အမှိုက်တွေကြောင့် ညစ်နွမ်းလာရတဲ့ မြန်မာ့ခရီးသွားဒေသတွေ

နေရာဒေသတစ်ခုမှာ အမှိုက်သရိုက်တွေ ရှုပ်ပွနေပြီဆိုရင် ဒီနေရာကို မြန်မာခရီးသွားတွေ ရောက်ခဲ့ပြီးပြီဆိုတာကို တပ်အပ်ပြောနိုင်လောက်တဲ့အထိ မြန်မာခရီးသွားတွေရဲ့ အမှိုက်ကို စည်းကမ်းမဲ့ပစ်တေဲ့ ဓလေ့စရိုက်က ဆိုးရွားနေပြီ ဖြစ်ပါတယ်။

ထွန်းခိုင် ရေးသားသည်။

စီးပွားရေးတိုးတက်လာတာမှုရဲ့ နောက်ဆက်တွဲအဖြစ် တရုတ်နိုင်ငံသားတွေဟာ ကမ္ဘာအနှံ့ကို ခရီးလှည့်လည် သွားလာနေကြတာ တွေ့နေရပါတယ်။

ဒါပေမယ့် တရုတ်ခရီးသွားအချို့ရဲ့ မယဉ်ကျေးလှတဲ့အပြုအမူတွေကြောင့် တရုတ်ခရီးသွားတွေဟာ ကမ္ဘာမှာ နာမည်ဆိုးနဲ့ ကျော်ကြားနေတယ်ဆိုတာလည်း အားလုံးအသိပဲဖြစ်ပါတယ်။

လူပုံအလည်မှာ ဆူဆူညံညံအော်ဟစ်သံတွေကြားနေရင် သူတို့ရဲ့ ဘာသာစကားကို နားမလည်ရင်တောင် တရုတ်တွေ ရောက်နေပြီဆိုတာ သိနိုင်ပါတယ်။

ဒီလိုပါပဲ။ မြန်မာတွေမှာလည်း ထင်ရှားတဲ့အမှတ်အသားတစ်ခုက ခရီးသွားလုပ်ငန်းနဲ့အတူတွဲပြီး ပေါ်လာခဲ့ပါပြီ။

နေရာဒေသတစ်ခုမှာ အမှိုက်သရိုက်တွေ ရှုပ်ပွနေပြီဆိုရင် ဒီနေရာကို မြန်မာခရီးသွားတွေ ရောက်ခဲ့ပြီးပြီဆိုတာကို တပ်အပ်ပြောနိုင်လောက်တဲ့အထိ မြန်မာခရီးသွားတွေရဲ့ ဓလေ့စရိုက်က ဆိုးရွားနေပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမြောက်ဖျားပိုင်း ကချင်ပြည်နယ်ကနေ တောင်ဘက်တနင်္သာရီကျွန်းစုတွေအထိ နေထိုင်ကြတဲ့ ၁၃၅ မျိုးသော လူမျိုးစုတွေမှာ ယဉ်ကျေးမှု၊ ဘာသာစကား၊ ကိုးကွယ်တဲ့ဘာသာ၊ အစားအသောက်၊ နိုင်ငံရေးအမြင်နဲ့ အသားအရောင်စတဲ့ မတူညီတဲ့ ကွဲပြားခြားနားမှုတွေရှိနေပါတယ်။

ဒါပေမယ့် မြန်မာပြည်သားတွေအားလုံးမှာ တူညီတဲ့ တစ်ခုတည်းသောအချက်ကတော့ တွေ့ရာနေရာမှာ အမှိုက်ပစ်ကြတာပါဘဲ။

ဗြိတိသျှတွေဟာ မြန်မာပြည်ကိုသိမ်းပိုက်ပြီးတဲ့နောက်မှာ တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ဆက်စပ်နေတဲ့ ရှမ်းပြည် မြောက်ပိုင်းက နယ်မြေတွေကို ပြည်မနဲ့ ဆက်သွယ်ဖို့အတွက် ကြိုးစားပါတော့တယ်။

ဒီလမ်းကြောင်းအတွက် မြန်မာဘုရင် နောက်ဆုံးနန်းဆိုက်ရာ မန္တလေးကနေ မိုင် ၈၀ လောက်ဝေးတဲ့ နောင်ချိုနားက မတ်စောက်လှတဲ့တောင်တွေနဲ့ ဂုတ်တွင်းတောင်ကြားဟာ အခက်ခဲဆုံးအပိုင်း ဖြစ်ခဲ့ပါတယ်။

ဗြိတိသျှအင်ဂျင်နီယာတွေဟာ အဲဒီပြဿနာကိုဖြေရှင်းဖို့အတွက် မတ်စောက်လှတဲ့ ချောက်ကမ်းပါး ဟိုဘက်ဒီဘက်ကို ၁၉၀၀ ပြည်နှစ်မှာ တံတားထိုးပြီး ဖြေရှင်းခဲ့ပါတယ်။

နောင်နှစ်ပေါင်း ၁၀၀ ကျော်လာတဲ့အချိန်မှာ နောင်ချိုဒေသခံတွေဟာ ဂုတ်ထိပ်နဲ့ ပတ်သတ်ပြီး နောက်ထပ်ပြဿနာတစ်ခု ထပ်မံကြုံတွေ့ရပါတယ်။ ဒါကတော့ ဂုတ်ထိပ်တံတားကို လာရောက်လည်ပတ်ကြသူတွေ ချထားခဲ့ကြတဲ့ အမှိုက်တွေကို ရှင်းလင်းရတာဘဲဖြစ်ပါတယ်။

သြင်္ကန်အပြီး ဧည့်သည်များ ပြန်ချိန်တွင် အမှိုက်များဖြင့် ရှုပ်ပွကျန်ခဲ့သည့် ချောင်းသာကမ်းခြေအား တွေ့ရစဉ်။ ဓာတ်ပုံ-ကျော်ဇေယျာထွန်း

သြင်္ကန်အပြီး ဧည့်သည်များ ပြန်ချိန်တွင် အမှိုက်များဖြင့် ရှုပ်ပွကျန်ခဲ့သည့် ချောင်းသာကမ်းခြေအား တွေ့ရစဉ်။ ဓာတ်ပုံ-ကျော်ဇေယျာထွန်း

“ပြီးခဲ့တဲ့နှစ်ကစပြီး ဂုတ်ထိပ်တံတားနားမှာ အမှိုက်တွေ သိသိသာသာ များလာတယ်”လို့ နောင်ချိုအခြေစိုက် အင်းစိမ်းမြေ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က ကိုမြင့်သန်းကပြောပါတယ်။

ပေ ၂,၀၀၀ ကျော်ရှည်လျှားတဲ့ ဂုတ်ထိပ်တံတားဟာ မြန်မာခရီးသွားတွေအတွက် လည်ပတ်စရာဒေသအဖြစ် ဒီနှစ်ပိုင်းတွေမှာ ရုတ်တရတ် ရေပန်းစားလာတဲ့နေရာတစ်ခုဖြစ်ပါတယ်။

အစိုးရထုတ်ပြန်တဲ့စာရင်းအရ ၂၀၀၉-၁၀ ခရီးသွားနှစ်မှာ ဂုတ်ထိပ်ကိုလာတဲ့ခရီးသည် ၁,၆၀၀ လောက်သာ ရှိခဲ့ပေမယ့် နောင် သုံးနှစ်အကြာ ၂၀၁၃-၁၄ ခရီးသွားရာသီမှာတော့ အဆ ၅၀ လောက်တက် လာခဲ့တယ်လို့ ဆိုပါတယ်။

ဒီလို ခရီးသွားများလာမှုရဲ့ အကျိုးဆက်အဖြစ် ခရီးသွားတွေချခဲ့တဲ့ အမှိုက်တွေကို ဒေသခံတွေက ကောက်သိမ်းခဲ့ရပါတယ်။

နောင်ချိုအခြေစိုက် သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးအဖွဲ့ဖြစ်တဲ့ အင်းစိမ်းမြေက အဖွဲ့ဝင်တွေအပါအဝင် ဒေသခံတွေဟာ သူတို့ အားလပ်ရပ်မှာ ဂုတ်ထိပ်တံတားအနီး အမှိုက်ကောက်တဲ့အစီအစဉ်ကို လုပ်ခဲ့ကြရပါတယ်။

ဂုတ်ထိပ်လိုဘဲ မြန်မာခရီးသွားတွေ ရုတ်တရတ်စိတ်ဝင်စား အလည်သွားကြတဲ့ လှပတဲ့နေရာတိုင်းတွဟာ မြန်မာခရီးသွားတွေ စွန့်ပစ်ခဲ့တဲ့အမှိုက်တွေကြောင့် ညစ်နွမ်းခဲ့ရပါတယ်။

မြန်မာခရီးသွားတွေ ရုတ်တရတ် စိတ်ဝင်စားလာတဲ့ နောက်ထပ် နေရာတစ်ခုကတော့ ရှမ်းပြည်နယ်ထဲက ဟိုက်ပါရေတံခွန်ပဲဖြစ် ပါတယ်။

ဟိုက်ပါရေတံခွန်ဟာ ရှမ်းပြည်နယ်တောင်ပိုင်းက မိုင်းရှုးမြို့နယ်ထဲက ဟိုက်ပါရွာထဲမှာဖြစ်ပြီး အင်အား ၈,၀၀၀ ကျော်လောက်ရှိတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA) ထိန်းချုပ်ထားတဲ့ နယ်မြေထဲမှာ ရှိနေပါတယ်။

မိုးအကုန်၊ ဆောင်းဦးရောက်တိုင်း မြန်မာ့တပ်မတော်နဲ့ SSPP/SSA  တို့အကြား တိုက်ပွဲတွေဖြစ်ပွားနေခဲ့တာကြောင့်  အာရှတိုက်မှာ အလှပဆုံး သဘာဝအတိုင်းရှိနေတဲ့ရေတံခွန်လို့ ခရီးသွားအချို့က ညွှန်းဆိုကြတဲ့ ဟိုက်ပါကို လူသူအရောက်အပေါက်နည်းလှပါတယ်။

ပြီးခဲ့တဲ့ လပိုင်းအတွင်းက ကြားဖြတ်ရွေးကောက်ပွဲသတင်းသွားယူခဲ့တဲ့ Frontier သတင်းထောက်တချို့ဟာ ဟိုက်ပါရေတံခွန်ဆီကို ရောက်ခဲ့ပါတယ်။

သွားရလာရခက်ခဲတဲ့ ရေတံခွန်ရဲ့ အမြင့်ပိုင်းတွေဆီ Frontier က သွားရောက်လေ့လာခဲ့ချိန်မှာတော့ မြန်မာခရီးသွားတွေ လာရောက်ခဲ့ပြီဆိုတဲ့ အထောက်အထားအဖြစ် ရှုပ်ပွနေတဲ့အမှိုက်တွေနဲ့ ပုလင်းကွဲတွေကို နေရာအတော်များများမှာ တွေ့ခဲ့ရပါတယ်။ 

ပြည်တွင်းအခြေစိုက် ခရီးသွားလုပ်ငန်းတွေအဆိုအရ မြန်မာနိုင်ငံသားတွေဟာ နိုင်ငံရေးအပြောင်းအလဲ စတင်ခဲ့တဲ့ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းမှာ အပန်းဖြေခရီးထွက်တာ သိသိသာသာတိုးလာတဲ့အချိန်ကစပြီး သူတို့ စွန့်ပစ်ခဲ့တဲ့ အမှိုက်ပြဿနာတွေလည်း ပိုပြီး ထင်သာမြင်သာဖြစ်လာတယ်လို့ ဆိုပါတယ်။

မြန်မာ့လူမှုအသိုင်းအဝိုင်းမှာ အပန်းဖြေခရီးထွက်ကြတဲ့ဓလေ့ ခေတ်စားလာတာ ဆယ်စုနှစ်အနည်းငယ်လောက်ဘဲ ရှိသေးပေမယ့် ဘုရားဖူးခရီးစဉ်တွေ ထွက်ခွာကြတာကတော့ ရာစုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။

ခရစ်နှစ် ၉ ရာစုကနေ ၁၃ ရာစုအတွင်း ဆောက်လုပ်ထားတဲ့ ဗိသုကာလက်ရာတွေကို တွေ့နိုင်တဲ့ ပုဂံမှာ လှပခမ်းနားတဲ့ ရှေးဟောင်း စေတီပုထိုးတွေဟာ ဘုရားဖူးတွေစွန့်ပစ်ခဲ့တဲ့ အမှိုက်တွေအကြား ရောက်ရှိခဲ့ရပါတယ်။

ဘုရားဖူးတွေနဲ့ ဒေသခံအချို့က ပုဂံရှေးဟောင်းနယ်မြေမှာ စည်းကမ်းမဲ့ အမှိုက်ပစ်ကြတာ “အရိုးစွဲနေတဲ့ ဓလေ့တစ်ခု” ဖြစ်နေပြီလို့ ပုဂံယဉ်ကျေးမှုနယ်မြေအတွင်း အမှိုက်ကင်းစင်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့ဖူးတဲ့ ဦးတင်ထူးမောင်က ပြောပါတယ်။

ပုဂံက စေတီပုထိုးတွေအကြား ပြန့်ကျဲနေတဲ့ အမှိုက်တွေကို သန့်ရှင်းရေးလုပ်ဖို့အတွက် မြို့ခံတွေဟာ Bagan Plastic Campaign ဆိုတဲ့ လှုပ်ရှားမှုကိုပြုလုပ်နေရပြီး အမှိုက်တွေကိုလဲ လိုက်လံကောက်ယူနေရပါတယ်။

Bagan Plastic Campaign အဖွဲ့ဝင်တွေနဲ့ ဒေသခံတွေရဲ့ သုတေသနပြုချက်အရ ပုဂံမှာ တစ်ရက်ကို အမှိုက် ၃၆ တန်လောက် ထွက်နေပြီး အဲဒီထဲက ၂၀ ရာခိုင်နှုန်းဖြစ်တဲ့ ခုနစ်တန်လောက်ဟာ အလွယ်တကူ ဆွေးမြေ့ဖို့ ခက်ခဲတဲ့ ပလပ်စတစ်အမှိုက်တွေလို့ ဆိုပါတယ်။

“ပုဂံလောက်ဧရိယာပမာဏလေးမှာ ပလပ်စတစ်အမှိုက်က တစ်ရက်ကို ဒီလောက်ထွက်တယ်ဆိုတဲ့ ကိန်းဂဏန်းကိုကြည့်ပြီး ကျနော် shock (အထိတ်တလန့်) ဖြစ်သွားတယ်”လို့ ဦးတင်ထူးမောင်က ပြောပါတယ်။

အဲဒီအမှိုက်တွေဟာ နေရာအနှံ့ ပြန့်ကျဲနေတာဖြစ်တဲ့အတွက် ပုဂံကို အမှိုက်ကင်းစင်ရေးအတွက် ဆောင်ရွက်နေသူတွေနဲ့ စည်ပင်ဝန်ထမ်းတွေက ကောက်ယူစွန့်ပစ်နေရတာဖြစ်ပါတယ်။

Bagan Plastic Campaign ဟာ ပုဂံမှာ နာမည်ကောင်းနဲ့ ကျော်ကြားနေခဲ့တဲ့အဖွဲ့အစည်းဖြစ်ပြီး အမှိုက်ကောက် ဖို့ပူးပေါင်းတဲ့သူတွေလည်း တစ်နေ့တခြား များပြားလာပါတယ်။ အခြားတစ်ဘက်မှာလည်း အမှိုက်ပစ်ကြသူ အရေအတွက်က များပြားနေဆဲဖြစ်ပါတယ်။

အစိုးရစာရင်းတွေအရ တစ်ရက်ကို ဘုရားဖူးယာဉ် ပျမ်းမျှ ၆၀၀ လောက် ပုဂံဒေသကို အဝင်အထွက် ရှိတယ်လို့ဆိုပါတယ်။

“အဲဒိကား ၆၀၀ က ပစ်သွားတဲ့ ရေသန့်ဘူးဟာ ကားတစ်စီးကို တစ်ဘူးပဲ ပစ်တယ်ထားပါတော့။ ရေသန့်ဘူးပေါင်း ၆၀၀ လောက်က နေ့တိုင်းကျနေတဲ့ အဓိပ္ပာယ်ဘဲ”လို့ ဦးတင်ထူးမောင်ကပြောပါတယ်။

ပုဂံလိုပဲ ရှေးလူတွေဆောက်လုပ်ခဲ့တဲ့ ဗိသုကာလက်ရာတွေကို ခံစားနိုင်တဲ့ မြောက်ဦးမှာလည်း နှောင်းလူတွေစွန့်ပစ်ခဲ့ကြတဲ့ တန်နဲ့ချီတဲ့အမှိုက်တွေကို တွေ့နိုင်ပါတယ်။

အင်းစိမ်းမြေအဖွဲ့ဝင်များက ဂုတ်ထိပ်တံတားအနီးတွင် အမှိုက်များ ကောက်ယူနေကြသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ- အင်းစိမ်းမြေ

အင်းစိမ်းမြေအဖွဲ့ဝင်များက ဂုတ်ထိပ်တံတားအနီးတွင် အမှိုက်များ ကောက်ယူနေကြသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ- အင်းစိမ်းမြေ

ရှေးမွန်နဲ့ ဗမာဗိသုကာပညာရှင်တွေ ဒီဇိုင်းထုတ်ခဲ့သလိုပဲ လှပတဲ့ ဗုဒ္ဒဘာသာ သာသနိက အဆောက်အဦးတွေကို ရှေးရခိုင်ပညာရှင်တွေက ရခိုင်ပြည်နယ်မြောက်ဘက်ခြမ်း၊ မြောက်ဦးမြို့မှာ ၁၅ ရာစုအစောပိုင်းက ဆောက်လုပ်ခဲ့ကြပါတယ်။

အခုတော့ မြောက်ဦးမှာ စည်းကမ်းမဲ့စွန့်ပစ်တဲ့အမှိုက်တွေကြောင့် ရေစီးရေလာကောင်းတဲ့ချောင်းတွေ ပိတ်ဆို့နေပြီး နောက်ဆက်တွဲအဖြစ် ရေကြီးတာတွေ ဖြစ်လာတာကြောင့် ရခိုင်တွေရဲ့ အနုပညာလက်ရာတွေ အများဆုံးရှိတဲ့ မြောက်ဦးမြို့ဟောင်းဟာ အချိန်မတန်မီ ပျက်စီးမယ့်ဘေးနဲ့ကြုံနေရပြီလို့ Mrauk U Heritage Trust ရဲ့ဥက္ကဋ္ဌ ဖြစ်တဲ့ ဒေါ်ခင်သန်းက ပြောပါတယ်။

မြောက်ဦးမှာ စနစ်တကျ အမှိုက်စွန့်ပစ်ဖို့အတွက် စနစ်တစ်ခု ဘယ်တုန်းကမှ မရှိခဲ့တာကြောင့် ရှေးမြို့ဟောင်းဟာ အမှိုက်တွေကြား ရောက်နေခဲ့ရပြီလို့ ဒေါ်ခင်သန်းက ပြောပါတယ်။

“ရှေးဟောင်းယဉ်ကျေးမှုမြို့ဖြစ်ပြီး အညစ်ပတ်ဆုံးမြို့ကို ပြပါဆိုရင် မြောက်ဦးမြို့ကို ပြရမှာဖြစ်ပါတယ်”လို့ ဒေါ်ခင်သန်းက ပြောပါတယ်။

အမှိုက်ပြဿနာဟာ ရှေးဟောင်းအဆောက်အအုံတွေကို ထိခိုက်ရုံသာမကဘဲ လူမျိုးတစ်မျိုးရဲ့ ပုံရိပ်ကိုပါ ထိခိုက်လာမှာ စိုးရိမ်တယ်လို့လည်း ဒေါ်ခင်သန်းက ပြောပါတယ်။

သဘာဝပတ်ဝန်းကျင်နဲ့ သစ်တောရေးရာဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်း ပလပ်စတစ်အသုံးပြုမှု သိသိသာသာ တိုးလာတယ်လို့ ဆိုပါတယ်။

အရင်ကတော့ ပစ္စည်းနဲ့ စားစရာတွေ ထုတ်ပိုးဖို့အတွက် ဆွေးမြေ့လွယ်တဲ့ သစ်ရွက်တွေနဲ့ စက္ကူတွေကိုပဲ သုံးခဲ့တာဖြစ်တဲ့အတွက် စည်းကမ်းမဲ့အမှိုက်ပစ်မှုက သိသာမှု မရှိခဲ့ပါဘူး။

ဒါပေမယ့် ပလပ်စတစ်တွေကတော့ ဆွေးမြေ့ဖို့အတွက် နှစ်ပေါင်း ၅၀၀ ကနေ ၁,၀၀၀ အထိ အချိန်ယူရတယ်လို့ ဝန်ကြီးဌာနက ပြောကြားပြီး စိုက်ပျိုးရေးလုပ်ငန်းတွေကို အကြီးအကျယ် ထိခိုက်လာနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

အခုနောက်ပိုင်း ပြည်တွင်းမှာ ခေတ်စားလာတဲ့ ခရီးသွားလုပ်ငန်းနဲ့အတူ တန်နဲ့ချီတဲ့ ပလပ်စတစ်အမှိုက်တွေကို မြန်မာခရီးသွားတွေက နေရာအနှံ့ စွန့်ပစ်နေကြပါပြီ။

ပြီးခဲ့တဲ့လပိုင်းက သြင်္ကန်အားလပ်ရက်မှာဆိုရင် မြန်မာခရီးသွားအများအပြားဟာ ကမ်းခြေတွေကို အပူရှောင်တဲ့အနေနဲ့ အလည်အပတ် သွားလာခဲ့ကြပါတယ်။

သူတို့ပြန်ချိန်မှာတော့ အစဉ်အလာအတိုင်း လှပတဲ့ကမ်းခြေဟာ အမှိုက်တွေ ရှုပ်ပွနေတဲ့နေရာတစ်ခုအဖြစ် ရုတ် တရတ် ပြောင်းလဲပြီး ကျန်ရစ်ခဲ့ပါတော့တယ်။

ခရီးသွားတွေ လည်ပတ်နားနေခဲ့တဲ့ နေရာတွေမှာတင်မကပဲ၊ ကားလမ်းမကြီးတွေ၊ အဝေးပြေးလမ်းမကြီးတွေ ဘေးတလျောက်မှာပါ ရေသန့်ဘူးခွံ၊ ဘီယာဘူးခွံတွေနဲ့ ပလပ်စတစ်အမှိုက်တွေ ပြန့်ကျဲနေတဲ့ မြင်ကွင်းဟာ မြန်မာနိုင်ငံတဝှမ်းမှာ မြင်တွေ့နေကျ မြင်ကွင်းတွေ ဖြစ်လို့နေပါပြီ။

အမှိုက်တွေကို စနစ်တကျမပစ်တတ်တဲ့ ဓလေ့နဲ့ အသားကျနေတဲ့ မြန်မာနိုင်ငံက ခရီးသွားတွေ ရောက်ရှိခဲ့တဲ့ နေရာတိုင်း အမှိုက်တွေပွရှုပ်ကျန်နေတတ်တဲ့ ပြဿနာဟာ မြန်မာနိုင်ငံရဲ့ လှပတဲ့ ခရီးသွားဒေသတွေကို အမှန်တကယ်ပဲ ခြိမ်းခြောက်နေပြီ ဖြစ်ပါတယ်။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar