အသွင်ပြောင်းကာလ ဆုံးရှုံးမှု(ဝါ) တိမ်းပါးခဲ့သူများအတွက် တရားမျှတမှု

ထိန်းသိမ်းထားစဉ် သေဆုံးသွားခဲ့သော နိုင်ငံရေး အကျဉ်းသမားများ၏ ဆွေမျိုးများသည် ၎င်းတို့ ထိခိုက်နစ်နာခဲ့ရသည်များအတွက် အသိအမှတ်ပြုမှု လိုအပ်လျက်ရှိကြသော်လည်း လက်ရှိအစိုးရက စိတ်ဝင်စားပုံ မပေါ်ပေ။

အိုလီဗာ ဆလိုး ရေးသားသည်။ ဓာတ်ပုံ- လကျ်ာထွန်း

၂၀၀၅ ခုနှစ် မေလ ၁ ရက်က ကိုအောင်လှိုင်ဝင်းသည် ရန်ကုန်မြို့ အင်းစိန်လမ်းမပေါ်ရှိ တရုတ် စားသောက်ဆိုင် တစ်ဆိုင်မှ ပျောက်ဆုံးသွားခဲ့သည်။ တစ်ပတ်ကြာသည်အထိ သူ့ မိသားစုဝင်များသည် သူ ဘာဖြစ်သွားသည်ကို မသိရှိခဲ့ကြပေ။

မေလ ၁၀ ရက်တွင်မူ ဒုဗိုလ်မှူးကြီး မင်းနိုင်သည် မိသားစုဝင်များထံ ရောက်ရှိလာပြီး ကိုအောင်လှိုင်ဝင်းမှာ နိုင်ငံရေး လှုပ်ရှားမှုအတွက် အဖမ်းခံရပြီး သုံးရက်အကြာ၌ နှလုံးရောဂါဖြင့် သေဆုံးသွားသည်ဟု သတင်းလာပေးသည်။ ကိုအောင်လှိုင်ဝင်းသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ လူငယ်အဖွဲ့မှ ဖြစ်ပြီး သေဆုံးချိန်တွင် အသက် ၃၀ အရွယ်သာ ရှိသေးသည်။

ကိုအောင်လှိုင်ဝင်း၏ ဇနီး မနှင်းစန္ဒာတွင် သမီးငယ် နှစ်ယောက်ရှိပြီး ထိုဒုဗိုလ်မှူးကြီးက လျော်ကြေးအဖြစ် လာရောက်ပေးသော ငွေကျပ် တစ်သိန်းကို လက်ခံရန် မနှင်းစန္ဒာက ငြင်းပယ်ခဲ့သည်။

“ကျွန်တော်တို့က သူ့ အလောင်းကို ပြန်တောင်းခဲ့ပါတယ်။ ဒါပေမဲ့ သူ့အလောင်းကို မြောက်ဥက္ကလာပက ရေဝေးသုသာန်မှာ သဂြိုဟ်ပြီးပြီလို့ သူတို့က ပြောပါတယ်” ဟု မနှင်းစန္ဒာ၏ ဖခင်ဖြစ်သူ ဦးရွှေဂျိုးက ပြောကြား သည်။

ကိုအောင်လှိုင်ဝင်း၏ မိသားစုဝင်များသည် ရေဝေးသုသာန်သို့ ချက်ချင်းလိုက်သွားခဲ့သည်။ ထို့နောက် ကိုအောင်လှိုင်ဝင်း၏ အလောင်းကို အကျဉ်းထောင်မှ မြောက်ဥက္ကလာပ ဆေးရုံသို့ သေမှုသေခင်း စစ်ဆေးရန် ဦးစွာ ခေါ်ဆောင်သွားခဲ့သည်ဟု သိရှိခဲ့ရသည်။

သေမှုသေခင်းကို စစ်ဆေးခဲ့သော ဒေါက်တာဇော်ဇော်က ကိုအောင်လှိုင်ဝင်း၏ အလောင်းပေါ်တွင် ပြင်ပဒဏ်ရာ အတော်များများ တွေ့ရှိခဲ့ရပြီး နံရိုးနှစ်ချောင်းလည်း ကျိုးနေသည်ကို တွေ့ရှိရသည်ဟု ပြောပြသည်။

၂၀၀၉ ခုနှစ်တွင် ဦးရွှေဂျိုးသည် နိုင်ငံရေး လှုပ်ရှားမှုဖြင့် ဖမ်းဆီးခံခဲ့ရသည်။ အင်းစိန်ထောင်သို့ ပို့ခံရသည်။ သူသည် အင်းစိန်ထောင်တွင် ထောင်ဝါဒါခေါ် ထောင်ကြပ်များနှင့် မိတ်ဆွေဖြစ်ခဲ့ပြီး သူ့သမက်ဖြစ်သူ သေဆုံးခဲ့ရပုံကို သိရှိခဲ့ရသည်။ သူတို့က ပြောကြားရာတွင် ကိုအောင်လှိုင်ဝင်း၏ အလောင်းကို ခြေထောက်မှ တရွတ်တိုက် ဆွဲသွားသည်ကို သူတို့ မြင်တွေ့ခဲ့ရကြောင်း ဆိုသည်။

ကိုအောင်လှိုင်ဝင်း၏ ဓာတ်ပုံကို မိသားစုဝင်များက ပြသစဉ်။ ဓာတ်ပုံ - လကျ်ာထွန်း/ Framing the Transition

ကိုအောင်လှိုင်ဝင်း၏ ဓာတ်ပုံကို မိသားစုဝင်များက ပြသစဉ်။ ဓာတ်ပုံ – လကျ်ာထွန်း/ Framing the Transition

တရားဝင် သေမှုသေခင်း စစ်ဆေးချက်တွင် ကိုအောင်လှိုင်ဝင်းသည် သာမန်သေဆုံးခဲ့ခြင်းသာ ဖြစ်သည်ဟု ဖော်ပြထားသည်။ မိသားစုဝင်များသည် အမှန်တရားကို သိရှိနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း စုံစမ်းခွင့် မရရှိခဲ့ကြပေ။

“မိသားစုဝင်တွေက သူသေဆုံးသွားခဲ့လို့ အခုထိ ရုန်းကန်နေကြရပါတယ်” ဟု ဦးရွှေဂျိုးက ရန်ကုန်မြို့ရှိ သူတို့ ဖွင့်ထားသော လမ်းဘေးစားသောက်ဆိုင်တွင် Frontier ကို ပြောပြသည်။ “အနည်းဆုံးတော့ အစိုးရက ကိုအောင်လှိုင်ဝင်းရဲ့ သမီးကို စောင့်ရှောက်ပေးသင့်ပါတယ်” ဟု သူက ပြောကြားသည်။

၁၉၉၇ ခုနှစ်တွင် ဦးခင်မောင်မြင့်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ပတ်သက်နှီးနွှယ်မှုဖြင့် အရေးပေါ် ဥပဒေ ပုဒ်မ ၅(ည) ဖြင့် ဖမ်းဆီးခံံခဲ့ရကာ ထောင် ၈ နှစ် ချမှတ်ခံခဲ့ရသည်။

၂၀၀၁ ခုနှစ် ဇူလိုင်လ ၂၁ ရက်တွင် သူသည် စစ်ကိုင်းတိုင်းဒေသကြီး အနောက်ဘက်ရှိ ကလေးမြို့ အကျဉ်းထောင်၌ သေဆုံးသွားခဲ့သည်။ သေဆုံးချိန်တွင် သူ့အသက် ၄၅ နှစ် ရှိပြီဖြစ်သည်။ သူ၏ မိခင်ဖြစ်သူ ဒေါ်မြင့်မြင့်သည် သားဖြစ်သူ သေဆုံးသွားပြီးနောက် စိတ်ကျဝေဒနာ ခံစားခဲ့ရသည်။ ဒေါ်မြင့်မြင့်သည် အသက် ၈၂ နှစ် ရှိပြီဖြစ်သည်။ သူသည် သားဖြစ်သူ သေဆုံးသွားပြီးကတည်းက အိပ်ရာထဲ လဲနေသည်မှာ ၁၅ နှစ် ရှိပြီ ဖြစ်သည်။

“ကျွန်မတို့ အစ်ကိုရဲ့ အသုဘကို ချပြီးကတည်းက အမေက အိပ်ရာထဲက မထတော့ဘူး” ဟု ဦးခင်မောင်မြင့်၏ ညီမဖြစ်သူ ဒေါ်သိန်းသိန်းရီက Frontier ကို ပြောပြသည်။ သူတို့၏ နေအိမ်ဖြစ်သော ရန်ကုန်မြို့လယ် တရုတ်တန်းရှိ တိုက်ခန်းတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ အခန်း၏ နံရံံများ၌ အင်န်အယ်လ်ဒီ အလံများနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံများကို ချိတ်ဆွဲထားသည်။

“ကျွန်မတို့က ရန်ကုန်မြို့မှာ နေထိုင်ပေမဲ့ အစ်ကိုက ကလေးမြို့ အကျဉ်းထောင်ကို အပို့ခံရတယ်။ မိသားစုက တစ်လတစ်ခါ အစ်ကို့ကို တွေ့ဖို့ ကလေးမြို့ကို သွားရပါတယ်။ ကျွန်မတို့က မန္တလေးမြို့ကို ရထားနဲ့ အရင်သွားရတယ်။ ပြီးတော့မှ ကလေးမြို့ကို ကားစီးသွားရတယ်။ တစ်ခါသွားရင် နှစ်ရက်လောက်ကြာတယ်” ဟု ဒေါ်သိန်းသိန်းရီက ပြောပြသည်။

“ရှင်တို့ မြင်တဲ့အတိုင်းပဲ ကျွန်မတို့က ချမ်းသာတဲ့ မိသားစု မဟုတ်ပါဘူး” ဟု ဒေါ်သိန်းသိန်းရီက တိုက်ခန်း ပတ်ပတ်လည်ကို ညွှန်ပြရင်းပြောသည်။ “လတိုင်းသွားဖို့က ငွေကြေးက အဆင်မပြေဘူး။ ကျွန်မတို့ ငွေကြေးအတွက် သူ့ကိုပဲ မှီခိုနေခဲ့ရတာလေ” ဟု သူက မျက်ရည်လေးသုတ်ကာ ပြောပြသည်။

ဇနီးသည် ဒေါ်သန္တာက ၂၀၁၄ က အသတ်ခံခဲ့ရသည့် ခင်ပွန်းဖြစ်သူ သတင်းထောက် ကိုပါကြီး၏ဓာတ်ပုံကို ပြသစဉ်။ ဓာတ်ပုံ - လကျ်ာထွန်း/ Framing the Transition

ဇနီးသည် ဒေါ်သန္တာက ၂၀၁၄ က အသတ်ခံခဲ့ရသည့် ခင်ပွန်းဖြစ်သူ သတင်းထောက် ကိုပါကြီး၏ဓာတ်ပုံကို ပြသစဉ်။ ဓာတ်ပုံ – လကျ်ာထွန်း/ Framing the Transition

အကျဉ်းထောင် အာဏာပိုင်တွေက ဦးခင်မောင်မြင့် သေဆုံးသွားကြောင်းကို မိသားစုအား အသိမပေးခဲ့ပေ။ မိသားစုဝင်များသည် ဦးခင်မောင်မြင့် သေဆုံးသွားကြောင်းကို ကလေးမြို့ခံ မိတ်ဆွေ ဦးသိန်းဝင်းက ပြောပြသဖြင့် သိရှိခဲ့ရခြင်း ဖြစ်သည်။ ဦးသိန်းဝင်းသည် ဦးခင်မောင်မြင့် ထောင်ကျနေစဉ် မိသားစုကို အစစအရာရာ ကူညီပေးခဲ့သူ ဖြစ်သည်။

ဦးသိန်းဝင်းက ဦးခင်မောင်မြင့်သည် မသေဆုံးခင် တစ်လခန့်ကြာအောင် အပြင်းဖျားခဲ့သည်ဟု ဆိုသည်။ သို့သော် အကျဉ်းထောင် အာဏာပိုင်များက ၎င်း၏ အခြေအနေ ပိုမိုဆိုးရွားလာသည်အထိ ၎င်းအား ဆေးဝါးကုသရန် ခွင့်မပြုခဲ့ပေ။ ဦးခင်မောင်မြင့် မေ့လဲကျသွားခဲ့၍ ဆေးရုံသို့ ပို့လိုက်ပြီး မကြာမီတွင် ၎င်း သေဆုံးသွားခဲ့သည်။

မိသားစုဝင်များသည် အသုဘချရန် ကလေးမြို့သို့ အမြန်လိုက်သွားခဲ့သည်။

“ကျွန်မတို့ရောက်တော့ အာဏာပိုင်တွေက ကျွန်မတို့ကို တခြားသူတွေနဲ့ ခွဲထားပြီး ကျွန်မတို့ တည်းရမယ့် နေရာကို တန်းခေါ်သွားပါတယ်။ ကျွန်မတို့ကို စစ်ထောက်လှမ်းရေး အရာရှိတွေက မျက်ခြည်မပြတ် စောင့်ကြည့်နေကြပါတယ်။ သူတို့က အစ်ကို့ အသုဘကို လူတွေ လိုက်မပို့ကြဖို့ တားပါတယ်။ ဒါပေမဲ့ အစ်ကို့ရဲ့ အသုဘကို လူအများကြီး လိုက်ပို့ကြပါတယ်” ဟု ဒေါ်သိန်းသိန်းရီက ပြောသည်။

အင်တာဗျူး မေးမြန်းနေစဉ် တစ်လျှောက်လုံး ဒေါ်မြင့်မြင့်သည် အနီးအနားက အိပ်ရာပေါ်တွင် တိတ်ဆိတ်စွာ လဲလျောင်းနေသည်။ ၎င်းက သားအကြောင်း ပြောရသည်မှာ အလွန်နာကျင်ဖွယ်ရာ ကောင်းသည်ဟု ပြောသည်။

စိတ်သက်သာရာရဖို့ ပုံဖော်ခြင်း

ကိုအောင်လှိုင်ဝင်းနှင့် ဦးခင်မောင်မြင့်တို့၏ မိသားစုဝင်များသည် ယခင်နိုင်ငံရေး အကျဉ်းသားဟောင်း ကိုလက်ျာထွန်းက သူ၏ စာရင်းအတွက် စုဆောင်းထားသော နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုဝင် ဓာတ်ပုံများထဲတွင် ပါဝင်သည်။ နိုင်ငံရေး လှုပ်ရှားမှုဖြင့် ဖမ်းဆီးခံရပြီး အကျဉ်းထောင်ထဲတွင် သေဆုံးသွားသော နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုဝင် ဓာတ်ပုံများကို ကိုလက်ျာထွန်းက စုဆောင်းနေခြင်း ဖြစ်သည်။

ဓာတ်ပုံများထဲတွင် ၁၉၉၉ ခုနှစ် ဧပြီလ၌ သာယာဝတီ အကျဉ်းထောင်တွင် သေဆုံးသွားခဲ့သော ကိုမြရွှေ၏ မိသားစုဝင်များလည်း ပါဝင်သည်။ ကိုမြရွှေ သေဆုံးမှုအတွက် မည်သည့်အကြောင်းပြချက်မှ ၎င်း၏ မိသားစုဝင်များ မရရှိခဲ့ပေ။ အခြားသူများထဲတွင် ၂၀၀၂ ခုနှစ်၌ ရန်ကုန်ဆေးရုံကြီးတွင် သေဆုံးသွားခဲ့သော နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဦးအောင်မေသူ၏ မိသားစုဝင်များလည်း ပါဝင်သည်။

ဦးအောင်မေသူသည် စွဲချက် အများအပြားဖြင့် အကျဉ်းထောင်ထဲတွင် ဆယ်စုနှစ်ကြာ နေထိုင်ခဲ့ရသူဖြစ်သည်။ ၎င်း မသေခင်က မိသားစုကို သူသေဆုံးသွားပါက ငိုကြွေးမည်ဆိုလျှင် စစ်တပ်ကို အရှုံးပေးလိုက်သော သဘောဖြစ်ကြောင်း၊ ထို့ကြောင့် မငိုကြွေးဘဲ လက်မအမြဲထောင်ထားရန် သူ့မိသားစုကို ပြောကြားခဲ့သည်။

ကိုလက်ျာထွန်းသည် နိုင်ငံရေး လှုပ်ရှားမှုအတွက် ထောင် ၁၉ နှစ် ကျခံခဲ့ရပြီး ၁၄ နှစ်မှာ တိုက်ပိတ်ခံခဲ့ရခြင်း ဖြစ်သည်။ ၎င်းသည် အကျဉ်းထောင်အတွင်း နေထိုင်ခဲ့ရသော ဒဏ်ရာများမှ ရုန်းထွက်နိုင်စေရန် ထိုဓာတ်ပုံ စုဆောင်းမှုကို စီစဉ်ခဲ့ခြင်း ဖြစ်သည်။ သူသည် အမေရိကန် သမ္မတ ဘားရက်အိုဘားမား မြန်မာနိုင်ငံသို့ လာရောက် မလည်ပတ်မီ ရက်အနည်းငယ်အလိုတွင် အကျဉ်းသား အတော်များများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သောအခါ ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် အင်းစိန်အကျဉ်းထောင်မှ လွတ်မြောက်လာခဲ့သည်။

“ထောင်ထဲမှာ သေဆုံးသွားတဲ့ ကျွန်တော့် သူငယ်ချင်းတွေ ရှိပါတယ်။ သူတို့ရဲ့ မိသားစုဝင်တွေကို စာရင်းပြုစုဖို့ အရေးကြီးပါတယ်။ သူတို့ ဘယ်လောက် ထိခိုက်နာကျင်ခဲ့ရတယ် ဆိုတာကို လူတွေသိဖို့ လိုအပ်ပါတယ်” ဟု ၎င်းက Frontier ကို ပြောသည်။

၂၀၀၂ ခုနှစ်၌ ရန်ကုန်ဆေးရုံကြီးတွင် သေဆုံးသွားခဲ့သော နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဦးအောင်မေသူ။ ဓာတ်ပုံ - လကျ်ာထွန်း/ Framing the Transition

၂၀၀၂ ခုနှစ်၌ ရန်ကုန်ဆေးရုံကြီးတွင် သေဆုံးသွားခဲ့သော နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဦးအောင်မေသူ။ ဓာတ်ပုံ – လကျ်ာထွန်း/ Framing the Transition

ယခု ဆောင်းပါးအတွက် တွေ့ဆုံမေးမြန်းခဲ့သော မိသားစုဝင် အားလုံးက ၎င်းတို့သည် သေဆုံးသွားသူများ၏ ကျန်ရစ်သူမိသားစုများအတွက် တရားမျှတမှု တစ်ခုခုကို လိုချင်ကြောင်း တညီတညွတ်တည်း ပြောကြသည်။ ပိုမို အရေးကြီးသည်မှာ ၎င်းတို့၏ နာကျင်ခံစားရမှု အဆုံးသတ်စေရန် အမှန်တရား ထုတ်ဖော်ရန် ဖြစ်သည်ဟု ဆိုသည်။

စိတ်ခံစားမှုများနှင့် ပြည့်လျှမ်းနေသော အင်တာဗျူးများ အများအပြား မေးမြန်းအပြီးတွင် မိသားစုဝင်များက Frontier အဖွဲ့သားများအား လက်ဆွဲနှုတ်ဆက်ပြီး သူတို့ပြောကြားချက်များကို နားထောင်ပေးသည့်အတွက် ကျေးဇူးတင်ကြောင်း ပြောကြသည်။ သူတို့၏ ဆွေမျိုးများ သေဆုံးခဲ့ရသည့် အကြောင်းအရာများကို ဆွေးနွေးခွင့် ရရှိသဖြင့် စိတ်သက်သာရာ ရသွားကြောင်းလည်း ပြောကြသည်။

“ကျွန်မ ဒီအကြောင်းတွေကို ပြောပြခွင့် ရတဲ့အတွက် အလွန်ဝမ်းသာပါတယ်။ ကျွန်မက အစ်ကိုဖြစ်သူကို ဆုံးရှုံးလိုက်ရတယ်လို့ တွေးမိတဲ့အခါ အမြဲ စိတ်ဓာတ်ကျဆင်းခဲ့ရတယ်။ ဒါပေမဲ့ ဒီလို ပြောပြခွင့်ရလို့ ဝမ်းသာသွားရပါတယ်” ဟု ဦးခင်မောင်မြင့်၏ ညီမဖြစ်သူ ဒေါ်သိန်းသိန်းရီက ပြောပြသည်။

မြန်မာနိုင်ငံတွင် အင်န်အယ်လ်ဒီ ဦးဆောင်သော အစိုးရသစ် တက်လာခြင်းနှင့် ပတ်သက်ပြီး သူ၏ အစ်ကိုဖြစ်သူ မည်သို့ခံစားရမည် ထင်သနည်းဟု မေးသောအခါ ဒေါ်သိန်းသိန်းရီက “သူအရမ်း ဂုဏ်ယူနေမှာပါ။ သူရှိနေသေးရင် အစိုးရသစ်မှာ တခန်းတကဏ္ဍက ပါဝင်ကောင်း ပါဝင်နေနိုင်ပါတယ်” ဟု ဖြေကြားသည်။

အစိုးရတွင် တာဝန်ရှိမှု

အစိုးရသစ် အဖွဲ့ဝင် အများအပြားသည် နိုင်ငံရေး အကျဉ်းသားဟောင်းများ ဖြစ်ကြသည်။ သို့သော် ဖမ်းဆီးထိန်းသိမ်းထားစဉ် ထူးခြားသော အခြေအနေဖြင့် သေဆုံးသွားသော နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုဝင်များ၏ ကိစ္စရပ်ကို ဖြေရှင်းပေးသည့် သာဓကမှာ နည်းပါးလွန်းသည်။

Frontier က ဆက်သွယ်ခဲ့သော အစိုးရနှင့် အင်န်အယ်လ်ဒီ လွှတ်တော်အမတ်များက ပြောကြားချက်အရ နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် သူတို့၏ မိသားစုဝင်များကို ကူညီထောက်ပံ့ပေးရန် တရားဝင် အစီအစဉ်မျိုး မရှိသေးကြောင်း သိရသည်။ ၎င်းတို့ ခံစားခဲ့ရသည်များအတွက် နစ်နာကြေးပေးခြင်း၊ သို့မဟုတ် ထောင်ထဲတွင် နှစ်များစွာ နေထိုင်ခဲ့ရပြီး ညှဉ်းပန်းနှိပ်စက် ခံခဲ့ရခြင်းအတွက် ပြန်လည်ပျိုးထောင်ပေးသော အစီအစဉ်များ ဖန်တီးပေးခြင်းတို့ကဲ့သို့ အစီအစဉ်များ မရှိသေးကြောင်း ဆိုလိုခြင်း ဖြစ်သည်။

စစ်တပ်အပေါ် ပြည်သူများ၏ တုံ့ပြန်မှုကို ရှောင်ရှားသောအားဖြင့် အစိုးရသည် အသွင်ကူးပြောင်းရေး ကာလအတွင်း တရားမျှတမှု ပြန်လည်ရရှိရေး ကိစ္စရပ်များနှင့် ပတ်သက်ပြီး အထူးတလည် ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ အင်န်အယ်လ်ဒီသည် ရွေးကောက်ပွဲ အနိုင်ရရှိပြီးနောက် ဘီဘီစီနှင့် အင်တာဗျူး ပြုလုပ်ရာတွင် ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့ အစိုးရက လက်တုံ့ပြန်တာတွေ လုပ်ဆောင်မှာ မဟုတ်ပါဘူး” ဟု ပြောကြားပြီး ဒုတိယ ကမ္ဘာစစ်အပြီး နာဇီခေါင်းဆောင်များကို ရုံးတင်စစ်ဆေးသော နူရင်ဘတ်ခုံရုံးမျိုး လုပ်ဆောင်မည်မဟုတ်ကြောင်း၊ သို့သော် ပြည်သူများသည် ပြောင်းလဲမှုကို အမှန်တကယ် ခံစားရမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။

နယူးယော့ခ် အခြေစိုက် International Center for Transitional Justice အဖွဲ့က ၎င်းအဖွဲ့၏ ရည်ရွယ်ချက်ကို  နိုင်ငံတစ်နိုင်ငံတွင် ဖိနှိပ်မှုများ၊ သို့တည်းမဟုတ် ပဋိပက္ခများမှ အသွင်ကူးပြောင်းရာတွင် တရားမျှတမှု ရရှိစေရန် ချဉ်းကပ်ခြင်းဖြစ်သည်ဟု အဓိပ္ပာယ် ဖွင့်ဆိုထားသည်။ ထိခိုက်နစ်နာသူကို ပြန်လည်ကုစားပေးခြင်းဖြင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ရရှိရေး လုပ်ဆောင်ချက်များသည် နစ်နာသူ၏ အခွင့်အရေးများကို အသိအမှတ်ပြုပေးခြင်းဖြင့် အများပြည်သူ၏ ယုံကြည်မှုကို ရရှိနိုင်ကာ ဒီမိုကရေစီ တရားဥပဒေ စိုးမိုးနိုင်စေမည် ဖြစ်သည်။

ICTJ က ပြောကြားရာတွင် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုသည် အသွင်အမျိုးမျိုးဖြင့် လုပ်ဆောင်သည်ဟု ဆိုသည်။ ယင်းတို့တွင် ရာဇဝတ်ကြောင်းအရ တရားစွဲဆိုခြင်း၊ ပြန်လည်ကုစားပေးခြင်း၊ အဖွဲ့အစည်းကို ပြုပြင်ပေးခြင်း၊ အမှန်တရားကို ဖော်ထုတ်ပေးခြင်းနှင့် အထိမ်းအမှတ် ပြုလုပ်ပေးခြင်းတို့ ပါဝင်သည်။

ယခင် နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးလည်းဖြစ်၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း Assistance Association of Political Prisoners ကို ပူးတွဲတည်ထောင်သူလည်းဖြစ်သော ဦးဘိုကြည်က အစိုးရသည် ယခင် နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ လက်ရှိ နိုင်ငံရေး အကျဉ်းသားများနှင့် ၎င်းတို့၏ မိသားစုဝင်များကို ကူညီထောက်ပံ့ရန် စိတ်ဝင်စားမှု အနည်းငယ်မျှသာ ရှိသည်ဟု ဆိုသည်။

AAPP က ဇူလိုင်လ ၁၄ ရက် စာရင်းများအရ မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသား ၁၁၆ ဦး ရှိသည်ဟု ဆိုသည်။ ယင်းတို့ထဲမှ ၈၂ ယောက်သည် အကျဉ်းထောင်ထဲတွင် ဖြစ်ပြီး ၃၄ ယောက်သည် ထိန်းသိမ်းခံထားရကာ ရုံးတင် စစ်ဆေးမှုကို စောင့်ဆိုင်းနေရခြင်း ဖြစ်သည်။ နိုင်ငံရေး လုပ်ဆောင်သဖြင့် ထိန်းသိမ်းခံရပြီး အာမခံဖြင့် ရုံးတင် စစ်ဆေးမှုကို စောင့်ဆိုင်းနေသူ ၁၆၉ ယောက် ရှိနေသေးသည်။

နိုင်ငံရေးအရ ကူညီထောက်ပံ့ပေးမှု ကင်းမဲ့သဖြင့် AAPP သည် ထိခိုက်နစ်နာသော မိသားစုများကို ဘဏ္ဍာရေး ထောက်ပံ့မှုများဖြင့် ကူညီလျက်ရှိသည်။ ယင်းတို့က အကျဉ်းထောင်တွင်း သော်လည်းကောင်း၊ စစ်ဆေးမေးမြန်းရာတွင် သော်လည်းကောင်း သေဆုံးသွားခဲ့သူများကို အမှတ်ရစေသော အထိမ်းအမှတ်ပွဲ နှစ်ခု လုပ်ဆောင်ပေးနိုင်ခဲ့သည်။ ၎င်းတို့အတွက် အသိအမှတ်ပြု လက်မှတ်များလည်း ပေးအပ်ခဲ့သည်။ ယခုဆောင်းပါးအတွက် အင်တာဗျူးခဲ့သော မိသားစုဝင်များ၏ နေအိမ်များတွင် ထိုအသိအမှတ်ပြု လက်မှတ်များကို ဂုဏ်ယူဝံ့ကြွားစွာ ချိတ်ဆွဲထားကြသည်။

“အစိုးရဆီက အသိအမှတ်ပြုမှုကို မရရှိခဲ့ပါဘူး။ နိုင်ငံရေး အကျဉ်းသားတွေကို ကူညီဖို့ ကော်မတီ ဖွဲ့စည်းတာ အရေးယူလုပ်ဆောင်တာတွေ မတွေ့ရပါဘူး”ဟု ဦးဘိုကြည်က ပြောသည်။ ထို့ပြင် AAPP ၏ ဆွေးနွေးရန် ဆက်သွယ်မှုကိုလည်း တုံ့ပြန်ဖြေကြားခြင်း မရှိကြောင်း ၎င်းက ဆိုသည်။

“အတိတ်မှာ ဖြစ်ပျက်ခဲ့တဲ့ အရာတွေအတွက် တောင်းပန်တိုးလျှိုးခြင်း မရှိဘဲ ဒီနိုင်ငံက ရှေ့ဆက်သွားဖို့ ခက်ခဲပါလိမ့်မယ်။ အစိုးရသစ်ဟာ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အစိုးရဟောင်း လုပ်ခဲ့တဲ့ လုပ်ရပ်တွေအတွက် တာဝန်ယူရမှာပါပဲ” ဟု ဦးဘိုကြည်က ပြောသည်။

၁၉၆၂ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း အကျဉ်းထောင်ထဲ၊ သို့မဟုတ် စစ်ဆေးမေးမြန်းစဉ် သေဆုံးသော နိုင်ငံရေး အကျဉ်းသား ၂၀၀ ခန့် ရှိခဲ့သည်ဟု ၎င်းက ခန့်မှန်းသည်။ သေဆုံးမှုထဲမှ အများအပြားသည် ၁၉၈၈ ခုနှစ်တွင် နိုင်ငံအတွင်း လူထုအုံကြွမှုကြီး ဖြစ်ပွားခဲ့အပြီး ဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ဒီလူတွေကို အကျဉ်းထောင်ထဲ မပို့ချင်ပါဘူး” ဟု ၎င်းက စစ်တပ်အာဏာရစဉ်က အလွဲသုံးစားမှု ပြုခဲ့သူများအား ရည်ညွှန်း ပြောကြားသည်။ “ကျွန်တော်တို့ သူတို့ကို အကျဉ်းထောင်ထဲပို့ရင် သူတို့ကို တာဝန်ယူနေရဦးမယ်။ သူတို့အတွက် ကုန်ကျစရိတ်တွေ ခံနေရဦးမယ်။ ဒီငွေတွေကို တိုင်းပြည်အတွက် ပိုမို အရေးပါတဲ့ နေရာတွေမှာ သုံးမှာပေါ့။ ဥပမာ ကျန်းမာရေးနဲ့ ပညာရေးပေါ့။ တရားမျှတမှုဆိုတာ လက်စားချေတာကို ဆိုလိုတာ မဟုတ်ပါဘူး” ဟု ဦးဘိုကြည်က ဆိုသည်။

ဦးအောင်မေသူ၏ မိသားစုဝင်များကို တွေ့ရစဉ်။ ဓာတ်ပုံ - လကျ်ာထွန်း/ Framing the Transition

ဦးအောင်မေသူ၏ မိသားစုဝင်များကို တွေ့ရစဉ်။ ဓာတ်ပုံ – လကျ်ာထွန်း/ Framing the Transition

“နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေအတွက် အရေးကြီးတာက သူတို့ နာကျင်ခံစား ခဲ့ရတာတွေကို အသိအမှတ် ပြုပေးတာပါ။ ဒါတွေထဲမှာ လျော်ကြေးပေးတာတွေပါမယ်။ ဥပမာ ကျန်းမာရေး စောင့်ရှောက်မှု အကူအညီပေးတာ၊ သားသမီးတွေကို ပညာရေး ထောက်ပံ့စရိတ်ပေးတာ၊ အသက်မွေး ဝမ်းကျောင်းပညာ သင်ကြားပေးတာမျိုးပါ။ ဒါ့ပြင် အထိမ်းအမှတ်ပွဲလေးတွေလည်း လိုအပ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

သြဂုတ်လ ၈ ရက် ရှစ်လေးလုံး အရေးတော်ပုံကြီး၏ ၂၈ နှစ်မြောက် နှစ်ပတ်လည်နေ့ ကျရောက်လာ သောအခါ ထိုနေ့ကို ဒီမိုကရေစီနေ့အဖြစ် တရားဝင် သတ်မှတ်ရန် တောင်းဆိုမှုများ ရှိလာခဲ့သည်။ ယင်းသည် အထိမ်းအမှတ်ပွဲ လုပ်ဆောင်သော ထိရောက်သည့် ပုံစံတစ်မျိုး ဖြစ်သည်။ အခြားနည်းလမ်းမှာ ပြတိုက်များ တည်ဆောက်ပေးခြင်း၊ နိုင်ငံရေး အကျဉ်းသားများ၏ ရုပ်တုများ တည်ဆောက်ပေးခြင်းမျိုး ဖြစ်သည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ လှုပ်ရှားမှုဖြင့် ရှစ်လေးလုံး အရေးတော်ပုံကြီးကို အမှတ်ရစေရန် ယာယီပြတိုက်တစ်ခု တည်ဆောက်ပေးခဲ့သည်။ သို့သော် ယင်းမှာ အစိုးရ၏ တရားဝင် အထောက်အပံ့များ မရရှိထားပေ။

“အစိုးရက အမှန်တရား ဖော်ထုတ်ပေးဖို့ ကော်မရှင်တစ်ခု ဖွဲ့စည်းပေးရမယ်။ ဒီအဖွဲ့အစည်းကို သူတို့ ကြိုက်သလို နာမည်ပေးနိုင်ပါတယ်” ဟု ဦးဘိုကြည်က ပြောကြားသည်။ “ကျွန်တော်တို့ဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ရောက်အောင်သွားနေတယ်လို့ အစိုးရက ပြောချင်တယ်ဆိုရင် အသွင်ကူးပြောင်းရေး ကာလမှာ တရားမျှတမှု ပုံစံတစ်မျိုးမျိုး ရရှိဖို့ လိုအပ်ပါတယ်။ အနည်းဆုံးတော့ အသိအမှတ်ပြုမှု တစ်မျိုးမျိုး လိုအပ်ပါတယ်။ ဒါက အမျိုးသား ရင်ကြားစေ့ရေးအတွက်လည်း အထောက်အပံ့ ဖြစ်နိုင်ပါတယ်” ဟု ၎င်းက ပြောကြားသည်။ AAPP က ယခင် နိုင်ငံရေး အကျဉ်းသားဟောင်းများအတွက် လျော်ကြေးပေးရေးနှင့် အသိအမှတ်ပြုရေး ဥပဒေတစ်ခုကို အဆိုပြုထားကြောင်းလည်း ပြောကြားသည်။

ဦးဘိုကြည်က ဆက်လက်၍ စစ်တပ်ဘက်မှ တုံ့ပြန်မှုများသည် ထိုကိစ္စရပ်ကို လုပ်ဆောင်ရာမှာ ခက်ခဲစေနိုင်ကြောင်း ဆိုသည်။

ICTJ ၏ မြန်မာနိုင်ငံဆိုင်ရာ ကျွမ်းကျင်သူ မစ္စ အိုင်လင်းသော်မ်ဆင် Ms Aileen Thomson က အစိုးရသစ်သည် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုကို အထူးတလည် စိတ်ဝင်စားခြင်းမရှိဟု သူ ယုံကြည်ကြောင်း ပြောကြားသည်။

“အစိုးရသစ်က အရင်အစိုးရဟောင်းနဲ့ သူတို့ ကွဲပြားကြောင်း ပြသတဲ့အနေနဲ့ အတိတ်က ဖြစ်ရပ်တွေအတွက် တောင်းပန်မှုတစ်ခုကို လုပ်ဆောင်ရင် အလွန်ကောင်းတဲ့ ရွေးချယ်မှုတစ်ခု ဖြစ်မှာပါ။ အတိတ်က ဖြစ်ပျက်ခဲ့တဲ့ အရာတွေအတွက် အသိအမှတ်ပြုဖို့၊ တောင်းပန်ဖို့ အခြေအနေတွေလည်း ရှိနေပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့ အစိုးရသစ်ကြား ယုံကြည်မှုတွေကို တည်ဆောက်ပေးရာ ရောက်နိုင်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

မစ္စ အိုင်လင်းသော်မ်ဆင်က အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ရရှိရေးဆိုသည်မှာ ရာဇဝတ်ကြောင်းအရ တရားမျှတမှုကို ရှာဖွေခြင်း တစ်မျိုးတည်းကို မဆိုလိုကြောင်း ပြောသည်။ “တခြား နည်းလမ်းတွေလည်း ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ အနေအထားအရဆိုရင် အမှတ်ရစေခြင်းဟာ အရေးပါတဲ့ လုပ်ဆောင်ချက် တစ်မျိုးဖြစ်နိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။

အရှေ့တောင် အာရှဒေသတွင် လူ့အခွင့်အရေး ရှေ့နေအဖြစ် ၁၀ နှစ်ကျော် အတွေ့အကြုံရှိသော မစ္စတာ အဲလက်စ် ဘိတ်မင် Mr Alex Bateman ကမူ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ရရှိရေးသည် ထွက်ခွာသွားသော အစိုးရဟောင်း၏ သြဇာအာဏာအပေါ် များစွာမူတည်လျက်ရှိသည်ဟု ဆိုသည်။

“အရင်အစိုးရဟောင်းက လုံးဝပျက်သုဉ်းသွားတာ၊ ဒါမှမဟုတ် သြဇာအာဏာ အများအပြား မရှိတော့တာဆိုရင် တရားစွဲဆိုနိုင်ရေး အလားအလာက အများအပြား ရှိနေနိုင်ပါတယ်။ မြန်မာနိုင်ငံမှာက ထွက်ခွာသွားတဲ့ အစိုးရဟောင်းက သြဇာအာဏာ အတော်အတန် ရှိနေသေးတော့ တရားစွဲဆိုနိုင်ရေး အခွင့်အလမ်းက နည်းပါးနိုင်ပါတယ်” ဟု မစ္စတာ ဘိတ်မင်က ဆိုသည်။

အရှေ့တောင် အာရှဒေသတွင် အဆင်းရဲဆုံး နိုင်ငံများထဲမှ တစ်ခုဖြစ်သော်လည်း မြန်မာနိုင်ငံသည် စီးပွားရေး အလားအလာ များစွာရှိနေသည်။ မစ္စတာ ဘိတ်မင်က အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ရရှိရေး လုပ်ဆောင်ချက် တစ်ခုသည် နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် ၎င်းတို့၏ မိသားစုဝင်များကို လျော်ကြေးပေးသော လုပ်ငန်းစဉ်များအတွက် ထိုငွေကြေးများကို အသုံးချခြင်း ဖြစ်နိုင်သည်ဟု ဆိုသည်။

အခက်အခဲတစ်ခုမှာ ထိုငွေကြေးများကို ယခင် ရရှိနေကျ လူများဆီကနေ ရှင်းထုတ်ပစ်ခြင်း ဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။ အထိမ်းအမှတ်ပွဲများ လုပ်ဆောင်ပေးခြင်းသည် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ရရှိရေး လုပ်ဆောင်ချက်များထဲတွင် အလွယ်ကူဆုံး ဖြစ်နိုင်သည်။ တခါတရံ ထိုသို့ လုပ်ဆောင်ပေးခြင်းသည် အလွန်ပင် လွယ်ကူနိုင်ပါသည်။ သို့သော် ထိုသို့ လုပ်ဆောင်ပေးခြင်းသည် အတိတ်ကာလက ဖြစ်ပျက်ခဲ့သော အရာများကို လူအများ အမှတ်ရနိုင်စေပါသည်။

“နိုင်ငံက ရှေ့ဆက်သွားဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ အတိတ်က ဖြစ်ပျက်ခဲ့တဲ့ အရာတွေကို အသိအမှတ် မပြုပေးရင် အန္တရာယ်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ လူတွေက စစ်တပ်နဲ့ အစိုးရသစ်ကို မုန်းတီးမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။

သို့သော် စစ်တပ်သည် ၎င်း၏ ရုပ်ပုံလွှာကို ပြန်လည်ကောင်းမွန်လာစေရန် ကြိုးပမ်းသောအားဖြင့် ၎င်း၏ တပ်သားများက ကျူးလွန်ခဲ့သော အဆိုးရွားဆုံး အလွဲသုံးစားပြုမှုများကို တုံ့ပြန်မှုအချို့ ပြုလုပ်ခဲ့သည်။

ယခုလ အစောပိုင်းတွင် စစ်တပ်သည် ဇွန်လအတွင်းက ရှမ်းပြည်နယ်တွင် လက်နက်မဲ့ အရပ်သား ငါးဦးကို သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခံရသော စစ်သား ခုနစ်ဦးကို စစ်ဆေးအရေးယူခဲ့သည်ဟု ကြေညာခဲ့သည်။

နိုင်ငံရေး အကျဉ်းသားဟောင်းလည်းဖြစ်၊ နိုင်ငံသား အခွင့်အရေး အကြံပေးပုဂ္ဂိုလ်လည်းဖြစ်သော ဦးအောင်မျိုးမင်းက ဖွံ့ဖြိုးတိုးတက်မှုများသည် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ရရှိရေး လုပ်ဆောင်ချက်များအတွက် အကြံပေးအဖွဲ့အစည်းကို အထောက်အပံ့ပေးလျက်ရှိသည်ဟု ဆိုသည်။

“အတိတ်ကာလမှာ စစ်တပ်က ပြုခဲ့တဲ့ ပြစ်ဒဏ်အားလုံးကနေ သူတို့ ကင်းလွတ်ခွင့် ရှိနေတယ်” ဟု ၎င်းက ပြောပြီး သတင်းသမား ကိုပါကြီးကို စစ်တပ်က ထိန်းသိမ်းထားစဉ် သေဆုံးမှုကိစ္စ၊ (ကိုပါကြီး၏ ဇနီးဖြစ်သူ ဒေါ်သန္တာကို ကိုလက်ျာထွန်း၏ စာရင်းပြုစုမှုထဲတွင် ထည့်သွင်းထားသည်) ၂၀၁၅ ခုနှစ် ဇန်နဝါရီလတွင် ကချင်လူမျိုး ကျောင်းဆရာမနှစ်ဦး မုဒိန်းကျင့် သတ်ဖြတ်ခံရမှုကိစ္စ စသည်တို့ကို အသစ်တဖန် ပြန်လည်စစ်ဆေးခြင်းတို့သည် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုကို လုပ်ဆောင်ရန် ယုံကြည်ချက်များကို ပေးစွမ်းနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကိုလက်ျာထွန်းသည် သြဂုတ်လ ၈ ရက်ကို ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ရန် တောင်းဆိုမှုကိုလည်း ထောက်ခံပါသည်။

၁၉၉၉ ခုနှစ်တွင် သာယာဝတီ အကျဉ်းထောင်၌ သေဆုံးသွားခဲ့သော နိုင်ငံရေး အကျဉ်းသား ဦးမြရွှေ၏ ညီဖြစ်သူ ဦးမြငွေအတွက်မူ အစိုးရသစ် ပြောင်းလဲတက်ရောက်လာသည့်အတွက် သူနှင့် သူ့ မိသားစုသည် အတိတ်က ဖြစ်ပျက်ခဲ့သည်များကို ပွင့်လင်းစွာ ထုတ်ဖော်ပြောကြားလာနိုင်ကြောင်း ဆိုသည်။

စမ်းချောင်းမြို့နယ်ရှိ မိသားစုနေအိမ်တွင် စကားပြောဆိုရာ၌ စိတ်ခံစားမှုများ ပြင်းထန်လာသော ဦးမြငွေသည် “အရင်တုန်းကဆို ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော်တို့ ထုတ်မပြောရဲဘူး။ စစ်တပ်က သြဇာအာဏာ အရမ်းကြီးနေတယ်။ ဒါပေမဲ့ အခုတော့ ပြောင်းလဲလာခဲ့ပြီ။ ကျွန်တော်က အစိုးရသစ်ကို ရရှိတာ ပျော်ပါတယ်။ ဒါပေမဲ့ ပြောင်းလဲစရာတွေ အများကြီး ကျန်သေးတယ်။ ကျွန်တော် မသေခင်မှာ ဒီနိုင်ငံက လူတွေအားလုံးကို လွတ်လပ်စွာ ပြောဆိုလုပ်ကိုင်နိုင်တာကို မြင်ချင်ပါတယ်။ ဒီအချိန် မရောက်မချင်းတော့ ကျွန်တော့်အနေနဲ့  ကျွန်တော့်ရဲ့ အစ်ကိုကို မေ့နိုင်မှာ မဟုတ်ပါဘူး” ဟု ပြောသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

ဤဆောင်းပါးတွင် ပါဝင်သော ဓာတ်ပုံများသည် ‘အသွင်ကူးပြောင်းမှုကို ဘောင်ကြက်ခြင်း’ Framing the Transition ဓာတ်ပုံပြပွဲနှင့် ပူးပေါင်းဖော်ပြခြင်း ဖြစ်သည်။ Framing the Transition ပြပွဲသည် လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော အမျိုးမျိုးသော အရေးကိစ္စများကို ဖော်ပြသော ပြပွဲဖြစ်သည်။

ခေါင်းစီး ဓာတ်ပုံ- ဦးမြငွေက သူ၏ အစ်ကိုဖြစ်သူ ဦးမြရွှေ၏ ဓာတ်ပုံကို ကိုင်ဆောင်ထားပုံ။ ဦးမြရွှေသည် ၁၉၉၉ ခုနှစ်တွင် သာယာဝတီ အကျဉ်းထောင်၌ သေဆုံးခဲ့သည်။ ဓာတ်ပုံ – လက်ျာထွန်း/ Framing the Transiton

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar