သြဂုတ် ၁၉
အိန္ဒိယနှင့် နာဂလက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားမှုများကြောင့် ကူးစက်ရောဂါ ဆိုးဆိုးရွားရွား ခံစားနေရသော နာဂဒေသသို့ သွားရောက်နေသည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးလျက်ရှိကြောင်း နာဂလူမှုအဖွဲ့အစည်းများက ပြောကြားသည်။
မြန်မာနိုင်ငံအနောက်မြောက်ပိုင်း၊ နာဂဒေသမှလာသောသတင်းများအရ မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံနယ်စပ်တွင် အိန္ဒိယစစ်တပ်နှင့် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ(ကပ်ပလန်) NSCN-K တို့အကြား သြဂုတ် ၁၉ ရက်နေ့၊ နံနက်အရုဏ်တက်ချိန်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
ကနဦးသတင်းများအရ တိုက်ပွဲဖြစ်ပွားနေသည့်သတင်းမှာ သေချာသော်လည်း ဖြစ်ပွားသည့်နေရာကို အတည် ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တိုက်ပွဲသည် နယ်ခြားမှတ်တိုင်(၁၅၁) သို့မဟုတ် (၁၇၁)ကြား ဖြစ်ပွားနေသည်ဟု သတင်းရထားကြောင်း၊ နယ်ခြားမှတ် တိုင်(၁၅၁) အနီး ဖြစ်ပွားသည်ဆိုပါက ကူးစက်ရောဂါ ဖြစ်ပွားနေသည့် နေရာအနီး ဖြစ်သောကြောင့် အကူအညီပေးရေး လုပ်ငန်းများအတွက် အခက်အခဲရှိနိုင်ကြောင်း နာဂအမျိုးသားရေးရာကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ နော်အောင်ဆန်းက ပြောသည်။
“(တိုက်ပွဲဖြစ်တဲ့နေရာက) မိုင်တိုင် ၁၅၁ ဆိုရင်တော့ လဟယ်မြို့နယ်ထဲမှာပဲ၊ အခုလက်ရှိ ရောဂါဖြစ်ပွားနေတဲ့ နေရာနဲ့ သိပ်မဝေးတော့ဘူးပေါ့” ဟု နော်အောင်ဆန်းက ပြောသည်။
လူ ၄၀ ကျော်သေဆုံးပြီး ရာနှင့်ချီသောသူများ ဆိုးဆိုးရွားရွား ရောဂါခံစားခဲ့ရသည့် ရွှွှေလော၊ ယမ်းကြိမ် စသည့်ဒေသများသည် တိုက်ပွဲဖြစ်ပွားနေသည့်နေရာများနှင့် နီးကပ်နေသောကြောင့် အဆိုပါဒေသသို့ သွားရောက်မည့် ကယ်ဆယ်ရေးသမားများသည် ခရီးစဉ်များကို ခေတ္တဆိုင်းငံ့ကာ အခြားဒေသများသို့ ဆက်လက်ထွက်ခွာရန် ပြင်ဆင်နေကြောင်း နော်အောင်ဆန်းက ပြောသည်။
လဟယ်မြို့နယ်တွင်းရှိ ရောဂါသင့်ကျေးရွာများဖြစ်သော ရွှေလောရွာဘက်သို့ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှု (ဗဟို) အဖွဲ့က သြဂုတ် ၁၉ ရက်နေ့တွင် ထောက်ပံ့ရေးဆိုင်ကယ် အစီး ၂၇ စီးဖြင့် ထွက်ခွာရန် ပြင်ဆင်နေစဉ် တိုက်ပွဲသတင်းများကြောင့် ခရီးစဉ်များ ရွှွှေ့ဆိုင်းလိုက်ရကြောင်း နာဂဒေသတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ၂၀၁၅ ရွေးကောက်ပွဲဝင် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရှုမောင်က ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားထားသည်။
ဇွန် ၆ ရက်မှ သြဂုတ် ၁၃ ရက်နေ့အထိ သေဆုံးသူ ၄၄ ဦးရှိသွားပြီဖြစ်ပြီး အဆိုပါ ကူးစက်ရောဂါမှာ ဝက်သက်ရောဂါဖြစ်ကြောင်း အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါဒေသများသို့ စစ်ဖက်နှင့် အရပ်ဖက်မှ ဆရာဝန်များ သွားရောက်ကုသနေပြီး ရောဂါ ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်းလည်း အစိုးရက သြဂုတ် ၁၃ ရက်နေ့တွင် ကြေညာခဲ့သည်။
သို့သော်လည်း အဆိုပါအချက်အလက်များသည် မြေပြင်အခြေအနေနှင့် ကွဲလွဲမှုအချို့ ရှိနေပြီး ကူးဆက်ရောဂါအတွက် ဆေးဝါးကုသမှု မခံယူရသေးသူများလည်းရှိကြောင်း နာဂလူမှု အဖွဲ့အစည်းများက သြဂုတ် ၁၆ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြသည်။
သတင်း-ထွန်းခိုင်