အရောင်စုံ အသွေးစုံ လောက်ကိုင်

နန္ဒ

ဆယ်နှစ်တာ ကိုးကန့်အမတ်သက်တမ်း အတွင်း ဦးကျော်နီနိုင် ဆောင်ရွက်ခဲ့ရသော အဓိကအလုပ်တစ်ခုမှာ သူ၏မဲဆန္ဒရှင်ပြည်သူအချို့ကို ၎င်းတို့မှာ မြန်မာနိုင်ငံထဲတွင်နေထိုင်ကြပြီး တရုတ်နိုင်ငံသားများမဟုတ်ကြကြောင်း ရှင်းပြရခြင်းပင် ဖြစ်သည်။
“ခင်ဗျားတို့က တရုတ်နိုင်ငံသားမဟုတ်ဘူး။ မြန်မာနိုင်ငံသားတွေ” ဟု တရုတ်ဘာသာစကားဖြင့် သူ ရှင်းပြရလေ့ရှိသည်။
တရုတ်မျိုးနွယ်တစ်ဦးအား တရုတ်နိုင်ငံသားမဟုတ်ကြောင်း ရှင်းပြရသည်မှာ အတော်မလွယ်သော ကိစ္စဖြစ်သည်။
မြန်မာနှင့်တရုတ်နယ်စပ်တွင်ရှိသော ကိုးကန့်ဒေသသည် တောတောင်ထူထပ်ပြီးသွားရေးလာရေးခက်ခဲကာ နှစ်နိုင်ငံအုပ်ချုပ်သူများ၏အာဏာစက်နှင့် အလှမ်းကွာခဲ့သော ကိုးကန့်၏ရေခံမြေခံက ဒီအခြေအနေတွေဖြစ်ဖို့အကြောင်းဖန်လာပါသည်။

လောက်ကိုင်ရှိ ဟိုတယ်ဝန်းတစ်ခုထဲမှ ဈေးဝယ်လျှောက်လမ်း။ဓာတ်ပုံ-နန္ဒ

လောက်ကိုင်ရှိ ဟိုတယ်ဝန်းတစ်ခုထဲမှ ဈေးဝယ်လျှောက်လမ်း။ဓာတ်ပုံ-နန္ဒ

မြန်မာပြည်ဖွား တရုတ်များ

ကိုးကန့်လူမျိုး၏အစမှာ “မင်” မင်းဆက် က တရုတ်နိုင်ငံထဲမှ စစ်ရှုံးမင်းတစ်ပါး မြန်မာနယ်ထဲသို့ထွက်ပြေးလာရာမှပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း ကိုးကန့်သမိုင်းပြုစုသူ ဦးထွန်းနိုင်က မြစ်ဖျားသံလွင်ဦးမှ ကိုးကန့်တိုင်းရင်းသားများ”စာအုပ်တွင် အောက်ပါအတိုင်းထည့်သွင်းရေးသားထားသည်။
၁၆၅၈ ခုနှစ်တွင် စစ်ရှုံးသည့် ကျူယူလန် သည် ယူနန်ပြည်နယ်ဘက်သို့ ဆုတ်ခွာလာစဉ် မန်ချူးရီးယားတပ်နှင့် ထပ်တွေ့ပြီးတိုက်ခိုက်ရာမှ ရှမ်းပြည် သို့ ဆုတ်ခွာခဲ့ရသည်။ ထို့နောက် အင်းဝ သို့ သွားပြီး မြန်မာဘုရင်ထံခိုလှုံခွင့်တောင်းသည်။ မန်ချူးရီးယားတပ်များကလည်းထပ်ချပ်မကွာ လိုက်လာကြပြီး မြန်မာဘုရင်သည် ကျူယူလန်ကို မန်ချူးတို့လက်အပ်လိုက်ရာ ကူမင်းတွင် ကွပ်မျက်ခံရသည်။
ကျူယူလန်၏နောက်လိုက်အချို့လည်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြရာ နောင်တွင်ကိုးကန့်ဒေသဖြစ်လာမည့် “မာလီပါး” ဟု ၎င်းတို့အမည်ပေးခဲ့သောနေရာတွင် ခိုအောင်းခဲ့သည်။ တရုတ်ပြည်တွင် မန်ချူးတို့စစ်နိုင်ပြီး မန်ချူးအင်ပါယာထူထောင်ခဲ့ရာ တရုတ်ပြည်ပြန်ရန်မျှော်လင့်ချက်မဲ့ခဲ့ရသော ကျူယူလန်၏နောက်လိုက်များသည် ကိုးကန့်ဒေသ၌သာ အခြေချခဲ့ကြပြီး ဒေသခံများနှင့်အိမ်ထောင်ပြုကြရာမှ လူဦးရေတိုးပွားလာခဲ့ကြသည်။
အရှင်သခင်ကိုမကာကွယ်နိုင်သောစစ်သည်များသည် မန်ချူးတို့ကိုနာကျည်းစိတ်၊ သတ်ဖြတ်ခံရမည်ကိုကြောက်ရွှံ့စိတ်တို့ကြောင့် မွေးဖွားလာသော သားသမီးများအား တရုတ်ပြည်နှင့်အဆက်ဖြတ်ရန်မှာကြားပြီး “ကိုးကန့်လူမျိုး”အဖြစ် ခံယူခဲ့ကြသည်။
“ကိုးကန့်” ဟူသည်မှာ တရုတ်ဘာသာစကားအရ “ပြတ်သားရဲရင့်သော လူမျိုး” ဟု အဓိပ္ပါယ်ရသည်။
အင်္ဂလိပ်ကိုလိုနီအဖြစ်သို့မြန်မာနိုင်ငံ ကျရောက်စဉ် ၁၈၈၆ ခုနှစ်တွင် ပီကင်း၌ ချုပ်ဆိုသော နှစ်နိုင်ငံနယ်နိမိတ်စာချုပ်တွင် ကိုးကန့်နယ်အား တရုတ်နိုင်ငံဘက်သို့ပေးလိုက်ရသည်။
ကိုးကန့်သည် မြန်မာဘုရင်များလက်ထက်က မြန်မာပိုင်နက်ဖြစ်ကြောင်းအင်္ဂလိပ်တို့သိရှိပြီးနောက် ၁၈၉၇ ခုနှစ်တွင် မြန်မာနယ်နိမိတ်အဖြစ်ပြန်လည်ချုပ်ဆိုနိုင်ခဲ့သည်။
ထိုစဉ်က တရုတ်အစိုးရနှင့် ယူနန်အစိုးရသည် ကိုးကန့်တွင် တရုတ်များနေထိုင်ကြသည်ကိုအကြောင်းပြု၍ ကိုးကန့်နယ်ကို တရုတ်ပိုင်နက်ဖြစ်ရန် အခါအခွင့်သင့်တိုင်းကြိုးပမ်းခဲ့ကြသည်။
မြန်မာနိုင်ငံလွတ်လပ်ရေးမရမီ ဒုတိယကမ္ဘာစစ်ကာလအတွင်းက ကိုးကန့်တွင် တရုတ်အလံမလွှင့်ထူမှုကြောင့် ယူနန်ရှိ တရုတ်ဖြူ ကူမင်တန်တပ်များသည် ကိုးကန့်မြို့စား ယန်ဝင်ပင် အား ဖမ်းဆီးပြီးစစ်ခုံရုံးတင်ခဲ့ကြသည်။
လွတ်လပ်ရေးရပြီးနောက် ကိုးကန့်နယ်ထဲထပ်ဝင်လာသော ကူမင်တန် တပ်များကို တပ်မတော်နှင့်ပူးပေါင်းပြီး ရန်ဝင်ပင်၏သား ကိုးကန့်စော်ဘွား ရန်ကျင်ဆိုင် က တိုက်ထုတ်ခဲ့သည်။
အစိုးရနှင့် ဆက်ဆံရေးကောင်းမွန်သော စော်ဘွားသည် အစိုးရကိုယ်စားလှယ်အချို့ကို ၁၉၅၃ ခုနှစ်က ကိုးကန့်ဒေသသို့ဖိတ်ခေါ်ခဲ့ရာ ကိုယ်စားလှယ်အဖွဲ့က စည်းရုံးရေးလက်ဆောင် အဖြစ် နိုင်ငံတော်အလံနှင့် အောက်ပါအတိုင်းရေးထားသော စည်းရုံးရေးလက်ကမ်းစာစောင်အချို့ကို ယူဆောင်လာခဲ့ကြသည်။
“ပြည်ထောင်စု မြန်မာနိုင်ငံတော်သည် သင့်နိုင်ငံတော်ဖြစ်သည်။”
“သင်သည် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်သည်။”

ရှမ်းပြည်ထဲက စိနမြို့

ကိုးကန့်တိုင်းရင်းသား ဖြစ်သူ ဦးကျော်နီနိုင် သည် လွန်ခဲ့သော နှစ်ပေါင်း ၆၀ ကျော်က စည်းရုံးရေးတစ်ခုအား မျက်မှောက်ခေတ်ထိဘာကြောင့်လုပ်နေခဲ့ရပါသလဲ။ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၏ မြို့တော် “လောက်ကိုင်” သို့ ရောက်ဖူးခဲ့လျှင် ဒီအဖြေကိုအလွယ်တကူရရှိပါလိမ့်မည်။
နေရာအနှံ့ တရုတ်ယဉ်ကျေးမှုလွှမ်းမိုးသော လူနေအဆောက်အအုံများ၊လမ်းပေါ်တွင်တွေ့ရသောလူများမှာ တရုတ်စကားပြောပြီး တရုတ်ယွမ်ငွေသုံးသော မြို့ ၊တရုတ်ဖုန်းလိုင်းကိုသုံးပြီး တရုတ်ချန်နယ်လိုင်းများသာ ကြည့်သော မြို့တစ်မြို့အဖြစ် လောက်ကိုင်မြို့က ဆီးကြိုနေလိမ့်မည်ဖြစ်သည်။ အခြားမြို့ကြီးများတွင်တွေ့ရလေ့မရှိသည့် ကာစီနိုများလည်းရှိသည်။
လောက်ကိုင်သည် တရုတ်နိုင်ငံ၊နမ်ဆန်မြို့နှင့် ထိစပ်နေကာ အနီးဆုံးစည်ကားရာမြို့ လားရှိုးနှင့် မိုင်တစ်ရာကျော်ဝေးကွာသည်။
ကိုးကန့်ဒေသ၏စီးပွားရေးသည် အနီးရှိတရုတ်နိုင်ငံနှင့်သာ ကူးလူးဆက်ဆံခဲ့ရသဖြင့် ယွမ်ငွေသည် အဓိကသုံးငွေဖြစ်လာသည်။

“ဒီမှာက ယွမ်ငွေသုံးတာ အစဉ်အဆက်လိုဖြစ်နေပြီ” ဟု လောက်ကိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးငွေဒိုးကပြောသည်။
(ကိုးကန့်နီးတူ အထူးဒေသများဖြစ်ကြသည့် အထူးဒေသ(၂) ‘ဝ’ ဒေသနှင့် အထူးဒေသ(၄) မိုင်းလားတို့တွင်လည်း တရုတ်ယွမ်ငွေကိုသာ အသုံးပြုကြသည်။)
တရုတ်နိုင်ငံနှင့် ကိုးကန့်ဒေသသည် နယ်စပ်ဖြတ်သန်းခွင့်စာအုပ်နှင့် (၇)ရက် နေထိုင်ခွင့်အား အပြန်အလှန်ခွင့်ပြုထားရာ ရန်လုံကျိုင်းဂိတ်နှင့်နမ့်ဖာဟော်ဂိတ်သည် ဧည့်အဝင်အထွက်ဖြင့်အမြဲစည်ကားနေလေ့ရှိသည်။
လောက်ကိုင်သို့ ပထမဆုံးရောက်ဖူးသူတစ်ဦးကို “ လောက်ကိုင်သည် မြန်မာနိုင်ငံထဲကမြို့” ဖြစ်ကြောင်း ရှားပါးသက်သေကိုရှာပြရန် “ကိုးကန့်မြန်မာ ငြိမ်းချမ်းရေးကျောက်တိုင်” ရှေ့က ပေါင်းဖုန်း လမ်း ကိုသွားရပါလိမ့်မည်။

ကိုးကန့်- မြန်မာ ငြိမ်းချမ်းရေးကျောက်တိုင်။ဓာတ်ပုံ-နန္ဒ

ကိုးကန့်- မြန်မာ ငြိမ်းချမ်းရေးကျောက်တိုင်။ဓာတ်ပုံ-နန္ဒ

ကိုးကန့်မြေရောက် မြန်မာလုပ်သားများအိမ်သို့ငွေပြန်ပို့သော၊ ကျပ်ငွေကိုအသုံးပြုနိုင်ပြီး ဗမာအစားအသောက်နှင့်ထွက်ကုန်များ ရရှိနိုင်သော တစ်ခုထဲသောနေရာဖြစ်ပြီး ဗမာများကိုအများဆုံးတွေ့နိုင်သောနေရာဖြစ်၍ ဒီနေရာကို “ဗမာတန်း” ဟု ခေါ်ဆိုကြသည်။
မြို့တွင်းရှိ ဟိုတယ်၊စီးပွားရေးလုပ်ငန်းများနှင့် ဈေးဆိုင် ဆိုင်းဘုတ်များကို သေသပ်လှပသော တရုတ်စာများဖြင့်ရေးထားပြီး တရုတ်စာအောက်တွင်မူ သတ်ပုံမှားနေသော မြန်မာစာလုံးများကို တွေ့ရမည်ဖြစ်သည်။
“ကျွန်တော့တစ်သက် မြန်မာစာလုံးပေါင်းအမှားတွေ ချိတ်ထားတဲ့ ဆိုင်းဘုတ်အများဆုံး မြင်ဖူးတဲ့မြို့ပဲ” ဟု လောက်ကိုင်တွင် တာဝန်ကျနေသည့် ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးဖြစ်သူ ဦးကျော်စွာကပြောသည်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဦးစီးအဖွဲ့က ကြိုးစားနေရသည့် အထဲတွင် မြန်မာစာ တိုးတက်လာရေးကလည်း အဓိကစိန်ခေါ်မှုဖြစ်သည်။
“ မြန်မာစာကို ကိုးကန့်ဘာသာပြန်ငှားပြီး သင်ရတယ်။ အဲ့လိုသင်မှ ကျောင်းလာတက်တဲ့လူများတယ်။” ဟု ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ကုန်းကြမ်းမြို့နယ်ပညာရေးမှုး ဦးဝင်းမောင်ကပြောသည်။
ကုန်းကြမ်းမြို့နယ်တွင် ကိုးကန့်ဦးစီးအဖွဲ့က အထက်တန်းကျောင်းဆောင်သစ်ကြီးဆောက်လုပ်ပေးခဲ့သော်လည်း ပြီးခဲ့သည့် မတ်လက ကျင်းပခဲ့သော တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုဖြေဆိုသူတစ်ဦးမှပင်မရှိခဲ့ချေ။ မြို့နယ်ပညာရေးမှုးရုံးစာရင်းများအရ လွန်ခဲ့သော သုံးနှစ်ကျော်ကထဲက ဆယ်တန်းဖြေသူမရှိကြောင်း သိရသည်။
“မြန်မာစာကိုသင်ကြပါ။ မြန်မာစာကရုံးသုံးဘာသာစကားပါ လို့ ကျွန်တော်အမြဲပြောရပါတယ်” ဟု ဦးကျော်နီနိုင်ကဆိုသည်။
ကိုးကန့်လူမျိုးများမြန်မာစာတတ်လာပါက ပြည်ထောင်စုအစိုးရနှင့်ပို၍ထိရောက်စွာဆက်ဆံနိုင်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်အထောက်အကူပြုမည်ဟု သူကယုံကြည်သည်။
လက်ရှိတွင် ကိုးကန့်ဦးစီးအဖွဲ့နှင့် အစိုးရဌာနဆိုင်ရာများ၏ အစည်းအဝေးများအား စကားပြန်ဖြင့်ကျင်းပနေကြရသည်။
၂၀၁၄ သန်းခေါင်စာရင်းအရ ရော ၂၀၁၉ ခုနှစ်တွင်ကောက်ယူထားသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အချက်အလက်များအရ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော လောက်ကိုင်နှင့် ကုန်းကြမ်း နှစ်မြို့နယ်ပေါင်း လူဦးရေ မှာတစ်သိန်းနှစ်သောင်းကျော်ရှိပြီး ကိုးကန့်ကလူများစုဖြစ်သည်။
မြန်မာတစ်နိုင်ငံလုံးတွင် ကိုးကန့် တစ်သိန်းခွဲကျော်ခန့်မှာ မှတ်ပုံတင်ရရှိပြီးဖြစ်ပြီး ကျန်အများစုမှာ နိုင်ငံသားအဖြစ်စိစစ်ရန်လိုအပ်နေသေးသည့် အမျိုးသားမှတ်ပုံတင်ကတ်(သုံးခေါက်ချိုးကတ်)ကိုင်ဆောင်သူများဖြစ်သည်။
“ဒီမှာက အေးအေးဆေးဆေးပါပဲ၊ ဘာပြဿနာမှ မရှိဘူး။ ပိုက်ဆံရှာရတာအဆင်ပြေတယ်” ဟု ဗမာတန်းရှိ မြန်မာအဆင်များချုပ်လုပ်နေသော အောင်လံမြို့မှ မသဲဆု ကပြောသည်။
ဗမာ၊ ရှမ်းနှင့်ပလောင် တို့၏ လူဦးရေမှာ တစ်သောင်းစီပင် မပြည့်ပေ။ ၎င်းတို့ နောက်တွင် ကချင်နှင့် ဝ တို့ ရှိနေသော်လည်း လူဦးရေ တစ်ထောင်အောက်သာဖြစ်သည်။ ကယား၊ကရင်၊ချင်း၊မွန်နှင့်ရခိုင် တို့လည်း နေထိုင်ကြသော်လည်း လူဦးရေဆယ်ဂဏန်းစီမျှသာ ဖြစ်ပါသည်။ အဆိုပါတိုင်းရင်းသားလူနည်းစုအရေအတွက် စုစုပေါင်းထက် ကာစီနိုဆော့ရန် တရုတ်နိုင်ငံမှ လောက်ကိုင်သို့နေ့စဉ်ဝင်ရောက်နေသော ဧည့်သည်အရေအတွက်ကပိုများနေပါသေးသည်။
ကိုးကန့်ဒေသသည် မြန်မာနိုင်ငံထဲမှ တရုတ်နွယ်ဝင်လူများစု နှင့် မြန်မာတိုင်းရင်းသားလူနည်းစုများ အရောင်အသွေးစုံလင်ကွဲပြားသော လူမျိုးပေါင်းစုံရောယှက်နေသော်လည်း လူ့အဖွဲ့အစည်းအတွင်း ပြဿနာကြီးကြီးမားမားမရှိခဲ့ချေ။

ဗမာတန်းမှ ကုန်စုံဆိုင်တစ်ဆိုင်။ဓာတ်ပုံ-နန္ဒ

ဗမာတန်းမှ ကုန်စုံဆိုင်တစ်ဆိုင်။ဓာတ်ပုံ-နန္ဒ

ပြဿနာသည် ယူနီဖောင်းဝတ်ပြီး လက်နက်ကိုင်ထားသူများကြားတွင်ရှိနေခြင်းဖြစ်သည်။
၂၀၀၉ ခုနှစ်ကိုးကန့်ဒေသတိုက်ပွဲများနှင့် ၂၀၁၅ ခုနှစ်တကျော့ပြန်ကိုးကန့်တိုက်ပွဲများကြောင့် မြို့သည် နှစ်ကြိမ်တိုင်ပျက်ခဲ့ရပြီးဖြစ်သည်။
လောက်ကိုင်တွင် တိုင်းရင်းသားများအရောင်စုံသလို လက်နက်ကိုင်အဖွဲ့လည်းအရောင်စုံသည်။
တပ်မတော်၊နယ်ခြားစောင့်တပ်၊မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ကိုးကန့်ရဲ၊ပြည်သူ့စစ် နှင့် MNDAA တို့ ရောယှက်နေရာ လောက်ကိုင်၏ လမ်းမများ၊စားသောက်ဆိုင်များနှင့်ကားများပေါ်တွင် သေနတ်များအလွယ်တကူတွေ့နိုင်ပါသည်။
“ကျွန်တော့်ကိုတောင် ကုမ္ပဏီက သေနတ်ယူထားမလားမေးသေးတယ်။ မယူဘူးလို့ငြင်းလိုက်တယ်။”ဟု လောက်ကိုင်ရှိ ကာစီနိုတစ်ခုတွင် ရန်ကုန်မှ လာရောက်အလုပ်လုပ်နေသည့် ကိုမျိုးကပြောသည်။

တံခါးပိတ်ထားသောမြို့

ကိုးကန့်ဒေသသို့ ပြည်ထောင်စုသားများအရောက်အပေါက်နည်းခဲ့ရသည်မှာ ဝေးလံခေါင်ဖျားပြီးလမ်းခရီးခက်ခဲမှုတစ်ခုထဲကြောင့် မဟုတ်ခဲ့ပါ။
တရုတ်ပြည်ဘက်မှတော်လှန်သူများရောက်ရှိလာရာမှ စတင်ဖြစ်တည်ခဲ့သော ကိုးကန့်ဒေသသည် ကိုယ်ပိုင်ပြဌာန်းခွင့် နှင့်ပတ်သက်၍ အစိုးရနှင့် သဘောထားကွဲလွဲသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဆယ်စုနှစ်ပေါင်းများစွာအခြေစိုက်ခဲ့ရာနေရာဖြစ်သည်။
ကူမင်တန်အရေးပြီးနောက် ၁၉၅၉ ခုနှစ်တွင် စော်ဘွားများအာဏာစွန့်ရချိန်တွင် ကိုးကန့်ကာကွယ်ရေးတပ်သည် အစိုးရကို ပုန်ကန်သည်။ ကိုးကန့်ကာကွယ်ရေးတပ်ခေါင်းဆောင် ဦးဖုန်ကြားရှင်သည် မြန်မာအစိုးရကိုတော်လှန်သည့် ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ) နှင့်ပူးပေါင်းလိုက်ခြင်းက အစိုးရ၏အာဏာစက်နှင့် ဆက်လက်ဝေးကွာခဲ့ပြန်သည်။
ကိုကန့်လက်နက်ကိုင်ခေါင်းဆောင် ဖုန်ကြားရှင် က ၁၉၈၉ ခုနှစ်တွင် ဗကပ ကို တော်လှန်ပုန်ကန်ပြီးနောက် ကိုးကန့်ဒေသကိုပြန်တည်ဆောက်စဉ်ကလည်း ကိုးကန့်ကို တံခါးပိတ်ထားခဲ့သည်။ ကိုးကန့်ခေါင်းဆောင်များမှာ တပ်မတော်အစိုးရနှင့် ဆက်ဆံရေးပြေလည်လာခဲ့ရာ ကိုးကန့်ဒေသကို အထူးဒေသ (၁) အဖြစ် တပ်မတော်အစိုးရက သတ်မှတ်ပေးခဲ့သည်။
ကိုးကန့်ဒေသ၏ကျော်ကြားမှုသည် ရှမ်းပြည်နယ်ရှိ လူသိများသောဒေသများဖြစ်သည့် တောင်ကြီး၊ကလော၊အင်းလေး၊သီပေါ၊မူဆယ်၊လားရှိုးတို့နှင့် ခြားနားစွာပင် ဘိန်းစိုက်ပျိုးမှုဖြင့် ကျော်ကြားခဲ့သည်။
အစိုးရ၏အပြည့်အဝ ထိန်းချုပ်မှုအောက်တွင်မရှိသော ကိုးကန့်ဒေသတွင် ဘိန်းစိုက်ပျိုးဖြစ်ထွန်းသောကြောင့် ကိုးကန့်ဒေသရှိလက်နက်ကိုင်ခေါင်းဆောင်များမှာ အလွန်အမင်းချမ်းသာကြသော်လည်း ဘိန်းစိုက်တောင်သူများမှာဆင်းရဲကြသည်။
“သိန်းထောင်သောင်းချီမြေကွက်တွေလိုက်ဝယ်တဲ့ ကိုးကန့်သားတချို့တလေ မြင်ရုံနဲ့ ကိုးကန့်သားအားလုံးတော့ ဘိန်းနဲ့ချမ်းသာကြတယ်မမှတ်ပါနဲ့။ ဘိန်းစိုက်တောင်သူတွေကတော့မွဲပြာကျနေတာ။” ဟု ဗကပ ဟောင်းတစ်ဦးဖြစ်သူ ဦးမောင်မောင်စိုးကပြောသည်။

 class=

class=

ဒေသခံတို့က ကိုးကန့်ဒေသတွင် စော်ဘွားနှစ်ယောက်ရှိပြီး ယန်ကျင်ရှင်နှင့်နှင့်ဖုန်ကြားရှင် ဟု ပြောစမှတ်ပြုကြသည်။
ကိုးကန့်ဒေသတွင် ယန်မိသားစုနှင့်ဖုန်မိသားစုတို့ မသင့်မမြတ်ဖြစ်ကြပြီး တလှည့်စီ အာဏာသိမ်းကြရာ တပ်မတော်က ကြားဝင်ညှိပေးရပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုချိန်အထိ ဦးဖုန်ကြားရှင်ကအာဏာရနေခဲ့သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် အထူးဒေသ(၁)ကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ပေးခဲ့သည်။ ရွေးကောက်ပွဲကျင်းပပြီး နိုင်ငံရေးစနစ်ပြောင်းရန်ပြင်ဆင်နေချိန်သော စစ်အစိုးရသည် ဖုန်ကြားရှင်၏ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ကို နယ်ခြားစောင့်တပ်အဖြစ်အသွင်ပြောင်းခိုင်းရာ လက်မခံသဖြင့် ၂၀၀၉ ခုနှစ်တွင် ကိုးကန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်၏ထိန်းချုပ်မှုအောက်သို့ ကိုးကန့်ဒေသရောက်ရှိခဲ့သည်။
၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရသောကိုယ်စားလှယ်များအနက် တပ်မတော်နှင့်အဆင်ပြေသော ဦးပယ်ဆောက်ချိန် မှာ ကိုးကန့်ဒေသ၏ ဥက္ကဌ ဖြစ်လာသည်။
“MNDAA က ဝ နဲ့ မိုင်းလားလို နေချင်တာ။ အခြေခံဥပဒေထဲပေးထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်က ကိုယ်ပိုင်ပြဌာန်းခွင့်အတွက်မလုံလောက်?

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar