COVID-19 ကူးစက်မှုနှုန်းနှင့်ပတ်သက်လျှင် အပူပိုင်းနိုင်ငံများသည် တရုတ်နိုင်ငံရှိ ဝူဟန်မြို့၊ ဥရောပနှင့် အမေရိကန်ပြည်ထောင်စုတို့အောက် များစွာလျော့နည်းပြီး တောင်အာရှနှင့် အရှေ့တောင်အာရှတို့၌ ကူးသန်းသွားလာမှုလုံးဝကိုပိတ်ပင်ခြင်းထက် လူစုလူဝေးမပြုရန် တားမြစ်ခြင်းကဲ့သို့ နည်းလမ်းများကို ကျင့်သုံးခြင်းက ပိုမိုထိရောက်မှုရှိမည်ဖြစ်ကြောင်း ဖြစ်ရပ်များက သက်သေခံနေသည်။
By DR FRANK SMITHUIS | FRONTIER
ဥရောပနှင့် အမေရိကန်ပြည်ထောင်စုတို့ရှိ ဆေးရုံများသည် COVID-19 ကူးစက်ခံရပြီး အခြေအနေစိုးရိမ်ရသည့် လူနာများဖြင့် ဝန်ပိနေသော်လည်း အပူပိုင်းအာရှဒေသ၌မူ COVID-19 ကူးစက်မှုနှုန်းသည် ယင်းဒေသများနှင့် လုံးဝကို ဆန့်ကျင်နေခဲ့သည်။
တောင်အာရှနှင့် အရှေ့တောင်အာရှဒေသတို့၌ လွန်ခဲ့သောသုံးလအတွင်း COVID-19 ကူးစက်ခံရသူထောင်ပေါင်းများစွာရှိခဲ့သော်လည်း ကူးစက်မှုနှုန်းသည် ဥရောပ၊ အမေရိကန်ပြည်ထောင်စုတို့နှင့် နှိုင်းယှဉ်လျှင် လုံးဝကိုကွဲပြားပြီး နှေးကွေးနေခဲ့သည်။ မည်သည့်အတွက်ကြောင့် ကူးစက်မှုနှုနည်းပါးနေသနည်း ဟုမေးခွန်းထုတ်ရမည်ဖြစ်သည်။ ထို့ပြင် အာရှ၌ COVID-19 ကူးစက်မှုတားဆီးရေး စီမံခန့်ခွဲမှုအပေါ် မည်ကဲ့သို့ အကျိုးသက်ရောက်မှုရှိမည်ကိုလည်း ဆက်လက်တွေးတောစရာဖြစ်လာခဲ့သည်။
Figures compiled by Worldometer show that as of April 8 more than 1.45 million COVID-19 cases had been reported globally, and the virus had killed more than 83,000 people.
တရုတ်နိုင်ငံ ဟူပေးပြည်နယ် ဝူဟန်မြို့၌ ကူးစက်မှုစတင်ခဲ့ခြင်းဖြစ်သည်။ လူဦးရေ ၁၁ သန်းရှိသော ဆိပ်ကမ်းမြို့ ဝူဟန်၌ လူအတော်များများ ထူးခြားသော အဆုတ်ရောင်ရောဂါဖြစ်ပွားနေကြောင်း တရုတ်အစိုးရက ဒီဇင်ဘာ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ဇန်နဝါရီ ၁၃ မှာတော့ ဝူဟန်မှ ထိုင်းနိုင်ငံသို့ရောက်ရှိလာသည့် အမျိုးသမီးတစ်ဦး အလားတူရောဂါခံစားနေရကြောင်း ပထမဆုံး စစ်ဆေးတွေရှိခဲ့သည်။ တရုတ်နိုင်ငံပြင်ပ၌ ပထမဆုံးတွေ့ရှိသည့် ဖြစ်ရပ်လည်းဖြစ်သည်။ နောက်ပိုင်းနေ့ရက်များတွင် ဂျပန်၊ အမေရိကန်ပြည်ထောင်စု၊ နီပေါ၊ ပြင်သစ်၊ သြစတြေးလျ၊ မလေးရှား၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ဗီယက်နမ်နှင့် ထိုင်ဝမ်တို့၌ အလားတူရောဂါဝေဒနာခံစားရသူများကို တွေ့ရှိလာခဲ့သည်။
ယင်းအချိန်မှစ၍ COVID-19 ကူးစက်ခံရသူဦးရေ လျှင်လျှင်မြန်မြန်နှင့် တိုးပွားလို့လာခဲ့သည်။ သို့သော် ဇန်နဝါရီနှင့် ဖေဖော်ဝါရီတွင်မူ ကူးစက်ခံရသူအများစုသည် တရုတ်၌ သာရှိနေခဲ့ပြီး နိုင်ငံတချို့တွင် ကူးစက်ခံရသူတစ်ဦးနှစ်ဦးလောက်သာရှိနေခဲ့သည်။ ဖေဖော်ဝါရီအကုန်ပိုင်းတွင် မတ်အစောပိုင်းကျမှသာ အခြားနိုင်ငံများတွင်လည်း ကူးစက်သူများစွာရှိလာခဲ့ခြင်းဖြစ်သည်။ ဥရောပတွင် အီတလီသည် COVID-19 ပထမဆုံးကူးစက်ပြန့်ပွားမှုရှိခဲ့သည့် နိုင်ငံဖြစ်ပြီး ယင်းနောက်တွင် အခြားဥရောပနိုင်ငံများတွင်လည်း အလားတူကူးစက်မှုများရှိလာခဲ့သည်။ ယင်းနောက်မှာတော့ အမေရိကန်ပြည်ထောင်စုသို့ ကူးစက်ပျံ့ပွားခဲ့သည်။ ကူးစက်ခံရသူဦးရေ အင်မတန်များပြားသည့် နိုင်ငံများတွင် ကျန်းမာရေးစောင့်ရှောက်မှုစနစ် ဝန်ပိလာပြီး သေဆုံးသူဦးရေလည်း များလာခဲ့သည်။ ကမ္ဘာတစ်ဝန်း အကြောက်တရားနှင့် စိုးရိမ်မှုများရှိလာခဲ့သည်။
ဥရောပ၊ အမေရိကန်ပြည်ထောင်စုတို့နှင့် နှိုင်းယှဉ်လျှင် တောင်အာရှနှင့် အရှေ့တောင်အာရှတို့၌ ကူးစက်ခံရသူအသစ်ဦးရေသည် နည်းပါးနေဆဲဖြစ်သည်။ တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများသည် ဇန်နဝါရီတွင် ပထမဆုံးကူးစက်ခံရသူဦးရေကို အသီးသီးထုတ်ပြန်ခဲ့သော်လည်း အကြီးအကျယ်ကူးစက်ပျံ့နှံ့မှုမရှိသေးချေ။ ကူးစက်ခံရသူအများစုသည်လည်း ပြည်ပတွင် ကူးစက်ခံရသူများဖြစ်ကြသည်။ ဒေသတွင်း လူအများအပြားကူးစက်ခံရမှုများသည်လည်း လူစုလူဝေးပြုမှုများနှင့် အကြီးအကျယ်ဆက်စပ်မှုရှိနေသည်။ဥပမာပေးရလျှင် မလေးရှားနှင့် အိန္ဒိယတို့ရှိ ဘာသာရေးအခမ်းအနားများ၊ ထိုင်းနိုင်ငံ၌ လက်ဝှေ့ပွဲတစ်ပွဲနှင့် အဲကွန်းခန်းထဲရှိ ညစာစားပွဲတစ်ပွဲတို့ဖြစ်ကြသည်။ သို့သော် နိုင်ငံတွင်း တစ်ဦးမှ တစ်ဦးသို့ ကူးစက်မှုသည် ယေဘုယျအားဖြင့် နည်းပါးနေဆဲဖြစ်သည်။
ဝူဟန်၊ ဥရောပနှင့် အမေရိကန်ပြည်ထောင်စုတို့၌မူ ဒေသတွင်း တစ်ဦးမှ တစ်ဦးသို့ ကူးစက်မှုစတင်လိုက်ပြီဆိုတာနှင့် ကူးစက်ခံရသူသစ်ဦးရေသည် တစ်ရက်အတွင်း ထောင်ပေါင်းများစွာမှ ထောင်သောင်းပေါင်းများစွာသို့ ထိုးတက်သွားခဲ့သည်။ တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများ၌မူ ယင်းကဲ့သို့မဟုတ်ဘဲ ကူူးစက်ခံရသူသစ်ဦးရေသည် အတော်လေးကိုနည်းပါးပြီး ကူးစက်မှုနှုန်းကလည်း နှေးကွေးနေဆဲဖြစ်သည်။( ဂရပ်ကိုကြည့်ပါ။)
COVID-19 ရှိမရှိ စစ်ဆေးခြင်း
ကူးစက်သူဦးရေ နည်းပါးနေသည်မှာ COVID-19 ရှိမရှိ လူအများအပြားကို အချိန်တိုတွင်း စစ်ဆေးနိုင်ခြင်းမရှိသောကြောင့် ဖြစ်ကြောင်း တချို့ကလည်း ပြောကြသည်။ စစ်ဆေးမှုမရှိပါက ကူးစက်ခံထားရခြင်းရှိမရှိကို မသိနိုင်သည်မှာ မှန်ပေသည်။ စစ်ဆေးမှုနှုန်းပါးခြင်းကြောင့် ထုတ်ပြန်သည့် ကူးစက်ခံရသူဦးရေထက် တကယ်တမ်းကူးစက်ခံထားရသူဦးရေက ပိုများနိုင်သည်ဟုပြောဆိုခြင်းသည် ပိုမိုသင့်လျော်ပါသည်။ လူအများအပြားကူးစက်ခံထားရပြီး ယင်းကို သတိမထားမိခြင်းမှာလည်း ဖြစ်နိုင်ဖွယ်နည်းနေပြန်သည်။ COVID-19 ကူးစက်ခံထားရပြီး အခြေအနေစိုးရိမ်ရသူများစွာသည် ဆေးရုံများသို့ အုံနှင့်ကျင်းနှင့် ရောက်ရှိလာမည်ဖြစ်ပြီး သေဆုံးသူများစွာလည်းရှိမည်မလွဲချေ။ ယင်းကြောင့် ကူးစက်ခံရသူများစွာရှိနေသော်လည်း မသိရှိရဟု ပြောဆိုခြင်းမှာ မခိုင်လုံသော ပြောဆိုမှုဖြစ်နေပြန်သည်။
ကိုရိုနာဗိုင်းရပ်စ် လက္ခဏာများ
COVID-19 ကူးစက်ခံထားရသူနှင့် အင်မတန်နီးကပ်စွာနေထိုင်ခြင်း၊ ယင်းကူးစက်ခံထားရသူ နှာချေ၊ ချောင်းဆိုးရာမှ စင်လာသည့် အမှုန်အမွှားများ၊ ယင်းအမှုန်အမွှားများကျနေသည့် မျက်နှာပြင်တစ်ခုခုကို ထိမိပြီး ယင်းနောက် မျက်လုံး၊ နှာခေါင်းနှင့်ပါးစပ်တို့ကိုထိတွေ့မိရာမှ ကူးစက်ခြင်းတို့ရှိလာခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုမှုများရှိနေသည်။
ကိုရိုနာဗိုင်းရပ်စ်များသည် သာမန်အအေးမိဖျားနာဖြစ်စေသည့် ဗိုင်းရပ်စ်များဖြစ်ကြသော်လည်း ယခုအသစ်ပေါ်ထွက်လာသည့် SARS-CoV-2 သည် ပိုမိုအန္တရာယ်ရှိသည်။ တစ်နှစ်လျှင် လူတစ်ဘီလီယံခန့်ကို ကူးစက်စေပြီး ၂၉၀၀၀၀ မှ ၆၅၀၀၀၀ အထိသေဆုံးစေသည့် တုတ်ကွေးထက် COVID-19 ကြောင့် သေဆုံးမှုနှုန်းက ပိုမိုများပြားနေသည်။ COVID-19 ကူးစက်မှုအမှတ် သို့မဟုတ် R0 ( လူတစ်ဦးမှ အခြားလူများသို့ ပျမ်းမျှကူးစက်မှုနှုန်း) သည် တုပ်ကွေးကူးစက်မှုနှုန်းထက် ပိုမိုများပြားပြီး အမှတ် ၁ ထက်ရှိနေမည်ဆိုပါက ကူးစက်ရောဂါကြီးထွားလာပြီဟု ဆိုလို့ရသည်။ သို့သော် ကူးစက်မှုနှုန်းသည် နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံမတူညီချေ။
ကူးစက်မှုသိပ်သည်းဆ
တရုတ်၊ ဥရောပ၊ အမေရိကန်ပြည်ထောင်စုနှင့် အပူပိုင်းအာရှတို့ကြား ကူးစက်မှုသိပ်သည်းဆ ကွဲပြားရသည့် အကြောင်းအရင်းကို ရှင်းရှင်းလင်းလင်းမသိရသေးချေ။ သို့သော် ခန့်မှန်းကြည့်နိုင်သည့် အချက်များလည်းရှိနေပါသည်။
အပူချိန်မြင့်မားခြင်းနှင့် လေထုတွင်း စိုထိုင်းဆများခြင်းတို့က လေမှတစ်ဆင့်ကူးစက်မှုနှုန်းအပေါ် သက်ရောက်မှုရှိနိုင်သည်။ ဆေးရုံနှင့် လူနေထိုင်ရာအရပ်များတွင် ကူးစက်မှု၌ ဗိုင်းရပ်စ်ရှိနေသည့် မျက်နှာပြင်များသည် အဓိကအကြောင်းအရင်းများဖြစ်ကြသည်။ သို့သော် ပတ်ဝန်းကျင်ရှိ မျက်နှာပြင်များတွင် ဗိုင်းရပ်စ်ကြာရှည်စွာရှိမှုသည် အပူချိန်၊ စိုထိုင်းဆတို့နှင့် ပတ်သက်မှုရှိနေသည်။ အဲကွန်းရှိသော ပတ်ဝန်းကျင်ကဲ့သို့ အပူချိန်နည်း၊ စိုထိုင်းဆနည်းပါးသည့် နေရာများတွင် SARS ဗိုင်းရပ်စ်သည် ရက်သတ္တပတ်နှစ်ပတ်ခန့် ရှင်သန်နေနိုင်ကြောင်း လေ့လာမှုများအရ သိရှိခဲ့ရပြီးဖြစ်သည်။ သို့သော် အပူချိန်မြင့်မားပြီး စိုထိုင်းဆများသည့် နေရာများတွင် ဗိုင်းရပ်စ်သည် အသက်မရှည်နိုင်သဖြင့် အပူပိုင်းနှင့် သမပိုင်းနိုင်ငံများတွင် ကူးစက်မှုနှုန်းကိုလျော့ကျသွားစေနိုင်သည်။
BCG တီဘီရောဂါကာကွယ်ဆေးထိုးထားမှု၊ လူအချင်းချင်းကြား ခပ်ခွာခွာနေထိုင်မှု၊ အာဟာရရှိအောင် စားသောက်နေထိုင်မှုများကဲ့သို့ အကြောင်းအရင်းများကြောင့်လည်း တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများတွင် ကူးစက်မှုနှုန်းနှေးကွေးရခြင်းဖြစ်ကြောင်း ပြောဆိုမှုများလည်းရှိနေပြန်သည်။
ထိန်းချုပ်ရေးနည်းလမ်းများ
တောင်အာရှနှင့် အရှေ့တောင်အာရှတို့ရှိ ကူးစက်မှုနှုန်းကွဲပြားနေသောကြောင့် ဗိုင်းရပ်စ်ကူးစက်မှုနှုန်းတားဆီးရေး ကြိုတင်လုပ်ဆောင်မှုများလည်း ကွဲပြားမည်ဖြစ်သည်။ တစ်နေရာတွင် ကျင့်သုံးရာ၌ အောင်မြင်သည့် နည်းလမ်းကို အခြားနေရာများတွင် အလားတူကျင့်သုံးရန် မဖြစ်နိုင်သည့် သဘောလည်းဖြစ်သည်။ ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုနှုန်း မြန်ဆန်ကာ လူအများအပြားသို့ ကူးစက်နေပါက ပိုမိုတင်းကျပ်သော နည်းလမ်းများကိုကျင့်သုံးကာ ကာကွယ်ရမည်ဖြစ်သည်။ ဝူဟန်နှင့် ကူးစက်မှုနှုန်းကိုထိန်းချုပ်နိုင်စွမ်းမရှိတော့သည့် ဥရောပနိုင်ငံများနှင့် အမေရိကန်ပြည်ထောင်စုတို့၌ ကူးစက်မှုနှုန်းမြင့်မားနေမှုကို လျှော့ချနိုင်ရန်အတွက် ကူးသန်းသွားလာမှုပိတ်ပင်ခြင်းကို ရက်ရှည်ချမှတ်ထားရန် လိုအပ်မည်ဖြစ်သည်။
ကူးစက်မှုနှုန်းနှေးသွားရန်နှင့် ဝန်နှင့်အားမမျှဖြစ်နေသည့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်များ ဝန်ပေါ့သွားစေရန်အတွက် ကူးသန်းသွားလာမှုပိတ်ပင်ချက်များသည် မရှိမဖြစ်လိုအပ်နေသည်။ ယင်းနိုင်ငံများတွင် ကူးသန်းသွားလာမှုပိတ်ပင်ချက်ကြောင့် စိတ်ဖိစီးမှု၊ ပျင်းရိမှုများရှိနေသော်လည်း မည်သူမျှ ငတ်ပြီး မသေကြချေ။ ချမ်းသာသော နိုင်ငံများတွင် နေထိုင်သူများသည် လူမှုဖူလုံရေးထောက်ပံ့မှုများကိုခံစားခွင့်ရနေပြီး ရက်ပေါင်းများစွာ အလုပ်မလုပ်ဘဲ အိမ်တွင်းအောင်နေနိုင်ရန် စီးပွားရေးအရ ကျောထောက်နောက်ခံကောင်းကြသူများဖြစ်ကြသည်။ တောင်အာရှနှင့် အရှေ့တောင်အာရှရှိ နိုင်ငံများတွင် နေထိုင်သူများမှာမူ ယင်းကဲ့သို့ အခြေအနေမရှိကြ။ အာရှနိုင်ငံများတွင် လူသန်းပေါင်းများစွာသည် လက်လှုပ်မှ ပါးစပ်လှုပ်ရသူများဖြစ်ကြပြီး အလုပ်အကိုင်ဆုံးရှုံးပါက အစားအစာဝယ်ယူရန် စုဆောင်းထားသော ငွေလည်းမရှိသောကြောင့် ရက်သတ္တပတ်ပေါင်းများစွာ သို့မဟုတ် လပေါင်းများစွာ ကူးသန်းသွားလာမှုပိတ်ပင်မည်ဆိုပါက ကြီးမားသော ဆိုးကျိုးများရှိလာမည်ဖြစ်သည်။
လူဦးရေ ၁ ဒသမ ၃၇ ဘီလီယံရှိသော အိန္ဒိယ၌ ရက်သတ္တပတ် သုံးပတ် ကူးသန်းသွားလာမှုပိတ်ပင်ချက်ကြောင့် ကျေးလက်မှ မြို့ပြသို့ လာရောက်အလုပ်လုပ်ကိုင်သူ ရွှေ့ပြောင်း လုပ်သားသန်းပေါင်းများစွာသည် အိမ်မပြန်နိုင်ဘဲ သောင်တင်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များက အပြင်ထွက်သူများကို အင်အားသုံးနှုန်းနှိမ်နင်းမှုများရှိခဲ့သော်လည်း စားစရာသောက်စရာနှင့် အခြေခံလိုအပ်သည့် ပစ္စည်းများရရှိရေးအတွက် လူများစွာသည် အိမ်ပြင်မထွက်ရအမိန့်ကိုဆန့်ကျင်ကာ အပူတပြင်းရှာရဖွေရလုပ်ခဲ့ရသည်။ ကူးသန်းသွားလာမှုပိတ်ပင်မိန့်ကို ထုတ်ခဲ့သည့် အိန္ဒိယဝန်ကြီးချုပ် နာရန္ဒြာမိုဒီက အဖြစ်ဆိုးများအတွက် တောင်းပန်စကားပြောဆိုခဲ့သော်လည်း “ဒုက္ခရောက်နေရတယ်ဆိုတာကို နားလည်ပါတယ်၊ ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ကို တိုက်စစ်ဆင်ဖို့က အခြားနည်းလမ်းမရှိလို့ပါ၊ သေမင်းနဲ့စစ်ခင်းရတာဖြစ်ပြီး အနိုင်ရမှလည်းဖြစ်မှာပါ”ဟု ပြောဆိုကာ ကူးသန်းသွားလာမှုပိတ်ပင်မိန့်ဘက်မှ ခုခံပြောဆိုခဲ့သည်။
သို့သော် ယင်းကဲ့သို့ လုံးဝကိုတင်းကျပ်သည့် ကန့်သတ်ပိတ်ပင်မှုများကို လိုအပ်ပါသလား။ တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများအတွက် ကာလရှည် ကူးသန်းသွားလာမှုပိတ်ပင်ရန် လိုအပ်ပါမည်လား။ ဒေသတွင်း တစ်ဦးမှတစ်ဦးသို့ ကူးစက်မှုနှုန်း အင်မတန်နည်းပါးနေချိန်တွင် တင်းကျပ်မှုများစွာမရှိသည့် လုပ်ဆောင်မှုများဖြင့်သာ လုံလောက်သည်ဟုဆိုလို့ရပါသည်။ လူအချင်းချင်း ခပ်ခွာခွာနေထိုင်ခြင်း၊ လူစုလူဝေးရှောင်ကြဉ်ခြင်း၊ လက်ကိုမကြာခဏဆေးခြင်း၊ ချောင်းဆိုးရာတွင် ပါးစပ်နှင့် နှာခေါင်းကို ကာပြီး ဆိုးခြင်း၊ နှာခေါင်းစည်းတပ်ခြင်းတို့ကဲ့သို့ ကူးစက်မှုကာကွယ်ရေးလုပ်ဆောင်မှုများကိုလိုက်နာခြင်းနှင့်အတူ COVID-19 ကူးစက်ခံရခြင်းရှိမရှိ စစ်ဆေးခြင်း၊ ကူးစက်ခံရထားသူများနှင့် ထိတွေ့ဆက်ဆံခဲ့သူများကို ခြေရာခံရှာဖွေကာ ၎င်းတို့ကိုလည်း သီးခြားထားရှိစောင့်ကြည့်ခြင်းတို့ကိုလုပ်ဆောင်မည်ဆိုပါက ကူးစက်မှုတားဆီးရေးအတွက် လုံလောက်မည်ဖြစ်သည်။ ယခုလောလောဆယ်အတွက်မူ ယင်းလုပ်ဆောင်မှုများဖြင့် လုံလောက်ပြီး ကာလရှည် ကူးသန်းသွားလာမှုပိတ်ပင်ခြင်းကြောင့် ရှိလာမည့် လူမှုနှင့် စီးပွားရေးဆိုင်ရာ ဆိုးကျိုးများကိုလည်း ရှောင်ရှားနိုင်မည်ဖြစ်သည်။
အနာဂတ်
ကူးစက်ရောဂါ၏အနာဂတ်ကိုပုံဖော်ပေးမည့် အကြောင်းချင်းရာများစွာရှိနေသည်။ လူသားများ၏ပြုမူနေထိုင်မှု၊ ဗိုင်းရပ်စ်ကို ခုခံနိုင်စွမ်း၊ ရာသီဥတု၊ ကုသပေးသည့် နည်းလမ်းများ၊ ကာကွယ်ရေးနည်းလမ်းများနှင့် ကာကွယ်ဆေးတို့ဖြစ်ကြသည်။ အာရှဒေသရှိ COVID-19 ကူးစက်မှုအခြေအနေကို မည်သူကမျှ ကြိုတင်ခန့်မှန်းနိုင်မည်မဟုတ်သော်လည်း ကူးစက်ရောဂါသည် လပေါင်းများစွာသာမက နှစ်ပေါင်းများစွာအထိ ရှိနေနိုင်ခြေလည်း များနေသည်။ လူဦးရေ ၆၀ မှ ၇၀ ရာခိုင်နှုန်းသည် သဘာဝအရဖြစ်စေ၊ ကာကွယ်ဆေးကြောင့်ဖြစ်စေ ဗိုင်းရပ်စ်ကိုခုခံနိုင်စွမ်းရှိလာမည်ဆိုပါက ကူးစက်မှုနှုန်းလည်း ကျဆင်းသွားမည်ဖြစ်သည်။ ဝူဟန်မှာကဲ့သို့ ကူးစက်မှုကို လုံးဝတားဆီးနိုင်မည်ဆိုပါကလည်း ဗိုင်းရပ်စ်သည် တစ်ကျော့ပြန်ပေါ်လာဦးမည်ဖြစ်သည်။ တရုတ်နိုင်ငံသား ၉၉ ရာခိုင်နှုန်းသည် ဗိုင်းရပ်စ်ကို ခုခံနိုင်စွမ်းမရှိသေးသောကြောင့် နောက်ထပ်အကြီးအကျယ်ဖြစ်ပွားမှုများရှိလာဦးမည်ဖြစ်သည်။
ကူးစက်မှုနှုန်းသည် အနောက်နိုင်ငံများထက် အပူပိုင်းအာရှတွင် ပိုမိုနည်းပါးသောကြောင့် ဝူဟန်နှင့် အနောက်နိုင်ငံများတွင် ချမှတ်ကျင့်သုံးခဲ့သည့် ကူးသန်းသွားလာမှုလုံးဝပိတ်ပင်သည့် နည်းလမ်းသည် တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများရှိ အခြေခံလူတန်းစားများအတွက် ဆိုးကျိုးများစွာရှိလာမည်ဖြစ်သည်။ COVID-19 ကူးစက်ခံထားသူများအဖြစ် သံသယရှိသူများကို စစ်ဆေးမှုပြုလုပ်ခြင်း၊ ကူးစက်ခံထားရသူနှင့် ထိတွေ့ဆက်ဆံခဲ့သူများကို ရှာဖွေကာ သီးခြားထားရှိစောင့်ကြည့်ခြင်းကဲ့သို့ သင့်လျော်သော အခြေခံထိန်းချုပ်ရေးနည်းလမ်းများသည်သာ အကြီးအကျယ်ကူးစက်မှုနှုန်းကိုရှောင်ရှားနိုင်ရန် လုံလောက်သော နည