အသင့်သုံး prefabricated ပစ္စည်းများဖြင့် ဆောက်လုပ်နိုင်သည့် နေအိမ်များ ထုတ်လုပ်ခြင်းနှင့် ပေးသွင်းခြင်းအတွက် သဘောတူစာချုပ်ကို မြန်မာနိုင်ငံမှ KT Group နှင့် ဖိလစ်ပိုင်မှ Revolution Precrafted တို့ ပြီးခဲ့သည့် ရက်သတ္တပတ်က လက်မှတ်ရေးထိုးသည်။
“ကျွန်တော်တို့အနေဖြင့် မြန်မာနိုင်ငံ၏ ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် KT Group နှင့် ကိုယ်စားလှယ် သဘောတူညီချက်ကို ကြေညာဖို့ အလွန်စိတ်လှုပ်ရှားခဲ့ရပါတယ်။ ဒီမဟာဗျူဟာမြောက် ကိုယ်စားလှယ် သဘောတူညီချက်ဟာ မြန်မာ့အိမ်ယာမြေလုပ်ငန်း တိုးတက်ဖွံ့ဖြိုးမှု ကဏ္ဍသစ်ဆီကို ချဉ်းနင်းဝင်ရောက်လာတာနှင့်အညီ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းလာလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်” ဟု Revolution Precrafted ၏ တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ Robbie Antonio မှ ပြောကြားသည်။
Revolution Precrafted ကုမ္ပဏီသည် လုပ်ငန်းထူထောင်စဉ်ကာလမှ နှစ်နှစ်အတွင်း ကုမ္ပဏီတန်ဖိုး အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော် တန်ဖိုးဆင့်ခံရသည့် ဖိလစ်ပိုင်နိုင်ငံ၏ တစ်ခုတည်းသော unicorn ကုမ္ပဏီအဆင့်ကို ရရှိထားသူဖြစ်သည်။ ကမ္ဘာတဝှမ်းမှ ပြိုင်ဘက် ကင်းသော ဗိသုကာပညာရှင်များ၊ ဒီဇိုင်းပညာရှင်များနှင့် အနုပညာရှင် ၇၂ ဦး တို့ ပူးပေါင်းခြင်းဖြင့် အရည်အသွေးကောင်းမွန်သော ခေတ်မှီဒီဇိုင်နာ အိမ်ရာများ၏ ဦးဆောင်ကုမ္ပဏီအဖြစ် အခိုင်အမာနေရာယူထားသူလည်း ဖြစ်သည်။
“ကျွန်တော်တို့ အနေဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အပေါ်တွင်အခွင့်ကောင်းယူနိုင်ရန် စိတ်ဝင်စားပါတယ်” ဟု Antonio က ဆက်လက်ပြောကြားသည်။
“ကျွန်ုပ်တို့ရဲ့ ၃၆ စတုရန်းမီတာရှိ Origin ပုံစံအိမ်များနှင့် ၂၃ စတုရန်းမီတာရှိ Cubic Basis အိမ်ပုံစံများကို ပေးသွင်းလိုပါတယ်။ အဲဒီအိမ်ရာများက ရိုးရှင်းပြီး ခန့်ငြားတောက်ပြောင်သော Prefabricated အိမ်များဖြစ်ပြီး သုံးလ နှင့် ခြောက်လ အတွင်းမှာ အပြီးသတ်နိုင်မှာ ဖြစ်ပါတယ်။ တိုးပွားလာသော မြန်မာနိုင်ငံရှိ လူလတ်တန်းစား လူဦးရေအတွက် ဒီ Prefabricated အိမ်များက အထူး သင့်လျော်လိမ့်မယ်လို့ ကျွနု်ပ်တို့ ယုံကြည်ပါတယ်” ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။
KT Group ၏ အမှုဆောင် ဒါရိုက်တာဖြစ်သူ Deborah Kyaw Thaung က ဖိလစ်ပိုင်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ အကြား တူညီသည့်အချက်များကြောင့် အသင့်တပ်ဆင် ဆောက်လုပ်နေထိုင်နိုင်သည့် အိမ်ရာများ၏ အရောင်းကဏ္ဍကို မြင့်တက်လာမည်ဟု ပြောကြားသည်။