သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့တွင် မတ် ၁၈ ရက်နေ့က ကျင်းပသည့် အာဆီယံထိပ်သီးဆွေးနွေးပွဲတွင် ရိုဟင်ဂျာအကြပ်အတည်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ၏ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးခဲ့ကြသော်လည်း ဝင်ရောက်စွက်ဖက်မည်မဟုတ်ကြောင်းနှင့် ရလာဒ်တစ်ခု ထွက်ပေါ်လာရန် တွန်းအားပေးမည်မဟုတ်ဟု အာဆီယံက ပြောကြားသည်။
ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ ခုနစ်သိန်းခန့်အား အိမ်နီးချင်း ဘင်္ဂလားဒေရှ့်နိုင်ငံတွင်းသို့ ထွက်ပြေးစေခဲ့သည့် စစ်တပ်၏ ပြင်းထန်သည့် စစ်ဆင်ရေးများနှင့် ပတ်သက်ပြီး အများပြည်သူရှေ့တွင် တိတ်ဆိတ်နေသည့်အတွက် ဒေါ်အောင်ဆန်းစုကြည်အား တစ်ကမ္ဘာလုံးက ပြင်းထန်စွာ ဝေဖန်နေကြသည်။
အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နှင့် သြစတြေးလျနိုင်ငံတို့အကြား သုံးရက်ကြာ အထူးအစည်းအဝေးတွင် အဆိုပါ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းကလည်း ခေါင်းစဉ်တစ်ခုအဖြစ် ပါဝင်ခဲ့သည်။
“ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ခပ်ကြာကြာ ဆွေးနွေးခဲ့ကြပါတယ်” ဟု သြစတြေးလျဝန်ကြီးချုပ် မဲလ်ကွန်တန်ဘဲလ်က ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
“ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည့်ပြည့်စုံစုံ ကျယ်ကျယ်ပြန့်ပြန့် ပြောကြားသွားပါတယ်။ သူမကိုယ်တိုင် တော်တော်ကြာကြာ ပြောကြားခဲ့ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
“ဒါက ဆွေးနွေးခဲ့တဲ့ ကိစ္စတစ်ခုဖြစ်ခဲ့တယ်ဆိုတာ အသေအချာပါပဲ။ ကျွန်တော်တို့ရဲ့ အစည်းအဝေးမှာ အလွန်ကို အပြုသဘောဆောင် ဆွေးနွေးခဲ့တယ်လို့ ပြောလို့ရပါတယ်” ဟု ၎င်းက ပြောကြားသည်။
ယခုနှစ်အတွက် အာဆီယံ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် စင်ကာပူနိုင်ငံ၏ ဝန်ကြီးချုပ်ဖြစ်သူ လီရှန်လောင်းက ဖြစ်ပေါ်နေသည့် အခြေအနေများနှင့် ပတ်သက်ပြီး မြန်မာ၏ အိမ်နီးချင်းနိုင်ငံများက စိုးရိမ်ပူပန်မိသော်လည်း “ရလာဒ်ထွက်ပေါ်လာစေရန် တွန်းအားပေးလိမ့်မည်” မဟုတ်ဟု ပြောကြားသည်။
“အဲဒါက အာဆီယံနိုင်ငံအားလုံးရဲ့ စိုးရိမ်ပူပန်မှု ဖြစ်ပါတယ်။ ဒါပေမယ့် အာဆီယံက ဝင်ရောက် မစွက်ဖက်နိုင်ပါဘူး။ ပြီးတော့ ရလာဒ်ထွက်လာဖို့ တွန်းအားမပေးနိုင်ပါဘူး” ဟု လီက တန်ဘဲလ်နှင့်အတူ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
အကြပ်အတည်းအား ပြီးဆုံးသွားစေရေးအတွက် ရေရှည်တည်တံ့မည့် အဖြေတစ်ခု ရရှိစေရန် ကြိုးပမ်းမှုများကို ထောက်ခံပေးသွားမည်ဟု ခေါင်းဆောင်နှစ်ဦးလုံးက ပြောကြားကြသည်။ ထို့ပြင် နေရပ်စွန့်ခွာခဲ့ကြရသူများအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကြိုးပမ်းမှုများကိုလည်း ထောက်ပံ့ပေးသွားမည်ဟုဆိုသည်။
သို့သော်လည်း ထိုကဲ့သို့ လူများအစုလိုက်အပြုံလိုက် ထွက်ပြေးခဲ့မှုကြောင့် အာဆီယံအဖွဲ့အတွင်း မကြုံဖူးသည့် သဘောထားတင်းမာမှုများလည်း ပေါ်ထွက်စေခဲ့သည်။ စစ်တပ်၏ အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး အာဆီယံက ဦးဆောင်သည့် လွတ်လပ်သောစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပေးရန် မူဆလင်နိုင်ငံတစ်ခုဖြစ်သည့် မလေးရှားက တောင်းဆိုခဲ့သည်။
ရိုဟင်ဂျာအကြပ်အတည်းတွင် ထိခိုက်ခံစားခဲ့ကြရသူများမှာ IS ကဲ့သို့အစ္စလာမ်အစွန်းရောက်အဖွဲ့များ၏ သားကောင်ဖြစ်သွားရလိမ့်မည်ဖြစ်ပြီး ဒေသတွင်း လုံခြုံရေးကို ခြိမ်းခြောက်လာနိုင်သည်ဟု မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်က စနေ့နေ့က ပြောကြားခဲ့ခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပိုမို ဖိအားပေးခဲ့သည်။
သို့သော် ရခိုင်ပြည်နယ်တွင် အကြမ်းဖက်အဖွဲ့အစည်းများ ရှိမရှိနှင့် ပတ်သက်ပြီး သီးခြားထောက်လှမ်း စုံစမ်းရရှိမှု ၎င်းတို့တွင် မရှိဟု စင်ကာပူဝန်ကြီးချုပ်က ပြောကြားသည်။ သို့သော် ဖြစ်နိုင်ခြေများရှိနေပြီး ဆက်လက်စောင့်ကြည့်သွားရမည့်အရာ ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် သြစတြေးလျဝန်ကြီးချုပ်နှင့် ကင်ဘာရာတွင် ယနေ့တွေ့ဆုံမည်ဖြစ်ကာ မနက်ဖြန်တွင် ဆစ်ဒနီရှိ Lowy Institute တွင် မိန့်ခွန်းပြောကြားမည်ဖြစ်သည်။