အာဏာရပါတီ၊ မဟာမိတ်များနှင့် ရွေးကောက်ပွဲမေးခွန်းများ

မကြာမီက တိုင်းရင်းသားလူမျိုးစုရေးရာကော်မတီ ဖွဲ့စည်းလိုက်ခြင်းက လာမည့် အထွေထွေရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီသည် တိုင်းရင်းသားလူနည်းစုပါတီများနှင့် ယှဉ်ပြိုင်အရွေးခံရန် စီစဉ်လိုက်ခြင်းဖြစ်သည်။

ရဲမွန်

လာမည့်အထွေထွေရွေးကောက်ပွဲတွင် တိုင်းရင်းသားလူနည်းစုများ၏ မဲများရရှိရေးအတွက် ယှဉ်ပြိုင်မှုမှာ တစစပြင်းထန်လာနေသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားပါတီများ မဟာမိတ်ဖွဲ့၍ ပါဝင်ယှဉ်ပြိုင်ကြမည့် အလားအလာမှာ အတော်ပင်မှေးမှိန်သွားခဲ့ပြီ။ စက်တင်ဘာ ၂၁ – ၂၂ တွင် ကျင်းပခဲ့သော ဗဟိုကော်မတီအစည်းအဝေး၌ တိုင်းရင်းသားလူမျိုးစုရေးရာကော်မတီ ဖွဲ့စည်းလိုက်ခြင်းသည် အင်န်အယ်လ်ဒီပါတီက တိုင်းရင်းသားတို့၏ ဆန္ဒမဲများ ရရှိရေးကြိုးပမ်းမှု၏ ပထမခြေလှမ်းဖြစ်သည်။ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ပါတီဒု-ဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က လာမည့်ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများနှင့် ယှဉ်ပြိုင်ရန် အင်န်အယ်လ်ဒီအနေဖြင့် ဗျူဟာမြောက်အစီအစဉ်ရှိရန် လိုသည်ဟု ပြောခဲ့သည်။

ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့၏ ဝန်ကြီးချုပ်များပါဝင်သော တိုင်းရင်းသားရေးရာကော်မတီ ဖွဲ့စည်းလိုက်ခြင်းသည် အင်န်အယ်လ်ဒီက တိုင်းရင်းသားအရေးကိစ္စကို မည်မျှအလေးထားကြောင်း ပြယုဂ်ဥပမာတစ်ခုပင်ဖြစ်ပါသည်ဟုလည်း ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

“တိုင်းရင်းသားရေးရာတွေကို အဓိကအလေးထားလုပ်ဆောင်ဖို့ တိုင်းရင်းသားရေးရာကော်မတီကို ကျွန်တော်တို့ဖွဲ့တာပါ” ဟု သူကပြောခဲ့ပြီး တိုင်းရင်းသားတွေကိုလည်း အင်န်အယ်လ်ဒီနဲ့ လက်တွဲကြဖို့ တိုက်တွန်းခဲ့သည်။

တိုင်းရင်းသားရေးရာ ကော်မတီဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ရခြင်းသည် ၂၀၁၅ နောက်ပိုင်း တိုင်းရင်းသားပါတီများ အင်အားတောင့်တင်းလာခြင်းနှင့် အင်န်အယ်လ်ဒီအစိုးရ၏ ဆောင်ရွက်လုပ်ကိုင်မှုများနှင့်ပတ်သက်၍ တိုင်းရင်းသားအချို့အကြား စိတ်ပျက်မှုများရှိနေကြောင်းကို ထင်ဟပ်နေသည်။

တိုင်းရင်းသားလူမျိုးစုများ၏ တောင့်တမျှော်လင့်ချက်များသည် ၂၀၁၅ ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများအကြား မဲများကွဲသွားသဖြင့် ၎င်းတို့၏ မျှော်လင့်ချက်ပျက်ပြားခဲ့ရလေရာ တိုင်းရင်းသားပါတီများ ပေါင်းလိုက်ခြင်းဖြင့် တိုင်းရင်းသားမဲများကို စုစည်းပေးလိမ့်မည်ဟု မျှော်လင့်ရသည်။

ကချင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ဒေါ်အောင်ဆန်းစုကြည်၏ဖခင် လွတ်လပ်ရေးပိသုကာ ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်တုတည်ဆောက်မှုနှင့် မွန်ပြည်နယ်တွင် တံတားနာမည်ပေးခဲ့မှုတို့ကြောင့် အင်န်အယ်လ်ဒီပါတီ အဝေဖန်ခံခဲ့ရသည်။ ချင်းပြည်နယ်တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တု တည်ဆောက်မည့် အစီအစဉ်နှင့်ပတ်သက်၍လည်း အငြင်းပွားမှုများရှိနေသည်။

သို့သော် မြန်မာနိုင်ငံ၏ လူဦးရေပျံ့နှံ့မှုအနေအထားနှင့် နိုင်ငံရေးစနစ်ကြောင့် အင်န်အယ်လ်ဒီပါတီအဖို့ တိုင်းရင်းသားပါတီများနှင့် တရားဝင်မဟာမိတ်ဖွဲ့ကာ ရွေးကောက်ပွဲဝင်ရန် မက်မောစရာသိပ်မရှိလှပေ။

ကိုယ်စားလှယ်အမတ်နေရာ ၆၀ ရာခိုင်နှုန်းခန့်မှာ လူများစု ဗမာတို့နေထိုင်ရာ အရပ်တွင်ရှိနေသည်။ ပြည်နယ် ခုနစ်ခုမှ မဲဆန္ဒနယ်များ ၊ အထူးသဖြင့် မြို့ပြနေရာများတွင်လည်း ဗမာလူဦးရေက အများအပြားရှိနေသည်။

‘နိုင်သူအကုန်ယူ’ ရွေးကောက်ပွဲစနစ်နှင့် ရွေးကောက်ပွဲအပြီး အစိုးရဖွဲ့သည့်စနစ်တို့ကြောင့် အင်အားတောင့်တင်းလှသော အင်န်အယ်လ်ဒီကဲ့သို့ ပါတီကြီးတစ်ခုအဖို့ တိုင်းရင်းသားပါတီလေးများနှင့် မဟာမိတ်ဖွဲ့ခြင်းဖြင့် သိပ်အကျိုးမများလှပေ။ တိုင်းဒေသကြီးအားလုံးတွင် အင်န်အယ်လ်ဒီရရှိထားသော ထောက်ခံမှုကို ချင့်တွက်သော် ယခုတစ်ကြိမ်တွင်လည်း အင်န်အယ်လ်ဒီသည် အခြားပါတီများ၏ ထောက်ခံမှုမလိုအပ်ဘဲ သမ္မတရွေးချယ်နိုင်အောင် မဲအလုံအလောက်ရရှိနိုင်မည့် အလားအလာရှိနေပေသည်။

ပါတီအနေဖြင့် နောက်ထပ် မဲလိုအပ်နေလျှင်လည်း ရွေးကောက်ပွဲအပြီးတွင် အပေးအယူလုပ်နိုင်ပါသေးသည်။ ယခုလောလောဆယ်မှာမူ အင်န်အယ်လ်ဒီအဖို့ တိုင်းရင်းသားပါတီများနှင့် ယှဉ်ပြိုင်အရွေးခံဖို့ အားထုတ်ကြိုးပမ်းခြင်းသည်သာ ပို၍အဓိပ္ပာယ်ရှိပေမည်။

အင်န်အယ်လ်ဒီပါတီသည် ရွေးကောက်ပွဲမတိုင်ခင်တွင် မည်သည့်နိုင်ငံရေးပါတီနှင့်မျှ မဟာမိတ်ဖွဲ့လိမ့်မည်မဟုတ်ဟု အင်န်အယ်လ်ဒီပါတီ ပြောခွင့်ရပုဂ္ဂိုလ် မုံရွာအောင်ရှင်က ပြောသည်။

“ကျွန်တော်တို့ရဲ့ လောလောဆယ်ရပ်တည်ချက်ကတော့ တခြားပါတီတွေနဲ့ ပူးပေါင်းလုပ်ဆောင်မှာ မဟုတ်ပါဘူး၊ ရွေးကောက်ပွဲပြီးရင်တော့ ပြောင်းချင် ပြောင်းရမှာပေါ့” ဟု ပြောသည်။

အင်န်အယ်လ်ဒီပါတီသည် ၂၀၂၀ တွင် တိုင်းရင်းသားပါတီများနှင့် မဟာမိတ်မဖွဲ့ဘဲ ၂၀၁၅ ရွေးကောက်ပွဲရလဒ်မျိုးရအောင် ကြိုးပမ်းလျက်ရှိသည်။ ဓာတ်ပုံ - အေအက်ဖ်ပီ

အင်န်အယ်လ်ဒီပါတီသည် ၂၀၂၀ တွင် တိုင်းရင်းသားပါတီများနှင့် မဟာမိတ်မဖွဲ့ဘဲ ၂၀၁၅ ရွေးကောက်ပွဲရလဒ်မျိုးရအောင် ကြိုးပမ်းလျက်ရှိသည်။ ဓာတ်ပုံ – အေအက်ဖ်ပီ

မဟာမိတ်မှ ပြိုင်ဘက်အဖြစ်သို့

အင်န်အယ်လ်ဒီသည် တိုင်းရင်းသားပါတီများကို ပြိုင်ဘက်ဟု အမြဲယူဆခဲ့သည် မဟုတ်ချေ။ စစ်အုပ်ချုပ်ရေးအောက် နေရစဉ်က တိုင်းရင်းသားပါတီအချို့နှင့် နီးနီးကပ်ကပ်ဆက်ဆံမှု ရှိခဲ့သည်။ အထူးသဖြင့် “ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့ United Nationalities Alliance, UNA” နှင့် ရင်းရင်းနှီးနှီးရှိခဲ့သည်။

UNA ကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD၊  မွန်တိုင်းရင်းသားပါတီ MNP၊ ဇိုမီဒီမိုကရေစီကွန်ရက်၊ ကချင်အမျိုးသားဒီမိုကရေစီကွန်ရက်၊ ကယန်းအမျိုးသားပါတီ၊ ရှမ်းပြည် ကိုးကန့်ဒီမိုကရက်တစ်ပါတီနှင့် ကရင်အမျိုးသားပါတီတို့က ၂၀၀၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ UNA အဖွဲ့၏ ပုံမှန်အစည်းအဝေးနှင့် ညီလာခံများကို အင်န်အယ်လ်ဒီ ပါတီဝင်များတက်ခဲ့ကြသည်။

သို့သော် ၂၀၁၅ ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီသည် UNA အဖွဲ့ဝင်များနှင့် ယှဉ်ပြိုင်အရွေးခံခဲ့သည်။ ရွေးကောက်ပွဲအနိုင်ရပြီး မိမိတို့ဘာသာ အစိုးရဖွဲ့ခဲ့သည်။ ဤတွင် အင်န်အယ်လ်ဒီသည် တိုင်းရင်းသားကို ထောက်ခံပေးရန် ပျက်ကွက်သည်။ UNA နှင့် ဆက်ဆံရေးကို လျစ်လျူရှုခဲ့သည်ဟု အချို့က အင်န်အယ်လ်ဒီကို ဝေဖန်ခဲ့ကြသည်။

“အင်န်အယ်လ်ဒီပါတီက တိုင်းရင်းသားတွေရဲ့အရေးကို ပိုပြီးအရေးထားလိမ့်မယ်လို့ ထင်ထားခဲ့တာ အင်န်အယ်လ်ဒီရဲ့သဘောထားကို တိုင်းရင်းသားပါတီတွေ စိတ်ပျက်ခဲ့ကြရတယ်”  ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် Arakan League for Democracy အတွင်းရေးမှူး ဦးမျိုးကျော်က Frontier ကို ပြောသည်။

အထူးသဖြင့် ရှမ်းနှင့် ရခိုင်ပြည်နယ်များတွင် အင်န်အယ်လ်ဒီပါတီက အမတ်နေရာအများစု မရဘဲ သူတို့ပါတီဝင်များကိုသာ ဝန်ကြီးချုပ်ခန့်ထားခဲ့ခြင်းအတွက် အထူးစိတ်ပျက်ခဲ့ကြသည်။

“အင်န်အယ်လ်ဒီဟာ အမတ်နေရာ အများဆုံးရတဲ့ တိုင်းရင်းသားပါတီထဲကနေပြီး ဝန်ကြီးချုပ်ခန့်ရင် ဖြစ်နိုင်တာပဲ။ ဒါပေမဲ့ ဒီလိုဖြစ်မလာခဲ့ပါဘူး။ အင်န်အယ်လ်ဒီရဲ့သဘောထားက ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက သူတို့ခန့်ချင်တဲ့ ဝန်ကြီးချုပ်ကို ရွေးထားပြီးသားပါ”ဟု ဦးမျိုးကျော်က ပြောသည်။

အင်န်အယ်လ်ဒီသည် ဖွဲ့စည်းပုံပြောင်းလဲရေးကြိုးပမ်းမှုမှာပင် ဝန်ကြီးချုပ်များ ခန့်ထားရေးနှင့်ပတ်သက်၍ ၎င်းတို့၏မူဝါဒကို ပြောင်းလဲရန် စိတ်ဝင်စားမှု မပြသခဲ့ကြသဖြင့်လည်း တိုင်းရင်းသားပါတီများက အင်န်အယ်လ်ဒီကို စိတ်ပျက်ခဲ့ကြသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီထံ အင်န်အယ်လ်ဒီပါတီက တင်သွင်းထားသော အဆိုပြုချက် ၁၁၄ ချက်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များကို နိုင်ငံတော်သမ္မတက ခန့်ထားခြင်းနှင့်ပတ်သက်၍ တစ်လုံးတစ်ပါဒမျှ မပါချေ။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၇ က ဝမ်ဟိုင်တွင် ယာဉ်တန်းဖြင့် မဲဆွယ်စည်းရုံးနေစဉ်။ ဓာတ်ပုံ - စတိဗ်တစ်ခ်နာ

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၇ က ဝမ်ဟိုင်တွင် ယာဉ်တန်းဖြင့် မဲဆွယ်စည်းရုံးနေစဉ်။ ဓာတ်ပုံ – စတိဗ်တစ်ခ်နာ

တိုင်းရင်းသားလူမျိုးစုပါတီများ ပေါင်းစည်းကြခြင်း

တိုင်းရင်းသားလူမျိုးစု ပါတီငယ်များစွာ ကွဲပြားရှိနေသဖြင့် မဲများပြန့်သွားကာ ၂၀၁၅ ရွေးကောက်ပွဲ၌ အမတ်နေရာများ သူတို့ဆုံးရှုံးခဲ့ကြရသည်ကို သဘောပေါက်လာကြသဖြင့် ချင်း၊ ကချင်၊ ကရင်၊ ကယားနှင့် မွန်ပြည်နယ်တို့တွင် နိုင်ငံရေးပါတီများသည် ၂၀၂၀ ရွေးကောက်ပွဲ၌ အင်န်အယ်လ်ဒီနှင့် ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီUSDP တို့ကို ရင်ဆိုင်ယှဉ်ပြိုင်ရာတွင် အလားအလာပိုကောင်းရန် အချင်းချင်းပေါင်းစည်းခဲ့ကြသည်။

ထိုသို့ပေါင်းစည်းသဘောတူညီချက်များအရ ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ KNDP နှင့် ကယားဒီမိုကရက်တစ်ပါတီ KPD တို့ ပေါ်ပေါက်လာသည်။

အင်န်အယ်လ်ဒီက မဟာမိတ်ဖွဲ့ရေး စိတ်မဝင်စားသော်လည်း အခြားဗမာပါတီများကမူ အသစ်ပေါ်ပေါက်လာသော တိုင်းရင်းသားပါတီများနှင့် မဟာမိတ်ဖွဲ့ရေး ဆွေးနွေးလာကြသည်။ USDP ပြောခွင့်ရ ဦးနန္ဒာလှမြင့်က နိုင်ငံနှင့်လူမျိုးတိုးတက်ရေးကိုလိုလားသော အခြားပါတီများနှင့် မဟာမိတ်ဖွဲ့ရန်ပြင်ဆင်ထားကြောင်း၊ USDP က တိုင်းရင်းသားတို့၏ လိုအပ်ချက်ကို နားလည်ပါကြောင်း ပြောကြားခဲ့သည်။

“တိုင်းရင်းသားပါတီတွေနဲ့ မဟာမိတ်ဖွဲ့ရေး ဆွေးနွေးမှုတွေနဲ့ ပတ်သက်ပြီး အသေးစိတ်ကိုတော့ ပြောမပြနိုင်ပါဘူး၊ ဒါပေမဲ့ လူမျိုးစုတိုင်းရင်းသားတွေ လိုချင်ကြတာကို ကျွန်တော်တို့ ထောက်ခံပြီး လုပ်ပေးသွားမှာပါ” ဟု သူက ပြောသည်။

ကရင်ဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်နယ်ဒီမိုကရေစီနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ KNDP တို့ ပေါင်းစည်းပြီး လွန်ခဲ့သည့်နှစ်က ဖွဲ့စည်းခဲ့သည့် ၎င်းတို့ပါတီက USDP ၏ချဉ်းကပ်မှုကို ပယ်ချခဲ့သည်ဟု KNDP ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးကပြောသည်။ ထို့အပြင် ရွေးကောက်ပွဲမတိုင်မီ မဟာမိတ်တစ်ခုဖွဲ့စည်းရန် ဗမာပါတီတစ်ခုကို ချဉ်းကပ်ရန် ရည်ရွယ်ချက်မရှိကြောင်းလည်း ၎င်းကထပ်ပြောသည်။

“USDP က မဟာမိတ်ဖွဲ့ဖို့ ကျနော်တို့ကို ချဉ်းကပ်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ USDP ကို သဘောမကျပါဘူး” ဟု ၎င်းကပြောသည်။

မွန်ပါတီနှစ်ခုပူးပေါင်းကာ ဇူလိုင်လ ၁၁ ရက်က မွန်ညီညွတ်ရေးပါတီ Mon Unity Party ကို ဖွဲ့စည်းခဲ့သည်။

ယင်းပါတီကိုလည်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များက တည်ထောင်ခဲ့သည့် ပြည်သူ့ပါတီနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းဦးဆောင်သည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတို့က ချဉ်းကပ်ထားသော်လည်း ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ၎င်းတို့နှင့် မဟာမိတ်ဖွဲ့မဖွဲ့မဆုံးဖြတ်ရသေးဟု မွန်ညီညွတ်ရေးပါတီ MUP မှ နိုင်ဆန်းတင်က ပြောသည်။

ကချင်ဒီမိုကရက်တစ်ပါတီ၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီနှင့် ကချင်ပြည်နယ်ပြည်ထောင်စု ဒီမိုကရေစီပါတီတို့က ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ကို ဇွန်လက ဖွဲ့စည်းခဲ့သည်။

KSPP ပါတီအနေဖြင့် အခြားပါတီများနှင့် ပူးပေါင်းမှုလုပ် မလုပ် မဆွေးနွေးရသေးဘဲ ပါတီကြီးများနှင့် မဟာမိတ်ဖွဲ့ရေး ကမ်းလှမ်းချက်များမရှိသေးဟု KSPP ဗဟိုအမှုဆောင်ကော်မတီဝင် ဒေါ်ဒွဲဘူက ပြောသည်။

“ကျွန်မတို့ဘက်က ပါတီကြီးတွေနဲ့ မဟာမိတ်ဖွဲ့ဖို့ ဆန္ဒရှိတယ်ဆိုရင်တောင် တချို့ပါတီကြီးတွေက သူတို့အနေနဲ့ မဟာမိတ်ဖွဲ့မှာမဟုတ်ဘူးလို့ ကြေညာထားပါတယ်” ဟု ၎င်းက Frontier ကိုပြောသည်။ တိုင်းရင်းသားပါတီသစ်များ သတိပြုသင့်သည်မှာ ပူးပေါင်းသူများ မှားယွင်းသည့်အခါ မည်သို့ဖြစ်တတ်သည်ကို ရခိုင်ပြည်နယ်က ပြသလျက်ရှိသည်။

ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ RNDP နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD တို့ ၂၀၁၃ က သဘောတူညီချက်ဖြင့် ပူးပေါင်းဖွဲ့စည်းခဲ့သည့် ရခိုင်အမျိုးသားပါတီ ANP သည် ၂၀၁၅ ရွေးကောက်ပွဲတွင် အအောင်မြင်ဆုံး တိုင်းရင်းသားပါတီဖြစ်ခဲ့သည်။ သို့သော်လည်း RNDP နှင့် ALD ပါတီဝင်များဦးဆောင်သည့် ဂိုဏ်းဂဏများကြား ပြိုင်ဆိုင်မှုကြောင့် မကြာခင် ကွဲပြဲမှုများဖြစ်လာခဲ့သည်။

ပါတီပေါင်းစည်းရေးက အပြုသဘောဆောင်သည့် ခြေလှမ်းတစ်ရပ်ဖြစ်သော်လည်း ပါဝင်ပတ်သက်သူအားလုံး အမြင်တူရေးမှာ အရေးကြီးသည်ဟု ALD မှ ဦးမျိုးကျော်က ဆိုသည်။ “ပေါ်လစီတွေက သိပ်ကိုအရေးကြီးပါတယ်။ ပေါင်းစည်းရေးက ရွေးကောက်ပွဲရလဒ်သက်သက်တော့ မဟုတ်ပါဘူး” ဟု ၎င်းကပြောသည်။

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် သုတ်ဆေးများဖြင့်ညစ်ပေနေသော ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို ဆေးကြောသန့်စင်နေစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် သုတ်ဆေးများဖြင့်ညစ်ပေနေသော ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို ဆေးကြောသန့်စင်နေစဉ်။ ဓာတ်ပုံ – အေအက်ဖ်ပီ

ရုပ်တုနှင့် တံတားများ

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲရလဒ်များ အားမကောင်းခဲ့သဖြင့် အင်န်အယ်လ်ဒီအနေဖြင့် ၂၀၁၅ ခုနှစ်က မွန်ပြည်နယ်တွင် အားကောင်းခဲ့သည့်ရလဒ်မျိုး ထပ်မံရရှိရေးမှာ ရုန်းကန်ရနိုင်သည်။ ယင်းကြားဖြတ်ရွေးကောက်ပွဲမှာ မော်လမြိုင်နှင့် ဘီလူးကျွန်းကို ဆက်ထားသည့်သံလွင်မြစ်ပေါ်မှ တံတားတစ်စင်းကို ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည်ပေးရန် အင်န်အယ်လ်ဒီက အလျှော့မပေးဘဲ တင်းခံမှုကို ပြင်းထန်စွာဆန့်ကျင်ရာမှ ကြားဖြတ်ရွေးကောက်ပွဲတွင် ထိခိုက်ခဲ့ခြင်းဖြစ်သည်။

ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ်နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ နှစ်ပတ်မျှသာ  လိုချိန်တွင် ပြည်ထောင်စုလွှတ်တော်မှတဆင့် အင်န်အယ်လ်ဒီ၏ဆုံးဖြတ်ချက်ကို ထောင်ပေါင်းများစွာသော မွန်ပြည်သူများက ဆန္ဒပြကန့်ကွက်ခဲ့ကြသည်။ ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း အင်န်အယ်လ်ဒီက USDP ကို ရှုံးနိမ့်သွားခဲ့သည်။ အင်န်အယ်လ်ဒီ၏ဆုံးဖြတ်ချက်မှာ နိုင်ငံရေးဆင်ခြင်တုံတရားကင်းမဲ့မှုကို ပြသခဲ့သည်ဟု အယ်ဒီတာအာဘော်တစ်ခုတွင် ဖော်ပြထားမှုကို Frontier က တွေ့ရှိခဲ့သည်။

တံတားနှင့် ဗိုလ်ချုပ်ရုပ်တုများအပေါ် အင်န်အယ်လ်ဒီ၏ရပ်တည်ချက်ကြောင့် ၂၀၁၅ က ထောက်ခံမဲပေးသူများမှာ လာမည့်နှစ် ရွေးကောက်ပွဲတွင် ၎င်းတို့၏ထောက်ခံမှုကို ပြန်လည်စဉ်းစားစေသည်ဟု မွန်ညီညွတ်ရေးပါတီ၏ တွဲဘက်အတွင်းရေးမှူး နိုင်ဆန်းတင်က ပြောသည်။

ရွေးကောက်ပွဲမစမီအထိ အလားတူအငြင်းပွားမှုမျိုးကို အင်န်အယ်လ်ဒီက ရှောင်ရှားလိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းကပြောသည်။

“ဒီလိုပြသနာမျိုးတွေကို အင်န်အယ်လ်ဒီက စဉ်းစားသုံးသပ်ပြီး သင်ခန်းစာယူနိုင်လိမ့်မယ်လို့ ထင်ပါတယ်” ဟု ၎င်းကပြောသည်။

ကယားပြည်နယ်တွင်လည်း ပြည်နယ်မြို့တော် လွိုင်ကော်၌ ဗိုလ်ချုပ်ရုပ်တုစိုက်ထူရန် ဆုံးဖြတ်ချက်ကြောင့် ဒေသခံလူ့အသိုင်းအဝိုင်းအချို့်ကြားတွင် ဆန့်ကျင်မှုအရှိန်မြင့်လာရာမှ ဆန့်ကျင်ကန့်ကွက်မှုကို ဦးဆောင်သည့် တက်ကြွလှုပ်ရှားသူ လူငယ်ခြောက်ဦး ဖမ်းဆီးခံရသည်။

ဗိုလ်ချုပ်ရုပ်တုစိုက်ထူရေးကို ထောက်ခံသူများသည် ကရင်နီပြည်သူတို့ကို သစ္စာဖောက်သူများဖြစ်သည့်အပြင် တိုင်းရင်းသားညီညွတ်ရေး၏ ရန်သူများဖြစ်သည်ဟု ဖော်ပြခဲ့သည်ဆိုသော စွပ်စွဲချက်များဖြင့် နိုင်ငံသားများလွတ်လပ်မှုနှင့် လုံခြုံရေးဥပဒေအရ အဆိုပါလူငယ်ခြောက်ဦးကို ကယားပြည်နယ်အစိုးရက အရေးယူခဲ့သည်။ ယင်းလူငယ်ခြောက်ဦးမှာ ထောင်ဒဏ်သုံးနှစ် ကျခံရနိုင်သည့်အခြေအနေနှင့် ရင်ဆိုင်နေရပြီး တရားခွင်စစ်ဆေးစဉ် ချုပ်မိန့်ပေးထားကာ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

အငြင်းပွားမှုကြောင့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီအတွက် ဂယက်ရိုက်မှုများ ဖြစ်ပေါ်လာနိုင်ပြီး ၂၀၁၇ ကဖွဲ့စည်းခဲ့သည့် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ၏ ယှဉ်ပြိုင်မှုနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ အစောပိုင်းနှစ်နှစ်က ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီသည် အမတ်နေရာ ၂၀ ရှိ ကယားလွှတ်တော်တွင် ယှဉ်ပြိုင်ရသည့်နေရာ ၁၅ နေရာ၌ ၁၁ နေရာအနိုင်ရခဲ့ပြီး USDP က လေးနေရာ အနိုင်ရခဲ့သည်။ ထို့အပြင် ပြည်သူ့လွှတ်တော်အမတ် ခုနစ်နေရာအနက် ခြောက်နေရာကိုလည်းကောင်း၊ အမျိုးသားလွှတ်တော်အမတ်နေရာ ၁၂ နေရာအနက် ကိုးနေရာကိုလည်းကောင်း အင်န်အယ်လ်ဒီက အနိုင်ရခဲ့သည်။

သို့ရာတွင် ရုပ်တုစိုက်ထူမှုက တိုင်းရင်းသားဒေသများ၌ အင်န်အယ်လ်ဒီအတွက် ပြဿနာများကို ဖန်တီးခဲ့သော်လည်း ယင်းအခြေအနေက ရွေးကောက်ပွဲရလဒ်အပေါ် ရိုက်ခတ်မှုရှိ မရှိ ၎င်းအနေဖြင့် သေချာမသိဟု KSDP ဒု-ဥက္ကဋ္ဌ စိုင်းနိုင်နိုင်ထွေးက ပြောသည်။ ရွေးကောက်ပွဲ မဲဆွယ်စဉ်ကာလအတွင်း ယင်းပြဿနာကို ဖော်ထုတ်ရန်အစီအစဉ်မရှိဟု ၎င်းကပြောကြားသည်။

“၂၀၂၀ မှာ ဝင်ပြိုင်ပြီး NLD ကိုအနိုင်ယူဖို့ ကျွန်တော်တို့ ပြင်ဆင်နေပါတယ်” ဟု ၎င်းကဆိုသည်။

အင်န်အယ်လ်ဒီအနေဖြင့် တံတားနှင့် ရုပ်တုအငြင်းပွားမှုများ၊ တိုင်းရင်းသားတက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးခြင်းကဲ့သို့ အခြားပြဿနာများ၏အကျိုးဆက်ကို မည်သို့ကျော်လွှားမည်ကို စဉ်းစားမည်ဟု ဦးအောင်ရှင်ကပြောသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် ရှုံးမည်ဆိုသည့်စိုးရိမ်မှုမျိုး ပါတီတွင်မရှိကြောင်း၊ အကြောင်းမှာ တိုင်းရင်းသားပြည်နယ်များတွင် ပါတီ၏ဆောင်ရွက်ချက်များကြောင့်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ ထို့အပြင် တိုင်းရင်းသားရေးရာ ကော်မတီသစ်များကလည်း ပါတီအပေါ်ထောက်ခံမှုကို မြှင့်တင်ပေးမည်ဟုလည်း ၎င်းကဆိုသည်။

“တိုင်းရင်းသားရေးရာကော်မတီကို ကျွန်တော်တို့ဖွဲ့စည်းရတဲ့ အဓိကအကြောင်းရင်းတစ်ခုကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ အကောင်းဆုံးရလဒ် ထွက်ပေါ်လာဖို့ပါ” ဟု ဦးအောင်ရှင်ကပြောသည်။

ဦးကိုကိုနှင့် အောင်ကျော်ဦး ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – စတိဗ်တစ်ခ်နာ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar