အာရှအဝေးပြေးလမ်း အမှတ် (၁) သို့ နောက်တစ်ခေါက်

မြန်မာနိုင်ငံရှိအရေးပါဆုံး အဝေးပြေးလမ်းများတွင် တစ်ခုအပါအဝင်ဖြစ်သော လမ်းတစ်လမ်း ဆောက်လုပ်မှု ကရင်ပြည်နယ်တွင် ရပ်တန့်နေခြင်းနှင့် ပတ်သက်ကာ အပြန်အလှန်အပြစ်ဖို့နေကြသည်။

သော်မတ်စ်ကင်းန် ရေးသားသည်။

သတင်းမီဒီယာများတွင် ဖော်ပြချက်များသည် တခါတရံတွင် သက်ရောက်မှု သိပ်မရှိသကဲ့သို့ ထင်ရသည်။ ဆောင်းပါးတစ်ပုဒ်ကြောင့် လှုပ်လှုပ်ရွရွ ဖြစ်သွားသည့်အချိန်မျိုး၌ပင် အငြင်းအခုံများက အလျင်အမြန်ပင် မှေးမှိန်သွားပြီး လူထုအာရုံသည်လည်း အခြားတစ်ဖက်သို့ ပြောင်းသွားတတ်သည်။ ထိုအခါ အရာရာက နဂိုပုံမှန်အခြေအနေ ပြန်ဖြစ်သွားပြီး အပြောင်းအလဲ မတွေ့ရတော့ပေ။ သို့သော် တခါတရံတွင်မူ သက်ရောက်မှုက အလွန်ပင်တာသွားလှသည်။ မျှော်လင့်ထားသည်ထက်ပို၍ ထင်ထင်ရှားရှား ဖြစ်လာတတ်သည်။

၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလတွင် Frontier မဂ္ဂဇင်းက သတင်းဆောင်းပါးတစ်ပုဒ်ကို ဖော်ပြခဲ့သည်။ အဆိုပါဆောင်းပါးတွင် ကရင်ပြည်နယ်၌ အဝေးပြေးလမ်းအဆင့်မြှင့်လုပ်ငန်းအတွက် ကျောက်မိုင်းအသုံးပြုမှုကို ဒေသခံတို့ ကန့်ကွက်နေကြမှုကို ဖော်ပြထားသည်။

ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့မှ မွန်ပြည်နယ်၊ မော်လမြိုင်မြို့အထိ ကီလိုမီတာ ၁,၄၅ဝ အရှည်ရှိ အရှေ့အနောက် စီးပွားရေးစြင်္က ံလမ်းမကြီးတစ်လျောက် မြန်မာနိုင်ငံအတွင်း လိုနေသေးသော ဟာကွက်ကိုဖြည့်ဆည်းရန်အတွက်  အာရှဖွံ့ဖြိုးရေးဘဏ် ADB မှ ချေးငွေ အမေရိကန်ဒေါ်လာသန်း ၁ဝဝ နှင့် ASEAN Infrastructure Fund အာဆီယံအခြေခံ အဆောက်အအုံ ရန်ပုံငွေမှ ချေးငွေဒေါ်လာ သန်း ၂ဝ တို့ဖြင့် လမ်းမကြီးအား အဆင့်မြှင့်တည်ဆောက်ရန် စီစဉ်ထားခြင်းဖြစ်သည်။

ဘားအံမြို့အနီးရှိ လွန်းညာတောင်ကျောက်မိုင်း လုပ်ကိုင်ခွင့်လိုင်စင်ကို ကရင်နယ်ခြားစောင့်တပ်ဖွဲ့နှင့် ဆက်နွယ်နေသော ချစ်လင်းမြိုင် တိုယိုတာကုမ္ပဏီအား ခွင့်ပြုပေးခဲ့သည်။ သို့သော် ကုမ္ပဏီက ထိုလိုင်စင်ကို အမြန်လမ်းဆောက်လုပ်ရေး ကန်ထရိုက်ဖြစ်သည့် တရုတ်အစိုးရပိုင် China Road and Bridge Corporation ထံ အငှားချပေးလိုက်သည်။ သို့သော် တပ်မတော်လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) မှ လက်နက်ကိုင်များက ကျောက်မိုင်းလုပ်ကွက်လုံခြုံရေးကို တာဝန်ယူပေးထားသည်။ ဒေသခံရွာသူရွာသားများက ကျောက်မိုင်းထုတ်လုပ်မည်ကို သူတို့နှင့် မဆွေးနွေးခဲ့ကြောင်းနှင့်  ပတ်ဝန်းကျင်ထိခိုက်မည်ကို စိုးရိမ်ကြောင်း တိုင်တန်းခဲ့ကြသည်။

Frontier ၏ ထိုဆောင်းပါးမှာ ရေကန်ထဲ ကျောက်ခဲလေးတစ်လုံး ပစ်ချလိုက်သလိုသာ ဖြစ်ခဲ့သည်။ ပလုံဆိုသော အသံတစ်ချက်သာ ပထမတွင်ကြားလိုက်ရပြီး ကျောက်ခဲက ရေထဲ နစ်မြုတ်သွားသည်။ သို့သော် ထိုမှဖြစ်ပေါ်လာသော ရေလှိုင်းဝိုင်းဂယက်များက အဝေးသို့ တဖြည်းဖြည်းရောက်ရှိသွားသည်။ မဂ္ဂဇင်းထွက်လာပြီးနောက် ADB က ချက်ချင်းပင် တုန့်ပြန်ခဲ့သည်။ လမ်းအတွက် လိုအပ်သောကျောက်များကို စီးပွားဖြစ် ကျောက်ထုတ်လုပ်သူများထံမှသာ ကန်ထရိုက်ဖြစ်သူက ဝယ်ယူမည်ဟု ADB က မျှော်လင့်ထားခဲ့ကြောင်း၊ ပတ်ဝန်းကျင်ထိခိုက်မှု သုံးသပ်ခြင်း၊ မပြုရသေးသော ကျောက်မိုင်းများမှ လမ်းခင်းကျောက်များရယူခြင်းကို ADB မှ ခွင့်မပြုနိုင်ကြောင်း၊ ကန်ထရိုက်ကုမ္ပဏီအနေဖြင့် ဒေသခံလူထု၏ လုပ်ကိုင်နေထိုင်မှုဘဝ ထိခိုက်မှုမရှိကြောင်း ပြသနိုင်ရမည်ဟု ADB က ပြောကြားလိုက်သည်။

ထိုနောက်ပိုင်းလများတွင် အငြင်းပွားမှုမှာ ပို၍ပြင်းထန်လာခဲ့သည်။ ကျောက်မိုင်းသို့သွားရာလမ်းကို ရွာသားများက ပိတ်ဆို့ဖျက်ဆီးကြရာ ရဲက ဖမ်းဆီးအရေးယူခဲ့သည်။ အသစ်စက်စက်ရွေးကောက်ခံ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတာဝန်မှ ဖယ်ရှားခံခဲ့ရသည်။ တင်းမာမှုလျော့ပါးရေးအတွက် BGF ခေါင်းဆောင် စောချစ်သူနှင့် ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်တို့က ၂ဝ၁၈ ခုနှစ်၊ မေလအတွင်း လွန်းညာတောင်သို့ သီးခြားစီ သွားရောက်ခဲ့ကြသည်။ ထို့နောက် ဒေသခံရွာသားများ၏ ဝိုင်းဝန်းမေးခွန်းထုတ်မှုကြောင့် အဖြေရခက်နေသော ဝန်ကြီးချုပ်၏ပုံမှာ Facebook လူမှုကွန်ယက်တွင် ပျံ့နှံ့သွားခဲ့သည်။ မကြာမီမှာပင် ADB က CRBC ကုမ္ပဏီအား ငွေပေးချေနေမှုကို ရပ်တန့်လိုက်ပြီဖြစ်ကြောင်း၊ Frontier ကို ပြောကြားခဲ့သည်။ CRBC အနေဖြင့် ADB ၏ ဘေးကင်းလုံခြုံရေးစံများနှင့် အစိုးရ၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စည်းကမ်းသတ်မှတ်ချက်များကို မလိုက်နာသောကြောင့်ဟု ပြောကြားသည်။ ထိုသို့ ငွေမရတော့သဖြင့် တရုတ်ကုမ္ပဏီကလည်း မုတ်သုန်မဝင်မီ ဇွန်လထဲမှာပင် ဆောက်လုပ်ရေး လုပ်ငန်းများကို တိုးလိုတန်းလန်းနှင့် ရပ်ဆိုင်းပစ်လိုက်တော့သည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ဤသို့ဖြင့် မြန်မာနိုင်ငံ နယ်စပ်ကုန်သွယ်ရေးပမာဏ၏ သုံးပုံတစ်ပုံခန့် ဖြတ်သန်းအသုံးပြုနေရသော လမ်းမကြီးသည် ရွှံ့ဗွက်များ၊ ရေအိုင်များ၊ ချိုင့်ခွက်များပြည့်နှက်ပြီး အန္တရာယ်များသောလမ်းအဖြစ် တဝက်တပျက်နှင့် ကျန်ခဲ့ကာ မော်တော်ယာဉ်များမှာလည်း တရွေ့ရွေ့နှင့် နှေးကွေးစွာ ဖြတ်သန်းသွားလာနေကြရတော့သည်။

ထို့နောက် ဇူလိုင်လထဲမှာပင် Frontier ထံ ဖုံးခေါ်ဆိုမှုတစ်ခု ဝင်လာခဲ့သည်။ ကရင်ပြည်နယ်ဝန်ကြီးချုပ်က တွေ့ချင်သည်ဟူသော သတင်းစကားဖြစ်သည်။ ဘားအံမြို့ရှိ ကရင်ပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမအတွင်းသို့  ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က တုတ်ကောက်တစ်ခုထောက်ကာ ဖြေးဖြေးချင်း လျှောက်လှမ်းဝင်လာသည်။

သူမ၏ ဆက်ဆံပုံမှာ ယဉ်ကျေး၍ နွေးထွေးပျူငှာမှုရှိသည်။ အမြန်လမ်းဆောက်လုပ်ရေးတွင် နှောင့်နှေးကြန့်ကြာမှု ဖြစ်ခဲ့ရသည့် ပြဿနာများကိုလည်း ရှင်းပြခဲ့သည်။ လမ်းအခြေအနေက ဆိုးဝါးနေသဖြင့် ပြည်နယ်အစိုးရအတွက် ဝင်ငွေရရှိရန် အရေးပါသော ဂိတ်ကြေးကောက်ခံရရှိမှုမှာလည်း ကျဆင်းလျက်ရှိသည်။

သို့သော် ဝန်ကြီးချုပ်က နိုင်ငံရေးအရ သက်ရောက်မှုအတွက် ပို၍စိုးရိမ်နေပုံရသည်။ ဘားအံမြို့အပြင်ဘက်ရှိ အိန္ဒုမှ ကော့ကရိတ်အထိ ၆၆ ဒသမ ၄ ကီလိုမီတာ အမြန်လမ်းအဆင့်မြှင့်တင်ရေးသည် ပြည်နယ်အစိုးရ၏ အဓိကအခြေခံ အဆောက်အအုံ စီမံကိန်းဖြစ်သည်။ ဒေါ်ခင်ထွေးမြင့်အနေဖြင့် ပြည်နယ်တိုးတက်ဖွံ့ဖြိုးရေးအတွက် တတ်နိုင်သလောက် ကြိုးစားလုပ်ဆောင်နေသော်လည်း ရံပုံငွေ မရှိသလောက်ပင်ဖြစ်နေသည်။

“ကျွန်မတို့မှာ လေဆိပ်တွေ၊ ရေကြောင်းလမ်းတွေ၊ ရထားလမ်းတွေ မရှိဘူး။ ကားလမ်းတစ်ခုပဲ ရှိပါတယ်။ ကားလမ်းတွေ ကောင်းမွန်ရေးဟာ ပြည်နယ်ရဲ့ ပထမဦးစားပေးပါ။ အဲဒါပြီးတော့ စွမ်းအင်ပေါ့။ အထူးသဖြင့် ဒီလမ်းကမရှိမဖြစ်ပါ။ တနိုင်ငံလုံးက ဒီလမ်းအပေါ် မှီခိုနေရပါတယ်” ဟု ၎င်းကပြောသည်။

ဤအမြန်လမ်းဆောက်လုပ်ရေးသည် NGO များ၊ အရပ်ဖက်အဖွဲ့အစည်းများ ဝင်မလာသေးချိန်အထိ ချောချောမွေ့မွေ့နှင့် လုပ်ဆောင်နေခဲ့ကြောင်း ရှင်းပြနေရင်း ဝန်ကြီးချုပ်က ပို၍ စိတ်အားထက်သန်လာသည်။ ထိုအဖွဲ့အစည်းများက ဒေသခံများအား မြှောက်ပေးကြသဖြင့် ပြဿနာက မီဒီယာများအထိပါ ရောက်ကုန်ကြောင်း၊ ထို့ကြောင့် ADB က ဒီကျောက်မိုင်းအသုံးပြုနေမှုကို ပြန်လည်သုံးသပ်သည်အထိ ဖြစ်ခဲ့ရကြောင်းလည်း ၎င်းက ပြောသည်။

ဤသို့ ပြန်လည်သုံးသပ်သောအခါ ဤကျောက်မိုင်းက ပတ်ဝန်းကျင်ထိန်းသိမ်းမှု ထောက်ခံချက်လက်မှတ် မရရှိသေးကြောင်း တွေ့ရှိသွားခဲ့သည်။ ဤထောက်ခံချက်လက်မှတ်ကို သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ၂ဝ၁၅ ခုနှစ်၊ ပတ်ဝန်းကျင်အပေါ်သက်ရောက်မှု အကဲဖြတ်သုံးသပ်ရေး လုပ်ထုံးလုပ်နည်းများအရ လုပ်ဆောင်ပြီးမှ ထုတ်ပေးခြင်းဖြစ်သည်။ လျှောက်ထားသူ၏ အစဦး ပတ်ဝန်းကျင် ဆန်းစစ်လေ့လာမှု၊ သက်ရောက်မှုကို အကဲဖြတ်မှုနှင့် စီမံခန့်ခွဲရေးအစီအစဉ်များသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေနှင့် ကိုက်ညီမှုရှိကြောင်း ထောက်ခံစာတွင် အတည်ပြုပေးခဲ့သည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လိုက်နာမှုလက်မှတ် ECC လိုအပ်ကြောင်း ပြည်နယ်အစိုးရအနေဖြင့်  မသိရှိခဲ့ခြင်းသာဖြစ်သည်ဟု ဝန်ကြီးချုပ်ကပြောသည်။

နယ်ခြားစောင့်တပ် BGF ပါဝင်ပတ်သက်နေခြင်းကြောင့်လည်း ADB က ထိန့်လန့်သွားခဲ့သည်ဟု ဝန်ကြီးချုပ်က ပြောသည်။ ဤကျောက်မိုင်းအတွက် ECC ထုတ်ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ ဤကျောက်မိုင်းကို သုံးခွင့်မပြုတော့ရန် ADB ဘုတ်အဖွဲ့က ယခုနှစ်စောစောပိုင်းတွင် ဆုံးဖြတ်ခဲ့ကြကြောင်းကိုလည်း ပြောကြားသည်။ (Frontier မဂ္ဂဇင်း ထွက်ရှိလာပြီးနောက် ADB က Frontier ထံ ဆက်သွယ်ပြီး ADB ဘုတ်အဖွဲ့သည် ဤစီမံကိန်းတွင် ပါဝင်ပတ်သက်ခြင်း မရှိပါဟု ရှင်းလင်းပြောကြားခဲ့သည်။)

ကရင်ပြည်နယ်၊ လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသောင်းဟန်စိုး။ ဓာတ်ပုံ- သောမတ်စ်ကင်းန်

ကရင်ပြည်နယ်၊ လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသောင်းဟန်စိုး။ ဓာတ်ပုံ- သောမတ်စ်ကင်းန်

“ADB ကတော့ ကျောက်မိုင်းကြောင့် ပဋိပက္ခတွေ ဖြစ်လာမှာစိုးလို့ ဟုပြောပါတယ်။ အဲဒါလုံးဝမဖြစ်နိုင်ပါဘူး။ ဒီနေရာက သိပ်အေးချမ်းတဲ့နေရာပါ။ သူတို့ကိုယ်တိုင် ကွင်းဆင်းပြီး ဒီနေရာကို လာကြည့်သင့်ပါတယ်။ ဒီလိုအခြေအနေဖြစ်နေရတာ သူတို့မှာ တာဝန်အရှိဆုံးပါ” ဟု ဝန်ကြီးချုပ်ကပြောသည်။

“ဒီစီမံကိန်းမှာ BGF ပါဝင်လာတာ အမှတ်တမဲ့ တိုက်ဆိုင်မှုတစ်ခု မဟုတ်ပါဘူး။ ကရင်ပြည်နယ်အစိုးရက ဒီကျောက်မိုင်း လုပ်ခွင့်လိုင်စင်ကို ချစ်လင်းမြိုင်တိုယိုတာကုမ္ပဏီကို ချပေးခဲ့တာဟာ BGF အဖွဲ့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ယူချင်တာက အဓိကပါ။ ဒီလိုပဲ စည်းရုံးရတာပေါ့။ ဒီနည်းက လက်နက်ကိုင်အုပ်စုတွေကို ဖိအားပေးတဲ့ တပ်မတော်ရဲ့ နည်းလမ်းထက် ပိုပြီး ငြိမ်းချမ်းမှုကို ဆောင်ကြည်းပေးနိုင်တယ်။ ကျွန်မတို့က လက်နက်ကိုင်အုပ်စုတွေကို စီးပွားရေးလုပ်ငန်းတွေမှာ ပါဝင်လာအောင်လုပ်၊ အစိုးရလုပ်ငန်းတွေမှာ သူတို့ဆွေမျိုးတွေကို ငှားရမ်းအသုံးချခြင်းဖြင့် နားလည်မှုကို တိုးပွားစေပြီး ပူးပေါင်းလုပ်ဆောင်သင့်ပါတယ်” ဟု ၎င်းကပြောသည်။

ADB ၏သဘောထားကို Frontier က မေးမြန်းခဲ့သော်လည်း ADB က တုန့်ပြန်ပြောကြားခြင်း မပြုခဲ့ပေ။ သို့သော် အိန္ဒု -ကော့ကရိတ်လမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း အချက်အလက်များကို ADB ၏ ဝက်ဘ်ဆိုက်ပေါ်တွင် ဖော်ပြထားချက်အရ ဝန်ကြီးချုပ်၏ ပြောကြားချက်အများစုကို ADB က အတည်ပြုခဲ့ပုံရသည်။ ၂ဝ၁၈ ခုနှစ်၊ ဒုတိယသုံးလပတ်တွင် ကျောက်မိုင်းအသစ်ကိုအသုံးပြုရန် ADB က ထောက်ခံအကြံပြုကြောင်း၊ ပတ်ဝန်းကျင်ဆိုင်ရာ ခွင့်ပြုချက်ရရှိရေး လုပ်ဆောင်မှုများကြောင့် စီမံကိန်းအကောင်အထည်ဖော်ရာတွင် နှောင့်နှေးနိုင်ကြောင်း သတိပေးထားသည်။ တတိယသုံးလပတ်ခန့်မှစ၍ ကျောက်မိုင်းနေရာသစ်ကို စဉ်းစားလျက်ရှိပြီး လိုအပ်သောဆန်းစစ်မှု ပြုလုပ်လျက်ရှိသည်ဟု စီမံကိန်းအခြေပြဇယားတွင် ဖော်ပြထားသည်။ ကန်ထရိုက်တာကုမ္ပဏီ၏ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်ကို ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ထောက်ခံခွင့်ပြုချက် လိုအပ်နေသေးသည်။ အစိုးရ၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေး သတ်မှတ်ချက်ကိုမူ ဆိုင်းငံ့ထားသည်။

အရှုပ်တော်ပုံ

ကရင်ပြည်နယ်၊ လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသောင်းဟန်စိုးက ဇူလိုင်နှောင်းပိုင်း မိုးရေများထဲတွင် မတ်တပ်ရပ်ရင်း အလုပ်မရှိသဖြင့် ရပ်နားထားရသည့် ဆောက်လုပ်ရေးစက်ယန္တရားကြီးများကို လက်ညိုးညွှန်ပြကာ “အဲဒါသာကြည့်တော့၊ အားလုံးရပ်ကုန်ပြီ” ဟု ပြောသည်။

ပထမဆောင်းပါးအတွက် ၂ဝ၁၇ ခုနှစ်နှောင်းပိုင်းတွင် ဘားအံသို့ Frontier အဖွဲ့ သွားရောက်ခဲ့စဉ်ကာ လွန်းညာတောင် ကျောက်မိုင်းထဲဝင်ရန် BGF လက်နက်ကိုင်တပ်ဖွဲ့များက ခွင့်မပြုခဲ့ပေ။ တရုတ်ကုမ္ပဏီ CRBC တံဆိပ်တပ် ဆောက်လုပ်ရေးဦးထုပ်များ ဆောင်းထားသော အလုပ်သမား ၃ဝ၊ ၄ဝ ခန့်အား အဝေးမှ လှမ်းမြင်နေရပြီး ဘူဒိုဇာမြေညှိစက်သံကြီးများ၏ အသံများကလည်း လေထဲတွင် ပျံဝဲနေသည်။

ယခုတစ်ကြိမ်တွင်မူ ကျောက်မိုင်းကြီးတစ်ခုလုံးကို အလျင်စလို စွန့်ခွာထွက်သွားကြသဖြင့် တိတ်ဆိတ်နေပြီး တစ္ဆေခြောက်မှာကိုပင် ကြောက်နေရသည်။ ကြိပ်ခွဲပြီး ကျောက်သေးများမှာ ရွေ့လျားခါးပိတ်ရှည်ကြီးအောက်တွင် စုပုံနေသည်။ တရုတ်လမ်းတံတားဆောက်လုပ်ရေး (CRBC) တံဆိပ်ပါ ကျောက်သယ်ကားတန်းကြီးကို ဘေးတွင် တန်းစီရပ်ထားလျက်တွေ့ရပြီး တစိတ်တပိုင်းမှာ ရေအောက်နစ်မြုပ်နေသည်။

ကျောက်မိုင်းမှာ ပြီးခဲ့သည့်နှစ် မေလကတည်းက ရပ်တန့်သွားခဲ့ခြင်းဖြစ်သည်ဟု ဦးသောင်းဟန်စိုးက ပြောသည်။ ပြောင်းလဲထုတ်လုပ်ရမည့် ကျောက်မိုင်းနေရာ ရှာမတွေ့သေးသဖြင့် CRBC က လုပ်ငန်းအားလုံးကို ရပ်တန့်ထားလိုက်သည်။ ထိုနှစ်အတွင်း ကီလိုမီတာ ၅ဝ ခန့် အပြီးခင်းမည်ဟု မျှော်မှန်းထားသော အဝေးပြေးလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းမှာ ဆက်မလုပ်နိုင်တော့သဖြင့် လမ်းမှာလည်း ဆိုးဝါးလှသော အခြေအနေ ဆိုက်ရောက်နေသည်ဟု ဦးသောင်းဟန်စိုးက ပြောသည်။ CRBC က လမ်းကို အရင်ချဲ့သည်။ ထို့နောက် မြေဖို့သည်။ သို့သော် ကျောက်မခင်းနိုင်ခဲ့သေးပေ။ “ကော့ကရိတ်အထိ လမ်းက အခြေအနေအတော်ဆိုးပါတယ်” ဟု ဦးသောင်းဟန်စိုးက ပြောသည်။

ဒေသခံလူအချို့နှင့် တွေ့ဆုံစကားပြောခွင့်ရရန် လမ်းဦးစီးဌာနက စီစဉ်ပေးခဲ့သည်။ သို့သော် ဆန့်ကျင်ကန့်ကွက်မှုကို အဓိကပြုလုပ်ခဲ့ကြသော လွန်းညာရွာ မှ လူများတော့ မဟုတ်ချေ။ တွေ့ဆုံပြောခွင့်ရသူများက ကျောက်မိုင်းအကြောင်း ဆွေးနွေးပြောဆိုလိုကြပုံမရပေ။ ကျောက်မိုင်းမှ ထုတ်ယူအသုံးပြုမှုကို သူတို့ထောက်ခံပါကြောင်းနှင့် လမ်းမကြီး ပျက်စီးနေသောကြောင့် သူတို့နေထိုင်မှုဘဝအတွက် အခက်အခဲနှင့် ကြုံတွေ့နေကြရကြောင်း ၎င်းတို့က ပြောပြကြသည်။

“ကျုပ်တို့ကတော့ ဒီလမ်းဖောက်လုပ်ရေးကို အမြန်ဆုံးပြန်လုပ်စေချင်ပါတယ်” ဟု ခနိပ်ဒိုးရွာ မှ အသက် ၇ဝ ရွယ် ဦးစိန်ချစ်က ပြောသည်။

လမ်းတည်ဆောက်ရေးလုပ်ငန်း ရုတ်တရက်ရပ်တန့်သွားသောကြောင့် လမ်း၏အခြေအနေမှာ အလွန်ပင်ဆိုးရွားနေသည်။ ဓာတ်ပုံ-သောမတ်စ်ကင်းန်

လမ်းတည်ဆောက်ရေးလုပ်ငန်း ရုတ်တရက်ရပ်တန့်သွားသောကြောင့် လမ်း၏အခြေအနေမှာ အလွန်ပင်ဆိုးရွားနေသည်။ ဓာတ်ပုံ-သောမတ်စ်ကင်းန်

လမ်းမကြီးက အလွန်ဆိုးဝါးလှသော အခြေအနေ ဆိုက်နေသည်ဆိုသည်ကတော့ ငြင်းစရာမရှိပေ။ CRBC ကလမ်းကို ချဲ့ပြီး မြေညှိကာ လက်ကျန်ကတ္တရာလမ်းအား ပြင်ဆင်နေတုံးမှာပင် ထိအတိုင်းထားပြီး ထွက်ခွာသွားကြသည်။ ထိုသို့လမ်းမျိုးကို (Four-wheel-drive) ၄ ဘီးယက်ကားများသာ မောင်းနှင်သွားနိုင်မည်ဟု ယူဆရသည်။ သို့သော် ဆီဒင်မှန်လုံ ကားလေးများ၊ နယ်စပ်ဆီသို့သွားနေသော ကွန်တိန်နာတင် ကုန်ကားကြီးများနှင့် မော်တော်ဆိုင်ကယ်အမြောက်အမြား ဖြတ်သန်းမောင်းနှင်နေကြသည်ကို မြင်တွေ့ခဲ့ရသည်။ ဒီလမ်းမှမသွားလည်း အခြားရွေးစရာလမ်းမရှိချေ။

ကျောက်မိုင်းပိတ်ခံလိုက်ရသဖြင့် လွန်းညာရွာသားတွေ ပျော်သွားကြပြီလား၊ ကျေနပ်သွားကြပြီလား။ ဝေးပါသေးသည်။ ထိုသို့ ဖြစ်သွားရသည့်အတွက် စိတ်မကောင်းဖြစ်နေကြသည်။

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောအေးမောင်က CRBC ကုမ္ပဏီအနေနှင့် လမ်းအား ယခုလိုတဝက်တပျက်နှင့် ထားမသွားသင့်ကြောင်း ဇူလိုင်လနှောင်းပိုင်းအတွင်းက Frontier နှင့် တွေ့ဆုံရာတွင်ပြောသည်။ “သူတို့ ပြီးအောင်တော့ လုပ်ပေးသင့်တာပေါ့” ဟု ၎င်းက ပြောသည်။

အရပ်ဖက်အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများနှင့် မီဒီယာများတွင် ရေးသားဖော်ပြမှုများကြောင့် စီမံကိန်းရပ်ဆိုင်းခဲ့ရခြင်း ဖြစ်မည်ဟု သံသယရှိကြောင်း သူကထုတ်ဖော်ပြောကြားသည်။

“လွန်ခဲ့တဲ့တစ်လလောက်က မိုးတွေ သည်းသည်းမည်းမည်း စတင်ရွာလာတော့မှ ကျောက်မိုင်းက ထုတ်လုပ်မှုတွေ ရပ်ဆိုင်းသွားတယ် ထင်တာဘဲ။ ဒါပေမဲ့ ကျောက်သယ်ကားတွေ ကျောက်တွေသယ်ဖို့ ဝင်ထွက်နေကြတာ ကျွန်တော်တို့ မြင်နေရတာဘဲ။ ဘာကြောင့် အားလုံး ရပ်ဆိုင်းသွားရတယ်ဆိုတာ ကျွန်တော်တို့ တကယ်မသိပါဘူး။ အစိုးရက ကျွန်တော်တို့နဲ့ တွေ့ဆုံစည်းဝေးပြီး စီမံကိန်းက လုံးဝရပ်သွားပြီလား။ ဘာကြောင့်ရပ်သွားရတာလဲဆိုတာ ရှင်းပြစေချင်ပါတယ်” ဟု ၎င်းကပြောသည်။

ထိုသို့ပြောကြားပြီး နောက်ထပ် သုံးလအကြာတွင် အစိုးရက အမှန်ပင် လာရောက် ရှင်းပြခဲ့သည်။ ထိုအချိန်တွင် မုတ်သုန်မိုးများ လုံးဝရပ်ဆိုင်းပြီးဆုံးသွားပြီး လမ်းပေါ်တွင် ဖုံတထောင်းထောင်းဖြစ်နေသဖြင့် နေ့စဉ်ပုံမှန် ရေဖျန်းပေးနေရသည်ဟု ဒေသခံများက Frontier ကိုပြောသည်။

ထို့နောက် နိုဝင်ဘာ ၁ ရက်နေ့တွင် ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့် လွန်းညာရွာသို့ နောက်တစ်ခေါက် ရောက်လာခဲ့သည်။ ကျောက်မိုင်းဆန့်ကျင်ရေး လှုပ်ရှားမှုခေါင်းဆောင် စောလှငွေ၏အဆိုအရ ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်ဆိုင်းသွားရခြင်းမှာ ၎င်းတို့အပြစ်ကြောင့်ဟု ဝန်ကြီးချုပ်က ပြောသွားကြောင်း စောလှငွေက ပြောသည်။ လမ်းမကြီး ဆောက်လုပ်ရေး ရပ်ဆိုင်းသွားသည့်အတွက် ကရင်ပြည်နယ်၏ စီးပွားရေးနှေးကွေးသွားခဲ့ရသည်ဟု ဝန်ကြီးချုပ်က ပြောသွားသည်ဟုဆိုသည်။

“ကျွန်တော်တို့က လမ်းစီမံကိန်းကို မဆန့်ကျင်ပါဘူး။ လွန်းညာတောင်ရဲ့ ပတ်ဝန်းကျင်ပျက်စီးသွားမှာကိုသာ ဟန့်တားချင်တာပါ” ဟု ဝန်ကြီးချုပ်ကို ပြန်လည်ပြောပြခဲ့သည်ဟု စောလှငွေက ပြောသည်။

သဘောကွဲလွဲမှု

ယခုကဲ့သို့ တဝက်တပျက်ဖြစ်နေသည့် အမြန်လမ်းကြီးနှင့် ကရင်ပြည်နယ် မည်သို့ ဆက်လက် စခန်းသွားရမည်မှာ မေးခွန်းထုတ်စရာဖြစ်သည်။ ထိုအတွက် အပြစ်များကို ခွဲတမ်းချလိုက်လျှင် မည်သူက အများဆုံးရထိုက်သလဲ။ ဒေသခံရွာသားများက အရပ်ဖက်အဖွဲ့အစည်းများ၏ အကူအညီ၊ မီဒီယာများ၏ တို့မီးရှို့မီး (ထိုထဲတွင် Frontier က အနည်းဆုံးဖြစ်ပေမည်) များနှင့်အတူ တိုင်တန်းမှုများ မလုပ်ခဲ့ဘူးဆိုပါက လမ်းမကြီးမှာ ယခုထက် အခြေအနေကောင်းမွန်ကာ ပြီးစီးလုလောက်ပြီဖြစ်သည်။ အိန္ဒုနှင့် ကော့ကရိတ်လမ်းပိုင်းမှာ မုတ်သုံမဝင်မီကတည်းက ပြီးစီးလောက်ပြီဖြစ်သည်။ ထိုစီမံကိန်း ရပ်တန့်သွားရသည့် ဝမ်းနည်းဖွယ်ဖြစ်ရပ်တွင် ကျွနု်ပ်တို့ Frontier ၏ အခန်းကဏ္ဍကိုလည်း ဝန်ခံအသိအမှတ်ပြုရမည်သာ ဖြစ်သည်။

သို့သော် အစိုးရက နယ်ခြားစောင့်တပ်ဖွဲ့နှင့် အပေးအယူလုပ်မှုသည် အာရှဖွံ့ဖြိုးရေးဘဏ် ADB ကဲ့သို့သော နိုင်ငံတကာဘဏ်တစ်ခုအတွက် အလွန်ထိလွယ်ရှလွယ်ကိစ္စ ဖြစ်ပေသည်။ ထို့ပြင် အစိုးရကိုယ်တိုင်က ၎င်းကိုယ်တိုင် ချမှတ်ထားသော ပတ်ဝန်းကျင်ဆိုင်ရာဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို လိုက်နာရန် ပျက်ကွက်ခဲ့သည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် ရိုးအလွန်းခြင်း (သို့မဟုတ်) မိုက်ရူးရဲဆန်ခြင်းသာဖြစ်သည်။ ဤသို့ ဖြတ်လမ်းလိုက်ခြင်းဖြင့် စီမံကိန်းမှာ အန္တရာယ်ဖြစ်နေခဲ့သည်။ သို့ဖြစ်ပေရာ ဤသို့သောချို့ယွင်းချက်များကို ထောက်ပြရကောင်းလားဟု မီဒီယာကိုလည်းကောင်း၊ အရပ်ဖက်အဖွဲ့အစည်းများကိုလည်းကောင်း၊ အပြစ်တင်ခြင်းမှာ မှားယွင်းသည်ဟုဆိုနိုင်သည်။ ဒီမိုကရေစီစနစ်တွင် ကျွနု်ပ်တို့၏ အခန်းကဏ္ဍမှာ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာရှိမှုတို့ကို ရရှိအောင် အစိုးရအပါအဝင် ဌာနများကို စောင့်ကြည့်ဆန်းစစ်ရန်ပင်ဖြစ်သည်။

ဒေသခံများကလည်း လွန်းညာတောင်တွင် အသေးစား ကျောက်ထုတ်လုပ်ငန်းများ လုပ်ကိုင်နေကြသည်။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ဒေသခံများကလည်း လွန်းညာတောင်တွင် အသေးစား ကျောက်ထုတ်လုပ်ငန်းများ လုပ်ကိုင်နေကြသည်။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

အစိုးရကိုယ်တိုင်ကလည်း ADB ၏ စိုးရိမ်မှုအတိုင်းအတာကို သိရှိသဘောပေါက်မှုတွင် နှေးကွေးလွန်းခဲ့သည်။ အခြား ကျောက်မိုင်းတစ်ခုကို အစားထိုးလုပ်ကိုင်ရန် (သို့မဟုတ်) စီးပွားဖြစ်ကျောက်ထုတ်လုပ်ရေးကုမ္ပဏီများထံမှ ကျောက်ဝယ်ယူ အသုံးပြုရန်လိုအပ်သည်ဆိုသည်ကို အစိုးရက ယခုချိန်ထိ လက်ခံလိုပုံမရသေးချေ။ ထိုအရာများကို မဖြေရှင်းနိုင်သေးသရွေ့ ဤအဝေးပြေးလမ်းမကြီးမှာ တဝက်တပျက်နှင့် စိတ်ပျက်ဖွယ်ရှိနေဦးမည်သာဖြစ်သည်။ ကရင်ပြည်နယ်မှ ထိုအဖြစ်အပျက်သည် NLD အစိုးရ၏ အုပ်ချုပ်မှုပုံစံကိုလည်း ထင်ဟပ်ပြနေသည်။ ထိခိုက်ခံရသူ ဒေသခံရွာသားများကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုရကောင်းလားဟု အပြစ်တင်မည့်အစား ၎င်းတို့နှင့် ဆက်သွယ်တိုင်ပင်ညှိနှိုင်းမှုကို ဦးစားပေးလုပ်ဆောင်ခဲ့ပါက ဆုံးရှုံးနစ်နာမှုအချို့ကို ရှောင်ရှားနိုင်ခဲ့မည်ဖြစ်သည်။ ဝမ်းနည်းဖို့ကောင်းသည်မှာ ဤပဋိပက္ခသည် ကရင်ပြည်နယ်အစိုးရအား မိမိကိုယ်ကို ပြန်လည်ဆန်းစစ်လာအောင် မစွမ်းဆောင်နိုင်ခဲ့ပေ။ ရွာသားများ အတိုင်အတောထူခြင်း၊ အရပ်ဖက်အဖွဲ့အစည်းများ ခြေရှုပ်နေကြခြင်း၊ မီဒီယာများ၏ အတို့အထောင်များနှင့် ADB ၏ ရပ်တည်မှု၊ စသည်တို့မှာ NLD ၏ နိုင်ငံကောင်းကျိုး ဆောင်ရွက်နေမှုအတွက် ကျိုးကြောင်းမညီညွတ်သော စိတ်ရှုပ်စရာ အနှောင့်အယှက်များဟုသာ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ရှုမြင်ခဲ့သည်။

ဝန်ကြီးချုပ်အနေနှင့် လူတစ်ဦးချင်း၏ လွတ်လပ်စွာ ထုတ်ဖော်ခွင့်နှင့် လူ့အဖွဲ့အစည်း၏လိုအင် “ထိုနှစ်ခုအကြား ဟန်ချက်ညီအောင် မည်သို့ချိန်ညှိမှုယူပါသလဲ” ဟု ကျွန်တော်က မေးမြန်းကြည့်ရာ ဒေါ်နန်းခင်ထွေးမြင့်က “ဘာမှ ချိန်ညှိစရာမလိုပါဘူး။ ဒီစီမံကိန်းက လူ့အဖွဲ့အစည်းကို ဘာမှဆိုးကျိုးမပေးဘဲ” ဟု ပြန်လည်ဖြေကြားခဲ့သည်။

လွန်းညာရွာ၏ အတွေ့အကြုံသည် အစိုးရ၏ ချည်းကပ်ပုံနည်းလမ်းကို ပြောင်းလဲဖွယ်ရာလမ်းမမြင်ပါ၊ ထိုမျှမက အရပ်ဖက်အဖွဲ့အစည်းများ၊ မီဒီယာနှင့် လူ့အဖွဲ့အစည်းလှုပ်ရှားမှုအပေါ် မယုံကြည်စိတ်ပင် ပို၍တိုးပွားလာနိုင်ပါသည်။

တွေ့ဆုံမေးမြန်းပြောဆိုကြစဉ် ဒေါ်နန်းခင်ထွေးမြင့်က “လူတစ်စုအခွင့်အရေးထက် အားလုံးသောလူထုရဲ့ အခွင့်အရေးကို သူတို့စဉ်းစားသင့်ပါတယ်” ဟု ၎င်းကပြောသည်။  ထို့ကြောင့် “သူတို့ဆိုတာ ဘယ်သူတွေလဲ” ဟု မေးကြည့်ရာ ဝန်ကြီးချုပ်က မျက်မှောင်ကိုကြုပ်လိုက်ပြီး ဘာသာပြန်ပေးသူကို စေ့စေ့ကြည့်လျက်၊ ကျွန်တော့်ဘက်ကို လက်ညိုးထိုးပြလိုက်သည်။ ဝန်ကြီးချုပ်အနေဖြင့် ADB ပေါ်မကျေနပ်မှုက ပို၍များသည်။ ADB ချေးငွေမှာ ယခင်ဦးသိန်းစိန်အစိုးရလက်ထက်က ချေးယူခဲ့ခြင်းဖြစ်ပြီး အတိုးနှုန်းမှာ ပထမ ၈ နှစ်တွင် ၁ ရာခိုင်နှုန်းဖြစ်ပြီး ၉ နှစ်မြောက်မှစ၍ တစ်နှစ် ၁ ဒသမ ၅ ရာခိုင်နှုန်းတိုးဖြစ်သည်။ ဤသည်မှာ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအေဂျင်စီ JICA ၏ အထူးသက်သာသည့် အတိုးနှုန်း ဝ ဒသမ ဝ၁ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်လျှင် အလွန်ပင်များသည်ဟု ပြောနိုင်သည်။

ထို့ပြင် ဂျပန်ထံမှဖြစ်စေ၊ တရုတ်ထံမှဖြစ်စေ အတိုးနှုံးသက်သာသည့် လျော့ပေါ့ချေးငွေများသည် လူမှုရေးနှင့် ပတ်ဝန်းကျင်ရေးရာ ကာကွယ်မှုများ ပိုမိုနည်းပါးသည်ကိုမူ ဝန်ကြီးချုပ်အနေဖြင့် ပြောကြားရန်လိုမည်မဟုတ်ပေ။ စီမံကိန်းကို လမ်းချော်လမ်းလွဲစေနိုင်သည့် ခလုတ်ကန်သင်းကလည်း ယခုထက်ပို၍ နည်းသေးသည်။ ၂ဝ၁၅ ခုနှစ်က ပြီးစီးသွားခဲ့သော မြဝတီ- ကော့ကရိတ်လမ်းပိုင်း ဆောက်လုပ်စဉ်က ယခုလို နှောင့်နှေးမှုမျိုး မတွေ့ကြုံခဲ့ရပေ။ ဤလမ်းကို ထိုင်းနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ စီးပွားရေးဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (TNCEDCA) ၏ ချေးငွေဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

နောက်ပိုင်းတွင် အစိုးရအနေနှင့် စီမံကိန်းများလုပ်ဆောင်ရာတွင် ကမ္ဘာ့ဘဏ် နှင့် ADB ကဲ့သို့ အဖွဲ့အစည်းများထဲမှ ချေးငွေဖြင့် လုပ်ဆောင်ရခြင်းမှာ ကြိုးပမ်းရသည်နှင့် မထိုက်တန်လှဟု ယူဆနိုင်ဖွယ်ရာရှိပေသည်။

ဆုမြတ်မွန် ဖြည့်စွက်ရေးသားသည်။

ခေါင်းစီးဓာတ်ပုံ- ကရင်ပြည်နယ် အိန္ဒုအနီး ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အလုပ်သမားများနှင့် မော်တော်ယာဉ်များအား ၂ဝ၁၈ ခုနှစ်၊ ဇူလိုင်လက တွေ့ရစဉ်။ ဓာတ်ပုံ-သောမတ်စ်ကင်းန်

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar