Anti-coup protesters hold up the three-finger salute while demonstrating in Yangon’s Tarmwe Township on April 26. (AFP)
လက်သုံးချောင်းထောင်၍ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေကြသူများအား ဧပြီလ၂၆ရက်က ရန်ကုန်မြို့၊ တာမွေမြို့နယ်အတွင်း မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | အေအက်ဖ်ပီ)

အာဏာရှင်ရဲ့ထိုင်ခုံကို ကိုင်လှုပ်နိုင်တဲ့နည်းလမ်းက အကြမ်းမဖက်တော်လှန်ခြင်းပါပဲ

ငြိမ်းချမ်းစွာအကြမ်းမဖက်တဲ့နည်းနဲ့ အာခံဖီဆန်မှုတွေဟာ စစ်အစိုးရကိုအခက်အခဲဖြစ်စေမယ့် အထိရောက်ဆုံးနည်းလမ်းဆိုတာ သေချာစေတဲ့ အချက်တွေရှိတာကြောင့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဟာ လက်နက်စွဲကိုင်တော်လှန်တာထက် အကြမ်းမဖက်တော်လှန်တဲ့နည်းလမ်းတွေကို ပိုပြီးဦးစားပေး ဆောင်ရွက်သင့်ပါတယ်။

ခိုင် ရေးသားသည်။

မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရခဲ့တာ ၇၃နှစ်ရှိပြီဖြစ်ပေမဲ့ ဒီကာလတွေရဲ့ သုံးပုံနှစ်ပုံကျော်လောက်ဟာ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ အုပ်ချုပ်မှုအောက်မှာပဲ ရှိနေခဲ့ပါတယ်။ ဒီမိုကရေစီစနစ် တစ်ပိုင်းတစ်စကျင့်သုံးခွင့် ဆယ်နှစ်လောက်ရခဲ့ပြီးတဲ့နောက် ၂၀၂၁၊ ဖေဖော်ဝါရီ၁ရက်မှာတော့ မြန်မာနိုင်ငံဟာ စစ်အုပ်ချုပ်မှုအောက် ပြန်ရောက်သွားရပြန်ပါတယ်။ ဒါပေမဲ့ ပြည်သူတွေကတော့ အာဏာရှင်စနစ်ကို အပြုတ်တိုက်ထုတ်ရမယ်လို့ သန္နိဋ္ဌာန်ချထားပြီး စစ်အာဏာသိမ်းမှုကို အကြမ်းမဖက်ဘဲ ငြိမ်းချမ်းတဲ့ဆန္ဒပြခြင်းနဲ့ ငြိမ်းချမ်းစွာအာဏာဖီဆန်မှု (CDM) တွေနဲ့ ဆန့်ကျင်တော်လှန်နေကြပါတယ်။

သို့ပေမဲ့ စစ်အစိုးရရဲ့ အကြမ်းဖက်နှိမ်နှင်းမှုတွေကို ပြည်သူတွေက ပြန်လည်ခုခံကာကွယ်ခွင့် ရှိတယ်လို့ အာဏာအလုခံလိုက်ရတဲ့ အရပ်သားအစိုးရကိုယ်စားပြု ရွေးကောက်ခံလွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)က လူသိရှင်ကြား ပြောထားပါတယ်။ ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နှင်းတာကြောင့် အခုအချိန်မှာ အရပ်သား ၇၀၀ကျော် အသက်ဆုံးရှုံးထားပြီဖြစ်ပါတယ်။

ဒါ့ပြင် မြန်မာနိုင်ငံရဲ့တရားဝင် အစိုးရအဖြစ် ဧပြီ၁၆ရက်မှာ CRPHက ကြေညာခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) ရဲ့ အဖွဲ့ဝင်တွေကလည်း တပ်မတော်ကိုစစ်ရေးအရ ယှဉ်ပြိုင်တိုက်ခိုက်မှုတွေ ပေါ်ပေါက်လာစေမယ့် အစီအစဉ်တွေကို ဆွေးနွေးပြောဆိုနေကြပါတယ်။ NUGရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲနဲ့ပတ်သက်တဲ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ပရော်ဖက်ရှင်နယ်ဖြစ်အောင်နဲ့ စုဖွဲ့မှုကောင်းကောင်းနဲ့ လေ့ကျင့်မှုကောင်းကောင်း ဖြစ်အောင်ပြင်ဆင်တည်ဆောက်ပေးမှာဖြစ်ပြီး စနစ်တကျဖွဲ့စည်းပြီးတဲ့နောက်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ပေါင်းစည်းပြီး ဖက်ဒရယ်တပ်မတော်ဖြစ်လာမယ်လို့ ပြောထားပါတယ်။

ဒါပေမဲ့ ဒီအစီအစဉ်တွေက အခုအချိန်မှာမရေမရာ ဖြစ်နေဆဲပါ။ ကြားကာလညီညွတ်ရေးအစိုးရဖြစ်တဲ့ NUG ဟာလက်နက်ကိုင်တော်လှန်ရေးကို ဦးစားပေးရမလား၊ ဒါမှမဟုတ် အကြမ်းမဖက်တော်လှန်ခြင်းနည်းလမ်းကို ဦးစားပေးရမလား တစ်ခုခုကို လုံးလုံးလျားလျား ရွေးချယ်ရမယ့် အခြေအနေကို ရင်ဆိုင်နေရပါတယ်။

တပ်မတော်ရဲ့ အကြမ်းဖက်နှိမ်နှင်းမှုတွေကို ရင်ဆိုင်နေရတဲ့အတွက် လက်နက်ကိုင်ပြီး ပြန်တိုက်သင့်တယ်လို့ ပြောကြတာက လွယ်ပါတယ်။ ဒါပေမဲ့ လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာ့သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် လက်နက်ကိုင်တော်လှန်တာဟာ အာဏာရှင်ကိုဖြုတ်ချဖို့ အထိရောက်ဆုံးနည်းလမ်းဖြစ်တယ်လို့ သုံးသပ်ချက်ချဖို့ ခက်ခဲပါတယ်။ ဒါ့ပြင် ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာလည်း ငြိမ်းချမ်းတဲ့နည်းလမ်းတွေနဲ့ ဖီဆန်မှုတွေက လက်နက်ကိုင်အာဏာဖီဆန်မှုအပါအဝင် ဘယ်လိုနည်းလမ်းမျိုးမဆိုထက်ပိုပြီး ရည်ရွယ်ချက်တွေ အထမြောက်၊ အောင်မြင်တယ်ဆိုတာ မငြင်းနိုင်တဲ့ အချက်တစ်ချက်ပါပဲ။

မြန်မာနိုင်ငံရဲ့ အရှည်ကြာဆုံး လက်နက်ကိုင်တော်လှန်ရေးတွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေ အများကြီးပါဝင်ပါတယ်။ ကရင်အမျိုးသားအစည်းအရုံး (ကေအဲင်န်ယူ)အပါအဝင် အဖွဲ့တော်တော်များများဟာ အခုအချိန်အထိ သြဇာအရှိန်အဝါ ရှိနေကြပါတယ်။ လွတ်လပ်ရေးရပြီးတစ်နှစ်အကြာ ၁၉၄၉၊ လူမျိုးစုတင်းမာမှုတွေ ပေါ်ပေါက်နေတဲ့အချိန်မှာပဲ ကေအဲင်န်ယူက လက်နက်ကိုင်တော်လှန်ပုန်ကန်မှု စတင်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ ယခင်မြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့၊ အင်းစိန်အထိ တက်သိမ်းခဲ့ပါတယ်။

ဒါပေမဲ့ အစိုးရကနယ်မြေတွေကို တဖြည်းဖြည်း ပြန်တိုက်ယူလာနိုင်တဲ့အတွက် ကေအဲင်န်ယူတပ်ဟာ ထိုင်းနယ်စပ်နားက သူတို့အမာခံနယ်မြေဘက်ကို ပြန်ဆုတ်ခွာသွားကြပါတယ်။ တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေလည်း အလားတူပဲ သူတို့အခြေတည်ရာ နယ်မြေတွေဆီပြန်ဆုတ်ခွာသွားကြရပါတယ်။

အရင်တုန်းက အာဏာအရှိဆုံးလက်နက်ကိုင်အဖွဲ့တွေထဲမှာ ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)လည်း တစ်ဖွဲ့အပါအဝင်ဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီးကာစ အစောပိုင်းနှစ်တွေမှာ တပ်မတော်က မြန်မာနိုင်ငံရဲ့ အဓိက နေရာတွေကိုပြန်လည်ရယူနိုင်ထားတဲ့အချိန်မှာ ဗကပဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်နယ်မြေကို လက်နက်ကောင်းကောင်းတပ်ဆင်ထားတဲ့ တရုတ်အပျော်တမ်းစစ်သားတွေရဲ့ အကူအညီနဲ့ ၁၉၆၈မှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

လက်နက်နဲ့ လူအင်အားအများအပြားရှိနေတဲ့ ဗကပတပ်ဟာ ရွှေတြိဂံဒေသလို့လူသိများတဲ့ ကိုးကန့်နဲ့ ‘ဝ’ဒေသအပါအဝင် သံလွင်မြစ်အရှေ့ဖက်တစ်ကြောက နယ်မြေတွေကို သိမ်းပိုက်ထားပါတယ်။ ၁၉၈၉မှာ တပ်တွင်းပုန်ကန်မှုကြောင့် ဗကပပြိုကွဲမသွားခင်အချိန်အထိ ပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဗကပတွေနောက်ထပ်နယ်မြေတွေ မသိမ်းပိုက်နိုင်အောင် ကာကွယ်နိုင်ခဲ့ပါတယ်။

လက်နက်ကိုင်ပုန်ကန်မှု နောက်တစ်ခုကတော့ ပြည်ချစ်လွတ်မြောက်ရေးတပ်မတော် (PLA) က စတင်ခဲ့တာပါ။ ဒီအဖွဲ့ဟာ ပါလီမန်ဒီမိုကရေစီပါတီရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး ဝန်ကြီးချုပ်ဟောင်းဦးနုက ၁၉၆၀ပြည့်လွန်နှောင်းပိုင်းနှစ်တွေမှာ ထောင်ကလွတ်လာပြီးနောက် ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ဦးနုဟာ PLA အဖွဲ့အတွက် ကမ္ဘာပတ်ပြီး ရန်ပုံငွေတွေစုဆောင်းခဲ့ပါတယ်။ ရဲဘော်သုံးကျိပ်ဝင်တစ်ဦးဖြစ်တဲ့ ဗိုလ်လက်ျာဦးဆောင်တဲ့ PLAအဖွဲ့ဟာ ကေအဲင်န်ယူထိန်းချုပ်နယ်မြေထဲက နယ်စပ်မှာ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပါတယ်။ သို့ပေမဲ့ စစ်အစိုးရကို ကြီးကြီးမားမား ခြိမ်းခြောက်မှုတစ်စုံတစ်ရာ မလုပ်နိုင်ခဲ့ပါဘူး။

၁၉၈၈မှာ ရှစ်လေးလုံးအရေးတော်ပုံကို စစ်တပ်ကအကြမ်းဖက် နှိမ်နှင်းခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ထွက်ပေါ်လာပြီး ကေအဲင်န်ယူနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(ကေအိုင်အို) ထိန်းချုပ်နယ်မြေတွေမှာ အခြေချလှုပ်ရှားခဲ့ပါတယ်။ ABSDFအဖွဲ့ဟာစစ်တပ်ကို တိုက်ခိုက်ခဲ့ပေမဲ့ စစ်အစိုးရဖြုတ်ချရေးအတွက် မဆောင်ရွက်နိုင်ခဲ့ပါဘူး။

ဒီအဖွဲ့တွေနဲ့ တခြားလက်နက်ကိုင်အဖွဲ့တွေရဲ့ လက်နက်ကိုင်တော်လှန်မှုတွေအပြင် မြန်မာနိုင်ငံရဲ့ ခေတ်သစ်သမိုင်းမှာ အကြမ်းမဖက်တော်လှန်မှုတွေလည်း အများအပြားရှိခဲ့ပါတယ်။ ဒီထဲမှာ ရန်ကုန်တက္ကသိုလ်က ကျောင်းသားသမဂ္ဂအဆောက်အအုံကို ဒိုင်းနမိုက်နဲ့ ဖြိုချဖျက်ဆီးခဲ့ခြင်းနဲ့ အဆုံးသတ်သွားခဲ့တဲ့ ၁၉၆၂၊ ဇူလိုင်လမှာ တက္ကသိုလ်ကျောင်းသားတွေ ဆန္ဒပြခဲ့ကြတာလည်း တစ်ခုအပါအဝင်ပါ။ ဒါ့ပြင် ၁၉၇၄မှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်ရဲ့နာရေးနဲ့ပတ်သက်ပြီး ကျောင်းသားတွေ ဆန္ဒပြခဲ့ကြသလို တစ်နှစ်တည်းမှာပဲ အလုပ်သမားသပိတ်လည်း ပေါ်ပေါက်ခဲ့ပါသေးတယ်။

အရေးအခင်းတွေ ပေါ်ပေါက်ခဲ့သမျှမှာ အကြီးဆုံးသပိတ်ကတော့ ရှစ်လေးလုံးအရေးအခင်းပါပဲ။ တခြားသပိတ်တွေလိုပဲ တပ်မတော်ကအကြမ်းဖက်နှိမ်နှင်းခဲ့ပေမဲ့ ဒီအရေးတော်ပုံရဲ့ အမွေအနှစ်ဟာ ၁၉၈၈မှာ ထွက်ပေါ်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အင်န်အယ်လ်ဒီ)ဖြစ်ပြီး အင်န်အယ်လ်ဒီပါတီဟာ အင်အားကောင်းကောင်းနဲ့ နှစ်ပေါင်းများစွာ အဓွန့်ရှည်တည်တံ့နေပါတယ်။

အင်န်အယ်လ်ဒီပါတီရဲ့ စစ်အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှု ဆယ်စုနှစ်ပေါင်းများစွာ ရပ်တည်နိုင်ခဲ့ရတဲ့ အဓိကအချက်ကတော့ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် စွဲကိုင်ကျင့်သုံးတဲ့ အကြမ်းမဖက်ရေးကို ဦးစားပေးတာပဲဖြစ်ပါတယ်။ သူ့ရဲ့ အာဏာရှင်စနစ်ဆန့်ကျင်ရေးကို မမှိတ်မသုန် ဆောင်ရွက်ခဲ့တာကြောင့် နေအိမ်အကျယ်ချုပ်နဲ့ထိန်းသိမ်းထားခံရသလို အင်န်အယ်လ်ဒီပါတီဝင်တွေမှာလည်း နှောင့်ယှက်နှိပ်စက်တာနဲ့ ထောင်သွင်းအကျဉ်းချထားတာတွေ ခံကြရပါတယ်။ ဒီလိုဖိနှိပ်ချုပ်ချယ်မှုတွေ ကြုံရပေမဲ့လည်း သူတို့ရဲ့ အကြမ်းမဖက်တော်လှန်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေက မယိမ်းယိုင်သွားခဲ့ကြပါဘူး။

၂၀၁၅အထွေထွေရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီက သောင်ပြိုကမ်းပြိုအနိုင်ရခဲ့ပြီး အစိုးရဖွဲ့ဖို့နဲ့ သမ္မတတင်မြှောက်ဖို့ လုံလောက်တဲ့လွှတ်တော်အမတ်အရေအတွက် ရရှိခဲ့ပါတယ်။ ရွေးကောက်ပွဲမကျင်းပခင်မှာ အင်န်အယ်လ်ဒီရဲ့ အဓိကပြိုင်ဘက် စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာ အကြီးအကျယ်ကွဲပြဲမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။

အဲဒီဖြစ်ရပ်တွေ မတိုင်ခင်မှာတော့  ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ – မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)က တရုတ်ပိုင်နက်နယ်မြေဘက်ကနေ ကျူးကျော်တိုက်ခိုက်လာပါတယ်။ ဒီအဖွဲ့ကို တပ်မတော်က ၂၀၀၉မှာ အဲဒီနယ်မြေထဲကနေ တိုက်ထုတ်ထားခဲ့တာပါ။၂၀၁၅မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် တပ်မတော်သားအမြောက်အမြားကျဆုံးခဲ့ရသလို တရုတ်နိုင်ငံနဲ့လည်း ဆက်ဆံရေးတင်းမာမှုတွေ ဖြစ်ခဲ့ရပါတယ်။

ဒီလိုအခြေအနေတွေ ဖြစ်ခဲ့တာကလည်း ၂၀၁၅ရွေးကောက်ပွဲ အင်န်အယ်လ်ဒီက အနိုင်ရခဲ့ပေမဲ့ တပ်မတော်က စစ်အာဏာသိမ်းတာမျိုး မလုပ်ခဲ့တဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ စစ်တပ်ဟာ အင်န်အယ်လ်ဒီကို ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်ကို အုပ်ချုပ်ခွင့်ပေးခဲ့ပါတယ်။ အခြေခံဥပဒေအရ တပ်မတော်ဟာ ကာကွယ်ရေး၊ နယ်စပ်ရေးရာနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတွေကို အုပ်ချုပ်တာအပါအဝင် အာဏာတော်တော်များများ ရရှိထားပါတယ်။

ဖေဖော်ဝါရီ၁ရက်မှာ အာဏာသိမ်းမှုမဖြစ်ခဲ့ဘူးဆိုရင် အင်န်အယ်လ်ဒီဟာ အနည်းဆုံး၂၀၂၆အထိ နိုင်ငံတော်အုပ်ချုပ်မှုအာဏာကို ဆက်ယူထားနိုင်သလို သမ္မတဟာ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရဲ့ သဘောတူညီချက်နဲ့ ဒီနှစ်ထဲမှာ ပင်စင်ယူရတော့မယ့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နေရာမှာအစားဝင်မယ့် ကာကွယ်ရေးဦးစီးချုပ်အသစ်ကို ခန့်ထားနိုင်ပါတယ်။ ဒီလိုအခြေအနေတွေကြောင့်  တပ်မတော်ဟာနောက်ဆုံးမှာ ပြုပြင်ပြောင်းလဲသွားပြီး နိုင်ငံရေးကနေငြိမ်းချမ်းစွာထွက်သွားနိုင်မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ စစ်ဗိုလ်ချုပ်ကြီးတွေဟာ ၂၀၂၀အထွေထွေရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီက နောက်တစ်ကြိမ် သောင်ပြိုကမ်းပြိုအနိုင်ရခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်တာဝန်ထပ်ယူခွင့်မပေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဖေဖော်ဝါရီ၁ရက်မှာ သမ္မတဦးဝင်းမြင့်၊ တခြားအရပ်သားခေါင်းဆောင်တွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းလိုက်ကြပါတယ်။ ဒါကြောင့် နိုင်ငံတဝှမ်းဆန္ဒပြပွဲတွေနဲ့ အစိုးရယန္တရားကိုရပ်တန့်သွားစေဖို့ရည်ရွယ်တဲ့ အကြမ်းမဖက် အာဏာဖီဆန်မှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

သပိတ်တွေနဲ့ ဆန္ဒပြပွဲတွေကို နှိမ်နှင်းဖို့ စစ်တပ်ကဘယ်လောက်ပဲ အင်တိုက်အားတိုက် ကြိုးစားပေမဲ့ ဒါတွေကိုရပ်တန့်သွားအောင် သူတို့မလုပ်နိုင်ပါဘူး။ CDMလှုပ်ရှားမှုတွေဟာ အုပ်ချုပ်ရေးပိုင်းနဲ့ ပုဂ္ဂလိက ကဏ္ဍနှစ်ခုစလုံး အထူးသဖြင့်ဘဏ်တွေကို ရပ်သွားစေပါတယ်။ ဆေးရုံတော်တော်များများလည်း ပိတ်ထားကြပြီး မီးရထားဝန်ထမ်းတွေ သပိတ်မှောက်ထားတာကြောင့် ရထားတွေလည်းမထွက်ကြပါဘူး။

အာဏာသိမ်းပြီး သုံးလနီးပါးအကြာမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟာ အစိုးရတစ်ရပ်အဖြစ် မရပ်တည်နိုင်သေးသလို အကြမ်းမဖက်တော်လှန်ဖီဆန်မှုတွေဟာ ကောင်စီကို နိုင်ငံအုပ်ချုပ်ရေးအခိုင်အမာ လုပ်မရအောင် တားဆီးပိတ်ပင်ထားပါတယ်။ ဒါ့ပြင် မြန်မာနိုင်ငံရဲ့တရားဝင်အစိုးရအဖြစ်လည်း အာဆီယံနိုင်ငံ၁၀နိုင်ငံအနက် ဘယ်နိုင်ငံကမှ အသိအမှတ်မပြုကြသေးပါဘူး။ အနောက်နိုင်ငံတွေကလည်း စစ်ခေါင်းဆောင်တွေအပြင်စစ်တပ်နဲ့ ဆက်စပ်တဲ့လုပ်ငန်းတွေကိုပါ စီးပွားရေးပိတ်ဆို့မှုတွေ ချမှတ်ထားပြီး လူ့အခွင့်အရေးအဖွဲ့အစည်းတွေကလည်း နိုင်ငံတကာရာဇဝတ်တရားရုံးမှာ စစ်ခေါင်းဆောင်တွေကို တရားစွဲနိုင်ဖို့ ကြိုးပမ်းနေတာကြောင့် အများစုဟာ နိုင်ငံခြားခရီးထွက်ရင် ဘေးမကင်းရတဲ့ အခြေအနေရောက်နေကြရပါတယ်။

ဒီမိုကရေစီခေါင်းဆောင်တွေဟာ စစ်အစိုးရကိုလက်နက်ကိုင်တော်လှန်ဖို့ စဉ်းစားတာကိုနားလည်ပေးနိုင်ပါတယ်။ တကယ်တော့ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေနဲ့CDMမှာ ပါဝင်တဲ့သူတွေကိုစစ်အစိုးရက အကြမ်းဖက်နှိမ်နင်းတာကြောင့် ကလေးနဲ့အမျိုးသမီးတွေအပါအဝင် လူပေါင်းရာနဲ့ချီ အသက်ဆုံးရှုံးထားရတာပါ။

ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းနဲ့မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့အခြေအနေတွေအရ တိုင်းရင်းသားနယ်မြေတွေပါမကျန် ပြည်သူအားလုံးစည်းလုံးညီညွတ်ကြမယ်ဆိုရင် အကြမ်းမဖက်တဲ့နည်းလမ်းနဲ့တော်လှန်ဖီဆန်တာဟာ အာဏာရှင်ရဲ့ထိုင်ခုံကိုလှုပ်ခါစေနိုင်မယ့် အကောင်းဆုံးနည်းလမ်းပဲဆိုတာ ထင်ရှားလှပါတယ်။ ကြားကာလအတွက် အသစ်ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရဟာ စစ်မှန်တဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်အတွက် တိုက်ပွဲဝင်ရာမှာ အဓိကလက်နက်အဖြစ် အကြမ်းမဖက်တဲ့နည်းလမ်းနဲ့ ဆန့်ကျင်တော်လှန်တာကို ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။

‘ခိုင်’သည် မျက်မှောက်ရေးရာဆောင်းပါးများ ရေးသားသူ မြန်မာစာနယ်ဇင်းသမားတစ်ဦး ကလောင်အမည်ဖြစ်သည်။
Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar