အရှည်ကြာဆုံးစစ်ပွဲ

ကရင်အမျိုးသားအစည်းအရုံးသည် ဆယ်စုနှစ် ခုနစ်ခုကြာ ဖြစ်ပွားခဲ့သော စစ်ပွဲအထိမ်းအမှတ် ပြုလုပ်ခဲ့သည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ရပ်ဆိုင်းနေသောကြောင့် ကရင်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရည်မှန်းချက်သည် ဝေးကွာနေဆဲဖြစ်သည်။

ဘန်ဒူးနန့် ရေးသားသည်။

မောပန်းနေပုံရသော စစ်ဝတ်စုံဝတ် အဖိုးအိုသည် ပလပ်စတစ်ခုံပေါ် ထိုင်နေသည်။ သူ့နာမည်၊ ရာထူးနှင့် တိုက်ပွဲများတွင် စွမ်းဆောင်ခဲ့ပုံများကို မိုးအဲ Moei မြစ်အနီးပြုလုပ်သော ချီတက်အခမ်းအနား၌ အစီအစဉ် ကြေညာသူက ရွတ်ပြနေသည်။ သူသည် ပန်းများနှင့်အလှဆင်ထားသော စင်မြင့်ပေါ်သို့ လျှောက်လာသောအခါ လဲကျမလို ဖြစ်သွားသောကြောင့် အရာရှိငယ်တစ်ယောက်က လာကူညီပြီး စင်မြင့်ပေါ် ပို့ဆောင်ပေးရသည်။

စင်မြင့်ပေါ်တွင် သူအားကြိုဆိုရန် ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ စောမူတူးဆေးဖိုး Saw Mutu Say Poe က စောင့်ဆိုင်းနေသည်။ စောမူတူးဆေးဖိုးသည် ကရင်စစ်ဝတ်စုံ အနီရောင်ကို ဝတ်ဆင်ထားပြီး လည်ပင်းတွင် ပန်းကုံးများဆွဲထားသည်။ အမျိုးသမီးငယ် နှစ်ဦးက ထိုအဖိုးအို၏နာမည် ရေးထိုးထားသော ရွှေဆုတံဆိပ်ကို ယူဆောင်လာသည်။ ထို့နောက် အဖိုးအို နှစ်ဦးက အပြန်အလှန်အလေးပြုကြသည်။

ထိုအဖိုးအိုသည် သူ၏ဆုတံဆိပ်ကို ကိုင်ဆောင်ပြီး ထိုင်ခုံသို့ ပြန်ရောက်သွားသည့်အခါ စစ်မှုထမ်းဟောင်း နောက်တစ်ယောက်၏ နာမည်ကို ကြေညာသည်။ ယင်းမှာ နှစ် ၇၀ ပြည့် ကရင်တော်လှန်ရေးအထိမ်းအမှတ် ပြုလုပ်သောပွဲဖြစ်သည်။ ယင်းကို ကလိုယော်လေး Klo Yaw Lay ရွာတွင် ဇန်နဝါရီလ ၃၁ ရက်က ပြုလုပ်ခြင်းဖြစ်ပြီး ထိုနေရာသည် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်ခွဲ ၇ အခြေစိုက်ရာ နေရာဖြစ်သည်။ ယင်းမှာ မြဝတီမြို့မြောက်ဘက် မြစ်၏ဒီဘက်ကမ်း ထိုင်းနိုင်ငံ တာ့ခ် Tak ခရိုင်နှင့် မျက်နှာချင်းဆိုင်ဖြစ်သည်။ ပွဲအခမ်းအနားကို စစ်ချီအလေးပြုခြင်းဖြင့် စတင်သည်။ စစ်မှုထမ်းဟောင်းများလည်း ပွဲတက်ရန် ယူနီဖောင်းအဟောင်းများကို ပြန်လည်ဝတ်ဆင်လာကြခြင်းဖြစ်သည်။ ၎င်းတို့ထိုင်ခုံများရှေ့ရှိ ချီတက်အလေးပြုရာနေရာတွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် Karen National Liberation Army KNLA ၏ မျိုးဆက်သစ်များက ပါဝင်ဆင်နွှဲနေကြသည်။

ထိုင်ခုံများပေါ်မှ အဖိုးအိုများသည် တဘဝလုံး စစ်တိုက်လာကြသူများဖြစ်သည်။ ၁၉၄၉ ဇန်နဝါရီလတွင် လွတ်လပ်ရေးရရှိအောင် ရှေ့ဆောင်ကြိုးပမ်းခဲ့သော ဗမာများနှင့် ကရင်ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းခံသော ကရင်များကြား ပဋိပက္ခဖြစ်ပွားသောအခါ စောမူတူးဆေးဖိုးသည် ကလေးငယ်သာသာ ရှိသေးသည်။ ထိုပြည်တွင်းစစ်ပွဲတွင် ကေအင်န်ဒီအို Karen National Defence Organization က မြန်မာနိုင်ငံ အလယ်ပိုင်းမြို့များကို သိမ်းပိုက်ခဲ့ခြင်း၊ ကရင်သေနတ်ကိုင်တပ်ရင်း Karen Rifle က တပ်မတော်မှ ခွဲထွက်လာခြင်း၊ ရန်ကုန်ရှိ ဗမာပြည်သူ့စစ်များက ကရင်အရပ်သားများကို သတ်ဖြတ်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။

ထိုအချိန်ကတည်းက ကရင်ပြည်နယ်သည် မငြိမ်းချမ်းခဲ့ပေ။ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်တွင် နှစ်ဦးနှစ်ဖက် လက်မှတ်ရေးထိုးခဲ့သော အပစ်ရပ်စာချုပ်သည်လည်း ထိရှလွယ်သောစာချုပ် ဖြစ်ခဲ့သည်။ ယင်းအပစ်ရပ်စာချုပ်ကြောင့် တပ်မတော် တပ်ဖွဲ့များသည် အရှေ့တောင်ပိုင်းမှ မြောက်ပိုင်းသို့ ပြောင်းရွှေ့ခဲ့သည်။ သို့သော်အရေးပေါ်ပါက ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ကို တိုက်ခိုက်နိုင်ရန် ကျေးလက်တောရွာများအနီးရှိ တပ်စခန်းများကို အဆင့်မြှင့်တင်ခဲ့သည်။ ဖက်ဒရယ်စနစ်ဖြင့် အာဏာခွဲဝေရန် နိုင်ငံရေးဆွေးနွေးမှုများလည်း ရပ်တန့်ခဲ့သည်။

ကလိုယော်လေးရွာတွင် မနက်ပိုင်းမြူနှင်းများ ရှင်းလင်းသွားသောအခါ မတ်စောက်ပြီး သစ်တောများဖြင့် ဖုံးလွှမ်းနေသော တောင်တန်းများ ပေါ်ထွက်လာသည်။ ချီတက်နေသော စစ်သားငယ်များသည် လူစုခွဲသွားကြသည်။ ထောင်ပေါင်းများစွာသော ကြည့်ရှုသူပရိသတ်ထဲမှ အမျိုးသမီးများသည် ထွက်ခွာလာသော စစ်သားများကို ပန်းကုံးများစွပ်ကြသည်။ မြန်မာနိုင်ငံ၏ အရှည်လျားဆုံးစစ်ပွဲသို့ ဝင်ရောက်လာမည့် မျိုးဆက်သစ်များဖြစ်ကြလေတော့သည်။

ဇန်နဝါရီ ၃၁ ရက် နှစ်ပတ်လည်အခမ်းအနား၌ ကေအင်န်အယ်လ်အေမှ စစ်မှုထမ်းဟောင်းတစ်ဦးကို တွေ့ရစဉ်။ ဓာတ်ပုံ - စတိဗ်တစ်ခ်နာ

ဇန်နဝါရီ ၃၁ ရက် နှစ်ပတ်လည်အခမ်းအနား၌ ကေအင်န်အယ်လ်အေမှ စစ်မှုထမ်းဟောင်းတစ်ဦးကို တွေ့ရစဉ်။ ဓာတ်ပုံ – စတိဗ်တစ်ခ်နာ

ကေအင်န်ယူတပ်မ ၇ တပ်စွဲထားရာ စစ်ရေးပြကွင်းထဲသို့ ကေအင်န်အယ်လ်အေ တပ်ဖွဲ့တစ်ဖွဲ့ စစ်ရေးပြချီတက်လာစဉ်။ ဓာတ်ပုံ - စတိဗ်တစ်ခ်နာ

ကေအင်န်ယူတပ်မ ၇ တပ်စွဲထားရာ စစ်ရေးပြကွင်းထဲသို့ ကေအင်န်အယ်လ်အေ တပ်ဖွဲ့တစ်ဖွဲ့ စစ်ရေးပြချီတက်လာစဉ်။ ဓာတ်ပုံ – စတိဗ်တစ်ခ်နာ

စည်းလုံးပေါင်းစည်းမှု

ခုနစ်ရက်ကြာသည့် ထိုအထိမ်းအမှတ်ပွဲတွင် စစ်ရေးပြမှုများ၊ မိန့်ခွန်းခြွေမှုများနှင့် စစ်မှုထမ်းဟောင်းများအား ဆုတံဆိပ်ချီးမြင့်မှုများ ပါဝင်သည်။ နှစ် ၇၀ ကြာ ဖြစ်ပွားခဲ့သောစစ်ပွဲကို အထိမ်းအမှတ်အဖြစ်ကျင်းပခြင်း ဖြစ်သော်လည်း ထိုပွဲမှာ ပျော်ပွဲရွှင်ပွဲနှင့် အလားသဏ္ဍာန်တူနေသည်။ ပွဲကျင်းပသောရွာ၏ လမ်းမများပေါ်တွင် အစားအသောက် ရောင်းချသောဆိုင်များ၊ ပလတ်စတစ် ကစားစရာသေနတ် ရောင်းချသောဆိုင်များ၊ ကရင်ရိုးရာဝတ်စုံ ရောင်းချသောဆိုင်များဖြင့် ပြည့်ကျပ်နေသည်။ ရော့ခ်သီချင်း ဖျော်ဖြေမှုများ၊ ကရင်ရိုးရာ အကအဖွဲ့များက တညလုံးဖျော်ဖြေသည်။ ကရင်ပြည်နယ် အခြားမြို့များမှ ကရင်လူမျိုးများ၊ မြန်မာနိုင်ငံအနှံ့မှ ကရင်လူမျိုးများနှင့် ထိုင်းနယ်စပ် ဒုက္ခသည်စခန်းများမှ ကရင်လူမျိုးများ ၁၀,၀၀၀ ကျော် လာရောက်ကြသည်။

ကေအင်န်ယူအဖွဲ့၏ ပွဲစီစဉ်သူများက တော်လှန်ရေးနေ့ အထိမ်းအမှတ်ပွဲကို ကလိုယောလေးရွာတွင် ပြီးခဲ့သော နှစ်များကလည်း ကျင်းပခဲ့ကြောင်း၊ ကေအင်န်ယူထိန်းချုပ်ပြီး ကေအင်န်အယ်လ်အေတပ်ဖွဲ့ အမှတ် ၅ အခြေစိုက်သော မူထရော Mutraw မြို့ (မြန်မာအစိုးရက ဖာပွန်ဟုခေါ်ဆိုသည်) တွင် ပြိုင်တူ ကျင်းပခဲ့ခြင်းများလည်းရှိသည်။ သို့သော် ယခုပွဲသည် အစည်ကားဆုံးဖြစ်သည်ဟု စီစဉ်သူများကဆိုသည်။ သက်လတ်ပိုင်းအမျိုးသမီး တစ်ဦးဖြစ်သော အမီနာအစ္စလာမ် Amina Islam က သူသည် ယခုပွဲတွင် အစားအသောက်ဆိုင်နှင့် ကွမ်းယာဆိုင်ဖွင့်ရန် ကရင်ပြည်နယ်မြို့တော် ဘားအံမှ လာရောက်ခြင်းဖြစ်သည်ဟု ဆိုသည်။ ပွဲတွင် ဈေးရောင်းကောင်းကြောင်း သူကပြောပြသည်။

Frontier က အင်တာဗျူးသော လူအများစုက တော်လှန်ရေးနေ့ အခမ်းအနားကို တက်ရောက်ဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း ပြောကြသည်။ အသက် ၂၂ နှစ်အရွယ် နော်ကွယ်ဝါး Naw Kwe Wah နှင့် အသက် ၂၀ အရွယ် နော်အဲဆေး Naw Eh Say တို့က ၎င်းတို့သည် ထိုင်းနိုင်ငံ မဲဆောက်မြို့ မြောက်ဘက် ၆၀ ကီလိုမီတာအကွာ ကရင်ဒုက္ခသည် ၄၀,၀၀၀ ခန့် ထားရှိသော မယ်လ Mae La ဒုက္ခသည်စခန်းမှ လာရောက်ကြခြင်းဖြစ်သည်ဟုဆိုသည်။ သူတို့သည် ကေအင်န်အယ်လ်အေတပ်သားများ ချီတက်သည်ကို တခါမှမမြင်ဖူးကြောင်း၊ ထို့ပြင် ကရင်ပြည်နယ်နှင့် အခြားဒေသမှလာရောက်သော ကရင်လူမျိုးများကို တွေ့ရသောကြောင့် စိတ်လှုပ်ရှားရသည်ဟု သူတို့ကဆိုသည်။ အခြားဒေသမှ လာရောက်သော သူငယ်ချင်းများနှင့် ဆယ်လ်ဖီရိုက်ရင်း အလုပ်ရှုပ်နေသော အသက် ၂၄ နှစ်အရွယ် အမျိုးသားက ဤပွဲမျိုးကို လာရောက်ရသည့်အတွက် ကရင်လူမျိုး ဖြစ်ရသည်ကို ဂုဏ်ယူမိသည်ဟုပြောသည်။

လူများကြားတွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(ဒီကေဘီအေ) Democratic Karen Benevolent Army နှင့် ကေအင်န်ယူ/ ကေအင်န်အယ်လ်အေ KNU/KNLA Peace Council မှ ယူနီဖောင်းဝတ် စစ်သားများကလည်း သေနတ်များ၊ လောင်ချာများကိုင်ဆောင်ရင်း ရောင်းချနေသောပစ္စည်းများကို ကြည့်ရှုနေကြသည်။ ထိုအဖွဲ့အစည်းသည် ခရစ်ယာန်များလွှမ်းမိုးသော ကေအင်န်အယ်လ်အေတပ်ဖွဲ့တွင် ဗုဒ္ဓဘာသာများ နေရာမရရှိသောကြောင့် ခွဲထွက်လာပြီး တပ်မတော်နှင့်ပူးပေါင်းခဲ့သော အဖွဲ့အစည်းဖြစ်သည်။ သူတို့သည် သူတို့ထိန်းချုပ်နယ်မြေနှင့် စီးပွားရေးလုပ်ငန်းများကို ထိန်းသိမ်းထားသော်လည်း ၎င်းတို့၏ နိုင်ငံရေးအာဏာကို ကေအင်န်ယူလက်ထဲသို့ လွှဲအပ်ထားပြီး ကေအင်န်ယူကို သူတို့ပိုင်နက်ထဲတွင် အများပြည်သူလုပ်ငန်းများ လုပ်ကိုင်ခွင့်ပေးထားသည်။ ကရင်များ စည်းလုံးညီညွတ်မှုကို ရရှိလိုခြင်းနှင့် ကေအင်န်ယူ၏တရားဝင်မှုကို ရရှိလိုသောကြောင့် ဖြစ်သည်။

ကေအင်န်ယူက လက်ခံကျင်းပသော ယင်းတော်လှန်ရေးနေ့ အခမ်းအနားသို့ ထိုအဖွဲ့တက်ရောက်ခဲ့ခြင်းမှာ အသစ်အဆန်းမဟုတ်ပေ။ သို့သော် ကရင်များ၏စည်းလုံးမှုကို ထင်ရှားစွာ ပြသနိုင်သောအချက်မှာ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ Kayin State Border Guard Force ၏ ဗိုလ်မှူးစောချစ်သူက ကရင်ဒုံးယိမ်း အကပြိုင်ပွဲ ကျင်းပပေးခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲသည် ဇန်နဝါရီလ ၃၀ ရက်တွင် ပြီးဆုံးခဲ့သည်။

ကရင်လက်နက်ကိုင် အဖွဲ့အစည်းများထဲတွင် ဗိုလ်မှူးစောချစ်သူ၏ နယ်ခြားစောင့်တပ်ဖွဲ့သည် တပ်မတော် အရှေ့တောင်တိုင်းစစ်ဌာချုပ် လက်အောက်တွင်ရှိပြီး ၎င်းတို့သည် ကေအင်န်အယ်လ်အေနှင့် ခါးသီးသော ပဋိပက္ခများရှိထားသည်။ ယင်းကို ၂၀၁၀ ပြည့်နှစ်တွင် တပ်မတော်၏မဟာမိတ်ဖြစ်သော ဒီကေဘီအေ Democratic Karen Buddhist Army ကို ပြောင်းလဲဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ဒီကေဘီအေသည် ခရစ်ယာန်များ လွှမ်းမိုးသော ကေအင်န်အယ်လ်အေကို ၁၉၉၄ ခုနှစ်တွင် တော်လှန်ခဲ့ခြင်းဖြစ်သည်။

တပ်မတော်၏ ထောက်လှမ်းရေးတပ်နှင့် ရင်းနှီးသော ဗုဒ္ဓဘာသာဘုန်းတော်ကြီး ဦးသုဇနက တော်လှန်မှုကို လှုံ့ဆော်ပေးခဲ့သည်။ တပ်မတော်နှင့်အတူ ဒီကေဘီအေသည် ကေအင်န်ယူတို့ အချိန်ကြာမြင့်စွာ သိမ်းပိုက်ထားသော မာနယ်ပလောဌာနချုပ်ကို သိမ်းပိုက်ခဲ့သည်။ ထိုအချိန်မှစပြီး ကရင်အရပ်သားများအပေါ် အလွဲသုံးစား ပြုလုပ်မှုများ အဆိုးရွားဆုံး ဖြစ်ပေါ်ခဲ့သည်။ ဒီကေဘီအေကို နယ်ခြားစောင့်တပ် BGF အဖြစ် ပြောင်းလဲချိန်က ဘီစာလုံးကို ယခင် Buddhist မှ Benevolent သို့ ပြောင်းလဲခဲ့သည်။

စစ်ရေးပြအခမ်းအနားအပြီး ကေအင်န်ယူ အထွေထွေအတွင်းရေးမှူး ဖဒိုစောတာဒိုးမူးက Frontier ကို “ကရင်လူမျိုးတွေအားလုံး အဖွဲ့အစည်း တစ်ခုတည်းရဲ့ အမည်အောက်မှာပဲ ရှိနေစေချင်တယ်။ ကရင်လက်နက်ကိုင်အားလုံးက စောဘဦးကြီးရဲ့မူတွေကိုပဲ လက်ကိုင်ထားတာပါ။ မတူကွဲပြားမှုတွေကြောင့် ဒီလိုဖြစ်ခဲ့ရတာ” ဟု ပြောကြားသည်။

စောဘဦးကြီးက ကရင်တော်လှန်ရေး၏ပြယုဂ်ဖြစ်သည်။ သူသည် ရှေ့နေတစ်ဦးဖြစ်ပြီး အစိုးရဝန်ကြီးအဖြစ်လည်း လုပ်ကိုင်ခဲ့သည်။ ထို့နောက် ကေအင်န်ယူ၏ ပထမဆုံးဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ ၁၉၅၀ သြဂုတ်လတွင် တပ်မတော်က ခြုံခိုတိုက်ခိုက်မှုတွင် သေဆုံးသွားခဲ့သည်။ သူ၏ဓာတ်ပုံကို ကလိုယော်လေးရွာ စစ်ရေးပြပွဲတွင် ချိတ်ဆွဲပြသထားသည်။ သူချမှတ်ခဲ့သော မူဝါဒ လေးခုကိုလည်း ရေးထိုးပြသထားသည်။ လက်နက် ဘယ်တော့မှမချရ။ လက်နက်ကိုင် တော်လှန်မည်။ ကရင်ပြည်နယ်ကို အပြည့်အဝ အသိအမှတ်ပြုရမည်။ ကရင်တို့ရဲ့ နိုင်ငံရေးကံကြမ္မာကို ကရင်တို့ကသာ ဖန်တီးမည်စသည်ဖြင့် ဖြစ်သည်။

ဒီကေဘီအေမှ စစ်သည်တစ်ဦးက စစ်ရေးပြတပ်ဖွဲ့ကို ကြည့်ရှုလေ့လာနေစဉ်။ ဓာတ်ပုံ - စတိဗ်တစ်ခ်နာ

ဒီကေဘီအေမှ စစ်သည်တစ်ဦးက စစ်ရေးပြတပ်ဖွဲ့ကို ကြည့်ရှုလေ့လာနေစဉ်။ ဓာတ်ပုံ – စတိဗ်တစ်ခ်နာ

ရန်သူတွေ

ဇန်နဝါရီလ ၁၈ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ဗိုလ်ချုပ်ထွန်းထွန်းညီက မြန်မာနိုင်ငံတွင် ပြည်တွင်းစစ် မရှိတော့သဖြင့် ပြည်တွင်း၌ဖြစ်ပေါ်နေသော ပဋိပက္ခများကို ပြည်တွင်းစစ်ဟု ခေါ်ဝေါ်သုံးစွဲခြင်းမပြုကြရန် သတင်းသမားများကို သတိပေးခဲ့သည်။ ရခိုင်ပြည်နယ်တွင် အေအေနှင့် တပ်မတော်တို့ ပြင်းထန်စွာ တိုက်ပွဲများဖြစ်ပွားနေစဉ်၊ ကေအင်န်ယူနှင့် အခြားလက်နက်ကိုင်အဖွဲ့များ ပါဝင်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့မတိုးနိုင်ဘဲဖြစ်နေစဉ် ဗိုလ်ချုပ်ထွန်းထွန်းညီ၏ ပြောဆိုချက်ကို လူထုက ယုံရခက်ကြီး ဖြစ်နေလေသည်။ ၎င်းကဆက်လက်၍ ပြည်တွင်းစစ်သည် ၁၉၄၉ မေလအတွင်း ဖြစ်ပွားခဲ့သော အင်းစိန်တိုက်ပွဲနောက်ပိုင်း အဆုံးသတ်သွားခဲ့ပြီဟုဆိုသည်။

ဗိုလ်ချုပ်ထွန်းထွန်းညီက အင်းစိန်တိုက်ပွဲကို ရည်ညွှန်းပြောနေခြင်းဖြစ်သည်။ ၁၉၄၉ ခုနှစ် စောစောပိုင်းတွင် ရန်ကုန်မြို့မြောက်ဘက်ရှိ အင်းစိန်မြို့ကို ကရင်တပ်ဖွဲ့များက လအတော်ကြာအောင် သိမ်းပိုက်ထားသည်။ ဗိုလ်ချုပ်နေဝင်းခေါင်းဆောင်သော အစိုးရစစ်တပ်က အင်းစိန်ကို ဝိုင်းဝန်းတိုက်ကြရာ မေလတွင် အင်းစိန်ကို ကရင်တို့လက်မှ ပြန်လည်ရရှိခဲ့သည်။ ဗိုလ်ချုပ်ထွန်းထွန်းညီ၏ ပြောဆိုချက်မှာ မည်မျှထူးဆန်းသည်ဆိုစေ မြန်မာနိုင်ငံတလွှားရှိ တပ်မတော်၏ရန်သူများအပေါ် တပ်မတော်၏ သဘောထားအမှန်ကို ထင်ဟပ်ဖော်ပြလိုက်ခြင်းဖြစ်သည်။ ကေအင်န်ယူတပ်များက ရန်ကုန်ကိုသိမ်းရန် မိုင်အနည်းငယ်သာ လိုတော့သော ၁၉၄၉ မေလတိုက်ပွဲနောက်ပိုင်းတွင် မည်သည့်သူပုန်တပ်ကမျှ ဗဟိုအစိုးရကို ခြိမ်းခြောက်နိုင်လောက်သော အခြေအနေမရှိခဲ့ဟု တပ်မတော်က ယူဆထားပေသည်။

သို့သော် နောက်ပိုင်းဆယ်စုနှစ်များတွင် ကေအင်န်အယ်လ်အေနှင့် တပ်မတော်တို့၏ ပြင်းထန်သောတိုက်ပွဲများကို မြင်တွေ့ခဲ့ကြရသည်။ ၁၉၆၀ နှင့် ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသနှင့် မြန်မာပြည်အလယ်ပိုင်း ပဲခူးရိုးမဒေသမှ ကေအင်န်အယ်လ်အေဌာနချုပ်များ မောင်းထုတ်ခံရခြင်း၊ ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း နိုင်ငံအရှေ့တောင်ပိုင်းနယ်စပ် ကေအင်န်အယ်လ်အေ ပိုင်နက်နယ်မြေများ ဆုံးရှုံးခဲ့ရခြင်းတို့ကို ဖြစ်ပေါ်စေခဲ့သည့် တိုက်ပွဲများတွင် အစိုးရ၏ဖြတ်လေးဖြတ် မဟာဗျူဟာ၏ဒဏ်ကို အဆိုးရွားဆုံး ခံခဲ့ကြရသူများမှာ ကျေးလက်ဒေသရှိ ကရင်အရပ်ဖက် လူထုသာလျှင် ဖြစ်သည်။

ကိုလိုနီခေတ် မာလာယုနှင့် အခြားဒေသများတွင် သူပုန်များကို နှိမ်နှင်းရာ၌ ဗြိတိသျှတို့သုံးသည့်နည်းကို ရယူခဲ့ပုံရသော ဖြတ်လေးဖြတ်ဗျူဟာတွင် သောင်းကျန်းသူများအား ငွေကြေး၊ အစားအစာ၊ သတင်းထောက်လှမ်းရေးလမ်းကြောင်း၊ တပ်သားသစ်စုဆောင်းမှု ထိုလေးခုကို ဖြတ်တောက်ပစ်သည်။ ထိုသို့ လုပ်ဆောင်ရာတွင် တရွာလုံးကို နေရာပြောင်းရွှေ့ခြင်းများလည်း ပါဝင်သည်။

ကရင်လူ့အခွင့်အရေးအုပ်စု Karen Human Rights Group – KHRG ၏ ၁၉၉၂ မှစ၍ပြုစုခဲ့သော မှတ်တမ်းများအရ ရွာပြောင်းရွှေ့ခံ ရပ်သူရွာသားများကို အနီးအနားရှိ တပ်မတော်စစ်စခန်းများမှ စစ်သားများက အစားအသောက်များ တောင်းယူခြင်း၊ တရားမဝင်အခွန်ကောက်ခြင်း၊ အဓမ္မစေခိုင်းခြင်းများ ပြုလုပ်လေ့ရှိကြသည်။ ယင်းသို့ မတရားလုပ်ဆောင်ခံရမှုများကြောင့် ကရင်အရပ်သား တစ်သိန်းကျော်မှာ ထိုင်းနယ်စပ်ရှိ ဒုက္ခသည်စခန်းများသို့ ထွက်ပြေးခိုလှုံခဲ့ကြရခြင်းဖြစ်သည်ဟု KHRG အဖွဲ့ကဆိုသည်။

မကြာသေးမီက ရခိုင်ပြည်နယ်တွင် တပ်မတော် ကျင့်သုံးခဲ့သော နည်းကြောင့် တစ်ကမ္ဘာလုံးက အာရုံစိုက်လာခဲ့ကြပုံနှင့် ဆက်စပ်၍ စောတဒိုးမူးကို Frontier က မေးမြန်းကြည့်သည်။ တပ်မတော်က မြေလှန်ရှင်းလင်းရေး စစ်ဆင်ရေး လုပ်ပြီးနောက် ရိုဟင်ဂျာ ၇ သိန်းခန့် ဘင်ဂလားဒေ့ရှ်ဘက် ထွက်ပြေးခဲ့ရသည်။ အစိုးရကတော့ ရိုဟင်ဂျာ စစ်သွေးကြွများ၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် တုန့်ပြန်အရေးယူ ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဖဒိုစောတာဒိုးမူးက “အသက်ဘေးကြောင့် တဘက်နိုင်ငံ ထွက်ပြေးကြရတဲ့အဖြစ်က အတော်ဆိုးပါတယ်။ ကျွန်တော်တို့ အတိတ်က ဒီလိုပဲ ခံစားခဲ့ကြရပါတယ်။ ခုခေတ်လို ကမ္ဘာကလည်း ကျယ်ကျယ်ပြန့်ပြန့် မသိခဲ့ကြပါဘူး” ဟု ပြောပြသည်။ကလိုယော်လေးရွာမှ ကရင်တော်လှန်ရေးနေ့ အခမ်းအနား၌ ကရင်အမျိုးသားရဲတပ်ဖွဲ့မှ ရဲမေများကို တွေ့ရစဉ်။ ဓာတ်ပုံ - စတိဗ်တစ်ခ်နာ

ကလိုယော်လေးရွာမှ ကရင်တော်လှန်ရေးနေ့ အခမ်းအနား၌ ကရင်အမျိုးသားရဲတပ်ဖွဲ့မှ ရဲမေများကို တွေ့ရစဉ်။ ဓာတ်ပုံ – စတိဗ်တစ်ခ်နာ

မတိုးသာ မဆုတ်သာ

၁၉၄၈ လွတ်လပ်ရေးရချိန်တွင် ဗြိတိသျှလက်အောက် မြန်မာနိုင်ငံ၌ တိုင်းရင်းသား လူမျိုးစုတွေအကြား မယုံကြည်မှုနှင့် မလိုမုန်းထားမှုတို့ နက်ရှိုင်းစွာရှိနေခဲ့သည်။ ဗြိတိသျှ ကိုလိုနီအုပ်ချုပ်မှုကို ညီညီညွတ်ညွတ် စုပေါင်းတွန်းလှန် မောင်းထုတ်ခဲ့ကြသော်လည်း အနာဂတ်နိုင်ငံတော်နှင့်ပတ်သက်၍ ကွဲပြားသောရည်မှန်းချက် အမြင်များ ထားရှိခဲ့ကြသည်။ သူတို့၏ ကိုလိုနီသခင်ကြီးများအပေါ် ထားရှိသောသဘောထားမှာလည်း မတူညီခဲ့ကြပေ။ ထိုထဲတွင် ကရင်နှင့်ဗမာကြား ကွဲပြားမှုမှာ သိသာထင်ရှားဆုံးဖြစ်သည်။

ကိုလိုနီ အရပ်ဖက်အုပ်ချုပ်ရေးနှင့် ကိုလိုနီစစ်တပ်အတွက် လူသစ်များ စုဆောင်းခန့်ထားရာတွင် ကရင်လူမျိုးများကို အင်္ဂလိပ်က ဦးစားပေးခေါ်ယူသည်။ ဗြိတိသျှအုပ်ချုပ်မှုကို အကြမ်းဖက် တော်လှန်သည့် ဗမာများဦးဆောင်သည့် တော်လှန်ရေးကို နှိမ်နှင်းရာတွင် ကရင်တို့ကို ရှေ့တန်းကထား၍အသုံးပြုသည်။ ဒုတိယကမ္ဘာစစ်အပြီး ဗမာအများစုပါဝင်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ ဗမာ့လွတ်လပ်ရေးတပ်မတော် Burma Independence Army – BIA ကို ကိုလိုနီ ဗြိတိသျှစစ်တပ်လက်အောက် ပေါင်းစည်းသွတ်သွင်းသည့်အခါ ကရင်စစ်သားများသည် ဗြိတိသျှအလိုတော်ရိ ကရင်စစ်ဗိုလ်များဦးဆောင်သော တပ်ရင်းများတွင် ပါဝင်သွားခဲ့ကြသည်။

သို့သော် လွတ်လပ်ရေးအတွက် ပြင်ဆင်ကြိုးပမ်းနေကြစဉ်တွင် ကရင်နိုင်ငံရေးသမားများမှာ တိုး၍တိုး၍ ဘေးဖယ်ခံလာရသည်။ ထိုစဉ်က သူတို့တောင်းဆိုထားသော ကရင်ပြည်နယ်မှာ ယနေ့မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးပါ ထည့်သွင်းထားသည်။ ထိုတောင်းဆိုမှုကိုလည်း လျစ်လျူရှုခံခဲ့ရပေရာ ၁၉၄၇ ခု ဖေဖော်ဝါရီလတွင် ကျင်းပသော ဗိုလ်ချုပ်အောင်ဆန်းနှင့် ရှမ်း၊ ကချင်၊ ချင်းတွေအကြား ချုပ်ဆိုသည့် ပင်လုံညီလာခံ၌ ကရင်ကိုယ်စားလှယ်များ မတက်ရောက်ခဲ့ပေ။ ထိုပင်လုံသဘောတူညီချက်တွင် နယ်ခြားဒေသများကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကတိပေးထားသည်။ ပင်လုံစာချုပ်သည် ယနေ့ကြိုးပမ်းနေကြသည့် တိုင်းရင်းသား လူမျိုးစုများ သာတူညီမျှ အခွင့်အရေးရရှိစေမည့် ဖယ်ဒရယ်ပြည်ထောင်စုအတွက် ရှေ့ပြေး ပုံစံပင်ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော ကြားဖြတ်အစိုးရအဖွဲ့မှ စောဘဦးကြီး နုတ်ထွက်သွားသည်။ လွတ်လပ်သောမြန်မာပြည်၏ ပထမဆုံးသော ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲခဲ့သည့် တိုင်းပြုပြည်ပြု လွှတ်တော်ကို ကေအင်န်ယူတို့က သပိတ်မှောက်ခဲ့ကြသည်။ ၁၉၅၂ ခုနှစ်တွင် ယနေ့ကရင်ပြည်နယ်၏ နယ်နိမိတ်အတိုင်း ကရင်ပြည်နယ်ကို ဖွဲ့စည်းပေးပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အကန့်အသတ်ဖြင့်ပေးခဲ့သည်။ သို့သော် ကရင်တော်လှန်ရေးစစ်ပွဲကို ဟန့်တားနိုင်ခဲ့ခြင်းမရှိပေ။

အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြစ်ကြသော ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် မွန်ပြည်သစ်ပါတီ NMSP တို့ကဲ့သို့အဖွဲ့များသည် တပ်မတော်နှင့် အပစ်အခတ်ရပ်စဲရေးကို ကာလရှည်ကြာစွာ ရရှိထားခဲ့ကြပြီး တည်ငြိမ်စွာ ဆက်လက်ထိန်းထားနိုင်ကြသော်လည်း ကေအင်န်ယူအဖွဲ့မှာမူ ၂၀၁၂ ခုနှစ်ကျမှသာ တပ်မတော်နှင့် အပစ်ရပ်စာချုပ်ချုပ်နိုင်ခဲ့သည်။ ထိုအချိန်မှစ၍ ကေအင်န်ယူအဖွဲ့သည် ၂၀၁၁ ခုနှစ်တွင် သမ္မတဦးသိန်းစိန် စတင်လုပ်ဆောင်ထားခဲ့ပြီး ၂၀၁၆ ၌တက်လာသော အင်န်အယ်လ်ဒီအစိုးရက ဆက်လက်လုပ်ဆောင်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များထက်ပင် ပိုမိုတက်ကြွစွာ ပါဝင်လုပ်ကိုင်ခဲ့ပေသည်။

တပြည်လုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA ကို ၂၀၁၅ တွင် လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့က လက်မှတ်ရေးထိုးခဲ့ကြရာ၌ ကေအင်န်ယူသည် တစ်ဖွဲ့အပါအဝင်ဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် NCA ကို လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့ကပါ ထပ်မံပါဝင်ရေးထိုးခဲ့ကြသော်လည်း အင်အားကြီး ကေအိုင်အေနှင့် ညီညွတ်သော ဝ ပြည်နယ်တပ် UWSA တို့ကဲ့သို့သောအဖွဲ့များကမူ ယခုထက်တိုင် ပါဝင်ရေးထိုးခြင်း မရှိကြပေ။ အင်န်အယ်လ်ဒီအစိုးရကလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် အမှန်တကယ်ပါဝင်လိုလျှင် NCA ကို ဦးစွာ လက်မှတ်ရေးထိုးရမည်ဟုပြောနေသည်။

၂၀၁၃ ခုနှစ်က နေပြည်တော်တွင် ကာချုပ်မင်းအောင်လှိုင်က ကေအင်န်ယူဥက္ကဋ္ဌ စောမူတူးဆေးဖိုးကိုဖက်၍ နှုတ်ဆက်နေပုံ သတင်းဓာတ်ပုံ တွေ့မြင်ရသောအခါ လူအများ အံ့အားသင့်ကုန်သည်။ ထို့နောက်တဖန် ၂၀၁၆ နှောင်းပိုင်း နေပြည်တော်ရှိ ယခင်အာဏာရှင် ဦးသန်းရွှေ၏ ခမ်းနားထည်ဝါလှသောအိမ်ကြီးတွင် စောမူတူးဆေးဖိုးနှင့် အခြားကေအင်န်ယူ ထိပ်ပိုင်းခေါင်းဆောင်များက ဦးသန်းရွှေနှင့်တွေ့ဆုံနေပုံ ထွက်ပေါ်လာပြန်သည်။ ကရင် အရပ်ဖက်လူမှုအဖွဲ့အများစုက အခြေခံအားဖြင့် မယုံကြည်ထိုက်ဟု ၎င်းတို့ ယူဆထားသော မြန်မာစစ်တပ်နှင့် ကေအင်န်ယူခေါင်းဆောင်များ အရမ်းရင်းနှီးလွန်းသွားပြီလားဟု စိုးရိမ်စိတ်များဖြစ်ပေါ်ခဲ့သည်။

နယ်စပ်တပ်ဖွဲ့တပ်မှူး ဗိုလ်မှူးကြီး စောချစ်သူ စီစဉ်သည့် ရိုးရာကရင်ဒုံးယိမ်းအကအဖွဲ့ ဖျော်ဖြေစဉ်။ ဓာတ်ပုံ - စတိဗ်တစ်ခ်နာ

နယ်စပ်တပ်ဖွဲ့တပ်မှူး ဗိုလ်မှူးကြီး စောချစ်သူ စီစဉ်သည့် ရိုးရာကရင်ဒုံးယိမ်းအကအဖွဲ့ ဖျော်ဖြေစဉ်။ ဓာတ်ပုံ – စတိဗ်တစ်ခ်နာ

ရပ်ဆိုင်းဆုတ်ခွာခြင်း

ပြီးခဲ့သည့်နှစ် အောက်တိုဘာလက မိမိတို့ တရားဝင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ၌ ပါဝင်လုပ်ဆောင်မှုကို ရပ်ဆိုင်းထားလိုက်ပြီဖြစ်ကြောင်း ကေအင်န်ယူအဖွဲ့က ကြေညာခဲ့သည်။ အဓိက အခြေခံသဘောတရားများနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် မိမိနှင့်တပ်မတော်တို့ နားလည်မှုချင်း ကွဲလွဲနေသောကြောင့်ဟုအကြောင်းပြသည်။ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များသည် တခုတည်းသော စစ်တပ်ထားရှိရေးနှင့် ပြည်ထောင်စုမှ ခွဲမထွက်ရေးအခြေခံမူကို ရှေးဦးစွာ အာမဝန္တာခံပြီးမှသာ နိုင်ငံရေးဆွေးနွေးပွဲများကို ရှေ့ဆက်လုပ်ဆောင်နိုင်မည်ဟု ပြောလာသဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ရှေ့မတိုး နောက်မဆုတ်နိုင် အခြေဆိုက်လာရာမှ ကေအင်န်ယူက ယခုကဲ့သို့ နုတ်ထွက်သွားခြင်းဖြစ်သည်။ တပ်မတော်၏ ယင်းတောင်းဆိုမှုသည် နိုင်ငံရေးဆွေးနွေးပွဲများအတွက် အခြေခံဟု ယူဆထားသော အပစ်ရပ် သဘောတူညီချက်ပါ စည်းကမ်းသတ်မှတ်ချက်ဘောင်ကို ကျော်လွန်သွားပြီဟု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ဝေဖန်ခဲ့ကြသည်။

ကလိုယော်လေးရွာတွင် ကျင်းပသော အနှစ် ၇၀ မြောက် ကရင်တော်လှန်ရေးနေ့ အခမ်းအနားပြင်ပတွင် ကေအင်န်ယူအဖွဲ့၏ နိုင်ငံခြားရေးတာဝန်ခံ စောတောနီးက Frontier ကို ပြည်ထောင်စုမှ ခွဲမထွက်ရဟု အာမခံရမည်ဟူသော တပ်မတော်၏တောင်းဆိုမှုသည် တိုင်းရင်းသားလူမျိုးစုအားလုံး သာတူညီမျှအခွင့်အရေး ရှိရမည်ဟူသောအခြေခံမူကို ချိုးဖောက်ရာရောက်သည်ဟု ကေအင်န်ယူအပါအဝင် တိုင်းရင်းသားအားလုံးက ခံယူထားကြောင်းပြောသည်။

“ကျွန်တော်တို့ ဒီနိုင်ငံကို ပင်လုံညီလာခံကတဆင့် ပြည်ထောင်စုကြီးအဖြစ် တည်ထောင်ခဲ့ကြတာပါ။ တိုင်းရင်းသားတချို့မှာ ခွဲထွက်ပိုင်ခွင့်ရှိပါတယ်” ဟု ၁၉၄၇ ဖွဲ့စည်းပုံတွင် ပြည်နယ်များအား ခွဲထွက်ခွင့် ပေးထားသည်ကို ရည်ညွှန်းပြီးပြောသည်။ “ဒါပေမဲ့ ဘယ်သူမှ ဒါကိုအသုံးပြုဖို့ မကြိုးစားခဲ့ကြပါဘူး။ ကျွန်တော်တို့အတွက်တော့ ဒီကိစ္စဟာ ဆွေးနွေးပြောဆိုစရာကိစ္စကို မဟုတ်ပါဘူး။ ခွဲမထွက်ရဆိုတဲ့ အာမခံချက်ဟာ NCA ထဲမှာလည်း မပါပါဘူး။ ကျွန်တော်တို့မှာ တူညီတဲ့ အခွင့်အရေးတွေရမယ်။ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်တွေလည်းရမယ်ဆိုရင် ဒီနိုင်ငံက ခွဲမထွက်ချင်ပါဘူး။ အတူတကွပဲ နေချင်ပါတယ်”

ပြည်ထောင်စုကြီးမှာ စစ်တပ် တစ်ခုတည်းရှိရမည်ဟူသော တပ်မတော်၏တောင်းဆိုမှုကို တိုင်းရင်းသားတွေက သံသယစိတ် ဖြစ်နေကြသည်။ နိုင်ငံရေးသဘောတူညီမှုမရမီ သူတို့ကို လက်နက်မဲ့ဖြစ်အောင် ကြိုးစားလာခြင်းဟု ရှုမြင်နေကြသည်။ ထိုသို့တပ်မတော်က တောင်းဆိုနေသည့်အတိုင်းသာ သဘောတူ လိုက်လျောရပါက နိုင်ငံရေးဆွေးနွေးပွဲတွင် တိုင်းရင်းသားတွေဘက်က လက်ရှိကုတ်အား ကန်အား သြဇာအရှိန်အဝါ ဘာတစ်ခုမှ ကျန်ရှိတော့မည်မဟုတ်ပေ။

လက်ရှိတပ်မတော်က ပြည်ထောင်စုစစ်တပ်စစ်စစ် ဖြစ်ပါသည်ဟု မျက်စိစုံမှိတ်ပြောနေခြင်းကိုလည်း တိုင်းရင်းသားများက လက်မခံပေ။ လက်ရှိစစ်တပ်ကို ဗမာတွေကသာ ကြီးစိုးထားပြီး တိုင်းရင်းသားတွေမှာ သူတို့ကို ကြောက်ရွံ့နေရပေသည်။ တပ်မတော်က ယင်းသို့တောင်းဆိုနေခြင်းမှာ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးကို မဆွေးနွေးနိုင်အောင် အကာအကွယ် အတားအဆီးပြုလုပ်နေခြင်းသာဖြစ်သည်။ မြန်မာ့လုံခြုံရေးတပ်ဖွဲ့များအား လူ့အဖွဲ့အစည်းကို ပို၍ကိုယ်စားပြုလာစေရန်၊ လူ့အဖွဲ့အစည်းကို ပို၍တာဝန်ခံလာစေရန် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရန်မှာ တိုင်းရင်းသားတို့ စိတ်အပူဆုံး၊ စိတ်သောကအရောက်ဆုံး၊ အလိုလားဆုံးကဏ္ဍပင်ဖြစ်သည်။

“နိုင်ငံတစ်နိုင်ငံမှာ စစ်တပ် တစ်ခုတည်းရှိရမယ်ဆိုတဲ့ အယူအဆကို ကျွန်တော်တို့ လက်မခံနိုင်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ စစ်တပ် တစ်ခုတည်းအဖြစ် မပေါင်းစည်းခင်မှာ အခြေခံလူသားလုံခြုံရေးအပါအဝင် စိတ်ချလုံခြုံရေး ပြဿနာတွေကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြဖို့လိုပါတယ်။ ဒါပေမဲ့ တပ်မတော်ကတော့ တစ်ခုတည်းသော စစ်တပ်စနစ်ကို ပထမအရင် သဘောတူရမယ်လို့ပြောနေပါတယ်။ ဒါကို ကျွန်တော်တို့ လုံးဝလက်မခံနိုင်ပါဘူး” ဟု စောတောနီးက ပြောသည်။

“ကျွန်တော်တို့က အရပ်ဖက်ကြီးစိုးလွှမ်းမိုးမှုကို လိုချင်တယ်။ ဒါပေမဲ့ အခု စစ်ဖက်က အရပ်ဖက်အပေါ် ကြီးစိုးနေတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ မရှိတော့ဘူးဆိုရင် ကျွန်တော်တို့က အရပ်ဖက် အုပ်ချုပ်မှုအောက်ရောက်မယ်လို့ တပ်မတော်က ပြောပါတယ်။ ကျွန်တော်တို့ကို တိုက်ရိုက်ကြီး အဲဒီအတိုင်း ပြောတာပါ” ဟု ၎င်းကဆိုသည်။

ချင်းမိုင်တက္ကသိုလ်မှ သုတေသနပညာရှင် တစ်ဦးဖြစ်ပြီး ကရင်တို့၏ တော်လှန်ရေးစစ်ပွဲကို ကာလကြာရှည် လေ့လာစောင့်ကြည့်ခဲ့သူ မစ္စတာ အက်ရှ်လေဆောက်သ် Mr Ashley South အား Frontier က တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာတွင် မစ္စတာ အက်ရှ်လေက “အခု အငြင်းပွားနေတဲ့ ပြဿနာက အလွန်အရေးပါတာကြောင့် လက်ရှိ တရားဝင် ငြိမ်းချမ်းရေးဆွေးနွေးပွဲကနေ ခေတ္တနုတ်ထွက်လိုက်ဖို့ ကေအင်န်ယူရဲ့ ဆုံးဖြတ်မှုဟာ အလွန်အမြော်အမြင်ရှိတဲ့ ဆုံးဖြတ်လုပ်ဆောင်ချက်ဖြစ်ပါတယ်” ဟုပြောသည်။

“အဓိကပါဝင်နေကြတဲ့ တိုင်းရင်းသားတွေရဲ့ မျှော်လင့်ချက်တွေ စိုးရိမ်သောကတွေကို ဖြေရှင်းဆောင်ရွက်မပေးနိုင်ဘဲ ချို့ယွင်းချက်တွေများစွာရှိနေတဲ့ ဒီငြိမ်းချမ်းရေးဆွေးနွေးပြောဆိုမှုကို ရှေ့တိုးလုပ်သွားဖို့ အစိုးရကို ခွင့်မပေးသင့်ပါဘူး။ ဒါဟာနောက်လာမယ့် ရွေးကောက်ပွဲအတွက် ပြယုဂ် တစ်ခုသာ ဖြစ်မှာပါ” ဟု ၎င်းကပြောသည်။

ကေအင်န်ယူဥက္ကဋ္ဌ စောမူတူးဆေးဖိုး မိန့်ခွန်းပြောကြားအပြီး ခေတ္တနားနေစဉ်(ဝဲ)နှင့် ယခင်က ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၌ ကြားဝင်ဆောင်ရွက်ပေးခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း ဦးအောင်မင်း။ ဓာတ်ပုံ - စတိဗ်တစ်ခ်နာ

ကေအင်န်ယူဥက္ကဋ္ဌ စောမူတူးဆေးဖိုး မိန့်ခွန်းပြောကြားအပြီး ခေတ္တနားနေစဉ်(ဝဲ)နှင့် ယခင်က ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၌ ကြားဝင်ဆောင်ရွက်ပေးခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း ဦးအောင်မင်း။ ဓာတ်ပုံ – စတိဗ်တစ်ခ်နာ

ပါဝင်ခွင့် မပြုခြင်း

ကေအင်န်ယူက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှ ယာယီနုတ်ထွက်လိုက်ခြင်းကြောင့် အစိုးရနှင့် တပ်မတော်ဘက်က လိုက်လျောမှုပြုမည့် လက္ခဏာများ မြင်တွေ့နေရသည်။ မည်သည့်အတိုင်းအတာအထိ လိုက်လျောမည်တော့ မသေချာလှသေးပေ။ လွှတ်တော်တွင် တပ်မတော်၏ပါဝင်မှုကို တဆင့်ချင်း လျှော့ချရုပ်သိမ်းပေးရန်နှင့် ၂၀၃၀ တွင် တပ်မတော်ကချုပ်ကိုင်ထားသော ဝန်ကြီးဌာနများကို စွန့်လွှတ်ပေးရေးကို ဆွေးနွေးရန် အခြားလက်နက်ကိုင်အဖွဲ့များနှင့်အတူ ကေအင်န်ယူက လွန်ခဲ့သောနှစ် မေလတွင် အဆိုပြုတင်ပြခဲ့သည်။ ထိုအဆိုပြုချက်ကို အစိုးရနှင့်စစ်တပ်က လုံးဝငြင်းပယ်ခဲ့ကြသည်။ သို့သော် ဇန်နဝါရီ ၁၃ ရက်က တရားမဝင် ဆွေးနွေးပြောဆိုခဲ့ရာတွင် အစိုးရက ထိုအဆိုကိုဆွေးနွေးရန် သဘောတူခဲ့သည်ဟု စောတောနီးကပြောသည်။

ရန်ကုန်အခြေစိုက် မြန်မာ့ငြိမ်းချမ်းရေးစင်တာ MPC ၏ ဥက္ကဋ္ဌဖြစ်ခဲ့ပြီး ၂၀၁၂ ခုနှစ် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ယခင်ကကြားဝင်ဆောင်ရွက်ပေးခဲ့သူ တပ်မတော်ဗိုလ်ချုပ်ကြီးဟောင်း ဦးအောင်မင်းအား လက်ရှိရှေ့မတိုး နောက်မဆုတ်အခြေအနေကို ကြားဝင်ဆောင်ရွက်ပေးရန် ကေအင်န်ယူက ချဉ်းကပ်နေသည်ဟူသော ကောလာဟလသတင်းများလည်း ထွက်နေသည်။

ဦးအောင်မင်းသည် ကရင်တော်လှန်ရေးနေ့ အခမ်းအနားတွင် ဖိတ်ကြားခံရသော ဂုဏ်ထူးဆောင် ဧည့်သည်တစ်ဦးဖြစ်ပြီး ၎င်းကို ကရင်တိုင်းရင်းသားဝတ်စုံဆင်မြန်းလျက် စောမူတူးဆေးဖိုး၊ ကေအင်န်အယ်လ်အေအကြီးအကဲ စောဂျော်နီတို့နှင့်အတူ ရှေ့တန်းတွင်တွေ့မြင်ခဲ့ရသည်။ စောတောနီးက အဆိုပါဥပါယ်တမျဉ်ကို အတည်ပြုမပြောကြားခဲ့သည့်တိုင် ဦးအောင်မင်းသည် ကောင်းစွာ ကြားဝင်ဖြန်ဖြေတတ်သူ MPC တွင် အပြုသဘောကဏ္ဍမှ တက်ကြွစွာ ပါဝင်လုပ်ဆောင်ခဲ့သူ တစ်ဦးဖြစ်ကြောင်း မှတ်ချက်ပြုပြောဆိုခဲ့သည်။

ကရင်တော်လှန်ရေးနေ့ စစ်ရေးအခမ်းအနားအပြီး၌ Frontier ကို ဦးအောင်မင်းက သူ့အား တရားဝင် ကမ်းလှမ်းမှု ပြု မပြု ထုတ်ဖော်မပြောဆိုခဲ့သော်လည်း အခွင့်အလမ်းများ ပေါ်လာပါက ပြန်ပြီးဝင်ရောက် ဆောင်ရွက်ပေးမှာပါဟုပြောသည်။ “ငြိမ်းချမ်းရေးအတွက်ဆိုရင် ကျွန်တော် ဘာလုပ်ရ လုပ်ရ လုပ်မှာပါ။ ဒါပေမဲ့ ဒီလိုဖြစ်လာမယ်လို့တော့ မထင်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒါက ရွေးကောက်ခံအစိုးရအပေါ်မှာ မူတည်နေလို့ပါ” ဟု အင်န်အယ်လ်ဒီအစိုးရက သူ့ကိုနေရာပေးချင်မှာမဟုတ်ကြောင်း ရည်ညွှန်းပြောဆိုသည်။

သို့သော် ငြိမ်းချမ်းရေးသည် ထိုထက်ပိုမို နက်ရှိုင်းသော အခက်အခဲ အတားအဆီးများရှိနေကြောင်း တပ်မတော်ရော အရပ်သားအစိုးရပါ ဗမာလူမျိုးးကြီးစိတ်ဓာတ် ရှိနေသောကြောင့်ဖြစ်ကြောင်း ဖဒိုစောတာဒိုးမူးက ပြောသည်။

“အစိုးရရဲ့ သဘောသဘာဝက မြန်မာလူများစုကသာ အုပ်ချုပ်လိုတဲ့သဘောရှိပါတယ်။ အစိုးရရဲ့ ဖွဲ့စည်းပုံနဲ့ ပေါ်လစီတွေက တိုင်းရင်းသားတွေကို ဖိနှိပ်ထားဖို့ပါ။ ရွေးကောက်ခံအစိုးရဆိုပေမဲ့ တိုင်းရင်းသားတွေအပေါ်မှာ အဖေကြီးလို စည်းကမ်းတွေနဲ့ ကန့်သတ်ထားလိုတဲ့ဆန္ဒက ရှိနေဆဲပါပဲ” ဟု ၎င်းကပြောကြားသည်။

မစ္စတာအက်ရှ်လေဆောက်သ်ကလည်း ယင်းအဆိုကို ထောက်ခံသည်။ “ဗမာမြို့ပြ အထက်တန်းလွှာတွေရဲ့ သဘောထားက မပြောင်းလဲသေးပါဘူး။ တိုင်းရင်းသားတွေရဲ့ နစ်နာမှုတွေ၊ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်တွေကို တကယ်တန်း အသိအမှတ်ပြုတဲ့အစိုးရ မပေါ်သေးပါဘူး။ နိုင်ငံရေးယဉ်ကျေးမှုအနေနဲ့ပြောရင် အင်န်အယ်လ်ဒီနဲ့ တပ်မတော်ဟာ အတူတူပါပဲ။ အစိုးရနဲ့ လူ့အဖွဲ့အစည်းဆက်ဆံရေး အမြင်သီအိုရီကတော့ တထပ်တည်းပါပဲ”

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – စတိဗ်တစ်ခ်နာ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar