၂၀၂၄၊ မတ်တွင် နေပြည်တော်၌ ကျင်းပသည့် တပ်မတော်နေ့အခမ်းအနားအတွင်း စစ်ရေးပြချီတက်နေသည့် စစ်သားများကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ - အေအက်ဖ်ပီ)

“အလိမ်အညာတွေချည်းပဲ” – ပင်စင်နဲ့ နစ်နာကြေးမရတဲ့ တပ်မိသားစုများ

ဘဏ္ဍာရေးကျပ်တည်းသဖြင့် တာဝန်ထမ်းဆောင်ရင်း တိုက်ပွဲကျစစ်သားများ၏ မိသားစုဝင်များကို ပင်စင်လစာနှင့် နစ်နာကြေးများပေးရန် စစ်တပ်က ငြင်းဆန်နေကြောင်း အထောက်အထားများ ပိုမိုထွက်ပေါ်လာသည်။

ဖရွန်တီးယားမြန်မာ

နေ့ရက်တိုင်းသည် မချိုမာအတွက်တော့ စိတ်ဆင်းရဲစရာတွေနှင့် ပြည့်နှက်နေသည်။ လွန်ခဲ့သည့် စက်တင်ဘာလအတွင်းက ခင်ပွန်းဖြစ်သူသည် ရခိုင်ပြည်နယ် ရှေ့တန်းစစ်မြေပြင်တွင် တာဝန်ထမ်းဆောင်နေစဉ် ပျောက်ဆုံးသွားကြောင်း အကြောင်းကြားခံရချိန်မှစ၍ သူ၏ဘဝမှာ စိတ်သောက ဝေဒနာများနှင့်သာ ဖြစ်နေခဲ့သည်။

အသက်၃၅နှစ်အရွယ် ၎င်း၏ခင်ပွန်းဖြစ်သူက ဧရာဝတီတိုင်းဒေသကြီး၊ မြို့တော်ပုသိမ်တွင် အခြေစိုက်သည့် အနောက်တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ရှိ ခြေလျင်တပ်ရင်းတစ်ခုတွင် တပ်ကြပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ သူသည် ဧပြီတွင် ရခိုင်ပြည်နယ်၊ ရှေ့တန်းတစ်နေရာသို့ ထိုတပ်ရင်းမှ အပို့ခံရသည့် စစ်သားအယောက်၄၀အနက် တစ်ဦးဖြစ်သည်။

အသက်၃၄နှစ်ရှိပြီဖြစ်သော သားသည်မိခင် မချိုမာသည် ခင်ပွန်းဖြစ်သူ ဖုန်းမခေါ်အားသည့် ရက်များတွင်မူ ရတက်မအေးဖြစ်ရသည်။ သားကြီးကား အသက်၁၀နှစ်ရှိပြီဖြစ်ပြီး သားငယ်မှာမူ ခြောက်နှစ်သာရှိသေးသည်ဖြစ်ရာ ခင်ပွန်းဖြစ်သူထံမှ ဖုန်းသံကြားသော အခါမှသာ သက်ပြင်းချနိုင်တော့သည်။

စက်တင်ဘာလ၊ တစ်ခုသောရက်တွင် သူ့ခင်ပွန်း၏ လက်ကိုင်ဖုန်းမှာ ခေါ်ဆို၍မရတော့ပေ။ ကနဦးတွင် ခင်ပွန်းဖြစ်သူ၏တပ်ရင်းသည် ဖုန်းလိုင်းမမိသည့်နေရာသို့ ခရီးထွက်ရ၍ ဖြစ်နိုင်သည်ဟု ထင်လိုက်မိသည်။ သို့သော် ရက်သတ္တပတ်ခန့် အဆက်အသွယ်ပြတ်တောက်သွားသည့်အခါတွင်မူ မချိုမာတွင် သောကရတက်ပွေရလေသည်။

မကြာမီ တပ်ရင်းမှူးထံမှ ဖုန်းခေါ်ဆိုမှု လက်ခံရရှိပြီး သူ မဖြစ်ပါစေနှင့်ဟု ဆုတောင်းထားသည့် ကံဆိုးမိုးမှောင်ကျမှုမှာ အမှန်တကယ်ဖြစ်လာခဲ့သည်။ သူ၏ ခင်ပွန်းဖြစ်သူသည် အာရက္ခတပ်တော် (အေအေတပ်ဖွဲ့)နှင့် တိုက်ပွဲအတွင်း ပျောက်ဆုံးသွားခဲ့ကြောင်း တပ်ရင်းမှူးက ဆက်သွယ်အကြောင်းကြားလာသည်။

“ယောကျ်ားက သေသွားပြီလို့တော့ ယူဆရတယ်။ ဒါပေမဲ့ အလောင်းပြန်ရှာမတွေ့ဘူး” ဆိုသည့် သတင်းစကားကို မချိုမှာတစ်ယောက် ဝမ်းနည်းပက်လက် ကြားသိလိုက်ရသည်။

 ခင်ပွန်းအတွက် ယူကြုံးမရဖြစ်လို့မဆုံးခင်မှာပင် နောက်ထပ်ပူပန်စရာတစ်ခု မချိုမာ၏ အတွေးထဲ ဝင်ရောက်လာသည်။ အကယ်၍ တပ်ရင်းက ၎င်း၏ခင်ပွန်းကို ကျဆုံးစာရင်းတွင် မထည့်သွင်းဘဲ ပျောက်ဆုံးနေသည်ဟုသာ အထက်သို့ တင်ပြပါက မချိုမာသည် တိုက်ပွဲအတွင်း ကျဆုံးစစ်သားများ၏ ကျန်ရစ်သူမိသားစုဝင်များ ခံစားရမည့် အကျိုးခံစားခွင့်များ ဆုံးရှုံးရမည်ဖြစ်သည်။ ထိုခံစားခွင့်တွင် ပင်စင်လစာ သို့မဟုတ် တစ်လုံးတစ်ရင်းတည်း ပေးသည့် နစ်နာကြေးများ ပါဝင်သည်။

မချိုမာ (လုံခြုံရေးကြောင့် အမည်လွှဲထားသူ)နှင့် သိကျွမ်းသည့် အခြားစစ်တပ်မိသားစု လေးစုလည်း အလားတူအဖြစ်မျိုး ကြုံတွေ့ခဲ့ရသည်။ ယခုမူ ထိုအဖြစ်က သူ့ထံသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာသည်။

“ရှေ့တန်းတပ်ခွဲမှူးက အလောင်းမပြနိုင်တာကြောင့် တပ်ရင်းမှူးက ကျမယောကျာ်းကို ပျောက်ဆုံး စာရင်းထဲထည့်ရမယ်လို့ ပြောတယ်။ အလောင်းပြနိုင်မှပဲ ကျဆုံးစာရင်းထဲ ထည့်လို့ရပြီး ကျန်ရစ်သူ မိသားစုကလည်း စစ်တပ်က ခွင့်ပြုပေးထားတဲ့ ခံစားခွင့်တွေရမှာ” ဟု မချိုမာက ဖရွန်တီးယားသို့ ပြောသည်။

ခင်ပွန်းသည် တာဝန်ထမ်းဆောင်ရင်း အသက်စွန့်သွားရသည့်တိုင် စစ်တပ်က ၎င်းတို့ကို ဆက်ဆံပုံမှ တရားမမျှတဟု မချိုမာက ခံစားနေရသည်။ ရှေ့တန်းတွင် စစ်သားအများအပြား ကျဆုံးလေ့ရှိသော်လည်း ၎င်းတို့၏ ရုပ်အလောင်းများကို ပြန်လည်ရယူပြီး ကျဆုံးစာရင်းသွင်းရန်မှာ အစဉ်သဖြင့် မလွယ်ကူလှကြောင်း သူကဆိုသည်။

“ရန်သူကိုတိုက်ရင်း ပျောက်ဆုံးသွားတဲ့ စစ်သားတွေကို ပျောက်ဆုံးစာရင်းမသွင်းသင့်ဘူး။ တိုက်ပွဲမဝင်ဘဲ ပျောက်သွားသူတွေမှသာ အဲဒီလိုစာရင်းသွင်းရမှာ။ တကယ်လို့ တပ်စုက တိုက်ပွဲထဲကျသွားတဲ့သူကို အလောင်းမပြနိုင်တဲ့အတွက် ပျောက်ဆုံးလို့ထည့်လိုက်ရင် ကျမတို့က နှစ်ခါနာရတယ်” ဟု မချိုမာက ပြောသည်။

တရားမျှတမှုမရှိသည့် ထိုအခြေအနေများကို စောဒကတက်၍မရနိုင်မှန်းသိနေသည့် အတွက်လည်း မချိုမာသည် ပို၍စိတ်ဒုက္ခရောက်ရသည်။ တပ်ရင်းဝန်ထမ်းလိုင်းခန်းရှိ အခြားမိသားစုများကိုပင် ရင်ဖွင့်ရမည်ကို စိုးရွံ့နေသည်။

“နံရံတွေမှာ နားတွေရှိတယ်။ တပ်ရင်းမှူးနဲ့ သူ့မိန်းမက ကျမတို့ ဒီကိစ္စအပေါ်မကျေနပ်ဘူး ဆိုတာ သိသွားရင် သူတို့က ကလေးတွေနဲ့ ကျမကို ဒုက္ခရောက်အောင်လုပ်လိမ့်မယ်။ အောက်ခြေစစ်သားတွေရဲ့ မိသားစုတွေက တပ်ထဲက လိုင်းခန်းကို ရွှေ့လာပြီဆိုရင် သိပ်မကြာဘူး အဆင်မပြေတာ၊ မကျေနပ်တာတွေ အကုန်လုံးကို မြိုသိပ်ထားမှရမယ်ဆိုတာ သဘောပေါက်သွားကြတယ်” ဟု မချိုမာက ပြောသည်။

၎င်း၏ခင်ပွန်း သက်ရှိထင်ရှားရှိစဥ်က သက်စွန့်တာဝန်စရိတ် ကျပ်တစ်သိန်း အပါအဝင် တစ်လလျှင် လစာ ကျပ်သုံးသိန်းခန့်ရသည်။ စစ်တပ်က နေစရာနှင့် ရိက္ခာအချို့ပေးသည့်အတွက် ထိုဝင်ငွေအနည်းငယ်ဖြင့် သင့်တင့်ရုံမျှ နေထိုင်နိုင်ကြသည်။

ခင်ပွန်းဖြစ်သူ သေဆုံးသွားပြီးနောက် မချိုမာသည် စစ်တပ်လိုင်းခန်းထဲကထွက်၍ ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်ရှိ မိဘများနေထိုင်ရာ ကျေးရွာသို့ သားနှစ်ယောက်နှင့်အတူ ရွှေ့ပြောင်းနေထိုင်ရသည်။ မိဘများကလည်း ၎င်းတို့ မိသားစုအားလုံးကို လောက်ငှအောင် မကျွေးနိုင်သဖြင့် မချိုမာသည် ကလေးနှစ်ယောက်၏ စားဝတ်နေရေးအတွက် ရုန်းကန်ရသည်။ ကျဆုံးစစ်သည်၏ မိသားစုဝင်များ ခံစားခွင့်ရှိသည့် ပင်စင်လစာနှင့် အာမခံကြေးရမှသာ မချိုမာတို့ သားအမိ အသက်ရှူချောင်နိုင်မည်ဖြစ်သည်။

“ပင်စင်က တစ်လကို ငါးသောင်းပေးတယ်။ တပ်ကြပ်ဆိုရင် ဆုကြေးငွေက သိန်း၅၀လောက် ရတယ်လို့ ကြားတယ်။ အဲဒီပိုက်ဆံရရင်တော့ အိမ်ဆိုင်လေး ဖွင့်တာပဲဖြစ်ဖြစ် လုပ်ငန်းလေး စလို့ရမှာပေါ့” ဟု ၎င်းက ပြောသည်။

သို့သော် ငွေတစ်ပြားမှ မရှိသဖြင့် ကာယလုပ်အားသာ ရင်းနှီးနိုင်သည်ဖြစ်ရာ မချိုမာသည် ဟင်းသီးဟင်းရွက်စိုက်သည့် ခြံတစ်ခြံတွင် တစ်ရက်လျှင် ကျပ်၇၀၀၀ဖြင့် နေ့စားလိုက်သည်။ စားရေးသောက်ရေးအတွက်ပင် ဝင်ငွေက မလုံလောက်သဖြင့် သားနှစ်ယောက်ကို ကျောင်းမထားနိုင်ဖြစ်ရကာ ၎င်းတို့၏ ရှေ့ရေးအတွက် ပူပန်ရသည်ဟု မချိုမာက ဆိုသည်။

မြန်မာနိုင်ငံရှိ အစိုးရကျောင်းများတွင် အခမဲ့ပညာရေးဟုဆိုသည့်တိုင် ခေါင်းစဉ်အမျိုးမျိုးတပ်၍ ငွေကြေးကောက်ခံကြသည်ဖြစ်ရာ ဆင်းရဲနွမ်းပါးသည့် ကလေးသူငယ် အများအပြားသည် ကျောင်းဆက်မတက်နိုင်ကြပေ

၂၀၂၂၊ နေပြည်တော်တွင် ကျင်းပသည့် တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်လာသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ – အေအက်ဖ်ပီ)

နည်းပေါင်းစုံသုံးပြီး ကလိမ်ကကျစ်ကျတယ်

၂၀၂၁ စစ်အာဏာသိမ်းမှုမတိုင်ခင်က တိုက်ပွဲကျ စစ်သားများ၏ မိသားစုဝင်များကို နစ်နာကြေးပေးရန် ငြင်းဆန်သည့်ကိစ္စမျိုး မကြားဖူးခဲ့ဟု အာဏာသိမ်းမှုအလွန် စစ်တပ်မှ ဘက်ပြောင်းလာသည့် ဗိုလ်ကြီးဇင်ယော်က ဆိုသည်။

တစ်ခါတစ်ရံ အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာမှုရှိတတ်သော်လည်း “စစ်သား တစ်ယောက် တိုက်ပွဲကျတယ်လို့ တပ်ရင်းမှူးက အတည်ပြုပေးရင် စစ်တပ်က နစ်နာကြေးနဲ့ ပင်စင်ကို ချက်ချင်းထုတ်ပေးတယ်။ အလောင်းပြစရာမလိုဘူး။ ဒါပေမဲ့လည်း အဲဒီတုန်းကကျတော့ တပ်ထဲမှာ ခုလောက်ထိ အကျအဆုံးက မများသေးဘူးလေ” ဟု ၎င်းက ဖရွန်တီးယားကို ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲကျစစ်သည်တိုင်း၏ မိသားစုတိုင်းကိုသာ နစ်နာကြေးပေးရပါက မြန်မာစစ်တပ်သည် ငွေကျပ်ဘီလျံနှင့်ချီ သုံးစွဲရဖွယ်ရှိသည်ဟု ၎င်းကဆိုသည်။ “သူတို့က အဲဒီလောက် မပေးနိုင်တဲ့အတွက် ပေးစရာမလိုအောင် ညစ်ကြတော့တာပဲ။ ဥပမာ အလောင်းပြနိုင်မှ ရမယ်ဆိုတာမျိုးပေါ့” ဟု သူက ပြောသည်။

ဒေါ်ဖြူပြာ၏ ခင်ပွန်းသည် သြဂုတ်လအတွင်း မန္တလေးတိုင်းဒေသကြီး မြောက်ပိုင်းရှိ ရှေ့တန်းတစ်နေရာတွင် တိုက်ပွဲကျခဲ့သည့် တပ်ကြပ်ကြီးတစ်ဦးဖြစ်သည်။ လစဥ် ပင်စင်ကြေးရသော်လည်း လေးလကြာသည်အထိ နစ်နာကြေးရရန် စောင့်ဆိုင်းရဆဲ ဖြစ်သည်။

“တပ်ထဲက တပ်ရင်းမှူးကို မေးကြည့်တော့ ကာကွယ်ရေးဝန်ကြီးဌာနကို သူကိုယ်တိုင် လက်မှတ်ထိုးပြီး ဖောင်တင်ပေးထားတယ်လို့ပြောတယ်။ အမိန့်ကျပြီဆိုရင်တော့ အကြောင်းကြားမယ်လို့တော့ ပြောတာပဲ” ဟု လုံခြုံရေးကြောင့် အမည်လွှဲထားသူ ဒေါ်ဖြူပြာက ပြောသည်။ သူ့ခင်ပွန်းထက် ရာထူးကြီးသည့် စစ်သားများ၏ ဇနီးမယားများကမူ နစ်နာကြေးများ ချက်ချင်းရကြသည်ဟု ကြားသိရကြောင်းလည်း သူကဆိုသည်။

ဒေါ်ဖြူပြာသည် မန္တလေးမြို့ တစ်နေရာရှိ စစ်တပ်လိုင်းခန်းမှ ရန်ကုန်သို့ လွန်ခဲ့သည့် သုံးလခန့်က ပြန်လည်ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ခင်ပွန်း၏ တပ်ရင်းမှူးက ဆက်သွယ်လာမည့် အချိန်ကို မျှော်လင့်တကြီး စောင့်စားခဲ့သော်လည်း အကြောင်းမထူးပေ။ အချိန်ကြာလာသည်နှင့်အမျှ ဒေါ်ဖြူပြာတွင် သံသယစိတ်များ အမြစ်တွယ်လာသည်။ ကာကွယ်ရေးဝန်ကြီးဌာနက နစ်နာကြေးပေးရန် ဆုံးဖြတ်သည့်တိုင် တပ်ရင်းမှူးက ဖြောင်လိုက်သဖြင့် ဘာမှမရဘဲဖြစ်နေသလားဟုလည်း သူက သံသယဝင်မိသည်။

“တပ်ရင်းမှူးက ငွေကို ဗုန်းထားတယ်လို့ ထင်တယ်။ ဒါပေမဲ့ ဒီကိစ္စကို စစ်ဆေးဖို့ ဘယ်သူ့ကို လိုက်ရမှန်းကို မသိတာ။ ဒါကို ဘလိုင်းကြီးလည်း မစွပ်စွဲရဲဘူး” ဟု သူက ပြောသည်။

ရခိုင်တွင် တာဝန်ထမ်းစဉ် ဇွန်လအတွင်း တိုက်ပွဲကျသည့် ဒုတိယဗိုလ်မှူးကြီးတစ်ဦး၏ မိသားစုဝင်များကမူ အသက်၃၉နှစ်သာရှိသေးသည့် သားဖြစ်သူအတွက် စစ်တပ်ပေးသော နစ်နာကြေးကို တစ်လအတွင်း ရရှိခဲ့သည်ဟု ဆိုသည်။ ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်ရှိ စစ်သင်္ချိုင်းတွင် ပြုလုပ်သည့် ၎င်း၏နာရေးကို မိသားစုဝင်များ တက်ရောက်ခွင့်ရခဲ့သည်။

သို့သော် ဤသည်ကား ဖြစ်ကြောင်းကုန်စင် မဟုတ်သေးပေ။ ၎င်း၏ မိသားစုဝင်များရသော နစ်နာကြေး ကျပ်၁၂၅သိန်းသည် ၎င်းထက် ရာထူးတစ်ဆင့်နိမ့်သော ဗိုလ်ကြီးအဆင့်ရှိ အရာရှိတစ်ဦး၏ ကျဆုံးနစ်နာကြေး ဖြစ်နေသည်။

ကုန်ကျစရိတ်သက်သာစေသည့်အပြင် အခြားအကြောင်းတရားများကြောင့် စစ်တပ်က ထိုသို့ပြုခြင်းဖြစ်ကြောင်း ဝမ်းနည်းပူဆွေးနေသည့် မိခင်က များမကြာမီ သားဖြစ်သူ၏ လုပ်ဖော်ကိုင်ဖက်များထံမှ သိလိုက်ရသည်။

“စစ်တပ်ထဲမှာ ရာထူးကြီးတဲ့ အရာရှိတွေတောင် တိုက်ပွဲကျတယ်ဆိုတဲ့သတင်း သူများသိမှာစိုးလို့ ဗိုလ်ကြီးအဆင့်ရဲ့ နစ်နာကြေးပဲပေးတာလို့ သူတို့က ပြောတယ်။ အဲဒီတော့ သူတို့တိုက်ပွဲကျတဲ့အခါကျ ဗိုလ်ကြီးအဆင့်အနေနဲ့ပဲ စာရင်းသွင်းခံရတာ” ဟု အဆိုပါအရာရှိ၏ မိခင်က ပြောသည်။

ထို့ပြင် သားဖြစ်သူ စစ်တပ်အရာရှိ၏ အသက်အာမခံကြေးလည်း ၎င်းတို့ မရရှိကြောင်း  မိခင်က ပြောသည်။ မြန်မာစစ်တပ်တွင် ရာထူး၊ အဆင့်မရွေး စစ်သားအားလုံး အသက်အာမခံ ဝယ်ယူရန်လိုအပ်ပြီး အာမခံကြေး ပေးသွင်းရန်ငွေများကို ၎င်းတို့၏ လစာမှ ဖြတ်တောက်လေ့ရှိသည်။

၂၀၁၅မှစတင်၍ စစ်သားတိုင်းသည် အောင်မြင့်မိုရ်မင်းကုမ္ပဏီမှ အသက်အာမခံကြေး မဖြစ်မနေ ဝယ်ယူရသည်။ ထိုကုမ္ပဏီ၏ ပိုင်ရှင်ဖြစ်သူသည် စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏သား အောင်ပြည့်စုံဖြစ်သည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ဖူးသည်။

ဤဆောင်းပါးအတွက် ဖရွန်တီးယားက မေးမြန်းခဲ့သော မိသားစု ငါးခုစလုံးကမူ  တိုက်ပွဲကျသည့် ၎င်းတို့၏ သား သို့မဟုတ် ခင်ပွန်းဖြစ်သူအတွက် အသက်အာမခံကြေးကို တစ်ပြားမှ မရရှိခဲ့ကြဟု ပြောသည်။

“စစ်တပ်က ဘာပေးပေး ကျမတို့က ယူရမှာပဲ” ဟု ဒုဗိုလ်မှူးကြီး၏ မိခင်ကပြောသည်။

“အသက်အာမခံကြေးကို ဘယ်လိုထုတ်ရမလဲ ကျမတို့မသိဘူး။ ကုမ္ပဏီကလည်း ကျမတို့ကို မဆက်သွယ်ဘူး”

စစ်မှုထမ်းဖို့ လူသစ်စုခံရတဲ့ မိသားစုတွေ ပိုအခက်ကြုံရ

ယမန်နှစ်၊ ဖေဖော်ဝါရီတွင် စစ်ခေါင်းဆောင်က စစ်မှုထမ်းဥပေဒကို ပြန်လည် အသက်သွင်းခဲ့သည်။ ထိုဥပဒေအရ စစ်မှုထမ်းရန် တပ်သားစုဆောင်းခံရသူတို့၏ မိသားစုဝင်များသည် လက်ရှိ တန်းပြည့်စစ်မှုထမ်းနေသည့် စစ်သားများ၏ ဆွေမျိုးများထက်ပင် ပို၍ကြီးမားသော စိန်ခေါ်မှုများ ကြုံတွေ့နေရသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေအရ အသက်၁၈ မှ ၃၅နှစ်အတွင်း အမျိုးသားများနှင့် အသက်၁၈ မှ ၂၇နှစ်အတွင်း အမျိုးသမီးများသည် စစ်တပ်တွင် သက်တမ်းနှစ်နှစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။ ယခုချိန်ထိ တစ်သုတ်ပြီးတစ်သုတ် လူသစ်စုဆောင်းသည့် တပ်သားဦးရေမှာ သောင်းဂဏန်းအထိရှိပြီဖြစ်သည်ဟု သတင်းများကဆိုသည်။

ရန်ကုန်မြို့ခံ မနဒီ (လုံခြုံရေးကြောင့် အမည်လွှဲထားသူ)က သူ၏ခင်ပွန်းသည် ယမန်နှစ်၊ ဧပြီလအတွင်း စစ်မှုထမ်းရန် မဲပေါက်ပြီး ပထမပတ်စဉ်တွင် ရွေးချယ်ခံခဲ့ရသည်။ စစ်သင်တန်း သုံးလတက်ပြီးသော် ရခိုင်သို့ အပို့ခံခဲ့ရသည်ဟု သူကဆိုသည်။

“နှစ်ပတ်ကြာမယ့် စစ်ဆင်ရေးတစ်ခုအတွက်သွားရမယ်။ ပြီးရင် ဖုန်းဆက်မယ်လို့ ပြောခဲ့တယ်။ နောက်တော့ သူ့ရဲ့ အထက်အရာရှိကပဲ ဖုန်းဆက်လာပြီး ကျမယောကျ်ား တိုက်ပွဲထဲကျသွားပြီလို့ ပြောတယ်” ဟု မနဒီက ပြောသည်။

ခင်ပွန်းဖြစ်သူ စစ်သင်တန်းမတက်မီ သူနေထိုင်ရာရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းလျှင် အခြေခံလစာအဖြစ် တစ်လ ငွေကျပ်၁၅၀,၀၀၀ နှင့် သက်စွန့်တာဝန်စရိတ် ကျပ်တစ်သိန်းရရှိမည်ဟု သူ့အားပြောဆိုခဲ့ကြောင်း မနဒီက ဆိုသည်။

“အကုန် အလိမ်အညာချည်းပဲ။ သင်တန်းတက်တုန်းကလည်း ကျမယောကျ်ားက ဘာငွေမှမရခဲ့ဘူး” ဟု အသက်သုံးနှစ်သာရှိသေးသည့် သမီးငယ်ကို ပျိုးထောင်နေရသည့် အသက်၂၉နှစ်အရွယ် မနဒီကဆိုသည်။ 

သင်တန်းတက်ပြီးနောက် တစ်လအကြာတွင် ခင်ပွန်းဖြစ်သူက သူရရှိသည့်လစာ ငွေတစ်သိန်းမှ ၅၀,၀၀၀ကျပ်ကို သူ့အား ပို့ပေးခဲ့ဖူးသော်လည်း ၎င်းကျဆုံးချိန်မှ ယခုထိ စစ်တပ်ထံမှ မည်သည့်ထောက်ပံ့ငွေမှ မရရှိခဲ့ကြောင်း မနဒီကဆိုသည်။

“ဒုတိယလကျတော့ သူက ကျသွားပြီးဆိုပြီး သတင်းဆိုးကြားရတာပဲ။ အဲဒီချိန်ကစပြီး စစ်တပ်ကနေ ဘာမှ မရခဲ့ဘူး” ဟု သူက ပြောသည်။

“တိုင်းပြည်တာဝန်ထမ်းရန်” စစ်တပ်လက်ထဲသို့ ခင်ပွန်းဖြစ်သူကို စိတ်ချလက်ချ ထည့်ပေးလိုက်သော်လည်း သူကျဆုံးသွားသည့်အချိန်တွင် စစ်တပ်ထံမှ မည်သည့် ထောက်ပံ့မှုမှ မရရှိခဲ့ဟု သူကဆိုသည်။

သူ၏ပြောဆိုချက်များက ကျဆုံးသွားသည့် စစ်သည်များ၏ မိသားစုများကို ကောင်းမွန်စွာ ကြည့်ရှုစောင့်ရှောက်သည်ဟု မကြာခဏ ကြွားလုံးထုတ်တတ်သည့် စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ပြောဆိုချက်များနှင့် တက်တက်စင်အောင် လွဲနေသည်။

ထို့ပြင် စစ်တပ်ခေါင်းဆောင်သည် နိုဝင်ဘာ၂၇ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးတစ်ခုတွင်လည်း တိုက်ပွဲတွင်ကျဆုံးသည့် စစ်သည်များ၏ သား၊ သမီးများ အတွက် အတန်းပညာ သို့မဟုတ် အသက်မွေးပညာရပ်များ သင်ကြားနိုင်ရန် စီစဉ်ပေးမည်ဟု ဆိုသည်။

အထက်အရာရှိများက တိုက်ပွဲကျလက်အောက်ငယ်သားများ၏ မိသားစုဝင်များကို ကူညီစောင့်ရှောက်ပေးမည်ဟူသည့် ကတိကဝတ်များသည် ယခင်နှစ်ပေါင်းများစွာ ကတည်းက စစ်တပ်အတွင်း ကြားနေကျဟာသတစ်ခုသာဖြစ်ကြောင်း ဗိုလ်ကြီးဇင်ယော်က ဆိုသည်။

“အဲဒါ ဝါဒဖြန့်မှု သက်သက်ပါပဲ” ဟု ၎င်းကပြောသည်။

မချိုမာကလည်း ထိုကတိများသည် အလကားသာဖြစ်သည်ဟု ဆိုသည်။

“သူတို့က ကလေးတွေရဲ့ ပညာရေးနဲ့စားဝတ်နေရေးအတွက် တာဝန်ယူမယ်ပြောပေမဲ့ တိုက်ပွဲမှာ အသက်ပေးသွားရသူတွေအတွက် ပင်စင်နဲ့ နစ်နာကြေးတောင်မပေးနိုင်ဘူး” ဟု မချိုမာက ပြောသည်။

“သူတို့တွေက မစားရဝခမန်း လေကြီးလေကျယ်တွေပဲ အမြဲပြောနေကြတာ”

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar