အာဆီယံ ရင်ဆိုင်ရမည့် စိန်ခေါ်မှုများ

ပထမနှစ် ၅၀ အတွင်း ရရှိခဲ့သော အာဆီယံအဖွဲ့၏ အောင်မြင်မှုများအပေါ် အခြေခံ၍ တည်ဆောက်ရာတွင် အဖွဲ့ကို မည်သို့ ပြုပြင်ပြောင်းလဲရန် လိုအပ်ကြောင်း အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း တစ်ဦးက သူ့ပုဂ္ဂလအမြင်ကို ပြောပြသည်။

ဆူရင် ပစ်ဆူဝမ် ရေးသားသည်။

အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN သည် ယခုနှစ်တွင် အနှစ် ၅၀ မြောက် အခမ်းအနားကို ကျင်းပမည်ဖြစ်ရာ ယင်း၏ကြီးမားသော အောင်မြင်မှုများအတွက် ဂုဏ်ယူနိုင်ဖွယ်ရာရှိသည်။ အာဆီယံသည် ဒေသတစ်ခုလုံးလွှမ်းခြုံသော စင်မြင့်သဖွယ်ဖြစ်ခဲ့ပြီး ယိုယွင်းနေသည့် အခြေအနေမှ ထိပ်တိုက်ရင်ဆိုင်ရမည့် အခြေအနေသို့ ရောက်ရှိကာ ပေါက်ကွဲမည့် အခြေအနေများ ဖြစ်ပေါ်မည်ကို ရှောင်ရှားနိုင်ရေးအတွက် တိုင်ပင်ညှိနှိုင်းရေးနှင့် ရင်ကြားစေ့ရေးတို့အတွက် ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ဒေသတွင်း တည်ငြိမ်မှုနှင့် ငြိမ်းချမ်းရေးမှ တိုက်ရိုက်အကျိုးစီးပွား ဖြစ်ထွန်းနိုင်သော အင်အားကြီးနိုင်ငံများသည် အာဆီယံမှတဆင့် ဆွေးနွေးမှုများတွင် ပါဝင်လာနိုင်ခဲ့သည်။

သန်း ၆၂၀ ရှိသော အာဆီယံလူဦးရေ၏ ထက်ဝက်ကျော်မှာ ယခုအခါ “လူလတ်တန်းစားအဆင့်” သို့ ရောက်ရှိနေပြီး အုပ်စု၏ စုစုပေါင်း ပြည်တွင်းအသားတင်ထုတ်လုပ်မှုမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ထရီလျံရှိသည်။ ဝယ်ယူနိုင်စွမ်းအားနှင့် ဖွံ့ဖြိုးတိုးတက်မှုမှာလည်း မြင့်တက်လျက်ရှိသည်။

အသင်းဝင်များသည် ကမ္ဘာတစ်လွှားမှ ရွှေ့ပြောင်းလာသော ထုတ်လုပ်မှုလုပ်ငန်းများအတွက် ထုတ်လုပ်မှုကွန်ရက် တစ်ခုအဖြစ် ဖွဲ့စည်းဖြစ်ပေါ်လာသည်။ သို့သော်လည်း ယင်းတို့သည် ပြည်ပမှ တင်သွင်းလာသော လူသုံးကုန်များအတွက် ဆွဲဆောင်မှုကောင်းသော ဈေးကွက်တစ်ခု ဖြစ်လာသည်။ အသင်းဝင်များ၏ စုစုပေါင်းကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂ ဒသ မ ၆ ထရီလျံရှိပြီး နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ဘီလျံ ၁၃၀ မှ ၁၅၀ အကြားရှိသည်။

အာဆီယံသည် အာဆီယံ အသိုက်အဝန်း၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု ရည်မှန်းချက်များမှတဆင့် ပိုမိုကြီးမားသော ပေါင်းစည်းမှု ရရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ကမ္ဘာနှင့် ဒေသဆိုင်ရာ စိန်ခေါ်မှုများက ရည်မှန်းချက်များကို ဖော်ဆောင်နိုင်မည့် အာဆီယံ၏ စွမ်းရည်အတွက် ဖိအားပေးမှုများနှင့် စိတ်ဖိစီးမှုအသစ်များကို ဖြစ်ပေါ်စေမည်ဖြစ်သည်။ ဒေသ၏ အတွင်းအပြင် နှစ်ခုစလုံး၌ ဖြစ်ပေါ်နေသော ကမ္ဘာ့အင်အားပြိုင်ဆိုင်မှုက အာဆီယံစင်မြင့်တွင် မလွဲမသွေ ဖြစ်ပေါ်လာနိုင်သည်။

အာဆီယံသည် ပိုမိုကြီးမားသော အခန်းကဏ္ဍကို ဆောင်ရွက်ရန်ဆန္ဒ၊ စွမ်းဆောင်ရည်နှင့် အသင့်အနေအထားရှိ မရှိ ဟူသောအချက်မှာ စိန်ခေါ်မှုပင်ဖြစ်သည်။ စိတ်ဖိစီးမှုနှင့် ဖိအားပေးမှုသစ်များကို ဖြေရှင်းရန် အာဆီယံအဖွဲ့သည် ယင်း၏စွမ်းဆောင်ရည်ကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရန်၊ ယင်း၏ ဆုံးဖြတ်ချက်ချရေး လုပ်ငန်းစဉ်များကို အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ရန်၊  လုပ်ငန်းဆောင်ရွက်မှု နည်းစဉ်ကို ပြန်လည်ပုံဖော်ရန်နှင့် လွန်ခဲ့သော နှစ်ပေါင်း ၅၀ အတွင်း ကျင့်သုံးခဲ့သည့် တက်ကြွမှုမရှိသော “အာဆီယံလမ်းစဉ် ” ASEAN Way မှဖယ်ခွာ၍ တက်ကြွသော အတွေးအမြင်သစ်ကို ချမှတ်ရန်လိုသည်။

လွန်ခဲ့သော အနှစ် ၅၀ ကနှင့် မတူဘဲ ယခုအချိန်တွင် ကမ္ဘာအနှံ့ ဖြန့်ကျက်လုပ်ဆောင်သည့် ဂလိုဘယ်လိုက်ဇေးရှင်းနှင့် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးကို ဆန့်ကျင်သည့်စိတ်ဓာတ်များ ကြီးထွားလာခဲ့သည်။  ပိုမိုတိုးတက်သော နိုင်ငံများနှင့် စီးပွားရေးများက လွှမ်းမိုးမှုနှင့် ယင်းတို့ကို မှီခိုနေရမည်စိုးသဖြင့် ဟိုယခင်ကမူ ထွန်းသစ်စနိုင်ငံ စီးပွားရေးများက ဂလိုဘယ်လိုက်ဇေးရှင်းကို ဆန့်ကျင်ခဲ့သည်။

သို့သော် အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ အာဆီယံနိုင်ငံများသည် ဂလိုဘယ်လိုက်ဇေးရှင်းနှင့် လိုက်လျောညီထွေဖြစ်အောင် နေထိုင်ပြီး လွတ်လပ်သော ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု လွတ်လပ်စွာစီးဆင်းမှု၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို ပြန်လည်နေရာချထားမှု၊ နည်းပညာကို ထိရောက်စွာ လွှဲပြောင်းမှုနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးစသည်တို့ကို ဖော်ဆောင်ကာ နောက်ဆုံးတွင် ဂလိုဘယ်လိုက်ဇေးရှင်းမှ အကျိုးအမြတ်များ ရရှိစေရန် လေ့လာသိရှိလာကြသည်။

သို့သော်လည်း မကြာသေးမီက စည်းမျဉ်းစည်းကမ်းများကို ပြန်လည်သတ်မှတ်ရန် ကြိုးပမ်းလာသည်ကို တွေ့လာရသည်။ ကမ္ဘာ့ကုန်သွယ်ရေး စေ့စပ်ညှိနှိုင်းမှုများတွင် ထားခဲ့သော ကတိကဝတ်များကို ပြန်လည်ရုပ်သိမ်းခြင်းများနှင့် အနောက်နိုင်ငံ စီးပွားရေးများထံ၌ ရင်းနှီးမြှုပ်နှံထားမှုများကို ပြန်လည်ထုတ်ယူမှုများ ရှိလာသည်။ ကိုယ်ကျိုးစီးပွား ကာကွယ်မှုလမ်းကြောင်းနှင့် “ငါ့နိုင်ငံ ပထမ” ဟူသော အယူအဆကို ရှေ့တန်းတင်မှုများ တွေ့လာရသည်။

ယင်းဦးတည်ရာလမ်းကြောင်းက ကုန်သွယ်မှုနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ကြိုဆိုနေသော အာဆီယံ၏ ဆောင်ရွက်မှုများ ပျက်စီးစေမည့် အလားအလာများအဖြစ် တွေ့ရသည်။ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နံှမှုက ကျဆင်းမည့်လက္ခဏာ ရှိသည်။ ဈေးကွက်များက နိုင်ငံခြား ကုန်ပစ္စည်းများကို ငြီးငွေ့လာသည့် လက္ခဏာများ ပြသလျက်ရှိသည်။ အာဆီယံက ထားရှိသည့် ကမ္ဘာလုံးဆိုင်ရာ စိတ်ကောင်းစေတနာမှာ အဆုံးစွန် အနေအထားသို့ ရောက်ရှိသည့်သဘောပင်ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့၏ အရေးပါမှု အခန်းကဏ္ဍ အပြောင်းအလဲတွင် အာဆီယံသည် ကြားညပ်နေကြောင်း တွေ့ရသည်။ လုပ်ငန်းဆောင်ရွက်ရာတွင် စည်းမျဉ်းစည်းကမ်းများ ပြောင်းလဲနေပြီး နှစ်နိုင်ငံ အပြန်အလှန် ဆက်ဆံရေး ဦးစားပေးသည့် လက္ခဏာများကို အဓိက ဆွေးနွေးဖက်ဖြစ်သော အမေရိကန်ဘက်တွင် သံသယဖြစ်ဖွယ် မရှိလောက်အောင် တွေ့မြင်နေရသည်။ အဓိက အင်အားကြီး နိုင်ငံများသည် အာဆီယံကို အုပ်စုတစ်ခုအဖြစ် ဆက်ဆံရာတွင်လည်းကောင်း၊ အဖွဲ့ဝင် တစ်နိုင်ငံချင်းအဖြစ် ဆက်ဆံရာတွင်လည်းကောင်း မိမိတို့စိတ်တိုင်းကျ ရွေးချယ်ဆောင်ရွက်လျက်ရှိသည်။ ယင်းအခြေအနေက အာဆီယံအနာဂတ်အတွက် ကြီးမားသော စိန်ခေါ်မှုတစ်ခုဖြစ်ပြီး ဆက်လက်တည်ရှိနေမည့် စိန်ခေါ်မှုပင် ဖြစ်နိုင်သည်။

အမေရိကန်ပြည်ထောင်စုထံမှ မခွဲခွာမီ မကြာသေးမီနှစ်များအတွင်း ပြင်ပဆက်ဆံရေးပိုင်း၌ အာဆီယံသည် အမြဲတမ်း စည်းလုံးညီညွတ်မှု ရှိသည်ဟူသော အခြေခံယူဆချက်ကို ပိုမိုရဲတင်းပွင့်လင်းမှုရှိသော တရုတ်နိုင်ငံက ယုံကြည်မှု လျော့နည်းခဲ့သည်။ ၁၉၉၀ ပြည့်လွန်နှစ်များ၏ နှောင်းပိုင်းကာလနှင့် ၂၀၀၀ ပြည့်လွန်နှစ်များ၏ စောစောပိုင်းကာလတွင် တရုတ်နိုင်ငံက အာဆီယံ၏ ယုံကြည်မှုနှင့် စိတ်စေတနာ ကောင်းမွန်မှုကို ရယူရန် လုံးပမ်းခဲ့သည်။ အာဆီယံကလည်း ငြိမ်းချမ်းရေး တိုးတက်ကောင်းမွန်လာသော တရုတ်နိုင်ငံကို သပြေပန်းနှင့် လက်ကမ်းကြိုဆိုခဲ့သည်။ အာဆီယံနိုင်ငံအချို့နှင့် ဖြစ်ပွားလျက်ရှိသော ပင်လယ်ပြင် အငြင်းပွားမှုများကို ဖုံးဖုံးဖိဖိထားခဲ့ပြီး စီးပွားရေး ဆက်ဆံမှုများမှာ တရှိန်ထိုး တိုးတက်ခဲ့သည်။

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် စီးပွားရေးအရ ဒုတိယ အကြီးမားဆုံးနိုင်ငံ ဖြစ်လာပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံအားလုံးသည် တရုတ်ဈေးကွက်ကို မှီခိုအားထားလာရသည်။ အုပ်စု၏ အကြီးမားဆုံး ကုန်သွယ်ဖက်အဖြစ် ဥရောပသမဂ္ဂ၊ ဂျပန်နှင့် အမေရိကန်ပြည်ထောင်စုတို့၏ နေရာကို အစားထိုး ဝင်ရောက်လာပြီးနောက် တရုတ်နိုင်ငံသည် မိမိ၏ တောင်ဘက်ပိုင်းရှိ အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးကို  ပြန်လည်ပြင်ဆင် ပုံဖော်ယူလာသည်။ အာဆီယံ အစီအစဉ်များ ပျက်စီးမှုနှင့် ကြုံရပြီး ယင်း၏ ပုံမှန်ဆောင်ရွက်မှုများ ပြောင်းလဲကာ အစဉ်အလာ စည်းလုံးညီညွတ်မှုကိုလည်း ကျဆင်းစေခဲ့သည်။

လျင်မြန်စွာ ပြောင်းလဲနေသည့် ကမ္ဘာ့အခင်းအကျင်းတွင် အာဆီယံသည် အခြားထွန်းသစ်စ နိုင်ငံများ၏ ပြင်းထန်သော ယှဉ်ပြိုင်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။ အိန္ဒိယ၊ တရုတ်နှင့် အခြားနိုင်ငံများဖြစ်သည့် အာဖရိကနှင့် လက်တင်အမေရိက နိုင်ငံများသည် လွန်ခဲ့သော နှစ်ပေါင်းများစွာအတွင်း အာဆီယံဒေသတွင်းမှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဆွဲယူသွားကြပြီး ယင်းအလားအလာက ဆက်လက်ဖြစ်ပွားမည့် အခြေအနေရှိသည်။

စိန်ခေါ်မှုများကို ရင်ဆိုင်၍ ရှေ့ဆက်ယှဉ်ပြိုင်နိုင်ဖို့ အာဆီယံက ဘာလုပ်ရမလဲ။

ပထမဦးဆုံး အဖွဲ့ဝင်နိုင်ငံများ အချင်းချင်း သဘောတူထားသော ကတိကဝတ်များကို ထိန်းသိမ်းဆောင်ရွက်ရမည်။ ၂၀၀၇ ခုနှစ် အာဆီယံ သဘောတူညီချက် ASEAN Charter နှင့်အညီ ဥပဒေရေးရာ စာချုပ်စာတမ်းအများစု ထားရှိနိုင်မှုနှင့် အာဆီယံ အဖွဲ့အစည်း မှန်မှန်ကန်ကန် ရပ်တည်နိုင်ရေးအတွက် အသေးစိတ် စီမံချက်ထားရှိနိုင်မှုတို့ကို အာဆီယံက ဂုဏ်ယူလျက်ရှိသည်။

သို့သော် အာဆီယံတွင် မရှိသည်က ယင်းစာချုပ်စာတမ်းများကို အမျိုးသားအဆင့်၌ အကောင်အထည် မဖော်နိုင်ခြင်းဖြစ်သည်။ အတိတ်ကာလက အများသဘောတူ စေ့စပ်ညှိနှိုင်းမှုများနှင့်အညီ ဆောင်ရွက်ခဲ့သည်။ လုပ်ဆောင်ဖွယ်ရာများ နှောင့်နှေးကြန့်ကြာမှုနှင့် တာဝန်ရှောင်လွှဲမှုတို့က အနာဂတ်ကာလတွင် လုပ်ငန်းဖြစ်ထွန်းမှုကို ဖော်ဆောင်လိမ့်မည် မဟုတ်ပေ။ ပေးထားသော ကတိကဝတ်များ အကောင်အထည်ဖော်မှုကို ကမ္ဘာ့အသိုက်အဝန်းက စောင့်ကြည့်ရန် လိုပေသည်။

အာဆီယံ၏ မဏ္ဍိုင်သုံးရပ်အနက် စီးပွားရေးပေါင်းစည်းမှုနှင့် အာဆီယံ စီးပွားရေးအသိုက်အဝန်း AEC အသေးစိတ် အစီအစဉ်အရ အာဆီယံဒေသကို ရင်းနှီးမြှုပ်နှံမှုအတွက် ဆွဲဆောင်မှု အရှိဆုံးဒေသအဖြစ် ဆောင်ရွက်မှုတို့ အောင်မြင်ရေးမှာ အခက်ခဲဆုံး ဖြစ်သည်။ ဆက်သွယ်ပို့ဆောင်ရေးလုပ်ငန်းမှာ အရေးပါသောလုပ်ငန်းဖြစ်ရာ အရှေ့တောင်အာရှဒေသ၌ ကုန်စည်နှင့် ခရီးသည် ပို့ဆောင်မှု လွယ်ကူချောမွေ့စေရေးအတွက် အာဆီယံက ဆက်သွယ်မှု စီမံကိန်း Connectivity Plan တစ်ရပ်ကို ရေးဆွဲလျက်ရှိသည်။ အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းအတွက် ငွေကြေးထောက်ပံ့မှု တိုးမြှင့်ပေးရန် လိုအပ်သည့်အတွက် အာဆီယံအဖွဲ့သည် ယင်း၏အရင်းအမြစ်များကို စုစည်းလျက် နေရာချထား ဆောင်ရွက်ရန် လိုလာပေသည်။

asean_2.jpg

ဇူလိုင်လ ၇ ရက်က ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့၌ ကျင်းပသည့် ဂျီ ၂၀ ထိပ်သီးဆွေးနွေးပွဲ ပထမနေ့တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ကို တွေ့ရစဉ်။ ဓာတ်ပုံ – အေအက်ဖ်ပီ

အာဆီယံအဖွဲ့ဝင် နိုင်ငံအားလုံး၏ အရန်နိုင်ငံခြားငွေ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ တစ်ထရီလျံကျော် ရှိသဖြင့် ပိုမိုတီထွင်ဆန်းသစ်မှုဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။ အာဆီယံ အသိုက်အဝန်း၏ တောင့်တင်းခိုင်မာသော မိမိတို့၏ သန္နိဋ္ဌာန်ချမှတ်ချက်ကို အဖွဲ့ဝင်နိုင်ငံများက ပြသလိုပါက စုစုပေါင်း အရန်ငွေကြေး၏ ၁၀ ရာခိုင်နှုန်းကို သုံးစွဲရုံမျှဖြင့် ယခုဆက်သွယ်ရေးစီမံကိန်း၌ ပါဝင်သော ငွေကြေးထောက်ပံ့မှု ကွာဟချက်ကို ပေါင်းကူးပေးရာတွင် များစွာထိရောက်မှုရှိနိုင်သည်။

ယင်းသို့ထောက်ပံ့မှုက အတိုးနှုန်းသက်သာသော ချေးငွေပုံစံမျိုးလည်း ဖြစ်နိုင်သည်။ စီမံခန့်ခွဲရန် ယုံကြည်အပ်နံှခံရသော အာရှဖွံ့ဖြိုးရေးဘဏ်ရှိ ရန်ပုံငွေအတွင်းသို့ နိုင်ငံတိုင်းက မိမိတို့ နိုင်ငံခြားရန်ပုံငွေကို အချိုးကျအတိုင်း ထည့်ဝင်မည်ဆိုပါက အောင်မြင်မှုများစွာ ရရှိနိုင်သည်။ စွန့်စားမှုအန္တရာယ် များစွာမရှိသော်လည်း ရရှိနိုင်မည့် အကျိုးအမြတ်က များပြားသည့်ပြင် ဆက်သွယ်ရေးနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးအတွက် အာဆီယံက ပြင်ပငွေကြေးထောက်ပံ့မှုကို မှီခိုနေရမှုလည်း နည်းလာမည်ဖြစ်သည်။            

အာဆီယံသည် ဂလိုဘယ်လိုက်ဇေးရှင်းနှင့် နိုင်ငံစုံ ပူးပေါင်းပါဝင်ရေးကို ဆန့်ကျင်သည့်ဒီရေ မြင့်တက်လာခြင်းကို တွန်းလှန်တိုက်ဖျက်ရန် လိုသည်။ ထိုသို့ဆောင်ရွက်နိုင်ရန်မှာ အာဆီယံဒေသသည် မိမိကိုယ်ကို အားကိုးရန် လိုပေသည်။ ထို့ကြောင့် ကြီးမားသော နိုင်ငံစီးပွားရေးများ အထူးသဖြင့် ပထဝီဝင် အနေအထားအရ ကျွနု်ပ်တို့နှင့် နီးစပ်ပြီး ကျွနု်ပ်တို့၏ အောင်မြင်မှုနှင့် သက်ရှင်ရပ်တည်ရေးအတွက် အရေးပါသော နိုင်ငံများနှင့် ဒေသတွင်း စီးပွားရေးပေါင်းစည်းမှုကို ဦးစားပေးအဖြစ် ထားရှိရပေမည်။

တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ သြစတြေးလျနှင့် နယူးဇီလန်စသည့် ဒေသတွင်း ကုန်သွယ်ဖက်နိုင်ငံ ခြောက်နိုင်ငံနှင့် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership) သဘောတူစာချုပ်ကို အလျင်အမြန် အပြီးသတ် ဆောင်ရွက်ရပေမည်။ ထိုနိုင်ငံများနှင့် လက်ရှိချုပ်ဆိုထားသော နှစ်နိုင်ငံ အပြန်အလှန် သဘောတူစာချုပ်အဖြစ် ချုပ်ဆိုထားသော စာချုပ်များကို တစ်ခုတည်းသော ကုန်သွယ်မှုအုပ်စု စာချုပ်အဖြစ်သို့ ပြောင်းလဲရေးကို ကျွနု်ပ်တို့ ပြောဆိုဆွေးနွေးလျက်ရှိသည်။ နှောင့်နှေးကြန့်ကြာပြီး တုံ့ဆိုင်းနေရန် အချိန်မရှိတော့ပေ။ သက်ရှင်ရပ်တည်ရေးအတွက် အရေးကြီးသောကိစ္စ တစ်ရပ်ဖြစ်လာသည်။

ပြင်ပမိတ်ဖက်နိုင်ငံများနှင့် ဆက်ဆံရာတွင် အာဆီယံ၏ စည်းလုံးညီညွတ်မှုကို ပြသရန်မှာ အရေးတကြီး လိုအပ်လျက်ရှိသည်။ မဟာဗျူဟာနှင့် လုံခြုံရေးကိစ္စရပ်များနှင့် ကုန်သွယ်မှု စေ့စပ်ညှိနှိုင်းမှုများတွင်ဖြစ်စေ၊ ကမ္ဘာ့လုပ်ငန်းစဉ်များတွင် ကြုံတွေ့ရသော အခြားပြဿနာများတွင်ဖြစ်စေ အာဆီယံဒေသသည် ပိုမို၍ ဘုံရပ်တည်ချက်သဘောဆောင်ပြီး ခိုင်မာသော ရှေ့တန်းစစ်မျက်နှာ တစ်ခုရှိရန် လိုအပ်ပေသည်။

အာဆီယံဒေသသည် ပိုမိုခိုင်မာသော ဘုံရပ်တည်ချက်ကို မတည်ဆောက်နိုင်ပါက မဟာဗျူဟာ အင်အားပြိုင်ပွဲတွင် လွှမ်းမိုးချုပ်ကိုင်မှုကို ခံရလိမ့်မည်။ ဆယ်စုနှစ် ငါးစုကျော် သတိထား၍ ပြုစုပျိုးထောင်ခဲ့သော ကမ္ဘာ့ယုံကြည်အားထားမှုများကို လက်လွတ်ဆုံးရှုံးရလိမ့်မည်။ ကြီးမားလှသော ကမ္ဘာ့ပြဿနာများနှင့် စိန်ခေါ်မှုများကို စည်းလုံးညီညွတ်စွာ တုံ့ပြန်ရေးမှာ အာဆီယံ၏ ဘုံသဘောဆန္ဒပင် ဖြစ်သည်။ ယခုအခါ ယင်းသဘောဆန္ဒကို လက်တွေ့ဖော်ဆောင်ရန် အရေးကြီးပေသည်။

“အာဆီယံ၏ လုံခြုံရေးနှင့် မဟာဗျူဟာ အကျိုးစီးပွား” ဟူသော စကားရပ်၏ အဓိပ္ပာယ်ကို ပြန်လည်စဉ်းစားရန်လည်း လိုမည်ဖြစ်ပြီး ကမ္ဘာ့ပြိုင်ကွင်းကြီး၏ ပြောင်းလဲမှုကို ထင်ဟပ်နိုင်အောင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သင့်သည်။ ပိုမိုကျယ်ပြန့်သော အာရှ-အင်ဒို-ပစိဖိတ်ဒေသ၏ စေ့စပ်ညှိနှိုင်းမှု လုပ်ငန်းစဉ်များတွင် အာဆီယံသည် ခေါင်းဆောင်မှု အခန်းကဏ္ဍကို ရယူထားခဲ့ပြီးဖြစ်သည်။ အာဆီယံအပေါင်း ခြောက်နိုင်ငံပါဝင်ပြီး ၂၀၀၅ ခုနှစ်က စတင်ပေါ်ပေါက်ခဲ့သော အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲ EAS ကို ဒေသ၏ “ခေါင်းဆောင်မှုပေးသော နိုင်ငံရေး၊ လုံခြုံရေးနှင့် မဟာဗျူဟာစြင်္က ံ” အဖြစ် သတ်မှတ်ခဲ့သည်။

typeof=

အမေရိကန်ပြည်ထောင်စုနှင့် ရုရှားနိုင်ငံတို့သည် ၂၀၁၀ ပြည့်နှစ်မှစ၍  EAS တွင် ပါဝင်ခဲ့ကြသော်လည်း ဥရောပသမဂ္ဂ(အီးယူ) မှာမူ “ပထဝီအနေအထား နီးစပ်မှုအရလည်းကောင်း၊ ဒေသတွင်းသို့ ထိုးဖောက်ဝင်ရောက်ရန်စွမ်းအား၊ သို့မဟုတ် ဆန္ဒမရှိသည့်အတွက်ကြောင့် ” လည်းကောင်း ခပ်လှမ်းလှမ်းမှသာ နေခဲ့သည်။ ထို့ကြောင့် အဖွဲ့ဝင်အဖြစ် ပါဝင်ရန် အရည်အသွေး ပြည့်မီခြင်း မရှိခဲ့ပေ။

သို့သော်လည်း အီးယူသည် အာဆီယံဒေသတွင်းသို့ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို ဆောင်ရွက်ရာ၌ အဓိကအင်အားစုအဖြစ် နှစ်ပေါင်းများစွာ တည်ရှိနေခဲ့ပြီး လွန်ခဲ့သော ဆယ်စုနှစ် အနည်းငယ်အတွင်း ဒေသ၏ ထိပ်တန်းကုန်သွယ်ဖက် ဖြစ်ခဲ့သည်။ အီးယူကို EAS ၌ နေရာပေးနိုင်ရေးအတွက် အာဆီယံက ပြန်လည်စဉ်းစားသင့်ပေသည်။

နောက်ဆုံးအားဖြင့် အရေးပါသောအချက်မှာ ပဋိညာဉ်အရ ဒီမိုကရေစီ အခြေခံမူများကို လိုက်နာပြီး လူ့အခွင့်အရေးကို လိုက်နာသည့် “ ပြည်သူလူထုအခြေပြု အဖွဲ့အစည်း” အဖြစ် ထူထောင်ရန် အာဆီယံက ကတိပြုထားခြင်းဖြစ်သည်။ ယခုချိန်ထိ အာဆီယံကို နိုင်ငံခေါင်းဆောင်များနှင့် သံတမန်တို့က မောင်းနှင်လျက်ရှိပြီး စေ့စပ်ညှိနှိုင်းရေး အခွင့်အာဏာကို အဖွဲ့က ရယူထားသည်။ တစ်နိုင်ငံချင်းစီသည် မိမိတို့၏ ကိုယ်ပိုင်ဆင့်ကဲဖြစ်စဉ်နှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိရာ ယင်းတို့၏ လူ့အဖွဲ့အစည်းများမှ အလွှာအသီးသီးရှိ ပြည်သူတို့က ဒေသဆိုင်ရာ အဖွဲ့အစည်း၏ အနာဂတ် လမ်းကြောင်းအတွက် ပိုမိုပါဝင်ကာ အထောက်အကူ ပေးလိုသောဆန္ဒ ရှိကြသည်။

အဖွဲ့ဝင်နိုင်ငံအချို့သည် အသိုက်အဝန်းမှ အကျိုးအမြတ်များကို အခြားနိုင်ငံများထက် ပိုမိုခံစားခွင့် ရရှိနေသည်ကို ပြည်သူလူထုက အနှေးနှင့်အမြန် သိမြင်လာနိုင်သည်။ ထို့ကြောင့်ပင် အချို့သော အဖွဲ့ဝင်နိုင်ငံများက အကျိုးအမြတ် ပိုမိုရရှိခံစားနိုင်စေရန် နိုင်ငံရေးအရ စီမံအုပ်ချုပ်မှုနှင့် စီးပွားရေးအရ စီမံခန့်ခွဲမှုကို ယင်းတု့ိကပင် ဦးဆောင်၍ ပြုပြင်ပြောင်းလဲလာအောင် ဆောင်ရွက်ရန် လိုပေသည်။

ယင်းသို့သော ပြုပြင်ပြောင်းလဲမှုများ မရှိပါက အဖွဲ့ဝင်အချို့အတွက် ထိခိုက်နာကျင်စေပြီး မညီမျှမှုများ ဆက်လက်တည်ရှိစေနိုင်သည်။ ယင်းအခြေအနေကြောင့် အမျိုးသားအဆင့်တွင် ပိုမိုလွတ်လပ်ပြီး ဒီမိုကရေစီ နည်းလမ်းကျသော အပြောင်းအလဲနှင့် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရန် တောင်းဆိုမှုများ ရှိလာနိုင်သည်။ နိုင်ငံအားလုံးတွင် အောက်ခြေအဆင့်မှနေ၍ ဖွဲ့စည်းဖြစ်ပေါ်လာမည့် အပြောင်းအလဲ အလားအလာများကို အာဆီယံအဖွဲ့ဝင် နိုင်ငံအများစုက ခုခံတွန်းလှန်နေဆဲ ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်း ၅၀ အတွင်း အောင်မြင်မှုများစွာ ရရှိအောင် ဆောင်ရွက်နိုင်ပြီဆိုသော အချက်ကို အငြင်းပွားဖွယ ်မရှိသည့်တိုင် နောက်ထပ်ဆောင်ရွက်ဖွယ်ရာများ အများအပြား ရှိနေဆဲဖြစ်ပေသည်။ အာဆီယံအဖွဲ့၏ ပထမရာစုနှစ် ဒုတိယပိုင်းတွင် ပြည်သူများ၏ အပြည့်အဝပိုင်ဆိုင်မှု၊ တက်ကြွစွာ ပူးပေါင်းပါဝင်မှုနှင့် အဓိပ္ပာယ်ပြည့်ဝသော အထောက်အပံ့ပေးမှုကို အဖွဲ့က ရရှိရန်လိုပေသည်။

အဖွဲ့စတင် သန္ဓေတည်ခဲ့ချိန်မှစ၍ အာဆီယံသည် ပြည်သူလူထု၏ “စုပေါင်းဆောင်ရွက်လိုသည့် စိတ်ဓာတ်” နှင့် ပြည်သူလူထု၏ ဘုံရည်မှန်းချက်မှ ထွက်ပေါ်လာသော ရလဒ်ဖြစ်သည်။ ယင်းသည် ဒီမိုကရေစီဆန်သော ဖွဲ့စည်းမှုသဘောဖြစ်သည်။ နောင်လာမည့် ခေါင်းဆောင်မှု မျိုးဆက်သစ်သည် ပထမနှစ် ၅၀ အတွင်းက တည်ရှိခဲ့သော မြင့်မြတ်သည့်လမ်းကြောင်းမှ သွေဖည်နိုင်မည် မဟုတ်ပေ။

မြန်မာတည်းဟူသော အာဆီယံအတွက် “အနာဂတ် ရင်းနှီးမြှုပ်နှံမှုဒေသ”

အတိအကျဆိုပါက မြန်မာနိုင်ငံသည် အာဆီယံ ပေါ်ထွန်းခဲ့သည့် နှစ် ၅၀ အနက် ဆယ်စုနှစ် နှစ်စုအရောက်တွင် အာဆီယံ၏ အဖွဲ့ဝင်အဖြစ် ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ၁၉၉၇ ခု ဇူလိုင်တွင် ကွာလာလမ်ပူ၌ မြန်မာနိုင်ငံအား အဖွဲ့ဝင်အဖြစ် လက်ခံသည့်အချိန်တွင် အာရှဘဏ္ဍာရေး အကျပ်အတည်းက အစွမ်းကုန် ဖြစ်ပွားနေသောကာလဖြစ်သည်။ စစ်တပ်က အုပ်ချုပ်နေသော နိုင်ငံအား လက်ခံရန် ဒေါက်တာမဟာသီယာ မိုဟာမက်က ဆုံးဖြတ်လိုက်ခြင်းသည် အနောက်ကမ္ဘာမှ ဆွေးနွေးဖက်နိုင်ငံများ၏ ဆန္ဒကို ပမာမခန့် ပြုလိုက်ခြင်းပင် ဖြစ်တော့သည်။

သို့တိုင်အောင် အာရှ၏ထွန်းသစ်စ စီးပွားရေးနိုင်ငံကြီး နှစ်ခုဖြစ်သော တရုတ်နှင့် အိန္ဒိယတို့ကို ဆက်သွယ်ပေးနေသောနိုင်ငံကို “အနာဂတ် ရင်းနှီးမြှုပ်နှံမှုဒေသတစ်ခု” အဖြစ် အာဆီယံက စုပေါင်းဆုံးဖြတ်ခဲ့သည်။ နောင်ဆယ့်ငါးနှစ်အကြာ ၂၀၁၁-၁၂ ခုတွင် ဦးသိန်းစိန် အစိုးရက ပြုပြင်ပြောင်းလဲမှုများ ဦးဆောင်၍ စတင်မဆောင်ရွက်မီအထိ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေကြောင့် အာဆီယံသည် ယင်း၏ ဆွေးနွေးဖက်များထံမှ ဖိအားပေးမှုများကို ခံခဲ့ရသည်။ သို့သော်လည်း ဒီမိုကရေစီသို့ ဦးတည်သော မြန်မာနိုင်ငံ၏ “လမ်းပြမြေပုံ” ကို အာဆီယံက ခိုင်ခိုင်မာမာ ထောက်ခံခဲ့သည်။

၂၀၀၈ ခုနှစ် မေလဆန်းတွင် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ၌ နာဂစ် ဆိုင်ကလုန်းမုန်တိုင်း ကျရောက်သောအခါ အာဆီယံက မြန်မာနိုင်ငံကို ပုံအော၍ ဂရုဏာထားခဲ့သည်။ မေ ၃ ရက် ညသန်းခေါင်ယံ၌ ဒီရေများမြင့်တက်မှု၊ ဆိုးဆိုးရွားရွား ရေလွှမ်းမိုးမှုနှင့် အစိုးရက ရက်သတ္တပတ်များစွာ အပြည်ပြည်ဆိုင်ရာ အကူအညီကို ငြင်းဆန်မှုတို့ကြောင့် လူပေါင်း ၁၄၀,၀၀၀ နီးပါး သေဆုံးခဲ့ရသည်။

အကူအညီကို ဖွင့်ပေးရန် အာဆီယံက စစ်အစိုးရနှင့် စေ့စပ်ညှိနှိုင်းနိုင်ခဲ့ပြီး မြန်မာ့လူဦးရေ အများစုကြီးကို ငတ်မွတ်ခေါင်းပါးမှုနှင့် ရောဂါဘယဘေးမှ ကာကွယ်ရန်နှင့် ပျက်စီးယိုယွင်းသွားသော မြစ်ဝကျွန်းပေါ်ဒေသကို ပြန်လည်ထူထောင်ရန် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေး ပိတ်ဆို့မှု စည်းကမ်းချက်များအားလုံးကို လျှော့ချပေးရန် ကမ္ဘာ့နိုင်ငံများကို ဖျောင်းဖျပေးနိုင်ခဲ့သည်။

နှစ်နှစ်ခွဲခန့် ဆောင်ရွက်ခဲ့ရသော ပြန်လည်ထူထောင်ရေး ကြိုးပမ်းဆောင်ရွက်မှုများတွင် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း ပါဝင်လာအောင် အာဆီယံက ဦးဆောင်စည်းရုံးပေးနိုင်ခဲ့သည်။ အာဆီယံ၏ လူသားချင်းစာနာမှုတွင် ပါဝင်ဆောင်ရွက်မှုသည် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲနောက်ပိုင်း မြန်မာနိုင်ငံက ကမ္ဘာကြီးနှင့် ဆက်သွယ်ရာ၌ ယုံကြည်မှုရရှိအောင် အထောက်အကူ ဖြစ်စေခဲ့သည်ဟု အကဲခတ်သမားများက သုံးသပ်သည်။

အဖွဲ့ဝင်ဟောင်း နိုင်ငံများသည် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုမှ အကျိုးအမြတ်များစွာ ရနိုင်မည့် အလားအလာများ ရှိနေသည်။ မြန်မာနိုင်ငံသည် သယံဇာတ ကြွယ်ဝပြီး အတော်အတန် ကြီးမားသည့်နိုင်ငံ တစ်နိုင်ငံဖြစ်သည်။ ထို့ပြင် ဆယ်စုနှစ်ပေါင်းများစွာ အိပ်မောကျနေရာမှ ပြန်လည်နိုးထလာသော နိုင်ငံဖြစ်ပြီး လူဦးရေသန်း ၅၀ ဖြင့် အလားအလာကောင်းသော ဈေးကွက်တစ်ခုလည်း ဖြစ်သည်။

သို့ရာတွင် မြန်မာနိုင်ငံအတွက် အာဆီယံနှင့် အဝေးရှိနိုင်ငံများက ယုံကြည်ကိုးစားမှုကို ရယူနိုင်ရေးအတွက်  ထိရောက်သော အမျိုးသားပေါင်းစည်းမှု၊ စာနာထောက်ထားမှုနှင့် အလုံးစုံပါဝင်သော နိုင်ငံရေး ဖွဲ့စည်းတည်ဆောက်ပုံ၊ အဆင့်မြင့်ပြီး ထိရောက်သော စီမံအုပ်ချုပ်မှုနှင့် ပွင့်လင်းမြင်သာသည့် စီးပွားရေးစီမံခန့်ခွဲမှုတို့ မြန်မာနိုင်ငံ၌ ရှိရန်လိုပေသည်။ အဖွဲ့ဝင်ဟောင်းများကဲ့သို့သော စီးပွားရေးဖွံ့ဖြိုးမှု လမ်းကြောင်းကို လိုက်မည်ဆိုပါက မြန်မာနိုင်ငံသည် မူဝါဒတည်ငြိမ်မှု၊ တရားဥပဒေ စိုးမိုးမှုနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို အပြည့်အဝ ဆွဲဆောင်နိုင်လောက်အောင် ယုံကြည်ထိုက်သော ပြုပြင်ပြောင်းလဲရေး အစီအစဉ် ရှိရန်လည်းလိုပေသည်။

အဆမတန် ကြီးမားသော အိမ်နီးချင်းနိုင်ငံကြီး နှစ်နိုင်ငံအကြား တည်ရှိနေသော မြန်မာနိုင်ငံ၏ မဟာဗျူဟာမြောက် အနေအထားက အခြားအာဆီယံနိုင်ငံများအတွက်လည်း မဟာဗျူဟာမြောက် အခွင့်အလမ်းများကို ပေးအပ်လျက်ရှိသည်။ မြန်မာနိုင်ငံသည် အခြေအနေကို မှန်မှန်ကန်ကန် အသုံးချမည်ဆိုပါက တရုတ်နိုင်ငံအတွက် အနောက်ကမ္ဘာခြမ်းကို သွားရန်၊ အိန္ဒိယနိုင်ငံအတွက် အရှေ့ဘက်ကို မျှော်ကြည့်ရန် ကြိုးပမ်းရာတွင် မြန်မာနိုင်ငံမှတဆင့် ဆက်သွယ်မှုက ပထဝီဝင် မဟာဗျူဟာတန်ဖိုးနှင့် စီးပွားရေးအရ အားသာချက်များကို ရရှိစေနိုင်သည်။

အခြေအနေကို ဟန်ချက်ညီအောင် ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ၏ အောင်မြင်မှုသည် ကမ္ဘာတွင် အကြီးမားဆုံးသော ထွန်းသစ်စနိုင်ငံ စီးပွားရေးနှစ်ခု၏ ထက်မြက်သောစွမ်းအားကို အရယူနိုင်ရေးအတွက် အာဆီယံ၏ ကိုယ်ပိုင်နိုင်ငံရေးနှင့် စီးပွားရေး အောင်မြင်မှုကို အထောက်အကူ ပြုနိုင်ပေသည်။ ယင်းသို့ စဉ်းစားမည်ဆိုပါက မြန်မာနိုင်ငံသည် ရှုပ်ထွေးနက်နဲသော ဤအင်အားကြီးနိုင်ငံများနှင့် ဆက်ဆံမှု၌ အာဆီယံအတွက် ရှေ့တန်းနိုင်ငံ တစ်နိုင်ငံဖြစ်ပေသည်။

မြန်မာနိုင်ငံသည် ကျန်အာရှနိုင်ငံများအတွက် “အနာဂတ် ရင်းနှီးမြှုပ်နှံမှုတစ်ခု” အဖြစ် ဆက်လက် တည်ရှိနေသည်။ အလားအလာများမှာ အထိုက်အလျောက် ကောင်းနေသည်မှန်သော်လည်း ထိုရင်းနှီးမြှုပ်နှံမှုကို မြန်မာနိုင်ငံကသာလျှင် အားလုံးအတွက် နှစ်ဘက်အကျိုးရှိသော အခြေအနေ(win-win situation) ကို ဖန်တီးနိုင်ပေမည်။

ဉာဏ်တင် ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အာဆီယံခေါင်းဆောင်များအား ဧပြီ ၂၉ ရက်က မနီလာတွင် ကျင်းပသော နိုင်ငံံ့ခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် တွေ့ရစဉ်။ ဓာတ်ပုံ – အေအက်ဖ်ပီ

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar