ဒါနန်း၊ နိုဝင်ဘာ ၉
ဗီယက်နမ်နိုင်ငံ၊ ဒါနန်းတွင် ကျင်းပမည့် အာဆီယံနိုင်ငံ ခေါင်းဆောင်များနှင့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (အေးပက်) အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များ သီးသန့်ဆွေးနွေးပွဲသို့ တက်ရောက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဒါနန်းမြို့သို့ ယနေ့ ရောက်ရှိလာသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အပါအဝင် ကမ္ဘာ့ခေါင်းဆောင်များ တက်ရောက်မည့် အဆိုပါဆွေးနွေးပွဲတွင် ဒေသတွင်း လူ့အခွင့်ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးရန် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ခေါင်းဆောင်များကို တိုက်တွန်းထားသည်။
အဆိုပါကိစ္စရပ်များတွင် ဖိလစ်ပိုင်ငံမှ လူ့အမြောက်အများ သေကြေခဲ့ရသည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ဆင်ရေးများနှင့် မြန်မာနိုင်ငံ ရခိုင်ဒေသအကြပ်အတည်းလည်း ပါဝင်သည်။
ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ကျင်းပမည့် ၃၁ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ ဆက်လက်တက်ရောက်မည်ဖြစ်သည်။