"အရာအားလုံး တစ်ခုနဲ့တစ်ခု ဆက်စပ်နေကြတာပါ" – ဦးသန့်မြင့်ဦး

လွန်ခဲ့သော ၅ နှစ်က ရန်ကုန်မြို့၏ ထူးခြားသော အသွင်လက္ခဏာများကို ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ထားနိုင်ရန် နောက်ဆုံးခံကတုတ် ကြိုးပမ်းမှု တစ်ရပ်အဖြစ် ဗိသုကာပညာရှင်များ၊ သမိုင်းပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ အပါအဝင် စိတ်တူကိုယ်တူရှိသော လူတစ်စုသည် ရန်ကုန်အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ Yangon Heritage Trust (YHT) ကို ဖွဲ့စည်းခဲ့ကြပါသည်။

မူလ ကနဦးရည်ရွယ်ချက်မှာ အမွေအနှစ်အဆောက်အအုံများ ဖြိုချဖျက်ဆီးခံရတော့မည့် အန္တရာယ်မှ ကာကွယ်ရန်သာ ရည်ရွယ်ခဲ့သော်လည်း နောက်ပိုင်းတွင် YHT ၏ လုပ်ငန်းများသည် ရန်ကုန် မြို့ပြဖွံ့ဖြိုးမှု ကဏ္ဍများအထိပါ ပိုမိုကျယ်ပြန့်လာခဲ့သည်။

YHT တည်ထောင်သူ ဒေါက်တာသန့်မြင့်ဦးကို Frontier မှ  သောမတ်စ် ကင်း(န်) က သွားရောက်တွေ့ဆုံပြီး ဤမျှကြီးမားသော ထိန်းသိမ်းရေးလုပ်ငန်းများ စတင်အကောင်အထည်ပေါ်လာအောင် ကြိုးပမ်းလုပ်ဆောင်ရာတွင် တွေ့ကြုံရသော စိန်ခေါ်မှုများ ၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ်၏ ထောက်ခံအားပေးမှု ရရှိခဲ့ပုံများနှင့် အတိတ်သမိုင်းကို ထိန်းသိမ်းရေးဆိုင်ရာ စီးပွားရေးကိစ္စရပ်များကို ဆွေးနွေးမေးမြန်းခဲ့ပါသည်။ (၂၀၁၅ ခုနှစ်က ပြုလုပ်ခဲ့သည့် ဦးသန့်မြင့်ဦးနှင့် တွေ့ဆုံမေးမြန်းခန်းကို ဖတ်ရန်) 

နိုင်ငံရဲ့စီးပွားရေးကို ဖွင့်ပေးလိုက်တာနဲ့အတူ ရန်ကုန်မြို့ရဲ့ အမွေအနှစ်တွေကို အလေးမထားဘဲ ဖြိုချပစ်ကြမှာကို တွေးပူမိတယ်လို့  ၂၀၁၂  ခုနှစ် စောစောပိုင်းတုန်းက ခင်ဗျားပြောခဲ့တယ်။ ခင်ဗျားနဲ့ လုပ်ဖော်ကိုင်ဖက်တွေက ဒီအခြေအနေတွေကို ဘယ်အတိုင်းအတာအထိ တားဆီးဖြေရှင်းပေးနိုင်ခဲ့လဲ။

တိုးတက်မှုတွေ အများကြီး ရခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်လောက်ကဆိုရင် ရန်ကုန်ရဲ့ သမိုင်းဝင် အမွေအနှစ် အဆောက်အအုံတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ဆိုတဲ့ ကျွန်တော့်ရဲ့ စိတ်ကူးကို ကျွန်တော် စကားပြောကြည့်သမျှ လူတွေ တစ်ယောက်ကမှ တကယ်တမ်း အလေးမထားခဲ့ကြဘူး၊ အစိုးရအဖွဲ့ထဲမှာလည်း ရန်ကုန်ရဲ့ ထူးခြားတဲ့ ဗိသုကာလက်ရာ အမွေအနှစ်တွေကို ဘယ်သူမှ တန်ဖိုးမထားခဲ့ကြဘူး၊ ၁၉၉၀ နဲ့ ၂၀၀၀ ပြည့်နှစ်တွေအတွင်း ဒုတိယကမ္ဘာစစ်ကြိုခေတ် အဆောက်အအုံ ၁,၀၀၀ ကျော် ဖြိုချဖျက်ဆီးခဲ့ကြတယ်၊ လက်ကျန်တွေကို ဖြိုချဖို့လည်း အရှိန်ယူနေကြတယ်။ ကျွန်တော်တို့ရဲ့ တစ်ခုတည်းသော အကြီးမားဆုံး အောင်မြင်မှုကတော့ ဒီလိုဖြိုချဖျက်ဆီးနေတဲ့ အရှိန်ကို တန့်သွား၊ နှေးသွားအောင် လုပ်နိုင်ခဲ့တာပါပဲ။

ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့ လူထုကိုလည်း နားလည်အောင် ရှင်းပြနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ မြို့ပြအမွေအနှစ်တွေဟာ အဖိုးမဖြတ်နိုင်တဲ့ အင်္ဂါရပ်တွေဖြစ်တယ်။ ဒါတွေကို ၂၁ ရာစုရဲ့ လှုပ်ရှားတက်ကြွတဲ့ ခေတ်မီမြို့တော်အင်္ဂါရပ်တွေနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် လာမယ့်ဆယ်စုနှစ်တွေမှာ ရန်ကုန်ဟာ တခြားမြို့ကြီးတွေနဲ့ ရင်ပေါင်တန်းနိုင်လာမယ်ဆိုတာကို လူထု သဘောပေါက်အောင် ကျွန်တော်တို့ လုပ်နိုင်ခဲ့တယ်လို့ ယူဆပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ်က အရေးတယူမရှိခဲ့တဲ့ အကြောင်းအရာတစ်ခုဟာ အခုတော့ အစိုးရရဲ့ ပေါ်လစီတစ်ရပ် ဖြစ်နေပါပြီ။

ပြည်သူလူထုက မြန်မာ့ရှေးဟောင်း အမွေအနှစ်တွေကို သိရှိနားလည်ပါတယ်။ ရှေးဟောင်းအမွေအနှစ်အပြင် ကာကွယ်စောင့်ရှောက်ရမယ့် “မြို့ပြအမွေအနှစ်” တွေ ရှိတယ်ဆိုတာကို လူအများ နားလည်ခံစားတတ်လာအောင် ကျွန်တော်တို့ ကူညီနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ၂၀ ရာစုနဲ့ ဆက်စပ်နေတဲ့ ရုပ်ပိုင်းဆိုင်ရာ ဆက်နွယ်မှုတွေကို ကျွန်တော်တို့ ဆုံးရှုံးသွားမယ်ဆိုရင် အတိတ်နဲ့ အနာဂတ်ကို တွေးဆပုံဖော်နိုင်တဲ့ ကျွန်တော်တို့ရဲ့ စွမ်းရည်တွေ အများကြီး နိမ့်ကျသွားပါလိမ့်မယ်။

ဖြိုချဖျက်ဆီးမှုတွေကနေ ကယ်တင်နိုင်ခဲ့တဲ့ အဆောက်အအုံတွေ ဘာတွေ ဖြစ်လာလဲ။

ရန်ကုန်ရဲ့ အမွေအနှစ် အဆောက်အအုံတွေကို အားလုံးခြုံငုံထားတဲ့ မြို့ရဲ့ အနာဂတ်မြင်ကွင်းကြီးထဲမှာ ထည့်သွင်းပေါင်းစပ် မြင်တွေ့နိုင်ဖို့ဆိုတာ အဝေးကြီး လိုပါသေးတယ်။ ယေဘုယျသဘော၊ စိတ်ကူးသဘောလောက်သာ မှန်းဆနိုင်ပါသေးတယ်။ လုပ်စရာတွေ အများကြီး ကျန်ပါသေးတယ်။ ခုချိန်မှာတော့ ၁၉ ရာစုနဲ့ ၂၀ ရာစု စောစောပိုင်းက အရေးပါတဲ့ အဆောက်အအုံ ရာပေါင်းများစွာကို ဖြိုချပစ်သင့်တယ်လို့ ပြောတဲ့လူ သိပ်ရှိမှာ မဟုတ်တော့ပါဘူး။ ဒါပေမဲ့ ဒါလောက်နဲ့တင် မလုံလောက်သေးဘူး။

ကျန်ရှိနေသေးတဲ့ အဓိက စိန်ခေါ်မှုကတော့ ဒီအဆောက်အအုံတွေကို အနာဂတ်မှာ ဘယ်လို အသုံးပြုကြမလဲဆိုတဲ့ ကိစ္စကို အများသဘောတူ လက်ခံလာကြရေးပါပဲ။ ဒီအဆောက်အအုံတွေကို ပြုပြင်မွမ်းမံဖို့၊ ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် ဘဏ္ဍာငွေကို ဘယ်လိုရှာကြမလဲ၊ ဒီဘဏ္ဍာငွေ အစီအစဉ်ဟာလည်း အထူးသဖြင့် တစ်ခေတ်တစ်ခါက မြို့လယ်နေရာဟောင်းတွေအပါအဝင် သမိုင်းဝင် မြို့ကြီး ပြန်လည်သက်ဝင် လှုပ်ရှားလာရေးအတွက် ပိုမိုကျယ်ပြန့်တဲ့ အစီအစဉ်နဲ့ ပူးတွဲဆောင်ရွက်ဖို့ ကျန်နေပါသေးတယ်။

ကျွန်တော်တို့ရဲ့ အမွေအနှစ်အဆောက်အအုံတွေကို ခေတ်မီမြို့ပြရှုခင်းတွေထဲမှာ ဘယ်လိုပေါင်းစပ် ထည့်သွင်းကြမလဲဆိုတာတွေကိုလည်း အစိုးရအပါအဝင် ပြည်သူလူထုနဲ့အတူ ညှိနှိုင်းလုပ်ဆောင်ဖို့ အရေးကြီးမယ် ထင်ပါတယ်။ မြို့လယ်ခေါင်၊ အထူးသဖြင့် ပန်းဘဲတန်းနဲ့ ကျောက်တံတားမြို့နယ်တွေမှာ ဘာသာရေးနဲ့ အမွေအနှစ်အဆောက်အအုံဟောင်းတွေ ရာနဲ့ချီပြီး ရှိပါတယ်။ ရွှေတိဂုံစေတီကြီးကတော့ အထူးပြောဖို့ မလိုပါဘူး။ တခြားအသေးစား အမွေအနှစ်အဆောက်အအုံတွေလည်း တခြားနေရာတွေမှာ ရှိပါတယ်။ ရေစပ် ကမ်းနားတွေ စိမ်းလန်းစိုပြည်တဲ့နေရာတွေလည်း များစွာရှိပါတယ်။

မေးခွန်းထုတ်စရာရှိတာက ဒီလောက်အရေးပါတဲ့ အမွေအနှစ်နေရာတွေကို ၂၁ ရာစုခေတ်မီမြို့ကြီးထဲ ဘယ်လိုပုံစံနဲ့ ထည့်သွင်းကြမှာလဲ ဆိုတာပါပဲ။ ဒီအကြောင်းအရာတွေကို အတူတကွ ဆက်လက်ဆွေးနွေး ဆောင်ရွက်နိုင်ဖို့ အတွက် မနှစ်တုန်းက ရန်ကုန်မြို့ပြအမွေအနှစ် မဟာဗျူဟာဆိုတဲ့ စာတမ်းတစ်စောင်ကို ကျွန်တော်တို့ ရေးသားပြုစု တင်ပြခဲ့ပါတယ်။

မှန်ကန်တဲ့ ပေါ်လစီတစ်ခု ချမှတ်လုပ်ဆောင်ကြမယ်ဆိုရင် ဒီသမိုင်းဝင်မြို့လယ်ခေါင်နေရာဟာ ပုံနှိပ်ထုတ်ဝေရေး၊ အိုင်တီလုပ်ငန်းနဲ့ ဒီဇိုင်း တီထွင်ဖန်တီးမှု လုပ်ငန်းအမျိုးမျိုးအတွက် အချက်အချာနေရာ ဖြစ်လာလိမ့်မယ်လို့ ယုံကြည်တယ်။ အာရှမှာ အရေးပါတဲ့ နေရာတစ်ခု ဖြစ်လာမှာ မလွဲပါဘူး။

ရန်ကုန်တင်မက တခြားမြို့ကြီးတွေလည်း ဒီလမ်းစဉ်အတိုင်း စဉ်းစားလာကြပြီဆိုတာ ကျွန်တော် သတိထားမိတယ်။ ဥပမာအားဖြင့် လွန်ခဲ့တဲ့ ၂ ပတ်လောက်က ကျွန်တော့်ကို မန္တလေးမှာ စကားပြောဖို့ ဖိတ်ခဲ့ကြတယ်။ မြို့ပြကျယ်ပြန့်လာတာကိုတော့ ရှောင်လွှဲလို့မရဘူး၊ ကျွန်တော်တို့တိုင်းပြည်ရဲ့ မြို့ကြီးတွေ နည်းမှန်လမ်းမှန်နဲ့ တိုးတက်ဖွံ့ဖြိုးလာဖို့က ထိပ်တန်းဦးစားပေး လုပ်ငန်းတစ်ရပ်ပဲ၊ နိုင်ငံအမွေအနှစ်တွေ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ နေချင့်စဖွယ် ခေတ်မီမြို့ပြကြီးတွေဟာ အနာဂတ်မြန်မာနိုင်ငံရဲ့ အောင်မြင်မှုမှာ သော့ချက်နေရာက ပါဝင်နေမှာပေါ့။

ခင်ဗျား ဖြစ်မြောက်အောင်မြင်လိမ့်မယ်လို့ ထင်ပြီး တကယ်တန်း မအောင်မြင်ခဲ့သေးတာတွေ ရှိသလား။ မြို့လယ်ခေါင်က ထင်ရှားလှတဲ့ ကိုလိုနီခေတ် အဆောက်အအုံတွေထဲက ဘာတစ်ခုမှ ပြုပြင်ထိန်းသိမ်းမှု မလုပ်ရသေးတာ အံ့စရာပဲ။

မြို့လယ်ခေါင်က နိုင်ငံပိုင် အဆောက်အအုံကြီးတွေ၊ အထူးသဖြင့် ပန်းဆိုးတန်း၊ ဘဏ်လမ်းတစ်ဝိုက်က လှပခံ့ညားတဲ့ အဆောက်အအုံကြီးတွေ ပါဝင်တဲ့ စီမံကိန်း စတင်နိုင်ဖို့ လွန်ခဲ့တဲ့ ၅ နှစ်အတွင်း ရာနဲ့ချီတဲ့ နည်းလမ်းပေါင်းများစွာနဲ့ ကြိုးစားခဲ့ပါတယ်။

ငွေရှိနေတာတောင် လုပ်ငန်းစလုပ်ဖို့ အလွန်ကိုခက်ခဲတယ်ဗျ။ အကြောင်းကတော့ ဒီအဆောက်အအုံတွေကို မတူညီတဲ့ ဝန်ကြီးဌာနအမျိုးမျိုးက ပိုင်ဆိုင်ထားတော့ လိုအပ်တဲ့ ပူးပေါင်းညှိနှိုင်းမှုတွေ လုပ်ရတာ အတော်ကို အခက်တွေ့ပါတယ်။ ဒီဧရိယာအတွင်းမှာ မသင့်တော်တဲ့ အဆောက်အအုံသစ်တွေ ဆောက်ထားတာလည်း မြင်တွေ့နေရတယ်။

ဒါပေမဲ့ ခြုံပြောရရင်တော့ ဒီလောက်တိုတောင်းတဲ့ အချိန်ကာလအတွင်း အပြိုင်အဆိုင် ဦးစားပေး လုပ်စရာတွေ များပြားလှတဲ့ကာလမှာ အတိုင်းအတာတစ်ခုထိ အောင်မြင်ခဲ့တာကို ကျေနပ်သင့်တယ် ထင်ပါတယ်။ အခုဆိုရင် ကျွန်တော်တို့ YHT အဖွဲ့ဟာ အားလုံးနီးပါး ငယ်ရွယ်တဲ့ မြန်မာပညာရှင်တွေနဲ့ ဖွဲ့စည်းထားပြီး တရားဝင် မှတ်ပုံတင်ထားတဲ့ အသိအမှတ်ပြု မြန်မာ NGO တစ်ခုဖြစ်နေပါပြီ။ အနာဂတ်မှာ လုပ်စရာတွေ အများအပြားကို လုပ်ကိုင်နိုင်ဖို့ အုတ်မြစ်ကောင်းကောင်းချမိပါပြီ။

ဒီနေ့ ဒီအချိန်မှာ လွန်ခဲ့တဲ့  ၅ နှစ်ကလို အရေးပေါ် အခြေအနေတွေ ရှိနေတုန်းပဲလား။

ဟုတ်တယ်၊ ရန်ကုန်မြို့က အရေးကြီးတဲ့ အခြေအနေမှာ ရှိနေတုန်းပဲ။

လာမယ့်နှစ်တွေထဲမှာ မှားယွင်းတဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွေ လုပ်မိရင် ဒေသတွင်း တခြားနိုင်ငံက မြို့ကြီးတွေလို ဆိုးဝါးတဲ့ကံကြမ္မာနဲ့ တွေ့ကြုံရနိုင်တယ်။ အဲဒီ မြို့ကြီးတွေမှာ အတိတ်နဲ့ ဆက်စပ်နေတဲ့ အဆောက်အအုံတွေကို ဖြိုချလိုက်ကြပြီး  ပိုမိုကောင်းမွန်တဲ့ ခေတ်မီအဆောက်အအုံတွေ တည်ဆောက်လိုက်ကြတယ်၊ စွဲလမ်းနှစ်သက်စရာ ဘာစရိုက်လက္ခဏာမှ ကြည့်ရှုစရာမကျန်တော့ ဘယ်သူမှ လာမလည်ချင်တော့ဘူး။ ဒါမှမဟုတ်ရင် ကောင်းမွန်တဲ့ မြို့ပြလက္ခဏာတွေနဲ့ ပြည့်စုံတဲ့ အာရှက တခြားမြို့ကြီးတွေလို ခေတ်မီ၊ အဆင်ပြေပြီး နေချင့်စဖွယ် မြို့တစ်မြို့ ဖြစ်လာအောင် ဖန်တီးလို့လည်း ရတာပါပဲ။

နောက်တစ်ချက် မြန်မြန်ဆန်ဆန် ဖြစ်စေချင်တဲ့အကြောင်းက လက်ရှိ ရန်ကုန်တိုင်းဝန်ကြီးချုပ်က ရန်ကုန်မြို့ကြီးကို မှန်ကန်တဲ့လမ်းကြောင်းအတိုင်း တကယ်သွားချင်တဲ့ ပုဂ္ဂိုလ်လို့ ကျွန်တော်ယုံကြည်တယ်။ မြို့ပြ ထိန်းသိမ်းစောင့်ရှောက်ရေးအပေါ် သူ အာရုံထားတာကို ကျွန်တော် သိပ်ကျေးဇူးတင်တယ်။ ရန်ကုန်ကို သန့်ရှင်းသော၊ စိမ်းလန်းစိုပြည်သော၊ ခေတ်မီသော၊ အမွေအနှစ်ကို ကာကွယ်စောင့်ရှောက်သော မြို့တစ်မြို့ ဖြစ်လာစေချင်တယ်ဆိုတဲ့ သူ့ရဲ့ ထုတ်ဖော်ပြောဆိုမှုကို ကျွန်တော် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုတယ်။ ရန်ကုန်မြို့ကြီးရဲ့ ထိပ်ဆုံးခေါင်းဆောင်ဆီက ဒီလိုထောက်ခံမှုရတာဟာ ကျွန်တော်တို့အတွက် အံ့မခန်း အခွင့်အလမ်းကြီး တစ်ခုပါပဲ။

YHT က အဆိုပြုတင်ပြခဲ့ပြီး ရှေးရှုလုပ်ဆောင်လာခဲ့တဲ့ ဥပဒေမူဘောင်တွေ၊ ဥပမာအားဖြင့် ဇုန်သတ်မှတ်ရေးလို အစီအစဉ်တွေဟာ ခုထိ မပြဋ္ဌာန်းရသေးဘူး။ ဒါတွေ လက်တွေ့အကောင်အထည်ဖော်ဖို့ ဘာအခက်အခဲတွေများ ရှိနေလို့လဲ။

တချို့ဟာတွေက အတော်မြန်မြန်ဆန်ဆန် ခရီးရောက်နေပါပြီ။ ကျွန်တော်ထင်တယ်၊ တစ်နှစ်အတွင်း ဥပဒေမူဘောင်ရေးရာ အပြောင်းအလဲတွေ မြင်တွေ့လာပါလိမ့်မယ်။ အသစ်အဆန်းဆိုတော့ အခက်အခဲတော့ ရှိတာပေါ့။ ရန်ကုန်အပါအဝင် မြန်မာနိုင်ငံဟာ ချက်ချင်းလက်ငင်းဆိုသလို အတွေးအခေါ် အသစ်အဆန်းတွေ တစ်ပုံတစ်ခေါင်းနဲ့ နဖူးတွေ့ ဒူးတွေ့ ကြုံတွေ့နေရတယ်။ တချို့တလေကျတော့လည်း အပြောင်းအလဲ အများကြီးကို တပြိုင်နက်တည်း လက်ခံနိုင်စွမ်းမရှိကြဘူး။ တစ်ကြိမ်ကို နည်းနည်းချင်းပဲ လက်ခံနိုင်ကြတယ်။ ဒီကြားထဲမှာ တခြားဦးစားပေး လုပ်စရာတွေကလည်း ရှိနေတယ်လေ။

နေရာတိုင်းမှာလိုပါပဲ၊ တချို့ဥပဒေ စည်းမျဉ်းတွေဟာ စီးပွားရေးအကျိုးစီးပွားနဲ့ ဆန့်ကျင်နေတာတွေလည်း ရှိနိုင်တာပေါ့။ ဒါပေမဲ့ ဒါဟာ သိပ်ပဓာနကျတဲ့ ပြဿနာလို့တော့ ကျွန်တော်မထင်ပါဘူး။

ဥပဒေတွေ အလွန်အကျွံထုတ်ပြီး လုပ်ဆောင်ဖို့ မဆိုလိုပါဘူး။ အထူးသဖြင့် ကျွန်တော်တို့ကိစ္စက လူထုနဲ့ ထိတွေ့ရမယ်၊ အမွေအနှစ် အဆောက်အအုံတွေကို တန်ဖိုးထား မြတ်နိုးတတ်အောင် လူထုကို အသိပညာပေးရမယ်၊ ကွဲပြားတဲ့ ဆွဲဆောင်မှုတွေ ပေးနိုင်တဲ့ မူဝါဒကို အစိုးရက ချမှတ်နိုင်အောင် ကူညီကြရမယ်။

လက်ရှိ မြို့လယ်က အနှစ်တစ်ရာကျော်သက်တမ်းရှိပြီး လှပတဲ့အဆောက်အအုံတစ်ခုရဲ့ ပိုင်ရှင်ဟာ ငွေရေးကြေးရေးဆိုင်ရာ အကျိုးအမြတ်အတွက် အဲ့ဒီအဆောက်အအုံကို ဖြိုချပြီး မိုးမျှော်တိုက်ကြီး ဆောက်ချင်ကြမှာပဲပေါ့။ ကျွန်တော်တို့ဟာ အတွေးအမြင်ပိုင်းဆိုင်ရာ ပြောင်းလဲဖို့သာမက အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးကနေ ရရှိလာမယ့် စီးပွားရေးဆိုင်ရာ ဆွဲဆောင်မှုတွေကိုပါ သိရှိလာအောင် လုပ်ရမယ်။

အထပ်မြင့် အဆောက်အအုံတွေ ဆောက်လုပ်မှုကို ရပ်ဆိုင်းဖို့ ရန်ကုန်ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ အမိန့်နဲ့ ပတ်သက်ပြီး ခင်ဗျားရဲ့ အမြင်ကို ပြောပြပါလား၊ နောက်ဆုံးတော့လည်း ရန်ကုန်အစိုးရက ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေကို လက်လျှော့ပေးလိုက်ရတဲ့ ပုံပဲ။ ဒီမူဝါဒ ဆုံးဖြတ်ချက်ဟာ အစကတည်းက ချမှတ်သင့်ပါရဲ့လားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။

မှန်ကန်တဲ့ နေရာတွေမှာသာ ဆောက်မယ်ဆိုရင် ကျွန်တော်က ရန်ကုန်မှာ အထပ်မြင့်အဆောက်အအုံတွေ ဆောက်လုပ်ဖို့ ရာနှှုန်းပြည့် ထောက်ခံတဲ့သူပါ။ ပထမလုပ်ခဲ့တဲ့ ဒီဆုံးဖြတ်ချက်နဲ့ရော၊  နောက်ပိုင်း အပြောင်းအလဲတွေနဲ့ပတ်သက်လို့ရော ကျွန်တော် သိပ်အကျွမ်းတဝင်မရှိပါဘူး။ ကျွန်တော် ပြောချင်တာကတော့ အထပ်နိမ့်လေးတွေနဲ့ ပြန့်ကျဲနေတဲ့ မြို့ကြီးထက် အထပ်မြင့်တွေနဲ့ လူနေထူထပ် သိပ်သည်းတဲ့ မြို့ကြီးတွေမှာ အားသာချက်တွေ ရှိပါတယ်။ အထူးသဖြင့် အခြေခံအဆောက်အအုံတွေအတွက် ကုန်ကျစရိတ် သက်သာသွားပါတယ်။

ရန်ကုန်မှာ နောက်ထပ် အထပ်မြင့် အဆောက်အအုံတွေ ရာနဲ့ချီပြီး ဆောက်လို့ရသေးတယ် ထင်ပါတယ်။ ဒီမြို့ကြီးမှာ လူနေအိမ်ခန်းတွေ၊ လက်လီဈေးဆိုင်တွေ၊ ရုံးခန်းတွေအတွက် ဧရိယာစတုရန်းပေ သန်းပေါင်းများစွာ လိုဦးမှာ သေချာပါတယ်။ ကျွန်တော် စိုးရိမ်နေတာကတော့ မြို့လယ်ခေါင်က သမိုင်းဝင် အဆောက်အအုံတွေ၊ အရေးကြီးဆုံးက ရွှေတိဂုံစေတီ ပတ်ဝန်းကျင်နေရာတဝိုက်တွေကိုတော့ ထိန်းသိမ်းထားစေချင်တာပါပဲ။ အထပ်မြင့် အဆောက်အအုံသစ်တွေဟာ လမ်းလျှောက်သွားလို့ရတဲ့ အကွာအဝေးတွေမှာ ဆောက်နိုင်ပါတယ်။

ရန်ကုန်မြို့ကြီး ခေတ်မီဖွံ့ဖြိုးရေး၊ အဆောက်အအုံသစ်တွေ တည်ဆောက်ရေးမှာ YHT က အဟန့်အတားတွေ လုပ်ဖို့ ကြိုးစားနေတယ်လို့ ဝေဖန်နေတဲ့သူတွေ အထပ်မြင့် တည်ဆောက်ရေးတွေ ရပ်ဆိုင်းလိုက်လို့ ထိခိုက်သွားတဲ့ လုပ်ငန်းရှင်တွေရဲ့ ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး ခင်ဗျား ဘာပြောမလဲ။

ဒီနှစ်အနည်းငယ်အတွင်းမှာ ကျွန်တော်တို့ ကြိုးစားပြီး ရှင်းပြနေတဲ့ အကြောင်းအရာတွေကို သူတို့သေချာ နားမလည်ကြလို့ပါ။ ဒီစီးပွားရေးလုပ်ငန်း အသိုင်းအဝိုင်းက လူတွေနဲ့ အထိအတွေ့ နည်းခဲ့တဲ့ ကျွန်တော်တို့ရဲ့ အားနည်းချက်လည်း ပါမယ်ထင်တယ်။ သူတို့ကို ကျွန်တော် ပြောချင်တာက ကမ္ဘာပေါ်မှာ ခေတ်အမီဆုံး၊ တက်ကြွမှုအရှိဆုံး၊ ခေတ်ရှေ့အပြေးဆုံး မြို့ကြီးတွေ၊ အထူးသဖြင့် ဥရောပက မြို့ကြီးတွေဟာ အမွေအနှစ်တွေကို ကာကွယ်စောင့်ရှောက်ပြီး ခေတ်မီဖွံ့ဖြိုးရေးမှာ ပေါင်းစပ်ဖွဲ့စည်းနိုင်တဲ့ မြို့တွေသာဖြစ်တယ် ဆိုတာပါပဲ။

မြို့ပြစီမံကိန်းမရှိဘဲ အဆောက်အအုံသစ်တွေ ဆောက်လုပ်နေလို့ကတော့ မြို့ပြဆိုင်ရာ ဘေးဒုက္ခတွေ ကျရောက်မှာ အသေအချာပါပဲ။ မခံစားနိုင်လောက်အောင် ပြွတ်သိပ်ကျပ်ညပ်နေတဲ့၊ အရုပ်ဆိုးလှတဲ့ မြို့ကြီးဖြစ်သွားမှာပဲ။ ကမ္ဘာပေါ်က ဆင်းရဲတဲ့ နိုင်ငံတွေမှာ ဒီလိုမြို့ကြီးတွေ မြင်တွေ့ဖူးနေကျတာဆိုတော့ ဒီလမ်းစဉ်အတိုင်းပဲ သူတို့သွားချင်ကြတယ်ဆိုရင် သူတို့ပိုင်ဆိုင်တဲ့ ဒီအိမ်ခြံမြေတိုက်တာ အဆောက်အအုံတွေဟာ ၁၀ နှစ်လောက်အတွင်းမှာ တန်ဖိုးသိပ်ရှိမှာ မဟုတ်တော့ဘူး။

တိုင်းဒေသကြီး အစိုးရအဖွဲ့မှာလည်း မဟာမိတ်တွေ ရှိနေပြီဆိုတော့ ချောချောမွေ့မွေ့နဲ့ တိုးတက်အောင် လုပ်နိုင်တော့မှာပါ။ အခုအချိန်မှာရော နောက်လာမယ့် နှစ်တွေအတွင်းမှာရော အဓိက စိန်ခေါ်မှုတွေက ဘာတွေဖြစ်မလဲ။

ဒီနေ့ ဒီအချိန်မှာတော့ ရန်ကုန်မြို့သူမြို့သားတွေရဲ့ဘဝ ပိုမိုကောင်းမွန်လာရေးအတွက် မြို့ပြစီမံကိန်း ပြဿနာတွေကို မှန်ကန်စွာအဖြေရှာရာမှာ အစိုးရကို အကူအညီပေးသွားမှာပါ။ YHT ရဲ့ မူလလုပ်ငန်းစဉ်ထက် ကျော်လွန်ပြီး ပိုမိုကျယ်ပြန့်တဲ့ ပြဿနာတွေ အမြောက်အမြား ရှိနေတာ အမှန်ပါပဲ။ မြန်မာနိုင်ငံမှာ လုပ်ဆောင်နိုင်စွမ်းရည်ကလည်း အစစအရာရာမှာ အားနည်းနေသေးတာကြောင့် ပြဿနာကြီးတွေဆီပဲ လူတွေ အာရုံရောက်သွားကြတယ်။

အဆုံးသတ်မှာတော့ အရာအားလုံးဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေတဲ့ သဘောပါပဲ။ ဥပမာ – မြို့လယ်ဧရိယာ ပြန်လည်ရှင်သန်ရေး၊  မြို့လယ်နဲ့ မြို့စွန်ရပ်ကွက်တွေ လွယ်ကူစွာ သွားလာဆက်သွယ်နိုင်ရေး၊ ရန်ကုန်မြို့တော် ခရီးသွားလုပ်ငန်း စဉ်ဆက်မပြတ် တိုးတက်ရေးမူဝါဒ စတဲ့ ပိုပြီး ယေဘုယျကျတဲ့ အကြောင်းအရာတွေကို အရင်မတွေးဘဲနဲ့တော့ မြို့လယ်က အတွင်းဝန်ရုံးဟောင်းတို့၊ Sofaer အဆောက်အအုံတို့ကို ဘယ်လိုအသုံးပြုကြမှာလဲဆိုတာ အဖြေရှာနိုင်မှာ မဟုတ်ပါဘူး။

ကျောက်ထက်အက္ခရာ တင်ထားတဲ့ ပင်မစီမံကိန်းကြီးလိုမျိုး မလိုအပ်ဘူးလို့ ကျွန်တော်ထင်တယ်။ ဒီအတွေးအခေါ်တွေ ခေတ်မရှိတော့ဘူး။ အချိန်ရဲ့ စမ်းသပ်မှုကို ခံနိုင်ရည်ရှိပြီး ပြုလွယ်ပြင်လွယ်တဲ့ မူဘောင်တွေနဲ့ မြို့ကြီးကို ခေတ်မီဖွံ့ဖြိုးအောင် လုပ်ဆောင်ပေးနိုင်မယ့် ပင်မကျတဲ့အခြေခံမူပဲ လိုတယ်လို့ ကျွန်တော် ယူဆပါတယ်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – အန်းဝမ်

Share on facebook
Share on twitter
Share on email

More stories

Related stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar