အာဏာရှင်စနစ်ဆိုးဟူသည့် အသုံးအနှုန်း တပ်မတော်က မနှစ်သက်၍ ပယ်ဖျက်ပေးရ

နေပြည်တော်

ရခိုင်ပြည်နယ်ရဲ့ ပြဿနာတွေဟာ အာဏာရှင်စနစ်ဆိုးရဲ့ ဒဏ်ကြောင့်လို့ ညွှန်းဆိုခဲ့တဲ့ အမတ်တစ်ဦးရဲ့ ဆွေးနွေးချက်ကို တပ်မတော်က ကန့်ကွက်ခဲ့တာကြောင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက လွှတ်တော်မှတ်တမ်းကနေ ပြန်လည်ပယ်ဖျက်ပေးလိုက်ရပါတယ်။

သြဂုတ် ၂၂ ရက်မှာ ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ဧရာဝတီတိုင်းဒေသကြီး၊ အမှတ် ၈ မဲဆန္ဒနယ်က အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရဲ့ကိုယ်စားလှယ် ဒေါ်အိအိပြုံးက ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်တဲ့ အဆိုတစ်ခုဆွေးနွေးစဉ် အခုလိုဖြစ်ပွားခဲ့တာပါ။

ရခိုင်ပြည်နယ်မှာ ပင်လယ်ကမ်းရိုးတန်းနဲ့ လယ်ယာသားငါးကဏ္ဍတွေရှိပေမယ့် ဖွံ့ဖြိုးမှုနောက်ကျနေခြင်းဟာ အာဏာရှင်စနစ်ဆိုးရဲ့ဒဏ်ကြောင့်ဖြစ်ပြီး အကြမ်းဖက်လုပ်ရပ်တွေဟာလည်း နေ့ချင်းညချင်းပေါ်ပေါက်လာတဲ့ အရာတွေမဟုတ်ဘဲ ခေတ်အဆက်ဆက် တာဝန်ရှိသူတွေမဖြေရှင်းခဲ့တဲ့ အဂတိလိုက်စားမှုများကြောင့် ဖြစ်ပေါ်လာတဲ့ နိုင်ငံသားစိစစ်မှုပြဿနာရဲ့ အကျိုးဆက်တွေဆိုပြီး ဒေါ်အိအိပြုံးက ထည့်သွင်းဆွေးနွေးခဲ့တဲ့အပေါ် ကန့်ကွက်ခံရတာဖြစ်ပါတယ်။

ဒါ့အပြင် သူ့ရဲ့ ရခိုင်ပြည်နယ်အရေးဟာ ပြည်တွင်းရေးမဟုတ်ဘဲ ပြည်ပမှ ကျူးကျော်စော်ကားတဲ့ အစွန်းရောက် အကြမ်းဖက်မှုများဖြစ်ကြောင်း၊ တိုင်းပြည်ရဲ့ အသုံးစရိတ်အမြောက်အမြား အသုံးပြုနေသော်လည်း အစွန်းရောက်အကြမ်းဖက်မှုအပေါ် ကာကွယ်ရန် အားနည်းနေတဲ့ အခြေအနေတွေကို ပြန်လည်သုံးသပ်သင့်တယ်ဆိုတဲ့ ဆွေးနွေးချက်ကိုလည်း တပ်မတော်က လက်မခံခဲ့ပါဘူး။

ဒေါ်အိအိပြုံးရဲ့ ဆွေးနွေးချက်မှာ တိုင်းပြည်ရဲ့ အသုံးစရိတ်အမြောက်အမြား အသုံးပြုနေသူဟာ ဘယ်သူရယ်လို့ တိတိပပ ထည့်သွင်းမညွှန်းဆိုခဲ့ပေမယ့် တပ်မတော်ဖက်ကတော့ ဒါဟာသူတို့အဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်လို့ ယူဆတဲ့အကြောင်း လွှတ်တော်ကို ပြောခဲ့ပါတယ်။

“လုံးဝလက်မခံပါဘူး။ ဘဏ္ဍာငွေကိုမြောက်မြားစွာ အသုံးပြုတယ်ဆိုတဲ့ဟာ၊ တပ်မတော်က တပ်စွမ်းရည်၊ တပ်စွမ်းအား ရှိဖို့အတွက် တပ်မတော်ရဲ့ ဘဏ္ဍာကို ဘဏ္ဍာရေးကော်မရှင်ကိုတင်ပြပြီးတော့မှ ခွင့်ပြုချက်နဲ့ သုံးခဲ့တာဖြစ်တယ်”လို့ ဗိုလ်ချုပ်သန်းစိုးက ထပြီး ကန့်ကွက်ခဲ့တာပါ။

သူကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ တာဝန်ပေးချက်အရ အမျိုးသားလွှတ်တော်ထဲရောက်နေတဲ့ ၂၅ ရာခိုင်နှုန်းသော တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦးလည်းဖြစ်ပါတယ်။

ဒါ့အပြင် “နောက်တစ်ခုရှိပါသေးတယ်။ အာဏာရှင်စနစ်ဆိုး။ ဘာကိုဆိုလိုတာလဲ၊ ဘယ်သူ့ကိုဆိုလိုတာလဲ၊ ပွင့်ပွင့်လင်းလင်း သိချင်ပါတယ်။ အစိုးရအဆက်ဆက်ကို အာဏာရှင်စနစ်ဆိုးဆိုပြီးတော့ ပြောတဲ့ဟာကို လက်ခံစရာ အကြောင်းမရှိပါဘူး”လို့လည်း ဗိုလ်ချုပ်သန်းစိုးက ပြောခဲ့ပါသေးတယ်။

ဒါကြောင့် အာဏာရှင်စနစ်ဆိုးဆိုတဲ့ အသုံးအနှုန်းဟာ ရိုင်းပျတဲ့စကားလုံးဖြစ်ခြင်း၊ တပ်မတော်ရဲ့ ဘဏ္ဍာငွေ ရယူသုံးစွဲမှုနဲ့ ပတ်သက်တဲ့ဆွေးနွေးချက်ဟာ အဆိုနဲ့ သက်ဆိုင်မှုမရှိခြင်းတွေကြောင့် ပယ်ဖျက်ပေးပါဆိုပြီး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌထံ သူက တောင်းဆိုခဲ့တာပါ။

ဒီအချိန်မှာ တနင်္သာရီတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ် ၈ က NLD အမတ် ဦးဥက္ကာမင်းက တပ်မတော်သားကိုယ်စားလှယ်ရဲ့ ကန့်ကွက်ချက်အပေါ် မတ်တပ်ထပြီး တစ်စုံတစ်ရာပြောခဲ့ပေမယ့် လွှတ်တော်ဥက္ကဋ္ဌက မိုက်ကရိုဖုန်းသုံးစွဲခွင့် မပေးတာကြောင့် ကြားသိလိုက်ရခြင်းမရှိခဲ့ပါဘူး။

လွှတ်တော်အစည်းအဝေးပြီးချိန် မေးမြန်းရာမှာတော့ ဦးဥက္ကာမင်းက တရားဝင်ပြန်လည်ကန့်ကွက်ခွင့်မရတဲ့ အပေါ် မှတ်ချက်တစ်စုံတစ်ရာပြုခဲ့ခြင်းတော့မရှိပါဘူး။။ ဒါပေမယ့် “တိုင်းပြည်ဟာ အသွင်ကူးပြောင်းမှု၊ ဒီမိုကရေစီ အသွင်ကူးပြောင်းနေတယ်ဆိုတာကိုလည်း ကျွန်တော်တို့လက်ခံတယ်။ ဒါပေမယ့် အရှေ့အရှေ့က ဖြစ်ခဲ့တဲ့ အာဏာရှင်ခေတ်ဆိုတာ ဘာလည်းဆိုတာ ပြည်သူအားလုံး သိနေတာပဲ”လို့ သူက ပြောပါတယ်။

အမျိုးသားလွှတ်တော်အတွင်း အငြင်းပွားမှုတွေကိုတော့ “အခုအဆိုနဲ့ပတ်သက်လို့ ဆွေးနွေးသွားတဲ့ကိစ္စတွေမှာ အဆိုနဲ့မသက်ဆိုင်တဲ့ အကြောင်းအရာတွေ၊ ကန့်ကွက်ချက်တွေအားလုံးကို ပယ်ဖျက်ပေးပါမယ်”လို့ ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ဆုံးဖြတ်လိုက်ပြီးနောက် ပြေလည်သွားခဲ့ပါတယ်။

အငြင်းပွားမှုဖြစ်ပေါ်ခဲ့တဲ့အဆိုကို ရခိုင်ပြည်နယ်၊ မဲဆန္ဒနယ် အမှတ် (၃)က ရခိုင်အမျိုးသားပါတီဝင် အမတ် ဦးခင်မောင်လတ်က တင်သွင်းတာဖြစ်ပါတယ်။

အဆိုကတော့ မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ လှုပ်ရှားနေတဲ့ အကြမ်းဖက်အဖွဲ့ဝင်တွေကို ဖော်ထုတ်ပြီး အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေအရ အရေးယူပေးဖို့နဲ့ ၎င်းတို့ရဲ့ ခြိမ်းခြောက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာကြတဲ့ တိုင်းရင်းသားများရဲ့ ကျေးရွာများ ဆက်လက်ရပ်တည်နိုင်ရေးအတွက် အရေးတယူ ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်းဆိုပြီး ဖြစ်ပါတယ်။

ဒီအဆိုကို ဆွေးနွေးဖို့ အမည်စာရင်းပေးထားတဲ့ ကိုယ်စားလှယ်အချို့ ကျန်ရှိနေသေးတာကြောင့် အဆုံးအဖြတ် တစ်စုံတစ်ရာချမှတ်နိုင်ခြင်းမရှိသေးဘဲ နောက်ရက်တွေမှာ ထပ်မံဆွေးနွေးဖို့ရှိနေပါသေးတယ်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar