ဒေသတွင်းနိုင်ငံများက မူးယစ်ဆေးဝါးပြဿနာကို ပြောင်းလဲချဉ်းကပ်ဖြေရှင်းရန် စဉ်းစားသောအခါ ပြည်သူလူထု၏ အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို လေးစားသည့် ပြည်သူ့ကျန်းမာရေးနည်းလမ်းသည် ရှေ့သို့ ထိရောက်စွာ တက်လှမ်းနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း ထင်ရှားစွာ တွေ့မြင်လာရသည်။
ရုသ် ဒရီးဖတ်စ်, ဖာနန်ဒို အွန်ရိကာဒိုဆို နှင့် အိုလုဆက်ဂွန် နော့ဆင်ဂျိုတို့ ရေးသားသည်။
ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာ နိုင်ငံခေါင်းဆောင်များသည် ၃၁ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် နိုဝင်ဘာ ၁၀ ရက်မှ ၁၄ ရက်အထိ ကျင်းပခဲ့ရာ လက်ရှိမူးယစ်ဆေးဝါး မူဝါဒများ၏ ဂယက်ရိုက်မှုကို ပြန်လည်စိစစ်ရန်နှင့် လက်ရှိကျင့်သုံးနေသည့် မူဝါဒများထက် ပိုမိုထိရောက်မှုရှိသော အစီအမံများရှိမရှိ လေ့လာဆန်းစစ်ရန် ယခုအချိန်သည် အသင့်တော်ဆုံးအချိန် ဖြစ်ပေသည်။
အာဖရိက၊ ဥရောပနှင့် တောင်အမေရိကတို့မှ နိုင်ငံခေါင်းဆောင်ဟောင်းများဖြစ်ကြသော ကျွနု်ပ်တို့သည် မူးယစ်ဆေးဝါးကို လူ့အသိုက်အဝန်းများက ကြောက်လန့်လျက်ရှိသည်ဟူသောအချက်ကို အသိအမှတ်ပြုကြပြီး ယင်းပြဿနာကို ဖြေရှင်းရာတွင် မူဝါဒရေးဆွဲသူများ၏ စိုးရိမ်ပူပန်မှုကို သိရှိနားလည်သည်။ သို့ရာတွင် ယင်းစိုးရိမ်ပူပန်မှုများကြောင့် မူးယစ်ဆေးဝါး မူဝါဒများကို ချမှတ်ရာတွင် မူးယစ်ဆေးဝါး လုံးဝကင်းစင်သော လူ့အဖွဲ့အစည်းအဖြစ် ရည်မှန်းချက်ထားကာ ကန့်သတ်ချုပ်ချယ်ရေးကို အခြေပြုလျက် မကြာခဏ ချမှတ်လာသည်မှာ ဝမ်းနည်းဖွယ်ကောင်းပေသည်။
သို့ရာတွင် “မူးယစ်ဆေးဝါး ကင်းစင်သော လူ့အဖွဲ့အစည်း” ဖန်တီးရေး ရည်မှန်းချက်သည် အရှေ့တောင်အာရှရှိ အများပြည်သူနှင့် နိုင်ငံရေး အခင်းအကျင်းကို အစဉ်သဖြင့် လွှမ်းထားခြင်းမရှိခဲ့ပေ။ ဆေးခြောက်၊ ဘိန်း၊ သို့မဟုတ် စိတ်ကြွဆေးတို့ကဲ့သို့သော အချို့မူးယစ်ဆေးများ သုံးစွဲမှုကို အစဉ်အလာအရ ယခင်က ခွင့်ပြုလက်ခံခဲ့ကြသည်။ အမှန်စင်စစ် လက်ရှိအပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တားဆီးထိန်းချုပ်ရေး အစီအမံများမှာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းများနှင့် နိုင်ငံရေးကြေညာချက်များကို အခြေပြုလျက် မူးယစ်ဆေးဝါး လုံးဝကင်းစင်ရေး ရည်မှန်းချက်ဖြင့် အနောက်နိုင်ငံများက ချမှတ်ထားသော အစီအမံများဖြစ်သည်။
လူ့ဂုဏ်သိက္ခာ ညှိုးနွမ်းစေခြင်းဖြင့် စည်းလုံးညီညွတ်သည့် (ဝါ) စွမ်းအားပြည့်ဝသည့် လူ့အဖွဲ့အစည်းကို မဖန်တီးနိုင်
ယင်းရည်မှန်းချက်ကို အောင်မြင်အောင် မဆောင်ရွက်နိုင်သေးပေ။ အများအားဖြင့် “၂၀၁၅ ခုနှစ်၌ မူးယစ်ဆေးဝါး ကင်းစင်သည့် အာဆီယံ” ရည်မှန်းချက်အများစုမှာ လက်တွေ့မကျသောကြောင့် အကောင်အထည်ပေါ်လာမည် မဟုတ်ပေ။ ထိုမျှမက မူးယစ်ဆေးသုံးစွဲသူတို့အား ပြင်းထန်သော ပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်းသည် မူးယစ်ဆေးဝါးသုံးစွဲမှုကို ထိန်းချုပ်ရာတွင် ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ချမှတ်ခြင်းသာ အဖတ်တင်ကြောင်း လွန်ခဲ့သောနှစ် ၅၀ အတွေ့အကြုံများက ပြသလျက်ရှိသည်။ အကြမ်းမဖက်သော မူးယစ်ဆေးဝါးပြစ်မှုများအတွက် ပြင်းထန်သော ပြစ်ဒဏ်များသည် သုံးစွဲသူ၏ လူ့ဂုဏ်သိက္ခာကို ကျဆင်းစေရုံသာမက ဥပဒေစိုးမိုးရေး ဆောင်ရွက်နေသူတို့၏ ဂုဏ်သိက္ခာကိုပါ ကျဆင်းစေသည်။
ဖိလစ်ပိုင်နိုင်ငံက လူ့အသက်များကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်မှု၊ အကြမ်းဖက်မှု၊ ပြည်သူ့အသုံးစရိတ်၊ ပြည်သူ့ကျန်းမာရေးကို ဂယက်ရိုက်ခတ်မှု တိုးတက်လာခြင်းနှင့် တရားဥပဒေစိုးမိုးရေး ကျဆင်းစေမှုတို့်ကြောင့် ဖြစ်ပေါ်ရသော ပေးဆပ်မှုများအတွက် ထင်ရှားသည့်နမူနာများကို ပြသလျက်ရှိသည်။ ယင်းသို့သော ပေးဆပ်မှုများ ရှိနေသော်လည်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုကို ရေရှည်ဟန့်တားနိုင်သည့် လက္ခဏာ မရှိသေးပေ။ ပြဿနာ ဖြေရှင်းနိုင်သည့်အဖြေကိုလည်း မတွေ့ရသေးပေ။
ကံဆိုးသည်မှာ ယင်းသို့ပြင်းပြင်းထန်ထန် နှိပ်ကွပ်မှုများသည် ဒေသတွင်း အခြားနိုင်ငံများသို့ ကူးစက်လာမည့် စိုးရိမ်ဖွယ်ရာများမှာ ထိတ်လန့်ဖွယ်ရာ တည်ရှိနေခြင်းဖြစ်သည်။ အမှန်တကယ်ပင် ကမ္ဘောဒီးယားနိုင်ငံတွင် ဇန်နဝါရီလအတွင်းက စတင်ပေါ်ပေါက်ခဲ့ရာ လူ ၈,၀၀၀ ကျော်ကို အငြင်းပွားဖွယ်ရာ ဖမ်းဆီးမှုများ ဖြစ်ပေါ်စေခဲ့သည်။ အသိသာဆုံး ထိခိုက်မှုမှာ ထောင်မဆန့်အောင် အကျဉ်းကျများ များပြားလာခြင်းနှင့် အရေးယူခံရမည်စိုး၍ ဆေးကုသမှု ယူနေကြသည့် ဆေးစွဲသူအရေအတွက် ထိုးကျသွားခြင်းဖြစ်သည်။
ထိရောက်သော အစီအမံမဟုတ်သည့် သေဒဏ်
ဖိလစ်ပိုင်နိုင်ငံ၌ တရားလက်လွတ် သတ်ဖြတ်မှုများသည် ကမ္ဘာ့သတင်းခေါင်းစဉ်များအဖြစ် ပါဝင်လာရာ မူးယစ်ဆေးဝါးဆိုင်ရာ ပြစ်မှုများကို သေဒဏ်ပြန်လည်ချမှတ်နိုင်မည့် နည်းလမ်းများကို အစိုးရက ရှာဖွေလာသည်။ ယင်းပြစ်ဒဏ်မှာ လူ့ဂုဏ်သိက္ခာ ညှိုးနွမ်းစေသည့် ပြစ်ဒဏ်ဖြစ်ပြီး အရှေ့တောင်အာရှ တဝန်းလုံးတွင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုကို လျှော့ချရာတွင် ထိရောက်မှု မရှိသည်ကို ပြသလျက်ရှိသည်။
ထို့အပြင် ယင်းဆောင်ရွက်မှုသည် ဒေသတွင်း၌ ဆောင်ရွက်လျက်ရှိသော အခြားပြုပြင်ပြောင်းလဲမှုများနှင့် ဆန့်ကျင်လျက်ရှိသည်။ ဗီယက်နမ်နိုင်ငံသည် မူးယစ်ဆေးဝါးပိုင်ဆိုင်မှုနှင့် လက်ဝယ်ထားရှိမှုအတွက် သေဒဏ်ပေးခြင်းကို ၂၀၁၆ ခုနှစ်က ပယ်ဖျက်ခဲ့ပြီး မလေးရှားနိုင်ငံက မူးယစ်ဆေးဝါး ရောင်းချသူများအား သေဒဏ်ပေးမည့်ကိစ္စကို မကြာသေးမီက ရပ်ဆိုင်းထားခဲ့သည်။ စင်ကာပူနိုင်ငံသည်ပင်လျှင် တရားသူကြီးများ၏ တစ်ဦးတည်း ဆုံးဖြတ်ခွင့်အာဏာကို ကန့်သတ်ခဲ့သည်။ ယင်းအချက်များမှာ အရေးပါသော ခြေလှမ်းများ ဖြစ်ကြသည်။ သေဒဏ်သည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေကို အကြီးအကျယ် ဖောက်ဖျက်ခြင်းဖြစ်သည်။ မူးယစ်ဆေးဝါးဆိုင်ရာ ပြစ်မှုများကို လူသတ်မှုကဲ့သို့ပြင်းထန်သော ပြစ်မှုများနှင့် ထပ်တူသဘောထား၍ မဖြစ်နိုင်ပေ။
ကွဲပြားသည့် လားရာနှစ်ခုအတွက် ဘုံမူဘောင်
မည်သို့ပင်ဆိုစေ အရှေ့တောင်အာရှတွင် ပြည်သူလူထု ဗဟိုပြု မူးယစ်ဆေးဝါး မူဝါဒပြုပြင်ပြောင်းလဲမှုများ ပိုမိုပေါ်ပေါက်လာလိမ့်မည်ဟု အကောင်းမြင်စရာနှင့် မျှော်လင့်စရာတို့ ရှိနေသေးသည်။ ထိုင်းနိုင်ငံသည် ယင်း၏မူဝါဒ စံသတ်မှတ်ချက်ကို ပြည်သူ့ကျန်းမာရေး နည်းလမ်းအဖြစ် ပြောင်းလဲခြင်းဖြင့် မူးယစ်ဆေးဝါး ကုန်သွယ်မှု၌ အရေးမပါသောနေရာမှ ပါဝင်နေသူများအား ချမှတ်သော ပြစ်ဒဏ်ကို ပြောင်းလဲရန် စဉ်းစားလျက်ရှိသည်။ မြန်မာနိုင်ငံကလည်း မူးယစ်ဆေးဝါး သုံးစွဲသူများအား နှစ်ရှည်ထောင်ဒဏ်ချမှတ်ခြင်းကို ပယ်ဖျက်ရေးနှင့် ယင်းနေရာ၌ ကာကွယ်ရေး၊ ကုသရေး၊ ပြန်လည်ထူထောင်ရေးနှင့် ပြုစုစောင့်ရှောက်ရေးတို့ဖြင့် အစားထိုးရန် စဉ်းစားလျက်ရှိသည်။
မိုးကုတ်မြို့ရှိ ပြန်လည်ထူထောင်ရေးစခန်း၌ ဆေးကုသမှု ခံယူပြီးစီးသူအချို့ကို တွေ့ရစဉ်။ ဓာတ်ပုံ – သောမတ်စ် ကင်းန်
သို့တစေ အတင်းအကျပ် ဆောင်ရွက်မှုသည် လူနာတစ်ယောက် ပြန်လည်နာလန်ထူရေးအတွက် အထောက်အကူ နည်းပါးကြောင်း အထောက်အထားများက ပြသနေသည့်တိုင် အဆီယံနိုင်ငံများ၌ ကုသရေးကို မလုပ်မနေရဟု သတ်မှတ်ထားဆဲဖြစ်ခြင်းမှာ စိတ်မကောင်းစရာပင်ဖြစ်သည်။ ထိရောက်မှုရှိစေရန် ကုသရေး၊ ထိခိုက်မှုလျော့ကျရေးနှင့် ပြုစုစောင့်ရှောက်ရေးတို့ကို ဆောင်ရွက်ရာတွင် ယုံကြည်မှုနှင့် ပုဂ္ဂိုလ်ရေး လျှို့ဝှက်ချက် မပေါက်ကြားရေးတို့ကို အခြေခံသော ကုသရေးဆိုင်ရာ ပဋိညာဉ်အရ လူနာနှင့် ဆရာဝန်တို့ အချင်းချင်း ဆက်သွယ်ဆောင်ရွက်ရပေမည်။ ယင်းဆက်ဆံရေးကို အားနည်းအောင် ဆောင်ရွက်ခြင်းသည် နိုင်ငံသားတိုင်း၏ ကျန်းမာရေး ရပိုင်ခွင့်ကို အားနည်းအောင် ဆောင်ရွက်သည့်သဘောပင် ဖြစ်သည်။
နောက်ထပ် ဘာလိုသေးလဲ
မူးယစ်ဆေးဝါးနှင့် ယင်းကြောင့်ဖြစ်လာမည့် ထိခိုက်မှုများကို လျှော့ချရန်မှာ နိုင်ငံတော်နှင့် အစိုးရများ၏ တာဝန်ဖြစ်သည်။ မူးယစ်ဆေးဝါး ပြဿနာ ဖြေရှင်းရေးနှင့် မူဝါဒများချမှတ်ရန် ယင်းတို့၏ဆုံးဖြတ်ချက်များသည် တနည်းနည်းဖြင့် နိုင်ငံသားအားလုံး၊ လွှတ်တော်ရှိ ယင်းတို့၏ ကိုယ်စားလှယ်များနှင့် မြို့ပြလူမှုအဖွဲ့အစည်း လှုပ်ရှားသူများ၏ အရေးအရာပင် ဖြစ်ပေသည်။
လက်ရှိမူးယစ်ဆေးဝါး မူဝါဒများသည် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ကြိုးပမ်းမှုများကို အထောက်အကူပြု မပြု၊ နိုင်ငံသားအားလုံးအတွက် ဝန်ဆောင်မှုများ ရရှိစေကာ ကျန်းမာသော လူ့အဖွဲ့အစည်းဖြစ်အောင် စွမ်းဆောင်နိုင်ခြင်းရှိ မရှိ၊ လယ်သမားများ အားထားနိုင်သော အစားထိုးသီးနှံများကို ဆောင်ရွက်မပေးနိုင်ဘဲ သီးနှံစိုက်ပျိုးမှု ပိတ်ပင်ခြင်းကို ဆန့်ကျင်မှုကဲ့သို့သော ရေရှည်တည်တံ့မည့် လယ်ယာစိုက်ပျိုးရေးကို ဖော်ဆောင်ခြင်းရှိ မရှိ၊ အမျိုးသမီးများနှင့် ကလေးငယ်များအပါအဝင် အားနွဲ့သူတို့အား အကာအကွယ်ပေးခြင်း ရှိ မရှိနှင့် တရားဥပဒေ စိုးမိုးမှု ထိရောက်အောင် ဆောင်ရွက်မှုရှိ မရှိတို့ကို နိုင်ငံသားအားလုံးက ဆန်းစစ်သင့်ပေသည်။
မူးယစ်ဆေးဝါး မူဝါဒက ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် မည်ကဲ့သို့ ဘက်စုံအကျိုးသက်ရောက်စေသည်ကို ကျယ်ပြန့်စွာ ရှုမြင်သုံးသပ်မှုကသာ ပြည်သူ့ကျန်းမာရေးကို အလေးပေးချဉ်းကပ်မှု၊ ပြည်သူတို့၏ ရပိုင်ခွင့်နှင့် ဂုဏ်သိက္ခာကို လေးစားမှုတို့ တိုးတက်မြင့်မားစေရန် အားထားနိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်ကို ရှင်းလင်းပြတ်သားစွာ တွေ့မြင်နေရသည်။
ဉာဏ်တင် ဘာသာပြန်သည်။