အဝေးသင်ပညာရေးက အလွယ်တကူဘွဲ့ရရေးစနစ်ဖြစ်ခဲ့ဟု နိုင်ငံတော်အတိုင်ပင်ခံပြော

အဝေးသင်ပညာရေးရေးစနစ်ဟာ အလွယ်တကူဘွဲ့ရ ပညာရေးစနစ်ဖြစ်ခဲ့ပြီး ထိထိရောက်ရောက် ပညာပေးနိုင်တဲ့စနစ် မဖြစ်ခဲ့ဘူးလို့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားပါတယ်။

“အဝေးသင်ပညာရေးစနစ်နဲ့ ပတ်သက်လို့ ရှင်းလင်းစရာတစ်ခု ဖြစ်လာပါတယ်။ နှစ်ပေါင်းများစွာ ကျွန်မတို့ နိုင်ငံရဲ့ အဝေးသင်ပညာရေးစနစ်ဆိုတာ အလွယ်တကူဘွဲ့ရရေးစနစ်ဖြစ်ခဲ့ပါတယ်” လို့ သြဂုတ် ၂၄ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“အလွယ်တကူရတဲ့ဘွဲ့ဆိုတာ ခက်ခက်ခဲခဲ ကြိုးစားပြီးရယူတဲ့ ဘွဲ့နဲ့တော့ မတူဘူးပေါ့။ တော်တော်များများက အဝေးသင် ပညာရေးစနစ်က ဘွဲ့ယူတာ၊ အဲဒါကို အပြစ်ဆိုတာ မဟုတ်ပါဘူး။ ကျွန်မတို့ နိုင်ငံသူ၊ နိုင်ငံသားတွေ ပညာကိုတန်ဖိုးထားတာကို ပြတဲ့ဟာပါပဲ။ ဘွဲ့တစ်ခုရတယ်ဆိုရင် ကိုယ့်ဘဝမှာ အဆင့်တစ်ခု ကျော်လွှားသွားနိုင်ပြီ၊ တကယ်ပဲ ပညာပြည့်စုံသွားပြီဆိုတဲ့အမြင်ဟာ ဆိုးဝါးတဲ့အမြင် မဟုတ်ပါဘူး။ ဒါဟာ ပညာကိုတန်ဖိုးထားတာပဲ” လို့ သူက ပြောပါတယ်။

ဒါပေမယ့် အဝေးသင်ပညာရေးစနစ်က အမှန်တကယ် ထိထိရောက်ရောက် ပညာပေးနိုင်တဲ့စနစ် မဖြစ်ခဲ့ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားပါတယ်။ အဲဒါကြောင့် ပြင်ဆင်နိုင်ဖို့ ကြိုးစားနေတယ်လို့လည်း သူက ပြောပါတယ်။

“အခုအဝေးသင်ပညာရေးစနစ်ဟာလည်း သာမန်တက္ကသိုလ်တွေမှာလိုပဲ ထိထိရောက်ရောက် ပညာပေးနိုင်တဲ့ စနစ်တစ်ခုဖြစ်အောင် ကြိုးစား ဆောင်ရွက်နေပါတယ်။ အဲဒီလို ကြိုးစား ဆောင်ရွက်တဲ့နေရာမှာ အားလုံးပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်” လို့ သူကပြောပါတယ်။

မြန်မာနိုင်ငံမှာ ရန်ကုန်အဝေးသင်တက္ကသိုလ်နဲ့ မန္တလေးအဝေးသင်းတက္ကသိုလ်နှစ်ခုကို ဖွင့်လှစ်ထားပြီး ကျောင်းသား၊ ကျောင်းသူ ထောင်ပေါင်းများစွာ ပညာသင်ယူနေကြပါတယ်။

“ဆရာ၊ ဆရာမတွေကိုလည်း ပြန်ပြီး အရည်အချင်းမြှင့်ပေးရတဲ့ လုပ်ငန်းကြီးဟာ စိန်ခေါ်မှုကြီးတစ်ခုပါပဲ။ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ ပညာအရည်အချင်း မြှင့်ဖု့ိဆိုရင် ဆရာ၊ ဆရာမတွေရဲ့ အရည်အချင်းကို မြှင့်ပေးဖို့လိုပါတယ်” လို့ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က အသက်မွေးဝမ်းကျောင်းပညာကို အလေးထားကြဖို့လည်း သူ့မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

“အာရှတိုက် နိုင်ငံတော်တော်များများမှာ အသက်မွေးဝမ်းကျောင်းပညာကို တက္ကသိုလ်ပညာနဲ့စာရင် အဆင်နိမ့်တယ်၊ ဒုတိယတန်း ဆိုပြီးမြင်တာတွေ ရှိတာကြောင့် တကယ်တော့ မိမိနိုင်ငံရဲ့ လိုအပ်ချက်နဲ့ ပညာရေးစနစ်က မွေးထုတ်လိုက်တဲ့ ကျောင်းသူ၊ ကျောင်းသားတွေဟာ မကိုက်ညီမှု ဖြစ်နေပါတယ်။ ကျွန်မတို့ နိုင်ငံမှာ ဒီလို စိတ်ဓာတ်တွေ အင်မတန်နည်းပါတယ်။ အသက်မွေးဝမ်းကျောင်းပညာကို ပိုပြီးတော့ တန်ဖိုးထားတာ၊ အလေးထားတာ တွေ့ရပါတယ်။ အင်မတန် အားတက်ပါတယ်။ ဒါကို ဆက်ပြီးတော့ ပညာရေးဝန်ကြီးဌာနက အားပေးရုံတင်မက ပုဂ္ဂလိကဘက်ကလည်း ကူညီစေချင်ပါတယ်။ အသက်မွေးဝမ်းကျောင်းပညာ ကျောင်းတွေကို ပုဂ္ဂလိကဘက်က ပိုပြီးတော့ စိတ်ဝင်စားစွာနဲ့ အားပေးတာ တည်ထောင် တာကို ကျွန်မအနေနဲ့ တိုက်တွန်းချင်ပါတယ်” လို့ သူက ပြောပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar