တရုတ်နိုင်ငံ နယ်စပ်က မိုင်းလားမြို့ဟာ ပြည့်တန်ဆာလုပ်ငန်း၊ လောင်းကစားလုပ်ငန်း၊ ဒုစရိုက်လုပ်ငန်းများနဲ့ တောရိုင်းတိရိစ္ဆာန် ဈေးကွက်တို့ကြောင့် နာမည်ကြီးပါတယ်
အိုလီဗာဆလိုး ရေးသားသည်။
အထူးဒေသ အမှတ်- ၄ ဝင်ပေါက်နဲ့ မိုင်အနည်းငယ်အကွာမှာရှိနေတဲ့ မျှော်မဆုံးတဲ့ စပါးစိုက်ခင်းတွေက ကြီးမားတဲ့ အဆောက်အဦးကြီးတွေဆီ ရောက်ဖို့ လမ်းစတစ်ခု ဖြစ်ပါတယ်။ လမ်းမတစ်လျှောက်မှာ ကုန်ပစ္စည်းတွေ ရောင်းဝယ်ဖောက်ကားနေကြတဲ့ အလုပ်သမားတွေရှိသလို လောင်းကစားလုပ်ချင်တဲ့အုပ်စုက ကာစီနိုထဲ ပြေးဝင်သွားကြပြီး ဆိုင်တွေအရှေ့မှာ ဘိလိယက်ထိုးနေကြတဲ့ လူငယ်တစ်ချို့လည်း ရှိတာကြောင့် လမ်းမကြီးက အသက်ဝင်နေပါတယ်။
ဒီမြင်ကွင်းတွေက မြန်မာနိုင်ငံ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ အထူးဒေသ – ၄ ရဲ့ မြို့တော်ဖြစ်တဲ့ မိုင်းလားက ပထမဆုံး မြင်တွေ့ရတဲ့ မြင်ကွင်းတွေ ဖြစ်ပါတယ်။ ဒီဒေသကို ရှမ်းပြည်နယ် အရှေ့ပိုင်း၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်ရဲ့ ခေါင်းဆောင် ဦးစိုင်းလင်းက ထိန်းချုပ်ထားပါတယ်။ ဦးစိုင်းလင်းကို မူးယစ်ရာဇာ Mingxiang လို့လည်း သိထားကြပါတယ်။ NDAA ဟာ ၁၉၈၉ ခုနှစ်ကတည်းက အစိုးရနဲ့ အပစ်အခတ်ရပ်ဆဲရေးစာချုပ် ချုပ်ဆိုထားပါတယ်။
မိုင်းလားဟာ မြန်မာ့မြေမှာရှိတယ်ဆိုပေမယ့် တရုတ်နိုင်ငံအပေါ် အတော်လေး မှီခိုထားပါတယ်။ တရုတ်ယွမ်ငွေကြေးကို သူတို့ရဲ့ အဓိကငွေကြေးအဖြစ် အသုံးပြုနေသလို တရုတ်ဘာသာစကားကလည်း အဓိကဖြစ်နေပါတယ်။ ဒါ့အပြင် သူတို့ရဲ့ စံတော်ချိန်ကိုလည်း မြန်မာစံတော်ထက် မိနစ် ၉၀ စောပြီး တရုတ်စံတော်ချိန်အတိုင်း သတ်မှတ်ထားတာ တွေ့ရပါတယ်။
တရုတ်နိုင်ငံဘက်က လာတဲ့လမ်းက ချောမွတ်ကောင်းမွန်ပေမယ့် မြန်မာဘက်အခြမ်းကတော့ နောက်ဖေးလမ်းကြားလို ဖုန်တထောင်းထောင်းနဲ့ ဖြစ်နေပါတယ်။
မိုင်းလားမြို့ဟာ ပြည့်တန်ဆာလုပ်ငန်း၊ လောင်းကစားလုပ်ငန်း၊ ဒုစရိုက်လုပ်ငန်းများနဲ့ တောရိုင်းတိရိစ္ဆာန် ဈေးကွက်ရှိမှုတို့ကြောင့် နာမည်ကြီးပြီး မြန်မာနိုင်ငံရဲ့ Las Vegas၊ Sin City နဲ့ Wild West လို့လည်း ခေါ်ဆိုကြပါတယ်။ လူတိုင်းဆီမှာတော့ မိုင်းလားနဲ့ပတ်သက်ပြီး သူတို့ နှစ်ခြိုက်တဲ့အရာတွေ ရှိပါတယ်။ ကျွန်တော်ကတော့ မကြာသေးခင်က သွားရောက်လည်ပတ်ခဲ့တဲ့အတွေ့အကြုံအရ မိုင်းလားမြို့ကို ခေတ်သစ် Vegas မြို့ပျက်ကြီးလို မြင်ခဲ့ရပါတယ်။ မြို့တစ်ခုလုံးကို ကျွန်တော် စိတ်ပျက်လက်ပျက်ပဲ လှည့်လည်ခဲ့ပါတယ်။
ကျိုင်းတုံမြို့ကနေ သုံးနာရီကြာ ကားစီးလာပြီး မနက်စောစောမှာပဲ ကျွန်တော် မိုင်းလားကို ရောက်ခဲ့ပါတယ်။ ရောက်တဲ့အချိန်မှာပဲ သွေးတွေ စွန်းပေနေတဲ့ အိပ်ယာနဲ့ ပိုးဟပ်တွေလျှောက်ပြေးနေတဲ့ ဟိုတယ်ခန်းကို ဈေးကြီးပေး ငှားခဲ့ရပါတယ်။
မူလရည်ရွယ်ချက်က မိုင်းလားက လူတွေအကြောင်း တင်ပြဖို့နဲ့ မြို့အတွင်း နေထိုင်သူတွေအကြောင်းကို မှတ်တမ်းတင်ဖို့ ဆောင်းပါးရေးသားဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် လူဒါဇင်ဝက်လောက်ကို အင်တာဗျူးပြီးနောက်မှာတော့ နဂိုရည်ရွယ်ချက်ကို တင်ပြဖို့ ခက်ခဲတယ်ဆိုတာ သိလာရပါတယ်။
ဈေးကြီးမှာ သီးနှံတွေလာရောက်ရောင်းချတဲ့ အသက် ၂၀ လောက်ရှိပြီဖြစ်တဲ့ ကိုကျော်ဦးကတော့ မိုင်းလားကို ကျိုင်းတုံကနေ အပတ်တိုင်းလာရောက် ရောင်းချနေတာပါ။ မိုင်းလားမှာ ဈေးရောင်းရတာက ကျိုင်းတုံမှာ ဈေးရောင်းတာထက် နှစ်ဆလောက် ပိုရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူက မြို့အတွင်း ဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်ပြီး ပြောချင်စိတ်မရှိပါဘူး။ ဒါ့အပြင် စားသောက်ဆိုင်မှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးငယ်ကလည်း သူတို့ဟာ မိုင်းလားမှာ ပိုက်ဆံကလွဲပြီး ကျန်တဲ့အကြောင်းတွေ စိတ်မဝင်စားဘူးလို့ ပြောကြပါတယ်။
တချို့တွေကတော့ မြို့နဲ့ပတ်သက်ပြီး သူတို့ သဘောကျကြတဲ့ အကြောင်းတွေကို ပြောပြကြပါတယ်။
ဟိုတယ်ကိုရောက်လာတဲ့ တရုတ် ဆယ်ကျော်သက်တွေကတော့ သူတို့ မိုင်းလားကိုလာတာ အကြောင်းအရင်း တစ်ခုတည်းပဲ ရှိတယ်လို့ ဆိုပါတယ်။ “မိန်းကလေးတွေပေါ့ဗျာ”လို့ သူတို့က ပြောပါတယ်။
ဒီလိုမျိုး မိန်းကလေးရှာချင်လို့ မိုင်းလားကို လွန်ခဲ့တဲ့နှစ်လကတည်းက ရောက်လာသူ နောက်တစ်ဦးကတော့ လားရှိုးက ဆိုင်ကယ်ကယ်ရီသမားတစ်ဦး ဖြစ်ပါတယ်။
“ကျွန်တော် ဒီမြို့ကို မကြိုက်ဘူး။ ပျင်းစရာ ကောင်းပါတယ်။ ဒါပေမယ့် တရုတ်မလေးတွေကိုတော့ ကြိုက်တယ်။ သူတို့က တော်တော်ချောတယ်”လို့ တရုတ်မလေးတွေ သူ့ကို ဘယ်လိုပြုစုတယ်ဆိုတာကို အသေးစိတ် မရှင်းပြခင် သူက ပြောခဲ့ပါတယ်။
ခြုံငုံပြောရရင်တော့ သူတို့ပြောကြတဲ့အထဲမှာ မြို့နဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာ အချက်တွေ မပါကြပါဘူး။
လွန်ခဲ့တဲ့ ၁၅ နှစ်ကတည်းက မိုင်းလားဟာ ရုရှားက ပြည့်တန်ဆာတွေ၊ လိင်ပြောင်း အမျိုးသားတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ ဒါပေမယ့် မိုင်းလားမြို့က ကာစီနိုတွေမှာ တရုတ်နိုင်ငံက ထိပ်တန်းအဖွဲ့ဝင်တွေ ယွမ်ပေါင်း ဘီလျံနဲ့ ချီပြီး ဆုံးရှုံးခဲ့ပြီးနောက် ၂၀၀၃ ခုနှစ်မှာ ပေကျင်းကနေ ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ကို မိုင်းလားကို စေလွှတ်ပြီး ကာစီနိုများကို ဖျက်သိမ်းစေခဲ့ပါတယ်။
သတင်းတစ်ခုအရတော့ တရုတ်နိုင်ငံက အဆင့်မြင့် အရာရှိတစ်ဦးရဲ့ သမီးဟာ အစိုးရဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ သန်းကို မိုင်းလားမြို့မှာ လောင်းကစားခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပိုင်းမှာတော့ ဦးစိုင်းလင်းဟာ ကျန်တဲ့ ကာစီနိုတွေကို နယ်စပ်ကို ရွှေ့ပြောင်းခဲ့တဲ့အတွက် မိုင်းလားမြို့လယ်ခေါင်ကလည်း တစ္စေမြို့သဖွယ် ကျန်ခဲ့ရပါတော့တယ်။ မြို့ဟာ အရင်ကလို နာမည်ပျက်နဲ့ ဆက်လက် နာမည်ကြီးနေဆဲဖြစ်ပေမယ့် လွန်ခဲ့တဲ့ ၁၅ နှစ်ကအချိန်ကို မမှီတော့တာတော့ အမှန်ပါပဲ။
နေ့ဘက်အချိန်မှာ မြို့ဟာ တိတ်ဆိတ်ငြိမ်သက်နေလေ့ ရှိပါတယ်။
“ယောင်္ကျားတွေက အမျိုးသမီးတွေ ထွက်လာမယ့်အချိန်ကို စောင့်နေကြတာ”လို့ ကျွန်တော့် လမ်းပြက ဆိုပါတယ်။
နေ့ဘက်ဆို မြို့ရဲ့ ဗဟိုဈေးက လှုပ်လှုပ်ရှားရှားရှိနေပြီး အဲဒီဈေးမှာ ပန်းတွေ၊ လိင်အသားပေး ပစ္စည်းတွေအပြင် တောရိုင်း တိရိစ္ဆာန်တွေကိုပါ ရရှိနိုင်ပါတယ်။
ဈေးရောင်းသူတွေက ကျားလက်သည်း၊ ဆင်စွယ်၊ သင်းခွေချပ်သားရေ အစရှိတဲ့ တရုတ်လူမျိုးတွေကြားမှာ နာမည်ကြီးတဲ့ ဆေးဖက်ဝင်ပစ္စည်းတွေကို ရောင်းချလေ့ရှိပါတယ်။ ဆိုင်တစ်ခုမှာဆိုရင် ကျားခြေထောက်အောက်ပိုင်းတစ်ခုကို ရောင်းချဖို့ ပြသထားတာ တွေ့ခဲ့ရပါတယ်။ ဆိုင်ရှင်ရဲ့အဆိုအရ ဒီကျားခြေထောက်ဟာ ၁,၈၀၀ ယွမ် (ကျပ် ၃၆၀,၀၀၀ (သို့) ဒေါ်လာ ၂၈၀) ခန့် တန်ဖိုးရှိပြီး အရင်းအမြစ်မသိတဲ့ ဖျားနာမှုတွေကို ကုသနိုင်တယ်လို့ သိရပါတယ်။ ဒီလိုမျိုး တောရိုင်းတိရိစ္ဆာန် အစိတ်အပိုင်းတွေကို ဘယ်ကရသလဲလို့ မေးတဲ့အချိန်မှာ ဆိုင်ရှင်အမျိုးသမီးက အဝေးတစ်နေရာကို လက်ညိုးထိုးပြပြီး “ရွာကရတယ်”လို့ပဲ ခပ်ပြတ်ပြတ် ပြောကြားခဲ့ပါတယ်။
မိုင်းလားမြို့ဟာ အရှေ့တောင်အာရှဒေသမှာ အကြီးဆုံး တောရိုင်းတိရိစ္ဆာန် ရောင်းချတဲ့ ဈေးကွက်ဖြစ်တယ်လို့ အရှေ့တောင်အာရှ TRAFFIC အဖွဲ့ရဲ့ ဒုတိယဒါရိုက်တာ Chris Shepherd ကဆိုပါတယ်။ မကြာသေးခင်အချိန်အထိ မြန်မာနိုင်ငံတစ်ဝန်းက တိရိစ္ဆာန်တွေနဲ့ ငှက်တွေအားလုံး ရရှိနိုင်တဲ့နေရာတစ်ခုဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အာဖရိကတိုက်က ဆင်စွယ်တွေကိုပါ မိုင်းလားမှာ ရောင်းချလာခဲ့တယ်လို့ သိရပါတယ်။ ရောင်းချတဲ့ ပစ္စည်းတွေထဲမှာ ကြောင်ကြီး မျိုးနွယ်တွေဖြစ်တဲ့ ကျား၊ ကျားသစ်တွေရဲ့ အရေခွံတွေနဲ့ တရုတ်နိုင်ငံက တိဘက် ဒရယ်ချိုတွေအထိ ပါဝင်နေပါတယ်။
၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာက ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီအထိ မိုင်းလားမှာ ရောင်းချခဲ့တဲ့ ကျား အစိတ်အပိုင်းများကို TRAFFIC က စစ်တမ်းကောက်ယူခဲ့ရာမှာ အရေခွံ ရှစ်ခု၊ လက်သည်း ၃၇ ခု၊ သွား ၂၉ ခုနဲ့ အရိုး ခုနစ်ခုတို့ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
“ဒီနေရာက တစ်ဖြည်းဖြည်းနဲ့ တစ်ကမ္ဘာလုံးက မျိုးစိတ်တွေ ဝယ်လို့ရတဲ့နေရာ ဖြစ်လာပါပြီ” လို့ Mr Shepherd ကဆိုပါတယ။် “ဒီနေ့အထိ ဘာမှအရေးယူခြင်းမရှိသေးပါဘူး။ အထူးဒေသအဖြစ်သတ်မှတ်ထားတဲ့အတွက် အစိုးရက လက်လှမ်းမမှီပါဘူး။ တရုတ်အာဏာပိုင်တွေအနေနဲ့ နယ်စပ်ကတစ်ဆင့် အရေးယူတာတော့ ဖြစ်နိုင်လိမ့်မယ်။ တရားမဝင် တောရိုင်းတိရိစ္ဆာန်အစိတ်အပိုင်းတွေ
နယ်စပ်ဖြတ်ကျော် ကုန်ကူးတာကို သူတို့ ရပ်တန့်နိုင်လိမ့်မယ်”လို့ ၎င်းက ဆက်လက်ပြောကြားခဲ့တယ်။
ရောင်းချမှုတွေထဲမှာ တိရိစ္ဆာန်အရှင်တွေလည်း ပါဝင်ပါတယ်။ ကြက်တွေကို သေတ္တာငယ်လေးတွေထဲ ထည့်ထားပြီး လှောင်အိမ်ကို လှုပ်လိုက်တိုင်း လန့်လန့်သွားတဲ့ ဇီးကွက်နှစ်ကောင်ကို တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် လှောင်အိမ်ထဲက ကြောက်ရွံ့နေတဲ့ မျောက်ကို လှမ်းစနေတဲ့ သမီးဖြစ်သူကို ကြည့်ပြီး အဖေဖြစ်သူက ရယ်နေတာကို တွေ့လိုက်ရတော့ ကျွန်တော် ထပြန်ဖြစ်ခဲ့ပါတယ်။
မိုင်းလားမြို့က ညဘက်ဆို ပိုစည်ကားပါတယ်။ နီယွန်မီးတွေကြားထဲက အဆောက်အဦးတွေက ညဘက်မှာ ပိုလင်းလာကြပြီး ကာစီနိုတွေ၊ နိုက်ကလပ်တွေရှေ့မှာလည်း လူအစုအဖွဲ့အလိုက် ရှိနေတတ်ကြပါတယ်။
ရင်ပြင်ထဲမှာရှိတဲ့ စားသောက်ဆိုင်မှာတော့ အမျိုးသမီး၊ အမျိုးသား အုပ်စုတွေဟာ ဘီယာသောက်ပြီး မာကျောက်ကစားနေကြတာတွေ့ရပါတယ်။ အမျိုးသမီးအဖွဲ့တစ်ချို့ကတော့ စားပွဲတွေနားကပ်ပြီး သူတို့ကိုသူတို့ မိတ်ဆက်စကားဆိုပြီး စွဲဆောင်ကြပါတယ်။
ကျွန်တော်တို့ ဟိုတယ်နားက လမ်းမှာတန်းစီ ရပ်နေကြတဲ့ မလုံ့တလုံ ဝတ်ထားတဲ့ အမျိုးသမီးတန်းကြီးကို ဖြတ်ကျော်လာတဲ့အချိန်မှာ “မင်းကာစီနိုသွားချင်လား”လို့ ကျွန်တော့်လမ်းပြက မေးပါတယ်။
ဒါပေမယ့် ကျွန်တော်က “ကျေးဇူးပါ၊ ကျွန်တော်အိပ်ချင်နေပြီ”လို့ပဲ ပြန်ပြောဖြစ်ခဲ့ပါတယ်။
ရဲထွဋ္ဋ်သိန်း ဘာသာပြန်သည်။