အသက် ၈၅ နှစ်အထက် သက်ကြီးရွယ်အို တစ်သိန်းခွဲခန့်အား လူမှုရေးပင်စင်ပေးမည်

တစ်နိုင်ငံလုံးက အသက် ၈၅ နှစ်အထက် ဘိုးဘွား တစ်သိန်းခွဲခန့်ကို လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ဖို့ စီစဉ်ထားတယ်လို့ လူမှုဝန်ထမ်းဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်းက အသက် ၉၀ နှစ်အထက်တွေကိုပဲ လူမှုရေးပင်စင်ပေးခဲ့တာ ဖြစ်ပေမယ့် ယခု ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာတော့ အသက် ၈၅ နှစ်အထက်တွေကိုပေးဖို့ ပြင်ဆင် သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

အဲဒါကြောင့် ပြီးခဲ့တဲ့နှစ်က လှုမှုရေးပင်စင်ကို ရရှိခဲ့သူ ဘိုးဘွား ၄၃,၀၀၀ လောက်ရှိခဲ့ပေမယ့် ယခု ဘဏ္ဍာနှစ်မှာတော့ ဘိုးဘွား ၁၄၀,၀၀၀ ကျော်ဟာ လူမှုရေးပင်စင် ခံစားခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။

“၂၀၁၇-၁၈ ဘဏ္ဍာနှစ်က အသက် ၉၀ အထက် ဘိုးဘွား ၄၀,၀၀၀ ကျော်ကို နိုင်ငံတော်ဘတ်ဂျက်နေ ကျပ် ၄ ဒသမ ၅ ဘီလျံလောက် သုံးစွဲခဲ့တာဖြစ်ပါတယ်။ ဒီလူမှုရေးပင်စင်အတွက်လေ။ လာမယ့် ၂၀၁၈-၁၉ ဘတ်ဂျက်မှာဆိုရင်တော့ ၉၀ ကနေ ၈၅ နှစ်အထိ လျှော့ချပြီး ထောက်ပံ့သွားမယ်။ ထောက်ပံံသွားမယ့် ဘိုးဘွားဦးရေက ၁၄၀,၀၀၀ ကျော်လောက်ရှိတာပေါ့။ အဲဒီအတွက် (ကျပ်) ၁၇ ဘီလျံလောက် သုံးစွဲပြီးတော့ လူမှုရေးပင်စင် ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်” လို့ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးက စက်တင်ဘာ ၂၈ ရက်နေ့က သတင်းထောက်တွေကို ပြောပါတယ်။

လူမှုရေးပင်စင်အဖြစ် တစ်လကို ကျပ်တစ်သောင်းနှုန်းနဲ့ သုံးလတစ်ကြိမ် သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေထံကနေတစ်ဆင့် အစိုးရက ထောက်ပံ့ပေးနေတာဖြစ်ပါတယ်။

အဲဒီလူမှုရေးပင်စင် ထောက်ပံ့တဲ့အစီအစဉ်ကို သက်ကြီးရွယ်အိုဆိုင်ရာ ဥပဒေနဲ့အညီ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်က စတင်ပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက စတင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ လူဦးရေရဲ့ ၈ ဒဿမ ၉ ရာခိုင်နှုန်းဖြစ်တဲ့ လေးသန်းခွဲလောက်ဟာ အသက် ၆၀ အထက်ဖြစ်ပြီး ၂၀၅၀ ပြည့်နှစ်မှာ သက်ကြီးရွယ်အို ၁၂ သန်းအထိ ရှိလာမယ်လို့ ခန့်မှန်းထားကြပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar