Anti-coup protesters march in northern Yangon's Insein Township on May 1. (AFP)
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် မေ၁ရက်က စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးဆန္ဒပြပွဲတွင် ပါဝင်နေကြသည့်လူငယ်များကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | အေအက်ဖ်ပီ)

ပေါက်ကွဲမှုများ၊ လျှပ်တစ်ပြက်ဆန္ဒပြပွဲများဖြင့် စစ်အာဏာသိမ်းမှု လေးလမြောက်သို့ဝင်ရောက်

အာဏာသိမ်းပြီး လေးလမြောက်‌သို့ ဝင်ရောက်လာချိန်တွင် နယ်စပ်‌ဒေသများ၌ လက်နက်ကိုင်ပဋိပက္ခများ ပြင်းထန်‌နေပြီး ရန်ကုန်နှင့် အခြားမြို့ကြီးများတွင် လက်သည်မပေါ်သော ပေါက်ကွဲမှုများ ဖြစ်ပွားလျက်ရှိသည်။ အာဏာသိမ်းစစ်ကောင်စီ၏ နိုင်ငံပိုင်သတင်းဌာနများကမူ “ဆူပူအကြမ်းဖက်လှုံ့ဆော်သူများ”၏ လက်ချက်ဖြစ်သည်ဟု စွပ်စွဲထားသည်။

အေအက်ဖ်ပီ

စစ်အာဏာသိမ်းမှု သုံးလပြည့်ပြီး လေးလမြောက်သို့ ဝင်ရောက်လာချိန် မေ၁ရက်၊ စနေနေ့က ရန်ကုန်မြို့တွင် မြို့ခံများက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လျှပ်တစ်ပြက်ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြပြီး ရန်ကုန်မြို့နေရာအနှံ့အပြားတွင် ပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့သည်။

မြန်မာစစ်တပ်၏ ဖေဖော်ဝါရီစစ်အာဏာသိမ်းမှုက နိုင်ငံတစ်ဝန်း လူထုအုံကြွမှုကို ဖြစ်ပေါ်စေခဲ့သည်။ အဆိုပါဆန္ဒပြပွဲများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျည်ဆံအစစ်နှင့် လူသေစေနိုင်သောနည်းလမ်းများဖြင့် နှိမ်နင်းခဲ့သည်။

မေ၁ရက်၊ စနေနေ့က စစ်တပ်အုပ်ချုပ်မှုလေးလမြောက်သို့ ရောက်ရှိချိန်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ရန်ကုန်မြို့ရှိ ဆန္ဒပြသူများသည် ရဲတပ်ဖွဲ့ဝင်များ၊ စစ်သားများနှင့် ထိပ်တိုက်တွေ့ဆုံမှုကို ရှောင်ရှားရန် လမ်းမများပေါ်တွင် အလျင်အမြန် ချီတက်၍ လျှပ်တစ်ပြက်ဆန္ဒပြပွဲများကို ပြုလုပ်ခဲ့ကြသည်။

“လုံခြုံရေးတပ်ဖွဲ့ဝင်တွေလာတဲ့အခါ ဆန္ဒပြသူတွေ‌ ခြေရာဖျောက်ပြီး ပြေးဖို့အချိန်ရဖို့ပါ။ မဟုတ်ရင် သေရင်သေ၊ မသေရင် အဖမ်းခံရမှာ”ဟု လျှပ်တစ်ပြက်ဆန္ဒပြပွဲများ ပြုလုပ်ရခြင်းအကြောင်းအရင်းကို ကျောင်းသားအရေးတက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်သော မင်းဟန်ထက်က ပြောသည်။

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်ရှိ ရပ်ကွက်‌ကျောင်းတစ်‌ကျောင်းအနီး စနေနေ့က မနက်၁၀နာရီခန့်တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးကပြောသည်။

“ပေါက်ကွဲမှုဖြစ်တဲ့နေရာကို လုံခြုံရေးတပ်ဖွဲ့တွေက လာကြည့်တယ်။ ကျနော်ကတော့ အဖမ်းခံရမှာကြောက်လို့ ခပ်ဝေးဝေး ကျနော့်အိမ်ထဲကနေပဲ လှမ်းကြည့်နေလိုက်တယ်”ဟု ၎င်းက အေအက်ဖ်ပီကို ပြောသည်။

အဆိုပါရက် မွန်းလွဲပိုင်းတွင် ရန်ကင်းမြို့နယ်တွင် ပေါက်ကွဲမှုနှစ်ခု ထပ်မံဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်တွင်း နေထိုင်သူများက ဆိုသည်။

“မိုးခြိမ်းတဲ့အသံကြီးလားလို့ထင်လိုက်တယ်”ဟု ဒေသခံတစ်ဦးက အေအက်ဖ်ပီသို့ ပြောသည်။ ပေါက်ကွဲမှုများကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ စိတ်မသက်မသာ ဖြစ်ရကြောင်း ၎င်းက ဖြည့်စွက်‌ပြောကြားသည်။

ရန်ကင်းမြို့နယ်က ပေါက်ကွဲမှုများကြောင့် အမျိုးသမီးတစ်ဦးဒဏ်ရာရခဲ့ကြောင်း၊ တရားခံများသည် “ဆူပူအကြမ်းဖက်လှုံ့ဆော်သူများ” ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းဌာနများက ညနေခင်းသတင်းတွင် စွပ်စွဲခဲ့သည်။

သို့သော် မကြာခဏ ခပ်စိတ်စိတ်ဖြစ်လာသော ရန်ကုန်မြို့က ပေါက်ကွဲမှုများကို မိမိတို့လုပ်ဆောင်ကြောင်း မည်သူကမျှ တာဝန်ယူပြောဆိုခြင်း မရှိသေးပေ။

‘ပြည်သူတွေမှာ အကြောက်တရားလွှမ်းမိုးအောင် သူတို့လုပ်တာ’

စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ ရန်ကုန်မြို့သည် လုံးဝပြောင်းလဲသွားခဲ့သည်။ ရန်ကုန်မြို့ရှိ အဓိကဆန္ဒပြရာ နေရာများတွင် အတားအဆီးများကို ပိုမိုမြင်တွေ့လာရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း အချိန်မပြတ် ကင်းလှည့်နေသည်။ ထို့ပြင် စစ်ကောင်စီကို ဆန့်ကျင်ပုန်ကန်သည်ဟု ယူဆရသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ညဘက်အချိန်များတွင် ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ဆိုလာသည်။

“ပြည်သူတွေကို အကြောက်တရားအောက်မှာ နေထိုင်အောင် သူတို့ (စစ်အစိုးရ) လုပ်နေတာ။ သူတို့လည်း စိတ်မသက်သာဖြစ်နေတာလည်း ကောင်းပါတယ်”ဟု ရန်ကင်းမြို့နယ်တွင်နေထိုင်သူတစ်ဦးက အေအက်ဖ်ပီကိုပြောသည်။

လျှပ်တစ်ပြက်ဆန္ဒပြသူများက ဖမ်းဆီး၊ နှိမ်နင်းခံရခြင်းမခံရအောင် ဆန်းသစ်သည့်နည်းလမ်းဖြင့် ဆန္ဒပြမှုကိုလည်း ၎င်းက ချီးကျူးလိုက်သည်။

ဧပြီ၂၇ရက်တွင် လူငယ်ရာနှင့်ချီ၍ ရန်ကုန်မြို့၊ စမ်းချောင်းမြို့တွင် လျှပ်တစ်ပြက်သပိတ်ဆင်နွှဲခဲ့ကြသည်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

“အဖမ်းစီးမခံရဘဲ အသက်များမဆုံးရှုံးဘဲ အာဏာရှင်ကို ဘယ်လိုနည်းလမ်းနဲ့ဖြစ်ဖြစ် ဖီဆန်တာ တော်လှန်ရေးအတွက် ကောင်းပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

နိုင်ငံတဝှမ်းတွင်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြပွဲများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် အရပ်သား ၇၆၀နီးပါး သေဆုံးခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ဆိုသည်။ သို့သော် စစ်ကောင်စီကပြုစုသည့် သေဆုံးသူစာရင်းသည် လူဦးရေသိသိသာသာလျော့နည်းနေသည်။

သို့သော်ဒီမိုကရေစီအရေး လှုပ်ရှားမှုမှာ အရှိန်မလျော့သေးပေ။ ဆန္ဒပြသူများသည် လွန်ခဲ့သည့် စနေနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ဆန္ဒပြသူများသည် လျှပ်တစ်ပြက်သပိတ် ဆင်နွှဲခဲ့ကြပြီး “မုံရွာကိုအုပ်ချုပ်၍မရစေရ”ဟူသည့် စာသားများကိုလည်း ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်။

အလားတူ တနင်္သာရီတိုင်း၊ မြို့တော်ထားဝယ်တွင်လည်း  ဆန္ဒပြသူများသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလံများကို လေတွင်လွှင့်ထူ၍ “We want democracy (ငါတို့ဒီမိုက‌ရေစီကိုလိုချင်တယ်ဟု အဓိပ္ပာယ်ရသော)” စာသားများကို ကိုင်ဆောင်၍ ဆန္ဒပြခဲ့ကြသည်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖမ်းဆီးရန်အလိုရှိသည်ဟု ရေးသားထားသော ပိုစတာများ မြို့အနှံ့ကပ်ထားသည်ကို တွေ့ရှိခဲ့ရသည်။

စစ်ကောင်စီခေါင်းဆောင်က အာဏာသိမ်းမှုသည် ဒီမိုကရေစီစနစ်ကို ကာကွယ်ရန်လိုအပ်သည့် လုပ်ရပ်ဖြစ်ကြောင်း တစိုက်မတ်မတ် အကြောင်းပြထားပြီး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အင်န်အယ်လ်ဒီပါတီက မဲအပြတ်အသတ် နိုင်ခဲ့‌သော ၂၀၂၀၊ နိုဝင်ဘာရွေးကောက်ပွဲတွင် မဲမသမာမှုများရှိခဲ့ကြောင်း စွပ်စွဲထားသည်။

ထပ်တိုးလာတဲ့ စစ်ဘေးရှောင်ဒုက္ခသည်များ

လုံခြုံရေးတပ်ဖွဲ့များက မြို့ကြီးများရှိ ဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွင်းနေချိန် တစ်ပြိုင်နက် နယ်စပ်ဒေသများတွင်မူ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအကြား ပြင်းထန်သော တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

တပ်မတော်၏ စစ်အာဏာသိမ်းမှုကို ကရင်အမျိုးသားအစည်းအရုံး (ကေအင်န်ယူ) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ကန့်ကွက်ရှုတ်ချခဲ့ကြပြီး အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်သည့် လှုပ်ရှားမှုများကို ထောက်ခံအားပေးခဲ့ကြသည်။ ထို့ပြင် အဆိုပါအဖွဲ့များသည် ၎င်းတို့ထိန်းချုပ်ရာနယ်မြေသို့ ထွက်ပြေးတိမ်းရှောင်လာသော တက်ကြွလှုပ်ရှားသူများကိုလည်း ခိုလှုံခွင့်ပေးခဲ့သည်။

ကေအင်န်ယူအဖွဲ့က တပ်မတော်၏ စစ်စခန်းများကို ဝင်‌ရောက်တိုက်ခိုက်၊ သိမ်းပိုက်ခဲ့သည်။ ယင်းကို တုံ့ပြန်သည့်အနေဖြင့် တပ်မတော်က ကေအင်န်ယူအဖွဲ့လှုပ်ရှားရာ ကရင်ပြည်နယ်မြောက်ပိုင်းဒေသကို လေကြောင်းထိုးစစ်များ ပြုလုပ်ခဲ့သည်။ နောက်ဆုံးပြုလုပ်ခဲ့သည့် လေကြောင်းထိုးစစ်မှာ စနေနေ့၊ ညသန်းခေါင်တွင် ပြုလုပ်ခဲ့သည့် တိုက်ခိုက်မှုဖြစ်သည်။

စစ်‌တပ်က လေကြောင်းမှ ပစ်မှတ်ထားတိုက်ခိုက်သည့်နေရာသည် ထိုင်းနိုင်ငံမြောက်ပိုင်း၊ မယ်ဟောင်ဆောင်ခရိုင်နှင့် ကပ်လျက်တည်ရှိပြီး ယင်းသို့တိုက်ခိုက်မှုများကြောင့် ဒေသခံအရပ်သားများသည် ထိုင်း-မြန်မာနယ်စပ်ကို ပိုင်းခြားထားသော သံလွင်မြစ်ကိုဖြတ်၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ကြရသည်။

“မြန်မာစစ်သားတွေက တိုက်လေယာဉ်ပျံနဲ့ လေကြောင်စစ်ဆင်ရေးတစ်ရပ် ပြုလုပ်ခဲ့တယ်။ စစ်ဆင်ရေးအတွင်း လက်နက်ကြီး၊ ဒုံးကျည်နှစ်စင်းပစ်တယ်”ဟု မဲဟောင်ဆောင်ခရိုင်အုပ်ချုပ်ရေးမှူး ဆီသီချိုင်း ဂျင်ဒါလွာဏ်က ပြောသည်။

မြန်မာနိုင်ငံသား ၂,၃၀၀ ကျော် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်တိမ်းရှောင်နေသည်ဟုလည်း ၎င်းကဆိုသည်။

ထိုင်းအာဏာပိုင်များကမူ သတင်းဌာနများနှင့် ကရင်ကူညီကယ်ဆယ်ရေးအဖွဲ့အစည်းများကို ကိုဗစ်-၁၉ရောဂါအကြောင်းပြ၍ ဒုက္ခသည်များထံသို့ သွားရောက်ခြင်းကို တားမြစ်ခဲ့သည်။ နေရပ်သို့ ပြန်လည်ဝင်ရောက်လာသည့် ဒေသခံများကိုလည်း ကိုယ်အပူချိန်တိုင်းတာ၍ စစ်ဆေးလေ့ရှိသည်။

ဧပြီ၃၀ရက်၊ သောကြာနေ့က ကချင်ပြည်နယ်၊ မိုးမောက်မြို့တွင်လည်း ကချင်လွတ်မြောက်ရေးတပ်မတော်နှင့် မြန်မာစစ်တပ်တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး တပ်မတော်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

စနေနေ့တွင် ကချင်ပြည်နယ်ရှိ မြို့နှစ်မြို့တွင် အမြောက်ပစ်ခတ်မှုများရှိခဲ့ပြီး တိုက်ပွဲများထပ်မံဖြစ်ပွားခဲ့သည်ဟု လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးနေသည့် အဖွဲ့အစည်းတစ်ခုက အဖွဲ့ဝင်တစ်ဦးက ပြောသည်။ တိုက်ပွဲများသည် လူနေရပ်ကွက်များသို့ နီးကပ်လာမည်ကို ဒေသခံများက စိုးရိမ်နေကြကြောင်း ၎င်းကဆိုသည်။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar