုင်းဒေသကြီး အနောက်ဖက်က ချင်းတောင်တန်းတွေရဲ့ အခြေမှာရှိတဲ့ သူ့ဇာတိ ကလေးမြို့ဆီကို ရန်ကုန်ကနေ မတ်လကုန်မှာ ထွက်ပြေးခဲ့ရပါတယ်။ ဖေဖော်ဝါရီ၁ရက်စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့လို့ အဖမ်းခံရနိုင်ခြေရှိလို့ တိမ်းရှောင်နေဖို့ အိမ်နီးချင်းတွေက သတိပေးလိုက်တာကြောင့် အခုလိုထွက်ပြေးခဲ့တာပါ။

ဒါပေမဲ့ ကလေးမြို့ကလည်း သူ့အတွက် လုံခြုံတဲ့နေရာတစ်ခု မဖြစ်ခဲ့ပါဘူး။ အဲဒီရောက်နေတုန်းမှာလည်း အဖမ်းခံရနိုင်တယ်လို့ သူ့ကိုအသိမိတ်ဆွေတွေက သတိပေးကြပြန်ပါတယ်။

“ရန်ကုန်ပြန်ရင်လည်း အဖမ်းခံရနိုင်သလို ကလေးမှာနေပြန်တော့လည်း အဖမ်းခံရမှာ သေချာတယ်”လို့ အသက် ၂၆နှစ်ရှိပြီဖြစ်တဲ့ အီမာနူအယ်လ်က ပြောပါတယ်။ သူရဲ့လုံခြုံရေးအတွက် ဖရွန်းတီးယားမြန်မာက သူ့နာမည်အရင်းကို အသုံးမပြုဘဲ အီမာနူအယ်လ်လို့ အမည်လွှဲ အသုံးပြုထားပါတယ်။

ဆန္ဒပြပွဲတွေမှာ အတူပါဝင်ခဲ့တဲ့ ညီမဖြစ်သူနဲ့အတူ ကလေးမြို့မှာ တစ်ညတာအိပ်စက်ပြီး နောက်တစ်နေ့မှာတော့ အီမာနူအယ်လ်တို့နှစ်ယောက်ဟာ ပြွတ်သိပ်ကျပ်နေတဲ့ မီနီဗင်ကားတစ်စီးမှာ တခြားခရီးသည်တွေနဲ့အတူ လိုက်ပါပြီး အိန္ဒိယမြန်မာနယ်စပ်ကို ထွက်ခွာလာပါတယ်။

လူတစ်ဒါဇင်လောက်နီးပါးကို တင်လာတဲ့ မီနီဗင်ကားလေးဟာ အိန္ဒိယနယ်စပ်ကိုရောက်တော့ ညသန်းခေါင်ယံ အချိန်ရောက်နေပါပြီ။ ကားပေါ်ကနေ ဆင်းဆင်းချင်းပဲ ခပ်လှမ်းလှမ်းတစ်နေရာမှာ အိန္ဒိယနယ်ခြားစောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ တန်းစီသွားလာနေတာကို လှမ်းတွေ့လိုက်ရပါတယ်။

အနီးနားက အိမ်ခြံဝင်းကျယ်တစ်ခုထဲ ဝင်ပုန်းနေကြတဲ့အချိန် ခွေးဟောင်သံတွေ ရုတ်တရက်ထွက်ပေါ်လာတာကြောင့် အသက်တောင်ပြင်းပြင်းမရှူရဲဘဲ ငြိမ်နေကြရပြီး ခွေးဟောင်သံတွေ တဖြည်းဖြည်း ဝေးသွားတော့မှာ သက်ပြင်းချနိုင်ကြပါတယ်။

“ကျနော်တို့အိတ်တွေကိုသယ်ပြီး မြစ်ကိုဖြတ်ခဲ့ရတယ်။ လေက တိုက်နေတော့ အရမ်းအေးပါတယ်။ သွားရမယ့်နေရာက ကိုယ့်နိုင်ငံမဟုတ်သလို ကိုယ်မသိတာတွေလည်း အများကြီးပဲဆိုတော့ ကြောက်ကြောက်လန့်လန့်နဲ့ သွားခဲ့ရတယ်။ ကျနော်သိတာတစ်ခုပဲရှိတယ်။ မြစ်ကို ကူးပြီးရင် ကျနော်တို့ အိန္ဒိယနိုင်ငံထဲရောက်ပြီဆိုတာပါပဲ”လို့ သူက ပြောပါတယ်။

သူတို့ ဖြတ်ကူးခဲ့တဲ့ မြစ်ကနာမည်က ကီလိုမီတာ ၁,၆၀၀အရှည်ရှိတဲ့ အိန္ဒိယမြန်မာနယ်စပ်မျဉ်းရဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် စီးဆင်းနေတဲ့ Tiau မြစ်ဖြစ်ပါတယ်။ ရေတိမ်တဲ့အတွက် မြစ်ကိုခြေလျင်ဖြတ်ကူးပြီးနောက် အီမာနူအယ်လ်တို့လူတစ်စုဟာ အသင့်စောင့်နေတဲ့ နောက်ထပ်လိုင်းကားတစ်စီးနဲ့ နောက်ထပ် ၇နာရီကြာအောင် ခရီးဆက်ခဲ့ကြပါတယ်။

“ကျနော်တို့ဆီမှာ တစ်ယောက်မှ ပတ်စ်ပို့တွေ၊ ဘာတွေမရှိဘူး။ ဒါကြောင့် တောလမ်းကနေပဲ သွားကြရပါတယ်။ လမ်းကကြမ်းပြီး စစ်ဆေးရေးဂိတ်တွေလည်း ရှိပါတယ်။  ကျနော်တို့ကို လိုက်ပို့ပေးတဲ့လူတွေက ဂိတ်တွေမှာ ပိုက်ဆံပေးပြီး ခရီးဆက်ခဲ့ကြတယ်”လို့ သူကပြောပါတယ်။

အဖမ်းမခံရအောင် ရန်ကုန်ကနေ အိန္ဒိယဘက် ထွက်ပြေးရာမှာ အီမာနူအယ်လ်တစ်ယောက် ငွေ ကျပ် ၁၃၅,၀၀၀ဝန်းကျင် ကုန်ကျခဲ့ပါတယ်။ ရန်ကုန်ကနေ ကလေးကို အဝေးပြေးကားလက်မှတ်ခက ၈၀,၀၀၀ကျပ် ပေးရပြီး အိန္ဒိယနယ်စပ်အထိ လိုင်းကားခ ၃၀,၀၀၀ကျပ် ပေးခဲ့ရပါတယ်။ သူသွားလိုတဲ့ မီဇိုရမ်ပြည်နယ်ရဲ့ မြို့တော် အိုင်ဇော်လ်ကိုရောက်ဖို့တော့ ကားခ ၂၅,၀၀၀ပေးခဲ့ရကြောင်း သူကဆိုပါတယ်။

မြန်မာပြည်ကထွက်ပြေးလာသူတွေကို နွေးနွေးထွေးထွေး ဆက်ဆံကြိုဆိုနေတဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ မြို့တော်အိုင်ဇော်လ်ရဲ့ ရှုခင်းအလှ။ (ထန်းသဲ | ဖရွန်းတီးယားမြန်မာ)

အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာခြင်း

အီမာနူအယ်လ်တစ်ယောက် မြန်မာပြည်က ထွက်ပြေးဖို့ကြိုးစားရာမှာ အိန္ဒိယနိုင်ငံ၊ အိုင်ဇော်လ်မြို့ကို ရွေးချယ်ခဲ့တဲ့ အဓိက အကြောင်းအရင်းကတော့ အဲဒီမှာ သူ့ဆွေမျိုးတွေရှိနေလို့ပါပဲ။ အီမာနူအယ်လ်လိုပဲ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ချင်းပြည်နယ်အတွင်းက ချင်းလူမျိုးအများစုဟာလည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ ဖမ်းဆီး၊ ဖိနှိပ်မှုတွေကြောင့် သူတို့ရဲ့ဆွေမျိုးဉာတိတွေရှိရာ အိန္ဒိယမြန်မာနယ်စပ်က ပြည်နယ်လေးခုဖြစ်တဲ့ မီဇိုရမ်၊ အာရွန်နာချယ်လ်ပရာဒေ့ရှ်၊ နာဂလန်းနဲ့ မဏီပူရ်တွေဆီကို ထွက်ပြေးတိမ်းရှောင်ကြပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ် နှစ်ဘက်စလုံးမှာနေထိုင်တဲ့ လူမျိုးစုတွေကို ဘုံနာမည်တစ်ရပ်နဲ့ ခေါ်ဆိုတာမျိုးမရှိပေမဲ့ ချင်းအနွယ်ဝင်တွေအဖြစ် အများစုကတော့ ကိုယ့်ကိုယ်ကို ဇို၊ လိုင်မီး၊ မီဇို၊ ကူကီး (သို့မဟုတ်) ဇိုမီးမျိုးနွယ်စုတွေ အဖြစ် သတ်မှတ်ခေါ်ဆိုကြပါတယ်။ အာဏာသိမ်းမှုအလွန် မြန်မာပြည်တွင်းမှာ စစ်ကောင်စီရဲ့ နိုင်ငံရေး ဖိနှိပ်မှုတွေ ပြင်းထန်လာချိန်မှာတော့ အခုလိုနယ်စပ်ဖြတ်ကျော်ပြီး တစ်ဘက်ကဆွေမျိုးတွေဆီ ထွက်ပြေး တိမ်းရှောင်လာကြပါတယ်။

ထွက်ပြေးတိမ်းရှောင်လာသူတွေကို အိန္ဒိယနိုင်ငံထဲက ဆွေမျိုးတွေ၊ ဒေသခံတွေကလည်း ပျူပျူငှာငှာနဲ့ ကြိုဆိုလက်ခံကြပါတယ်။ နယူးဒေလီက ဗဟိုအစိုးရက လက်မခံတဲ့ သဘောမှာရှိပေမဲ့ မီဇိုရမ်ပြည်နယ်အစိုးရကတော့ ထွက်ပြေးတိမ်းရှောင်လာတဲ့ နိုင်ငံရေးအရ အဖိနှိပ်ခံမြန်မာ နိုင်ငံသားတွေကို ဆက်လက်ကူညီပေးနေပါတယ်။

ဒါပေမဲ့ နယ်စပ်ဖြတ်ကျော်ပြီး တစ်ဘက်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်ကြသူတိုင်းကတော့ အီမာနူအယ်လ်တို့လို အိန္ဒိယနိုင်ငံဘက်အခြမ်းမှာ မိသားစုဝင်တွေ၊ ဆွေမျိုးတွေ ရှိမနေပါဘူး။ အဲဒီထဲမှာ အာဏာသိမ်းစစ်တပ် တိုင်းပြည်ကို အုပ်ချုပ်လို့မရအောင် လုပ်ငန်းခွင်စွန့်ခွာ၊ ငြိမ်းချမ်းစွာအမိန့်ဖီဆန်တဲ့ (CDM) လှုပ်ရှားမှုမှာပါဝင်ပြီး လိုက်လံဖမ်းဆီးခံနေရတဲ့ ရာနဲ့ချီတဲ့ အစိုးရဝန်ထမ်းတွေလည်း ပါဝင်ပါတယ်။ တစ်ချိန်တည်းမှာပဲ အခုလို ထွက်ပြေးလာကြသူတွေကို နေစရာ၊ စားစရာနဲ့ အကာအကွယ်ပေးနိုင်ဖို့ လိုက်လံကူညီတဲ့ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းတွေလည်း မီဇိုရမ်မှာ အလျှိုလျှို ထွက်ပေါ်လာပါတယ်။

ထွက်ပြေးလာတဲ့ အစိုးရဝန်ထမ်းအများစုဟာ ရဲတပ်ဖွဲ့ဝင်တွေဖြစ်ပြီး မီးသတ်၊ ကျောင်းဆရာ၊ ဆရာမတွေနဲ့ ဆရာဝန်တွေလည်းပါဝင်တယ်လို့ အိုင်ဇော်လ်က စေတနာ့ဝန်ထမ်းအဖွဲ့တစ်ဖွဲ့ကို ဦးစီးနေတဲ့ ဆလိုင်းငါပန်က ဖရွန်းတီးယားမြန်မာကို ပြောပါတယ်။ လုံခြုံရေးကြောင့် သူ့နာမည်ကိုလည်း အမည်လွှဲအသုံးပြုထားပါတယ်။ CDMလှုပ်ရှားမှုမှာပါဝင်ပြီး ထွက်ပြေးလာတဲ့ မြန်မာအစိုးရဝန်ထမ်း ၃၈၃ဦးကို လက်ခံထားကြောင်းနဲ့ သူတို့ထဲက ၉၈ရာခိုင်နှုန်းဟာ ရဲတပ်ဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေဖြစ်ကြောင်း မီဇိုရမ်ပြည်နယ်အစိုးရ တာဝန်ရှိသူတွေက မတ်လလယ်မှာ ထုတ်ဖော်ပြာကြားခဲ့ဖူးပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ၁ရက်နောက်ပိုင်း အိန္ဒိယနိုင်ငံထဲ ထွက်ပြေးခိုလှုံကြတဲ့ မြန်မာနိုင်ငံသား အရေအတွက်ကို အတိအကျမသိရပေမဲ့ ဆလိုင်းငါပန်ကတော့ မီဇိုရမ်ထဲ ဝင်ရောက်ခိုလှုံသူဦးရေ ၃,၈၀၀ကျော်လိမ့်မယ်လို့ ခန့်မှန်းပါတယ်။ နောက်ထပ် လူအယောက်၂,ဝဝဝလောက် နယ်စပ်ဖြတ်ပြီး ထပ်ဝင်လာပေမဲ့ အိန္ဒိယနိုင်ငံအတွင်း တစ်ကျော့ပြန်ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ကပ်ရောဂါကြောင့် သူတို့ကို ရောက်ရှိရာ နယ်စပ်ဒေသကနေ တခြားနေရာတွေကို အသွားအလာကန့်သတ်ခဲ့တယ်လို့ သူကဆိုပါတယ်။

ဖေဖော်ဝါရီ၁ရက်၊ အာဏာသိမ်းတဲ့အချိန်ကစလို့ အိန္ဒိယနိုင်ငံထဲ​ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားဦးရေဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာ ၁၅,၀၀၀ ကျော်သွားပြီဖြစ်ကြောင်း အိန္ဒိယအာဏာပိုင်တွေကို ကိုးကားပြီး နိုင်ငံတကာသတင်းတွေမှာ ရေးသားဖော်ပြပါတယ်။

ဖမ်းဆီးခံရမှာစိုးလို့ ကလေးမြို့ကနေ ထွက်ပြေးသူဦးရေဟာ ဧပြီ၇ရက်နောက်ပိုင်း ပိုများလာတယ်လို့ မြို့ခံတက်ကြွလှုပ်ရှားသူ မစိုးစန္ဒာသူ (အမည်လွှဲ)က ဆိုပါတယ်။ အဲဒီနေ့မှာ စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့တွေဟာ လူ၁၁ဦး သေတဲ့အထိ ကလေးမြို့က ဆန္ဒပြပွဲတွေကို ကြမ်းကြမ်းတမ်းတမ်းဖြိုခွင်းခဲ့ပါတယ်။ ဒီအကြမ်းဖက် နှိမ်နှင်းမှုမတိုင်ခင် အမဲလိုက်သေနတ်၊ လက်လုပ်သေနတ်တွေကိုင်ဆောင်ပြီး ဒေသခံတွေနဲ့ဖွဲ့စည်းထားတဲ့ ကလေးပြည်သူ့ကာကွယ်ရေးတပ် (Kalay Civil Army)ဟာ ဆန္ဒပြခံတပ်စခန်းတစ်ခုကို ၁၀ရက်ကြာအောင် ကာကွယ်နိုင်ခဲ့ပါတယ်။​ ဒါ့ပြင် သူတို့ဖမ်းဆီးခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်ခုနှစ်ဦးကိုလည်း ဖမ်းခံရတဲ့ ဒေသခံကိုးဦးနဲ့ အလဲအလှယ် လုပ်နိုင်ခဲ့ပါတယ်။

သပိတ်ခံတပ်စခန်း အကြမ်းဖက်ဖြိုခွင်းခံရပြီး KCA အဖွဲ့ကို ချေမှုန်းခံရတဲ့ နောက်ပိုင်း စစ်ကောင်စီဟာ လက်ကျန်အဖွဲ့ဝင်တွေကို လိုက်လံရှာဖွေ ဖမ်းဆီးပါတော့တယ်။ ဒါပေမဲ့ အဖမ်းမခံရဘဲ ကျန်နေတဲ့ KCA အဖွဲ့ဝင်တွေဟာ နည်းဗျူဟာပြောင်းပြီး စစ်ကောင်စီကို ဆက်လက်တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ သပိတ်ခေါင်းဆောင်တစ်ဦးက ဖရွန်းတီးယားမြန်မာကို ပြောပါတယ်။

ဧပြီလကုန် သူထွက်မလာခင်အချိန်အထိ ကလေးမြို့ရဲ့လမ်းမတွေဟာ ညတိုင်းလိုလို သေနတ်သံတွေ ဖုံးလွှမ်းနေခဲ့ပြီး ခြောက်ခြားစရာကောင်းတယ်လို့ မစိုးစန္ဒာသူက ပြောပါတယ်။ အရင်က ကလေးကနေ အိန္ဒိယမြန်မာနယ်စပ်ကိုပြေးဆွဲတဲ့ လိုင်းကားအရေအတွက်ဟာ တစ်ရက်မှာ တစ်စီး၊​ နှစ်စီးသာရှိခဲ့ပေမဲ့ ဧပြီ၇ရက်ဖြိုခွင်းမှုနောက်ပိုင်း တစ်ရက်ကို အနည်းဆုံး ငါးစီး၊​ ခြောက်စီးအထိ ရှိလာပါတယ်။ လူတချို့ကတော့ အငှားယာဉ်တွေ၊ မော်တော်ဆိုင်ကယ်တွေနဲ့ ကလေးမြို့ကို စွန့်ခွာပြီး ထွက်ပြေးကြရပါတယ်။

မီဇိုရမ်ပြည်နယ်အတွင်းက လိပ်စာမသိရတဲ့ တစ်နေရာမှာ ခိုလှုံနေတဲ့ တပ်မတော်စစ်သားတစ်ဦးကို မတ်၁၃ရက်မှာ အခုလိုတွေ့ခဲ့ရပါတယ်။ (ဓာတ်ပုံ | အေအက်ဖ်ပီ)

‘တာဝန်မကျေဘူးလို့ ခံစားရတယ်’

ဒီချိန်မြန်မာနိုင်ငံကိုပြန်လာရင် ဖမ်းခံရနိုင်ပေမဲ့ အိန္ဒိယနိုင်ငံထဲ ခိုလှုံနေတဲ့ မြန်မာနိုင်ငံသားတစ်ချို့ကတော့ သိပ်မကြာခင် အိမ်ပြန်လာပြီး စစ်တပ်အုပ်ချုပ်မှုကို ဆန့်ကျင်သွားမယ်လို့ ပြောပါတယ်။ ဒီလိုဆိုလာသူတွေကတော့ မစိုးစန္ဒာသူ၊ အီမာနူအယ်လ်နဲ့ ချင်းပြည်နယ်၊ မြို့တော်ဟားခါးကနေ ထွက်ပြေးလာပြီး မီဇိုရမ်မှာ ခိုလှုံနေတဲ့ CDM လှုပ်ရှားမှုဝန်းရံသူတစ်ဦးတို့ပဲ ဖြစ်ပါတယ်။

ဖက်ရှင်ဒီဇိုင်နာနဲ့ မော်ဒယ်တစ်ယောက်ဖြစ်တဲ့ အီမာနူအယ်လ်ကတော့ ရန်ကုန်က သူနေထိုင်ခဲ့ရာ စမ်းချောင်းမြို့နယ်ကို အဝေးကနေ လွမ်းဆွတ်တမ်းတနေပါတယ်။ စမ်းချောင်းမှာ လူငယ်တွေ ရဲရဲတောက် ချီတက်ပြီး စစ်အာဏာရှင်အုပ်ချုပ်မှုကို ဆန့်ကျင်ခဲ့ကြတဲ့ ဆန္ဒပြပွဲအငွေ့အသက်တွေဟာ အခုချိန်အထိ သူ့အတွက်တော့ လတ်ဆတ်နေတုန်းပါပဲ။ တကယ်တော့ အီမာနူအယ်လ်နေထိုင်ခဲ့တဲ့ စမ်းချောင်းမြို့နယ်ဟာ ဆန္ဒပြပွဲတွေ အကြမ်းဖက်ဖြိုခွင်းမခံရခင် အချိန်တုန်းက နေ့တိုင်းလိုလို သပိတ်တွေရှိပြီး စစ်အာဏာသိမ်းမှုကို အားကောင်းကောင်းနဲ့ ဆန့်ကျင်နေခဲ့တာပါ။ သူကတော့ ဖေဖော်ဝါရီ၉ရက်မှာ စပြီး ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

“တချို့ရက်တွေမှာဆိုရင် ကျနော်နားဖို့ စဉ်းစားပါသေးတယ်။ ဒါပေမဲ့ နေ့ခင်းပိုင်းလောက်ရောက်လာရင် ကိုယ့်ကိုယ်ကို လိပ်ပြာမလုံသလို ခံစားရလာတယ်။ ကိုယ့်တာဝန်ကိုယ်မကျေဘူးလို့ ခံစားရလာတယ်။ ဒါကြောင့် ကျနော်နေ့တိုင်း ဆန္ဒထွက်ပြဖြစ်တယ်။ ပင်ပန်းပေမဲ့ လုပ်သင့်လုပ်ထိုက်တာကို လုပ်တာဖြစ်လို့ ကိုယ့်ကိုယ်ကို အားရကျေနပ်မိတယ်”လို့ အီမာနူအယ်လ်က ပြောပါတယ်။

မတ်လမှာ စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်တွေက စမ်းချောင်းက သူနေတဲ့ တိုက်ခန်းကို ဝင်စီးခဲ့ပါတယ်။ အိမ်နီးချင်းတွေရဲ့ကောင်းမှုနဲ့ ကြိုသတင်းရထားတာကြောင့် ဆန္ဒပြပွဲတွေမှာပါဝင်တဲ့ ညီမတစ်ယောက်နဲ့ သူနဲ့ သူငယ်ချင်းတစ်ယောက်အိမ်ကို အချိန်မီရှောင်တိမ်းလိုက်နိုင်ပြီး အာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုက လွတ်မြောက်ခဲ့ပါတယ်။ နောက်ထပ်ဒုတိယ မွေးချင်းမောင်နှမတစ်ဦးကတော့ သူတို့တိုက်ခန်းမှာ ကျန်ရစ်ခဲ့ပါတယ်။

နောက်နေ့တွေမှာ သူဟာ ဆန္ဒပြပွဲတွေမှာ ဆက်ပါခဲ့ပြီး သပိတ်တွေမှာ သူဦးဆောင်ကြွေးကြော်နေတဲ့ ရုပ်သံဖိုင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်ထဲရောက်နေပြီလို့ အသိတစ်ယောက်က လာသတိပေးတဲ့အချိန်မှာတော့ ထွက်ပြေးဖို့ စီစဉ်ရပါတော့တယ်။ သူမွေးထားတဲ့ ခွေးလေးကို အစ်ကိုတစ်ယောက်ဆီမှာ အပ်ထားခဲ့ပြီး သူတို့မောင်နှမတွေ ကလေးမြို့ကို ထွက်ခွာလာကြပါတယ်။

ကလေးမြို့ကို ရောက်တဲ့အချိန်မှာ အီမာနူအယ်လ်တစ်ယောက် ရုတ်တရက် သူ့မြို့ကိုသူ ပြန်မမှတ်မိလောက်အောင် မြို့က တိတ်ဆိတ်ခြောက်ကပ်နေပါတယ်။ ဆိုင်တွေ၊ ဈေးတွေ တော်တော်များများ ပိတ်ထားပြီး လူငယ်တွေဟာ နောက်ဖမ်းလမ်းကြားတွေကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပျောက်ကျားစနစ်နဲ့ ခုခံတိုက်ခိုက်နေကြပါတယ်။ သူတို့ ကလေးမြို့ရောက်ပြီး သိပ်မကြာခင်မှာပဲ ရန်ကုန်ကလာတဲ့သူတွေကို ဖမ်းမယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်လာပါတယ်။ တစ်ရက်တော့ သူတို့အိမ်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ရောက်လာပြီး ဆန္ဒပြပွဲတွေမှာပါခဲ့တဲ့ သူတို့မောင်နှမတွေ ကလေးမြို့ကနေ အိန္ဒိယကိုဖြစ်ဖြစ် အမြန်ဆုံးထွက်ပြေးကြဖို့ လာသတိပေးခဲ့ပါတယ်။

အိုင်ဇော်လ်က သူတို့ကိုလက်ခံထားတဲ့ ဆွေမျိုးတွေဟာ မြန်မာပြည်ကထပ်ရောက်လာတဲ့ တခြားသူတွေကိုလည်း ခိုလှုံခွင့်ပေးထားပါတယ်။ “မီဇိုရမ်မှာ အမျိုးမရှိဘူးဆိုတဲ့ ချင်းလူမျိုး သိပ်မရှိဘူးထင်တာပဲ။ အခုတော့ အိမ်တိုင်းလိုလိုက ဧည့်သည်ကိုယ်စီနဲ့ဖြစ်နေတယ်”လို့ အီမာနူအယ်လ်က ပြောပါတယ်။

ကိုဗစ်လော့ခ်ဒေါင်းကြောင့် ငြိမ်နေရတဲ့အပြင် အစစ၊ အရာရာ ဆွေမျိုးတွေအပေါ် အားကိုးနေရတာကြောင့် ရန်ကုန်မှာကျန်ခဲ့တဲ့ စမ်းချောင်းဆန္ဒပြအဖွဲ့နဲ့ လိုင်းပေါ်မှာဆုံတဲ့အခါတိုင်း လိပ်ပြာမလုံသလို ခံစားရတယ်လို့ အီမာနူအယ်လ်က ဆိုပါတယ်။ “ကျနော့်သူငယ်ချင်းတွေက မေးတယ်။ ‘မင်းကြောက်လို့ ထွက်ပြေးနေတာလား’ ဆိုပြီးတော့။ ကျနော်က ဒီရောက်နေပြီဆိုတော့ သူတို့ပြောတော့လည်း ခံရတာပဲ”လို့ သူက ပြောပါတယ်။

အိုင်ဇော်လ်မှာ တစ်ရက်ကို မြန်မာငွေ ကျပ်၇,၈၀၀နဲ့ညီမျှပြီး ဆေးလိပ်လိပ်ရတဲ့ နေ့စားအလုပ်တစ်ခုမှာ လူလိုနေကြောင်း သတင်းကြားခဲ့ပေမဲ့ သူကတော့ မြန်မာပြည်ကိုပြန်လာပြီး စစ်အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်ဖို့ ပြင်ဆင်နေကြောင်း အီမာနူအယ်လ်က ပြောပါတယ်။

“ဒီကိုထွက်လာတာ မှားပြီလားလို့တောင် တစ်ခါတလေ ထင်မိတယ်။ ကျနော်သာ မြန်မာပြည်မှာကျန်ခဲ့ရင် မလုံခြုံရင်တောင်မှ နေ့တိုင်းထွက်ပြီးဆန္ဒပြလို့ရရင် ကျနော်ပျော်နေမှာပဲ။ ကျနော် ဆန္ဒပြတဲ့အခါ နိုင်ငံသားတစ်ယောက်ရဲ့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်တယ်လို့ ခံစားရတယ်”

မြန်မာပြည်ကနေ သိပ်မကြာသေးခင်ကမှ​ ရောက်ရှိလာတဲ့ မိသားစုတစ်စုဟာ သူတို့ဆွေမျိုးတွေနဲ့အတူ ရုပ်မြင်သံကြားကြည့်ရှုနေတာကို အခုလိုမြင်တွေ့ခဲ့ရပါတယ်။ (ထန်းသဲ | ဖရွန်းတီးယားမြန်မာ)

ထင်သလောက်မလွယ်တဲ့ ပြည်ပကဘဝ

ဟားခါးမြို့က ချင်းလူမျိုးဆရာဝန်တစ်ဦးဖြစ်တဲ့ ခါးသဲဟာလည်း သတိပေးခံရပြီး သိပ်မကြာခင်မှာပဲ အိန္ဒိယကို ထွက်လာခဲ့ပါတယ်။ ဇူလိုင်လမှာ နိုင်ငံခြားတက္ကသိုလ်တစ်ခုကပေးအပ်တဲ့ ပညာတော်သင်ဆုနဲ့ မဟာတန်းသွားတက်ဖို့ ပြင်ဆင်ခဲ့ပေမဲ့ အခုတော့ သူ့အစီအစဉ်အားလုံး ဖြစ်လာအုံးမလားဆိုတာတောင် မသိတော့ပါဘူး။

စစ်အာဏာသိမ်းပြီး သိပ်မကြာခင် ဖေဖော်ဝါရီလအတွင်းမှာပဲ ဒေါက်တာခါးသဲဟာ ဟားခါးမှာ အစိုးရဝန်ထမ်း ၉၀ရာခိုင်နှုန်းကျော်ပါဝင်တဲ့ CDMလှုပ်ရှားမှုတစ်ခုကို ကူညီပံ့ပိုးပေးခဲ့ပါတယ်။ CDM ဝန်ထမ်းတွေကို ကူညီပေးနေတဲ့ ကွန်ရက်တစ်ခုနဲ့လှုပ်ရှားခဲ့ပြီး အထူးသဖြင့် CDMဝင်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အိန္ဒိယဘက် ထွက်ပြေးတိမ်းရှောင်လို့ရအောင် ကူညီပေးခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဝင် ၁၆၀ကျော်အပါအဝင် လူပေါင်း၂၀၀နီးပါး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးနိုင်အောင် ကူညီပေးခဲ့တယ် ခါးသဲက ဆိုပါတယ်။ ဒီလိုကူညီနေတာကြောင့် မတ်လဆန်းပိုင်းမှာ သူကိုယ်တိုင်လည်း အဖမ်းခံရမယ့်အဖြစ်က ပွက်ကာသီကာ လွတ်မြောက်ခဲ့ပါတယ်။ သူတို့ကူညီလိုက်တဲ့ ရဲတပ်ဖွဲ့ဝင်တချို့ နယ်စပ်မရောက်ခင် အဖမ်းခံလိုက်ရတဲ့အခါမှာ သတင်းပေါက်ကြားသွားပြီး နောက်တစ်နေ့ ရဲတပ်ဖွဲ့က သူ့အိမ်ကို ဝင်ရောက်စီးနင်း ရှာဖွေခဲ့ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အိမ်ရှေ့ဘက်က ဝင်လာတဲ့အချိန်မှာ ခါးသဲဟာ နောက်ဖေးပေါက်ကနေ အမြန်ထွက်ပြေးခဲ့ရပါတယ်။ ရဲတပ်ဖွဲ့က အိမ်မှာကျန်နေခဲ့တဲ့ သူ့သူငယ်ချင်းကိုပဲ ခါးသဲအထင်နဲ့ ဖမ်းဆီးသွားပါတယ်။ လူမှားဖမ်းမိလို့ သူ့သူငယ်ချင်းကို ပြန်လွှတ်ပေးလိုက်တဲ့ အချိန်မှာတော့ ခါးသဲတစ်ယောက် ဟိုးအဝေးတစ်နေရာကို ရောက်နေပါပြီ။

ဟားခါးကနေ အိန္ဒိယနယ်စပ်ကို ရောက်ဖို့ဆိုရင် ပုံမှန်အားဖြင့် မော်တော်ဆိုင်ကယ်နဲ့ လေးနာရီကြာအောင် မောင်းရပါတယ်။ ဒါပေမဲ့ ခါးသဲရဲ့ လျှို့ဝှက်ခရီးကြမ်းကတော့ ၁၁နာရီတိတိကြာမြင့်ခဲ့ပါတယ်။ နယ်စပ်ကိုဖြတ်ပြီး အိန္ဒိယထဲအရောက်မှာ သူကားတစ်စီးငှားလိုက်ပြီး အိုင်ဇော်လ်ဘက်ကို ထွက်လာပါတယ်။ ခါးသဲဟာ အိုင်ဇော်လ်က အမျိုးအိမ်တစ်အိမ်မှာပဲနေပြီး စားဖို့၊ သောက်ဖို့ကိစ္စအဝဝ သူတို့က တာဝန်ယူပေးထားပါတယ်။

တရားဝင်အထောက်အထား ဘာတစ်ခုမှမရှိပေမဲ့ မီဇိုရမ်မှာနေရတာ အတိုင်းအတာတစ်ခုအထိ လုံခြုံတယ်လို့ ခံစားရကြောင်း သူက ဖရွန်းတီးယားမြန်မာကို ပြောပါတယ်။ “သူတို့ (ဒေသခံ)တွေက ကျနော်တို့ မြန်မာပြည်ကမှန်းသိတယ်။ အခုလက်ရှိအခြေအနေတွေကို နားလည်ပေးတယ် … သူတို့ဟာ အတော်လေး ကူညီတတ်သလို ကြိုလည်းကြိုဆိုတယ်။ သူတို့အိမ်တွေမှာ နေခွင့်ပေးတယ်”လို့ ခါးသဲက ပြောပါတယ်။

လက်ရှိအချိန်မှာ သူက CDM လှုပ်ရှားမှုတွေအတွက် ရန်ပုံငွေ ကူရှာပေးနေပေမဲ့ သူ့ရဲ့အနာဂတ် ဘာဆက်ဖြစ်မလဲဆိုတာ စဉ်းစားလိုက်တိုင်း ရင်ပူတယ်လို့ ခါးသဲကဆိုပါတယ်။ ဟားခါးကနေ ထွက်လာပြီး ရက်ပိုင်းအတွင်းမှာပဲ စစ်ကောင်စီက သူ့ကို ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။ ဒါကြောင့် သူမြန်မာပြည်ကို ပြန်သွားပြီး နိုင်ငံခြားပညာတော်သင်အစီအစဉ်အတွက် ပြင်ဆင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်နီးပါး ဖြစ်နေပါပြီ။

“ကျောင်းလျှောက်ပြီး အရွေးခံရဖို့ဆိုတာက အိပ်မက်တစ်ခု လက်တွေ့ဖြစ်လာတာမျိုးပေါ့။ အခုတော့ ကျနော်က ဒီမှာပိတ်မိနေပြီ။ ဒီကနေ ဘယ်လိုလုပ်ရင် အဲဒီ (ကျောင်းတက်မယ့်နေရာ)ကို သွားလို့ရမလဲဆိုတာ အချိန်ရှိတိုင်း ဒီကိစ္စပဲ စဉ်းစားနေမိတယ်။ အတော်လေး စိတ်ပင်ပန်းတယ်”လို့ ခါးသဲက ပြောပါတယ်။

ဒါပေမဲ့ သူဟာ အခုချိန်မှာတော့ တစ်နည်းနည်းနဲ့ ဗီဇာရ၊ နိုင်ငံခြားထွက်ပြီး ကျောင်းတက်လို့ရရင်တောင် ဒီအိပ်မက်ကို စွန့်လွှတ်ဖို့ စဉ်းစားနေပါပြီ။ တကယ်လို့ ချင်းပြည်နယ်ထဲမှာသာ စစ်ထဖြစ်ခဲ့ရင် ဒဏ်ရာရတဲ့သူတွေကို ကူညီဖို့ ပရဟိတဆေးကုအဖွဲ့တစ်ခုတည်ထောင်ကြမယ်လို့ သူငယ်ချင်းတချို့နဲ့ အခုတလော တိုင်ပင် ဆွေးနွေးနေကြပါတယ်။ “ကျနော်နိုင်ငံခြား ကျောင်းသွားတက်တုန်း တကယ်လို့ ပြည်တွင်းစစ် ထဖြစ်လာရင် ဘာဆက်ဖြစ်မလဲ။ ကျနော် ကိုယ့်ဆုံးဖြတ်ကြောင့် ကိုယ့်ကိုယ်ကို နောင်တရတာမျိုး မဖြစ်ချင်ဘူး”လို့သူက ပြောပါတယ်။

ကလေးမြို့က တက်ကြွလှုပ်ရှားသူ မစိုးစန္ဒာသူကလည်း သူ့မြို့လေးကိုထားခဲ့ရပြီး ကိုယ်လွတ်ရုန်းလာရတဲ့အပေါ် လိပ်ပြာမလုံဘူးလို့ ခံစားနေရပါတယ်။ ကလေးမြို့မှာ တတ်နိုင်သလောက် အကြာကြီးနေမယ်လို့ စိတ်ပိုင်းဖြတ်ခဲ့ပေမဲ့ ဧပြီလကုန်မှာ သူဟာ စစ်ကောင်စီရဲ့ ပစ်မှတ်ဖြစ်လာပါတယ်။

“ကျမအိမ်မှာ ကျမကိုလာမဖမ်းသရွေ့ ဒီနိုင်ငံထဲမှာပဲနေမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ဒါပေမဲ့ ကျမသာ ထောင်ထဲ ရောက်သွားရင် သူတို့ကို ပြန်တိုက်နိုင်မှာမဟုတ်တော့ဘူး”လို့ မစိုးစန္ဒာသူက အိန္ဒိယနယ်စပ်ကို မထွက်ခွာခင် တစ်ရက်အလိုမှာ ဖရွန်းတီးယားမြန်မာကို ပြောကြားခဲ့ပါတယ်။ အာဏာပိုင်တွေက သူ့နေအိမ်ကို ဓာတ်ပုံလာရိုက်သွားတာကြောင့် ဖမ်းခံရတော့မယ့် အန္တရာယ်အနံ့ရတာနဲ့ တစ်ပြိုင်နက် အိမ်ကနေ သူထွက်ပြေးရပါတော့တယ်။

အသက်နှစ်နှစ်ပဲရှိသေးတဲ့ သားငယ်ကိုရင်ဝယ်ပိုက်ပြီး ဆန်အိတ်တစ်ထုပ်၊ နို့မှုန့်တစ်ထုပ်၊ မီဇိုရမ်က ဆွေမျိုးတွေအတွက် လက်ဆောင်တစ်ချို့နဲ့အတူ ခင်ပွန်းသည်ကို လက်ပြနှုတ်ဆက်ပြီး နယ်စပ်ကို ဘတ်စ်ကားတစ်စီးနဲ့ သူပြေးထွက်ခဲ့ပါတယ်။

မီဇိုရမ်ရောက်ပြီး ရက်အတန်အကြာမှာ မြန်မာပြည်ကလာတဲ့သူတွေအတွက် ဒေသခံပရဟိတအဖွဲ့တစ်ခု ငှားရမ်းပေးတဲ့၊ အိုင်ဇော်လ်ကနေ မိုင်၅၀လောက်ဝေးတဲ့ နေရာတစ်ခုက ခြံဝင်းကျယ်ကြီးတစ်ခုကို ဆွေမျိုးတွေဆီကနေ ပြောင်းရွှေ့ခဲ့ပါတယ်။

စစ်အုပ်ချုပ်မှုဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ မပါဝင်နိုင်တဲ့အတွက် “စိတ်မဖြောင့်ဘူး”လို့ မစိုးစန္ဒာသူက ပြောပါတယ်။ တစ်လအတွင်း အိမ်ပြန်ဖို့လည်း သူကပြင်ဆင်နေပါတယ်။

“သူများတွေဘဝပျက်နေတဲ့အချိန်မှာ ကိုယ်ကအိမ်နဲ့အဝေးရောက်နေရတာကို ဘဝင်မကျဘူး”လို့ သူက ပြောပါတယ်။

အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေ အိန္ဒိယနိုင်ငံထဲ ဝင်ရောက်လာပြီးတဲ့နောက်ပိုင်း မီဇိုရမ်ပြည်နယ်အတွင်း နှစ်နိုင်ငံနယ်စပ်မျဉ်းပေါ်မှာ စီးဆင်းနေတဲ့ Tiau မြစ်ကမ်းပါးတစ်လျှောက် လုံခြုံရေးယူနေတဲ့ အိန္ဒိယစစ်သားတွေကို မတ်၁၂ရက်က အခုလိုမြင်တွေ့ခဲ့ရပါတယ်။ (ဓာတ်ပုံ | အေအက်ဖ်ပီ)

သွေးချင်းမီဇို ညီကိုများ

စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကြောင့် တစ်ဘက်နိုင်ငံ မီဇိုရမ်ကို ထွက်ပြေးကြရတဲ့သူတွေကို ကူညီပေးနေတဲ့ ဆလိုင်းငါပန်လို ပရဟိတသမား တော်တော်များများဟာ နှစ်နိုင်ငံနယ်စပ်ဒေသရဲ့ မြန်မာပြည်ဘက်အခြမ်းမှာ ကြီးပြင်းလာတဲ့ ချင်းလူမျိုးတွေ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်၂၀လောက်က ချင်းပြည်နယ်ကနေ မီဇိုရမ်ကို ထွက်လာတဲ့ ဆလိုင်းငါပန်ဟာ မတ်လဆန်းပိုင်းမှာ ပြည်နယ်ထဲက ခရစ်ယာန်အသင်းတော်တွေ၊ ကျောင်းသားအဖွဲ့တွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး မီဇိုရမ်နဲ့တခြားနိုင်ငံတွေက ချင်းလူမျိုးတွေဆီကနေ ရန်ပုံငွေအတွက် စပြီးအလှူခံပါတယ်။

သူစတင်လိုက်တဲ့ ပရဟိတအဖွဲ့ဟာ CDMဝန်ထမ်း အယောက်၂၀၀နီးပါးနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို ကူညီပေးနိုင်ခဲ့ပါတယ်။ ဒါ့ပြင် မိသားစုသုံးစုအတွက် နေအိမ်တွေ စီစဉ်ပေးနိုင်ခဲ့ပြီး အစားအသောက်၊ ဆေးဝါးနဲ့ အပတ်စဉ်ထောက်ပံ့ငွေအဖြစ် တစ်မိသားစုကို ကျပ် ၁၇၀,၀၀၀ကနေ နှစ်သိန်းနီးပါးနဲ့ ညီမျှတဲ့ အိန္ဒိယရူပီးငွေတွေ ပေးအပ်နေပါတယ်။

သူတို့ကူညီပေးနေတဲ့သူအများစုဟာ အခြေအနေတွေတည်ငြိမ်သွားတာနဲ့ မြန်မာပြည်ထဲပြန်လာဖို့ ဆန္ဒရှိပြီး လက်ရှိအချိန်မှာတော့ သူတို့အတွက် ပိုပြီးကောင်းမွန်တဲ့ နေရာထိုင်ခင်းနဲ့ နေ့စားအလုပ်တွေရဖို့ စီစဉ်ပေးနေကြောင်း ဆလိုင်းငါပန်က ဆိုပါတယ်။

မီဇိုရမ်ပြည်နယ်သားတွေရဲ့ နွေးထွေးပျူငှာမှုကတော့ ဟိန္ဒူအမျိုးသားရေးဝါဒီတွေဦးဆောင်ပြီး နယူးဒေလီမှာ ရုံးထိုင်တဲ့ အိန္ဒိယဗဟိုအစိုးရ တုံ့ပြန်ပုံနဲ့တော့ အကြီးအကျယ် ကွာခြားပါတယ်။ ဖေဖော်ဝါရီ၂၅ရက်မှာ အိန္ဒိယပြည်ထဲရေးဝန်ကြီးက သူ့နိုင်ငံရဲ့နယ်ခြားစောင့်တပ်ဖြစ်တဲ့ အာသံရိုင်ဖယ်တပ်ရင်းကို ညွှန်ကြားချက်တစ်ခု ပေးပို့ခဲ့ပါတယ်။ အဲဒီညွှန်ကြားချက်မှာ အာသံရိုင်ဖယ်တပ်ရင်းတွေကို နိုးနိုးကြားကြားနေကြဖို့နဲ့ အထောက်အထားမဲ့ မြန်မာပြည်သားတွေ ဝင်ရောက်လာရင် လိုအပ်သလို အရေးယူဖို့ဆိုပြီး ပါရှိပါတယ်။

အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနက မတ်၁၀ရက်မှာ ပေးပို့ခဲ့တဲ့ စာတစ်စောင်မှာ ဒီအချက်ကိုပဲ ထပ်ပြောထားပါတယ်။ အဲဒီစာမှာတော့ အိန္ဒိယနိုင်ငံဟာ ၁၉၅၁ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာကွန်ဗင်းရှင်းနဲ့ ၁၉၆၇မှာ အတည်ပြုခဲ့တဲ့ ကွန်ဗင်းရှင်းရဲ့ ပရိုတိုကောလ်တွေကို လက်မှတ်မထိုးထားဘူးလို့ ဖော်ပြထားပါတယ်။ ဆိုလိုတာကတော့ ပြည်နယ်အစိုးရတွေဟာ နိုင်ငံခြားသားတွေကို ဒုက္ခသည်ခိုလှုံခွင့်ပေးဖို့အတွက် အခွင့်အာဏာမရှိကြောင်း ပြောချင်တာဖြစ်ပါတယ်။ ဒါ့ပြင် ဒေသန္တရအာဏာပိုင်တွေအနေနဲ့ အထောက်အထားမဲ့ဝင်ရောက်လာသူတွေကို စိစစ်၊ စစ်ဆေးပြီး အလျင်အမြန် ပြည်နှင်ဒဏ်ပေးဖို့ ညွှန်ကြားထားတဲ့ ဝန်ကြီးဌာနရဲ့ ၂၀၁၇နဲ့ ၂၀၁၈က တည်ဆဲအမိန့်တွေကို လိုက်နာကြဖို့လည်း တိုက်တွန်းထားပါတယ်။

မီဇိုရမ်ပြည်နယ်အစိုးရကတော့ ဒီအချက်ကို လက်မခံခဲ့ပါဘူး။ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်ကို လက်ခံရရှိအပြီး နှစ်ရက်အကြာ ဖေဖော်ဝါရီ၂၇ရက်မှာ ပြည်နယ်အစိုးရဟာ ရုတ်တရက်ကျရောက်တဲ့ အန္တရာယ်တစ်ခုခုကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနိုင်ဖို့ စံပြုလုပ်ငန်းလမ်းညွှန်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ဗဟိုအစိုးရရဲ့ အမိန့်ကြောင့် မတ်၆ရက်မှာ ပြည်နယ်အစိုးရက အဲဒီစံပြုလုပ်ငန်းလမ်းညွှန်ကို ပြန်လည်ရုတ်သိမ်းခဲ့ကြောင်း The Indian Express သတင်းဌာနက ဆိုပါတယ်။

အိန္ဒိယအနေနဲ့ မြန်မာပြည်ထဲက ပဋိပက္ခကို “လုံးဝမျက်ကွယ်မပြုသင့်”ဘူးလို့ မတ်၁၈ရက်မှာ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ဇိုရမ်ထန်းငါက နိုင်ငံ့ဝန်ကြီးချုပ် နာရင်ဒရာမိုဒီကို စာတစ်စောင် ရေးသားပေးပို့ခဲ့ပါတယ်။ မီဇိုရမ်ပြည်နယ်နဲ့ နယ်စပ်တစ်လျှောက် မြန်မာပြည်အတွင်းမှာနေထိုင်တဲ့ ချင်းလူမျိုးတွေကို “အိန္ဒိယလွတ်လပ်ရေး မတိုင်ခင် နှစ်ပေါင်းများစွာကတည်းက တစ်အူထုံ့ဆင်း နေထိုင်လာခဲ့တဲ့ မီဇိုသွေးချင်းညီအစ်ကိုတွေ”လို့လည်း ပြည်နယ်ဝန်ကြီးချုပ်က တင်စားခေါ်ဆိုခဲ့ပါတယ်။

ထွက်ပြေးတိမ်းရှောင်ရင်း ထပ်မံဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေနဲ့အတူ ရပ်တည်တဲ့အနေနဲ့ တစ်ချိန်တည်းမှာ မီဇိုရမ်ပြည်နယ်သားတချို့ဟာ ဗဟိုအစိုးရကို ဆန္ဒပြခဲ့ကြပါတယ်။ အထောက်အထားမဲ့ ဝင်ရောက်လာသူတွေကို ပြန်နှင်လွှတ်ဖို့ မတ်၁၀ရက်က ညွှန်ကြားထားတဲ့ ပြည်ထဲရေးဝန်ကြီးဌာနအမိန့်ကို ဆန့်ကျင်တဲ့အနေနဲ့ မတ်၂၃ရက်က မြို့တော်အိုင်ဇော်လ်မှာ ဇိုပြန်လည်ပေါင်းစည်းရေးအဖွဲ့အစည်း (Zo Reunification Organization) လို့ခေါ်တဲ့ အရပ်ဘက်အဖွဲ့တစ်ခုကဦးဆောင်ပြီး ထိုင်သပိတ်ဆင်နွှဲခဲ့ကြပါတယ်။

မြန်မာပြည်က ဝင်ရောက်လာသူတွေကို ကူညီနေတဲ့ ဆလိုင်းငါပန်ကတော့ သူတို့ရဲ့အဖွဲ့အစည်းကို ပြည်နယ် အစိုးရသာမက မီဇိုရမ်ပြည်နယ်သားတွေကပါ နွေးနွေးထွေးထွေး ဆက်ဆံကြောင်း ပြောပါတယ်။

“ကျနော်တို့က ပြည်နယ်အစိုးရကို ချဉ်းကပ်တယ်။ သူတို့ဆီက ခွင့်ပြုချက်တောင်းတယ်။ ဒါကြောင့် ထွက်ပြေးလာတဲ့ သူတွေကို လွတ်လွတ်လပ်လပ်၊ ပေါ်ပေါ်တင်တင်ပဲ ကူညီပါတယ်။ ဒီမှာနေထိုင်တဲ့ ဒေသခံ အသိုင်းအဝိုင်းကတော့ CDM မှာပါဝင်တဲ့သူတွေကို နွေးနွေးထွေးထွေးကြိုဆိုတယ်။ ရုတ်တရက် ထွက်ပြေးလာတဲ့ သူတွေအတွက် အဝတ်အစားတွေ လှူဒါန်းကြတယ်။ (မြန်မာပြည်သူ)တွေကို သူတို့က စာနာစိတ်ရှိတယ်။ ပြီးတော့ စစ်အာဏာသိမ်းမှုကိုလည်း ဒေါသထွက်နေကြတယ်”လို့ ဆလိုင်းငါပန်က ပြောပါတယ်။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar