အသရေဖျက်မှုဥပဒေ ဖယ်ရှားဖို့သင့်ပြီ

မြန်မာနိုင်ငံတွင် အသရေဖျက်မှုဆိုင်ရာဥပဒေ ခြောက်ခုရှိသည်။ လေ့လာမှု တစ်ခုက ယင်းတို့ကို ချမ်းသာကြွယ်ဝသူ၊ သြဇာအာဏာရှိသူများက အလွဲသုံးစားပြုနေခြင်းကြောင့် အကျင့်ပျက်ခြစားမှု၊ အဂတိလိုက်စားမှုများ တိုက်ဖျက်ရာတွင် နှောင့်နှေးစေလျက်ရှိသည်ဟုဆိုသည်။

အိုလီဗာ စပင်ဆာ နှင့် ယဉ်ရတနာသိန်း ရေးသားသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကတိတွင် အဂတိလိုက်စားမှုကင်းမဲ့သော လူ့အဖွဲ့အစည်း တည်ထောင်မည်ဟုဆိုခဲ့သည်။ လွန်ခဲ့သော သုံးနှစ်ခန့် အာဏာရလာပြီးကတည်းက ဒေါ်အောင်ဆန်းစုကြည်၏အစိုးရသည် ပြည်သူ့ဝန်ထမ်းများကို တန်ဖိုးကြီးလက်ဆောင်ပစ္စည်းများ လက်ခံရယူခြင်းမပြုရန် တားမြစ်ခဲ့သည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကိုလည်း တက်ကြွစွာ လုပ်ဆောင်ခဲ့သည်။ သို့သော် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အဂတိလိုက်စားမှုအများဆုံး နိုင်ငံများတွင် ပါဝင်နေသေးသည်။

အစိုးရ၏ဆောင်ရွက်မှုများကို ကြိုဆိုကြသော်လည်း နောက်ခံတွင် အပြစ်အနာအဆာများ ရှိနေသည်။ အသရေဖျက်မှုဆိုင်ရာဥပဒေများ၏ လျှို့ဝှက်နက်နဲ၍ ကျယ်ပြန့်သည့်မူဘောင်က အကျင့်ပျက်မှုကို အရေးမယူနိုင်အောင် အကာအကွယ်ပေးထားသည်။ အဂတိလိုက်စားမှုကို တိုင်တန်းပါက အကြောင်းမလှလျှင် ထောင်ဒဏ် သုံးနှစ်ကျခံနိုင်ရဖွယ်ရှိနေ၍လည်း မည်သူကတိုင်တန်းဝံ့မည်နည်း။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ တန် လက်ပတ်နာရီကို ပတ်နေကြောင်း အလဲဗင်းမီဒီယာက သတင်းထုတ်ပြန်သောကြောင့် အသရေဖျက်မှုနှင့် တရားစွဲသောအမှုကို လူတိုင်းသိကြသည်။ အခြားဥပမာများလည်း ရှိပါသေးသည်။ အများစုသည် သတင်းထဲတွင် မပါဝင်ခဲ့ကြပေ။ ၂၀၁၈ ခုနှစ် သြဂုတ်လတွင် ဖေ့စ်ဘွတ်ခ်အသုံးပြုသူ တစ်ယောက်မှာ ရဲစခန်းတစ်ခုက မူးယစ်ဆေးဝါး ရောင်းချရန် ကြိုးပမ်းမှုကို သရော်သည့်ပို့စ်တစ်ခု တင်လိုက်သောကြောင့် ဖမ်းဆီးခံခဲ့ရသည်။ ၂၀၁၇ ခုနှစ် သြဂုတ်လတွင် သတင်းထောက်တစ်ယောက်က ဝန်ကြီးတစ်ဦးသည် ရာထူးအလွဲသုံးစားလုပ်ပြီး သူ့သားကို မြေယာပေးခဲ့သည်ဟု ပို့စ်တစ်ခု တင်ခဲ့သည်။ ထို့နောက်တွင် တရားရင်ဆိုင်ရမည်ကို စိုးရိမ်သောကြောင့် ပြန်လည်တောင်းပန်ခဲ့ရသည်။

ယင်းကိစ္စရပ်များတွင် အဂတိလိုက်စားသည်ဟူသော စွပ်စွဲချက်များ မှန်သည်မှားသည်ကို မသိရှိနိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် အသရေဖျက်မှု ဥပဒေတွင် စွပ်စွဲခံရသူကို နိုင်ငံတော်က အလိုအလျောက် ကာကွယ်ပေးထားရန် လိုအပ်နေ၍ဖြစ်သည်။ အသရေဖျက်မှုသည် ပြစ်မှုတစ်ခုဟုဆိုပါက ရဲများက စုံစမ်းစစ်ဆေးစေပြီး အစိုးရရှေ့နေများက ရုံးတော်တွင် ခုခံစွဲဆိုရမည်ဖြစ်သည်။ သာမန်အရပ်ဘက်ကိစ္စရပ် ဖြစ်ပါက နစ်နာသူသည် ရှေ့နေငှားပြီး သက်သေအထောက်အထား ရှာဖွေနိုင်ရပေမည်။ တိုင်းပြည်၏ အာဏာနှင့် မကုန်ခန်းနိုင်သော ဘတ်ဂျက်ကြောင့် တိုင်တန်းသူသည် တိုင်တန်းချက်ကို ပြန်ရုပ်သိမ်းလိုက်ပါက မည်သူက အပြစ်ဖို့နိုင်တော့မည်နည်း။

ထိုအခြေအနေများသည် ရေခဲတောင်ကြီး၏ ထိပ်ဖျားပမာမျှသာ ရှိနိုင်သည်။ အဂတိလိုက်စားမှုကို တိုင်တန်းမည်ဟုစဉ်းစားပြီး အသရေဖျက်မှုဖြင့် ထောင်ကျမည်စိုးသဖြင့် ပြန်လည်ရုပ်သိမ်းသွားသူပေါင်း မည်၍မည်မျှရှိနိုင်မည်ကို တွေးကြည့်နိုင်ပေသည်။

၂၀၁၃ ခုနှစ် ဆက်သွယ်ရေးဥပဒေ 2013 Telecommunication Law ၏ အပိုဒ် ၆၆ ဃ သည် မဟုတ်မှန်သော အသရေဖျက်မှုများအတွက်ထားရှိသည်ဟု အများကယူဆကြသည်။ သို့သော် မြန်မာနိုင်ငံတွင် အသရေဖျက်မှုဆိုင်ရာ ဥပဒေက ၆ ခု ရှိနေသည်။ ယင်းတို့အားလုံးကို အဂတိလိုက်စားသည်ဟု တိုင်တန်းရဲသူများကို ခြောက်လှန့်ရန်နှင့် လက်တုံ့ပြန်ရန် အသုံးပြုနေကြသည်။ ယင်းဥပဒေများတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ Anti-Corruption Law ထဲ၌လည်းပါရှိသည်။ ယင်းဥပဒေ၏ အပိုဒ် ၄၆ တွင် အသရေဖျက်မှုကို ပြစ်မှုအဖြစ် သတ်မှတ်ထားသည်။

ရာဇသတ်ကြီးဥပဒေ Penal Code တွင်ပါဝင်သော မြန်မာနိုင်ငံ၏ ပထမဆုံး အသရေဖျက်မှု ဥပဒေကို လွန်ခဲ့သော ၁၅၈ နှစ်ခန့်က ဗြိတိသျှအစိုးရက ပြဋ္ဌာန်းပေးခဲ့သည်။ ဒုတိယဥပဒေအဖြစ် စစ်အစိုးရက အီလက်ထရွန်းနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ Electronic Transactions Law ကိုပြဋ္ဌာန်းခဲ့သည်။ နောက်ထပ်ဥပဒေ ၃ ခုကို ပြီးခဲ့သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအစိုးရက ပြဋ္ဌာန်းခဲ့ပြီး ဆက်သွယ်ရေးဥပဒေ Telecommunications Law ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ Anti-Corruption Law နှင့် သတင်းမီဒီယာဥပဒေ News Media Law တို့ ဖြစ်ကြသည်။ ခြောက်ခုမြောက်ဥပဒေကို ၂၀၁၇ ခုနှစ်တွင် အင်န်အယ်လ်ဒီအစိုးရက ပြဋ္ဌာန်းခဲ့ပြီး နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှု ကာကွယ်ပေးရေးဥပဒေ Law Protecting the Security and Privacy of Citizens ဥပဒေထဲတွင် ကွယ်ဝှက်ထည့်သွင်းထားသည်။

Free Expression Myanmar က အခြားအဖွဲ့အစည်း ရှစ်ခုနှင့်တွဲဖက်လုပ်ဆောင်သော လေ့လာမှုတွင် တရားရုံးများသည် အသရေဖျက်အမှုကို အလွဲသုံးနေကြကြောင်း၊ အချက်အလက်ထက် စိတ်ခံစားမှုကို ကာကွယ်ထားပြီး ခုခံချေပမှုများကို လစ်လျူရှုကာ အစိုးရအရာထမ်းများနှင့် နိုင်ငံရေးသမားများအား ဝေဖန်မှုအတွက် အပြစ်ပေးကြောင်း၊ ဝေဖန်သူကို အရေးယူဟန့်တားမှုများ အစွမ်းကုန်လုပ်ဆောင်နေကြောင်း ဖော်ပြထားသည်။

Defamation: International Standards and Myanmar’s Legal Framework အသရေဖျက်မှု – နိုင်ငံတကာစံနှုန်းများနှင့် မြန်မာ့ဥပဒေမူဘောင်ဆိုသော ယင်းလေ့လာမှုတွင် ဥပဒေ ခြောက်ခုကို တစ်ခုချင်းစီ လေ့လာထားပြီး အပြစ်အနာအဆာများကို ရှာဖွေဖော်ထုတ်ထားသည်။ ပြီးခဲ့သော ၂ နှစ်အတွင်း ယင်းဥပဒေများစုပေါင်းကာ မည်သို့အလွဲသုံးစား ပြုကြသည်ကို လေ့လာထားသည်။ ဒီမိုကရေစီစံနှုန်းတွင် ဥပဒေများက မည်သည်တို့ကို ထောက်ပံ့ပေးရမည်ကိုလည်း ဖော်ပြထားသည်။

၆၆(ဃ) ကို ပြုပြင်ပြောင်းလဲရန် စုပေါင်းလုပ်ဆောင်သော ထိုအရပ်ဘက်အဖွဲ့အစည်း ညွှန့်ပေါင်းအဖွဲ့သည် သည် အသရေဖျက်မှု ဥပဒေအားလုံးကို ရည်ရွယ်လုပ်ဆောင်သည်။ လက်ရှိအစိုးရကပြဋ္ဌာန်းရန် ကြိုးပမ်းနေသော ဆိုက်ဘာရာဇဝတ်မှု ဥပဒေကြမ်းတွင် ကွယ်ဝှက်ပါရှိနိုင်သည့် ခုနစ်ခုမြောက် အသရေဖျက်ဥပဒေကိုပါ ထည့်သွင်းထားသည်။

အရပ်ဘက်အဖွဲ့အစည်းများ၏ ကြိုးပမ်းမှုကြောင့် ဥပဒေတစ်ခုသည် ကောင်းလာပါကလည်း တခြားဥပဒေကို ထိုနေရာတွင် အစားထိုးအသုံးပြုခြင်းများရှိနေသည်။ ၆၆(ဃ) ကို အနည်းငယ် ပြုပြင်ပြီးသောအခါ အဂတိလိုက်စားမှု တိုင်တန်းချက်များကို ပိုမိုပြင်းထန်သော နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှု ကာကွယ်ပေးရေးဥပဒေ Law Protecting the Security and Privacy of Citizens ဖြင့် တရားစွဲပြီး ပိုမိုရှည်လျားသော ထောင်ဒဏ်များချမှတ်သည်။

အရပ်ဘက်အဖွဲ့အစည်းများသည် ဥပဒေများကို ပြုပြင်မည့်အစား ပြစ်မှုဟုပင် မသတ်မှတ်ခြင်းကို အလိုရှိကြသည်။ ထိုဥပဒေများကို ချေဖျက်ကျော်လွှားနိုင်သော ပြည်သူများ၏ အသရေဖျက်မှုဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းလိုသည်။ ယင်းသည် ပြည်သူများအတွက် လက်ငင်းအကျိုးရလဒ် နှစ်ခုကိုရရှိစေနိုင်သည်။ ထိုအခါ အသရေဖျက်မှုကို လက်တုန့်ပြန်တရားစွဲသူသည် အခွန်ထမ်းများ၏ပြည်သူ့ငွေကြေးကို ၎င်းတို့၏ မဟုတ်မှန်သော အသရေဖျက်အမှုအတွက် မသုံးစွဲနိုင်တော့ဘဲ မိမိတို့ငွေကြေးဖြင့်သာ ရှေ့နေငှားရတော့မည်။

ထိုအခါ အရေဖျက်သည့်အမှုက မှန်ကန်နေပါကလည်း ၎င်းတို့၏နာမည်ဆုံးရှုံးရခြင်းအတွက် ရုံးတော်က ချမှတ်ပေးသော လျော်ကြေးငွေသည် အစိုးရဘဏ္ဍာတိုက်ထဲမရောက်ဘဲ ၎င်းတို့ထံသို့သာ တိုက်ရိုက်ရောက်ရှိနိုင်သည်။

အသရေဖျက်မှုကို ပြစ်မှုအဖြစ်မသတ်မှတ်ခြင်းသည် အကောင်းဆုံးအဖြေတော့ မဟုတ်ချေ။ စင်ကာပူနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှာကဲ့သို့ အမှန်တကယ် နစ်နာဆုံးမှုနှင့်မသက်ဆိုင်သော လျော်ကြေးငွေများကို ရုံးတော်က ချမှတ်ခြင်းကြောင့် တက်ကြွလှုပ်ရှားသူများ၊ မီဒီယာအဖွဲ့အစည်းများ ဒေဝါလီခံရသည့်အထိ အဖြစ်မျိုးမရောက်စေရန် အများပြည်သူဆိုင်ရာ အသရေဖျက်မှုဥပဒေကို မည်သို့ ဖွဲ့စည်းပြဋ္ဌာန်းသင့်ကြောင်း Free Expression Myanmar က ဖော်ပြပေးထားသည်။

မကြာသေးမီက လွှတ်တော်အမတ်များ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင်များနှင့် တွေ့ဆုံရာ၌ အရပ်ဘက်အဖွဲ့အစည်း ညွှန့်ပေါင်းအဖွဲ့သည် အဂတိလိုက်စားမှု စွပ်စွဲချက်များကို မည်သို့နှိမ်နှင်းနေပုံကို သက်သေများဖြင့် ပြသခဲ့သည်။ လွှတ်တော်အမတ်များ၊ ကော်မရှင်အဖွဲ့ဝင်များက ထပ်မံအဆိုပြုချက်များကို လက်ခံရန် သဘောတူညီခဲ့သည်။

ယခုအခါ အင်န်အယ်လ်ဒီအမတ်အများစုပါဝင်သော လွှတ်တော်နှင့် လက်ရှိအစိုးရသည် မြန်မာနိုင်ငံရှိ များပြားနေသော အသရေဖျက်မှုဥပဒေများကို ဆက်လက်ထောက်ပံ့ပေးနေမည်လား။ သို့တည်းမဟုတ် အင်န်အယ်လ်ဒီပါတီ၏ ရွေးကောက်ပွဲကတိစကားကို ဖြည့်ဆည်းပြီး အဂတိလိုက်စားမှုကင်းမဲ့သော လူ့အဖွဲ့အစည်း တည်ထောင်ပေးမည်လား ဆုံးဖြတ်ရန်သာ ရှိတော့သည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar