မြန်မာနိုင်ငံတွင် ကြက်တိုက်သောအလေ့အထ ရှင်သန်လျက်ရှိသော်လည်း လောင်းကစားခြင်းကို တားမြစ်ပိတ်ပင်ထားမှုကြောင့် ကြက်တိုက်ဝိုင်းများမှာ ပုန်းလျှိုးကွယ်လျှိုးဖြင့်သာ ရှိနေသည်။
ဗစ်တိုးရီးယား မီလ်ကိုနှင့် ကျော်ဖုန်းကျော် ရေးသားသည်။
ဓာတ်ပုံများ- ဗစ်တိုးရီးယား မီလ်ကို
ပုန်လျှိုးကွယ်လျှိုး ကစားရသော ကြက်တိုက်ခြင်းမှာ မြန်မာနိုင်ငံ၏ နယ်မြို့များရှိ လ ျှို့ဝှက်ချိန်းဆိုမှုများမှသည် မျက်စိရှုပ်စရာကောင်းသော ဖေ့စ်ဘွတ်နှင့် အွန်လိုင်း ဗွီဒီယိုများအပေါ်အထိ ရှင်သန်ကြီးထွားလာလျက်ရှိသည်။
မြန်မာနိုင်ငံတွင် ကြက်တိုက်ခြင်းအား ဥပဒေအရ တိတိပပ တားဆီးထားခြင်းမရှိသော်လည်း ခွဲခြား၍မရအောင် ဆက်စပ်နေသော လောင်းကစားခြင်းကိုမူ ပိတ်ပင်ထားမြစ်ထားရာ ကြက်တိုက်ခြင်းမှာ တရားမဝင်လုပ်ရပ်ဟု ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြသည်။
“နိုင်ငံအနှံ့အပြားက ကြက်တိုက်တဲ့နေရာတွေမှာ လူတွေ ထောင်နဲ့ချီပြီး ပါဝင်နေပါတယ်” ဟု ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်တွင် နေထိုင်လျက်ရှိပြီး နှစ်ပေါင်း ၄၀ မျှ ကြက်တိုက်ခဲ့ဖူးသူ အသက် ၅၀ နှစ်အရွယ် ဦးမြတ်သီဟက ပြောကြားလိုက်သည်။
“ကျွန်တော်က ကြက်တိုက်တဲ့ပွဲတွေမှာ အတိုက်သမား၊ ရေချပေးတဲ့သူ၊ ဒိုင်လူူကြီး၊ သားဖောက်သူနဲ့ သင်တန်းပေးသူဆိုပြီး ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ပါဝင်ခဲ့ဖူးပါတယ်” ဟု ဦးမြတ်သီဟကဆိုသည်။ “ကျွန်တော်က ကြက်တိုက်ရတာကို ဝါသနာပါပါတယ်။ ခေါင်း၊ ခေါင်းခြင်း တိုက်ခိုက်တဲ့၊ ခန့်မှန်းရခက်ခဲတဲ့ ပွဲတွေကို ကျွန်တော်သဘောကျပါတယ်” ဟုလည်း ၎င်းက ပြောကြားလိုက်သေးသည်။
လက်ရှိအချိန်တွင် ဦးမြတ်သီဟတစ်ယောက် ကြက်မတိုက်တော့သော်လည်း နာမည်ကျော် ကြက်မျိုးများကို ပိုင်ဆိုင်ထားသူအဖြစ် လူသိများလာခဲ့ပြီး (ကြက်သားပေါက်နှင့် သားဖောက်ထားသော ကြက်ဥများ) ကို အမေရိကန်နှင့် ကမ္ဘာ့နေရာအနှံ့အပြားမှ နိုင်ငံများသို့ ရောင်းချလျက်ရှိသည်။
“သူက အရမ်းနာမည်ကြီးပါတယ်။ သူတက်တဲ့ အချိန်တုန်းကဆိုရင် နိုင်ငံအနှံ့အပြားက လူတိုင်းက သူ့ကိုသိပါတယ်” ဟု ဦးမြတ်သီဟက ကြက်တစ်ကောင်၏ အကြောင်းကို ပြောသည်။ “ခုဆိုရင်တော့ ကျွန်တော်က သူ့ကို သားပဲဖောက်တော့တယ်။ သူကိုကြည့်ရှု ဂရုစိုက်ချင်လို့ပါ။ တိုက်ဖို့အတွက် မဟုတ်ပါဘူး” ဟုလည်း ၎င်းက ထပ်လောင်း ရှင်းပြခဲ့သည်။
ကမ္ဘာတစ်လွှားရှိ တိရိစ္ဆာန်အခွင့်အရေး လှုပ်ရှားသည့်အဖွဲ့များက ကြက်တိုက်ခြင်းကို ပိတ်ပင်ဟန့်တားရန် တောင်းဆိုခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော်လည်း ဤလှုပ်ရှားဆောင်ရွက်မှုမှာ မျှတမှုမရှိဟု ဦးမြတ်သီဟက မှတ်ယူလျက်ရှိသည်။
“ကျွန်တော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ဒါကို တရားဝင်ခွင့်ပြုပေမယ့် မြန်မာနိုင်ငံမှာကတော့ လူတွေက ကြက်တိုက်သမားတွေကို မကောင်းတဲ့သူတွေလို့ မှတ်ယူထားကြပါတယ်” ဟု ဦးမြတ်သီဟက ဆိုသည်။ “ကျွန်တော်တို့ရဲ့ ကြက်တိုက်သမားအသိုင်းအဝိုင်းမှာ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေနဲ့ တပ်မတော်သားတွေ ပါဝင်နေပါတယ်။ ဒါက သူတို့ရဲ့ ဝါသနာတစ်ခုပါဘဲ။ သူတို့က လူဆိုးတွေ မဟုတ်ကြပါဘူး”ဟု ၎င်းကပြောသည်။
ကြက်တိုက်ခြင်းအား နိုင်ငံအနှံ့တွင် တွေ့ရှိနိုင်သော်လည်း အချို့သောနေရာများမှာ ကြက်တိုက်ရန်နှင့် စုရုံးရန်အတွက် အကောင်းဆုံးနေရာများ ဖြစ်ဟန်ရှိသည်။
“ဒါက နှစ်တိုင်း ပြောင်းနေတာပါ” ဟု ဦးမြတ်သီဟက ဆိုသည်။ “တစ်ချို့နှစ်တွေဆိုရင် [ကရင်ပြည်နယ်ထဲက] ဇွဲကပင်ပွဲမှာဖြစ်ခဲ့ပြီး [မန္တလေးတိုင်းဒေသကြီးက] ကျောက်ပန်တောင်းကလည်း အရမ်းကောင်းတဲ့ နေရာတစ်နေရာ ဖြစ်ခဲ့တာ ကြာခဲ့ပါပြီ။ ဒါပေမယ့် ရန်ကုန်ကတော့ ကြက်အတိုက်ဆုံး မြို့ပါ။ စနေနေ့တွေက ကြက်တိုက်ဖို့ ကောင်းတဲ့နေ့တွေပါ” ဟုလည်း ၎င်းက ရှင်းပြသည်။
စနေနေ့ နံနက်အစောပိုင်းတွင်မူ ဦးမြတ်သီဟနှင့် ၎င်း၏ရောင်းရင်းများသည် ကြက်တိုက်ပွဲအတွက် ခရီးထွက်ရန် အဆင်သင့်ဖြစ်နေကြပြီး နယ်သို့ထွက်ခွာမည့် ခရီးရှည်တစ်ခုအတွက် ကားတစ်စီးပေါ်သို့ တက်လိုက်ကြသည်။ ၎င်းတို့သည် ဤခရီးကိုသွားရန်အတွက် ရန်ကုန်ဆင်ခြေဖုံးဒေသတွင် ကျင်းပမည့် ရုံးပိတ်ရက်ကြက်ပွဲကို လွှတ်ခဲ့ရပြီး စီးပွားရေးမြို့တော် တောင်ဘက်ပိုင်းရှိ ကျေးလက်ဒေသပိုကျသော နေရာတစ်နေရာသို့ သွားနေကြခြင်း ဖြစ်သည်။
ငါးနာရီမျှကြာမြင့်သော ဤခရီးတွင် အရာရာတိုင်းမှာ ရင်းနှီးကျွမ်းဝင်သော ပြိုင်ပွဲ ဖြစ်လာသည်။ နေ့လည်စာစားရန်အတွက် ရပ်နားလိုက်သော နေရာတစ်နေရာတွင် ကြက်တိုက်သမားများက ၎င်းတို့၏ ကြွက်သားများကို စားပွဲထိုးတစ်ဦးထံ ကွေးပြလိုက်ပြီး မည်သူက အသန်မာဆုံးဖြစ်သည်ဆိုသည်ကို ဟာသနှော၍ မေးမြန်းလိုက်ကြသည်။ ယခင်ပြုလုပ်ခဲ့သော ကြက်တိုက်ပွဲ ဗွီဒီယိုများအား iPad များနှင့် iPhone များပေါ်တွင် မျှဝေလိုက်ကြပြီး စိတ်ဝင်စားဖွယ်ရာ တိုက်ခိုက်မှု တစ်ခုပြီးတစ်ခု ကြည့်ခဲ့ကြသည်မှာ အားလုံး ကုန်သွားသည်အထိပင် ဖြစ်သည်။ ကုန်စုံဆိုင်တစ်ဆိုင်တွင် အစာပြေဝယ်ယူရန် ရပ်တန့်သော အချိန်တွင်ပင် ပြိုင်ဆိုင်မှုတစ်ခုအဖြစ်သို့ အသွင်ကူးပြောင်းသွားခဲ့ပြီး မည်သူအများဆုံး ဝယ်ယူသည်ဆိုသည်ကို နောက်ပြောင်နေခဲ့ကြသည်။ လမ်းပေါ်တွင် နာရီများစွာကြာပြီးနောက်တွင် ၎င်းတို့အင်အားများမှာ အမြင့်ဆုံးသို့ ရောက်ရှိလာသလို ၎င်းတို့၏ ကားဆီတိုင်ကီများပင်တွင် ဆီနည်းပါးလာခဲ့သည်။
တစ်ဖြည်းဖြည်းဖြင့် ရန်ကုန်မြို့ကို ဝိုင်းရံထားသော လယ်ကွင်းပြင်များစွာကို ကျော်ဖြတ်ကာ တိမ်လွှာတိပ်ရိပ်များအကြား ပြူထွက်နေသော ရွှေရောင်ဘုရားများ ကိန်းဝပ်စံပါယ်ရာ တောင်တန်းများဆီသို့ ရောက်ရှိလာခဲ့သည်။ နာရီအနည်းငယ် ထပ်မံသွားရောက်ပြီးနောက်တွင်မူ ကားမှာ နှေးကွေးစွာ တစ်လှိမ့်ခြင်း လှိမ့်သွားခဲ့ပြီး သေးသွယ်ရွှံ့ထူသော လမ်းတစ်လမ်းအတွင်းသို့ ဆင်းသွားခဲ့သည်။ စိုစိုလွင်လွင် ဖြစ်နေသော အစိမ်းရောင် ကွမ်းခြံများကို ဖြည်းဖြည်းခြင်း ဖြတ်သွားအပြီးတွင် တရားမဝင် ကြက်တိုက်ပွဲကျင်းပသော ကွင်းသို့ ရောက်ရှိခဲ့သည်။
“ကြက်တိုက်တဲ့နေရာတွေကို သွားပြီဆိုရင် ရဲတွေလာတဲ့အခါမှာ ပြေးရမယ့် လမ်းတွေကို မဖြစ်မနေ ရှာရပါတယ်” ဟု ပဲခူတိုင်း၊ ကဝမြို့နယ်မှ လယ်သမားတစ်ဦးဖြစ်သည့် အသက် ၂၅ နှစ်ရွယ် ကိုထွန်းဇေယျက ဆိုသည်။ “အဖမ်းခံရပြီဆိုရင်တော့ ခင်ဗျားရဲ့ မိသားစု အရှက်ရနိုင်ပါတယ်” ဟုလည်း ၎င်းက ထပ်လောင်းရှင်းပြခဲ့သည်။
ဤကွင်းတွင် ထွက်ပြေးနိုင်ချေရှိသောလမ်းမှာ တစ်မျှော်တစ်ခေါ် ရှိလှသည်ဟု ထင်ရပေသည်။ မော်တော်ဆိုင်ကယ်အစီး ၅၀ ခန့်အား သက်ကယ်မိုး အဆောက်အဦးတစ်ခုအောက်ရှိ လေးဘက်လေးတန် ဖွင့်ထားသော ကွင်းပတ်လည်တွင် ပြေးပေါက်တစ်ခုဆီသို့ အမြန်သွားရန် အသင့်အနေအထားတွင် ထားရှိထားသည်။
အစားအစာများ တင်ရောင်းသော ခေါက်စားပွဲတစ်ခု၊ ကွမ်းယာဆိုင်တန်းနှင့် စားပွဲအလွတ်တစ်လုံးက လွဲ၍ အဆောက်အဦးမှာ အခန်းအလယ်ခေါင်တွင် စက်ဝိုင်းပုံသဏ္ဍာန်လုပ်ထားသော ဝိုင်ယာကြိုးများဖြင့် ဟာလာဟင်းလင်း ဖြစ်နေသည်။ ကွင်းအပေါ်တည့်တည့်တွင် ခပ်နိမ့်နိမ့်ချိတ်ထားသော မီးချောင်း အနည်းငယ်မှအပ အလင်းရောင်များ၊ သင်္ကေတများ သို့မဟုတ် ကြက်တိုက်သော ဤနေရာကို ပိုင်ဆိုင်ဖွယ်ရှိသူအား ရည်ညွှန်းသော အမှတ်အသားဟူ၍ တစ်ခုမျှ မရှိပေ။
အစားအစာများ ကျွေးမွေးဧည့်ခံနေသော အမျိုးသမီးတစ်ဦးနှင့် စာရင်းကိုင်အဖြစ် ဆောင်ရွက်လျက်ရှိသည့် ပိုင်ရှင်ဖြစ်သူ၏ ဇနီးမှအပ ဤပြိုင်ပွဲမှာ အမျိုးသားများကိုသာ ခွင့်ပြုသော ပွဲတစ်ပွဲဖြစ်သည်။ ခမ်းလှမ်းလှမ်းရှိ ခြံဝန်းအစွန်းပိုင်းတစ်နေရာတွင် အမျိုးသားများက ကြက်များကို နှိုင်းယှဉ်နေကြပြီး အချို့သောသူများမှာ ဝယ်ယူရောင်းချရန် ကြည့်ရှုလျက်ရှိသည်။ အခြားသူများမှာ ထိုကြက်များကို စိတ်ဝင်စားစွာ ကြည့်ရှု့ကြရန်အတွက်သာ ဖြစ်သည်။ တိုက်ကြက်အချင်းချင်း တစ်ခုန်၊ နှစ်ခုန်မျှ ခွပ်လက်ပြခြင်းများကိုလည်း ကျိုကြားကျိုကြား ပြုလုပ်လျက်ရှိသည်။
ကမ္ဘာ့ကြက်တိုက်ပွဲ မြို့တော်များတွင်ပါဝင်သည့် ဖိလစ်ပိုင်နိုင်ငံနှင့် အခြားသော နိုင်ငံအချို့တွင် သင်တုန်းဓားသွား သို့မဟုတ် သံဆူးများအား ကြက်ခြေထောက်ရှိ အတက်တွင် ချိတ်ဆွဲထားသော်လည်း မြန်မာနိုင်ငံရှိ ကြက်ပွဲများတွင်မူ သဘာဝကျသော တိုက်ခိုက်မှုကိုသာ အသုံးပြုလျက်ရှိပြီး ဆူးသွားများအား ဝိုင်းအပြင်ဘက်တွင် ထားခဲ့ကြသည်။
“တိုက်ကြက်ကောင်းတွေမှာ ကောင်းမွန်တဲ့ ကိုယ်လုံးကိုယ်ထည်၊ ကျယ်ပြန့်တဲ့ ရင်အုံနဲ့ ကောင်းမွန်တဲ့ အတောင်တွေ၊ အမြီးတွေ ရှိပါတယ်” ဟု ဦးထွန်းဇေယျကဆိုသည်။ “ကြက်သမားအားလုံးနီးပါးက တိုက်ကြက်တွေရဲ့ အရည်အသွေးကို အရင်ဆုံး တစ်ခုန်၊ နှစ်ခုန်လောက် စမ်းတိုက်ပြီးမှ ဆုံးဖြတ်ကြတာပါ”ဟု ၎င်းကပြောသည်။
ပထမဆုံးပြိုင်ပွဲ မစတင်မီ တိုက်မည့်ကြက်များအား အလေးချိန် ချိန်ကြည့်ပြီး တိုက်ခိုက်ရန်အတွက် ယှဉ်ကြည့်ခဲ့ကြသည်။ အဖွဲ့မှ ပိုမိုဝါရင့်သော အဖွဲ့ဝင်များက စက်ဝိုင်းငယ်လေးအတွင်းတွင် ဆောင့်ကြောင့် ထိုင်ကာ တိုက်မည့်ကြက်များအား တစ်ဦးမှတစ်ဦးထံ လက်ဆင့်ကမ်းပေးပြီး ကြက်အတက်များကို စစ်ဆေးခြင်းများနှင့် အလေးချိန် အတန်းအစားကို ခန့်မှန်းခြင်းများအား ပြုလုပ်ခဲ့ကြသည်။ အမျိုးသားတစ်ဦး၏ ကြက်မှာ အလေးချိန်ခြင်း မတူဟန်ရှိသောကြောင့် တင်းမာမှုများ မြင့်တက်လာစဉ်တွင် အခြားအမျိုးသားတစ်ဦးက ၎င်း၏ကြက်အား ငုတ်တိုင်တွင် ပြန်ချည်ကာ တိုက်ခိုက်မှုမပြုမီ အနားပေးထားလိုက်သည်။
“ပွဲတိုင်းတိုက်ရတဲ့ ကြက်ရယ်လို့ မရှိပါဘူး” ဟု ရန်ကုန်မှလာရောက်ခဲ့သူ အသက် ၂၆ နှစ်အရွယ် ကိုသန်းစိုးက ပြောကြားသည်။ “ကျွန်တော်တို့က မျှတတဲ့ တိုက်ခိုက်မှုဖြစ်ဖို့အတွက် အမြဲကြိုးစားလေ့ရှိပါတယ်။ ဒီနည်းက ပိုကောင်းတဲ့ အလောင်းအစားတစ်ခု ဖြစ်စေပါတယ်” ဟု ၎င်းကပြောသည်။
ကြက်ပွဲရှိ အမျိုးသားများမှာ ဝိုင်ယာကြိုးစက်ဝိုင်းပတ်လည်တွင် တစ်ဖြည်းဖြည်းချင်း စုရုံးလာကြသည်။ ဆွဲပုံးနှစ်ပုံးကိုမူ တိုင်တစ်တိုင်တွင် ချိတ်ဆွဲထားသည်။ တစ်ပုံးအား ကြက်ပွဲအတွင်းတွင် ကြက်ကိုင်သူများက ၎င်းတို့ ကြက်များကို လှုံ့ဆော်ရန်နှင့် ရန်လိုလာစေရန်အတွက် ကြက်များကို တံတွေးဆွတ်နိုင်ရန် လိုအပ်သော တံထွေးကို ထုတ်ရာတွင် အသုံးပြုသည့် သကြားများထည့်ထားသည်။ အခြားပုံးတစ်ပုံးတွင် တစ်ချီပြီးတိုင်းတွင် ကြက်များ ပြင်းထန်စွာ ဒဏ်ရာရခြင်း ရှိ၊ မရှိကို ဆုံးဖြတ်ရန်နှင့် ကြက်များ၏ တုံ့ပြန်မှုကို စမ်းသပ်ရန်အတွက် ကြက်များ၏ နားအတွင်းသို့ ညင်သာစွာ ထိုးသွင်းရသော ကြက်တောင်များကို ထည့်သွင်းထားသည်။
အမျိုးသားနှစ်ဦးက ကွင်းအတွင်းသို့ ၎င်းတို့၏ကြက်များဖြင့် ဝင်ရောက်လာခဲ့ပြီး ကြက်များအား ရေဆွတ်ထားသော တဘက်များဖြင့် သပ်ချကာ ၎င်းတို့၏ ပါးစပ်များ၊ လက်များဖြင့် ကြက်များ၏ လည်ပင်းကို အာငွေ့ပေးပြီး တိုက်ခိုက်ရန်အတွက် ပြင်ဆင်နေကြသည်။ တိုက်ကြက်များအား ကွင်းအလယ်တွင် တင်လိုက်ကြပြီးနောက် တိုက်ခိုက်မှု စတင်ကြသည်။
ပွဲအစပိုင်းတွင် တစ်ကောင်နှင့်တစ်ကောင် အပြန်အလှန် အကဲခတ်နေကြပြီးနောက် နှုတ်သီးနှစ်ခုမှာလည်း စင်တီမီတာ အနည်းငယ်မျှသာ ကွာဝေးတော့သည်။ ပထမဆုံး ကြက်ကိုင်သူက ၎င်း၏ ကြက်ကို လေဖြင့် မှုတ်လိုက်ပြီးသည့်နှင့် တစ်ပြိုင်နက် ကွင်းအတွင်းရှိ ၎င်း၏ကြက်က အတက်ဖြင့်ထိုးခြင်း၊ အတောင်များဖြင့် ရိုက်ခြင်း၊ နှုတ်သီးဖြင့် စိတ်ဆိုးမာန်ဆိုး ထိုးဆိတ်ခြင်းများဖြင့် အလျင်အမြန် စတင်တိုက်ခိုက်လေတော့သည်။ ချက်ခြင်းဆိုသလိုပင် ကွင်းဘေးပတ်လည်ရှိ အမျိုးသားများ၏ အော်ဟစ်သံများ၊ စာရင်းကိုင်သူ၏ စားပွဲသို့ အပြေးအလွှား သွားရောက် လောင်းကြေးထပ်ခြင်းများလည်း ရုတ်ချည်း ပေါ်ပေါက်လာခဲ့သည်။
တိုက်ခိုက်နေစဉ်အတွင်း ကြက်ကိုင်သူများက ၎င်းတို့၏ ကြက်နှင့်အတူ ထပ်ချပ်မကွာ လိုက်ပါရွေ့လျားကြပြီး ကြက်တွန်သံပြုလုပ်ကာ တိုက်ခိုက်ရန် လှုံ့ဆော်ပေးခြင်း၊ ရေမှုတ်ပေးခြင်းနှင့် ၎င်းတို့လက်များအား တိုက်ကြက်၏ မျက်နှာပြင်ပေါ်သို့ ဝှေ့ယှမ်းခြင်းများကို ပြုလုပ်ကြသည်။ ကြက်တိုက်ပွဲမှာ သုံးနာရီသာသာ ကြာမြင့်သွားပြီ ဖြစ်သည်။ ကွင်းပိုင်ရှင်နှင့်အတူ ထိုင်နေသော ဦးမြတ်သီဟက “ဒါက ရှည်ကြာမျှတတဲ့ ပျင်းရိဖွယ် တိုက်ခိုက်မှုပါ။ သရေကျနိုင်ပါတယ်။ ဒီလိုဆိုရင်တော့ ဘယ်သူမှ မနိုင်ပါဘူး” ဟု ခေါင်းကို ငဲ့ဆောင်းကာ တီးတိုးရေရွတ်လိုက်သည်။
သို့သော် ၁၀ မိနစ်ပင်မကြာသောအချိန်တွင် ကြက်တစ်ကောင် ဖင်ထိုင်ကျသွားကာ သတိမေ့သွားခဲ့ပြီးနောက် (“ဒါပေမယ့် မသေသေးဘူး” ဟု ဦးမြတ်သီဟကဆိုသည်။ “ကျွန်တော်တို့က သူတို့ကို ဘယ်တော့မှ မသေစေချင်ပါဘူး။”) ကွင်းအစွန်းသို့ တွန်းထုတ်ခံလိုက်ရသည်။ အခြားကြက်တစ်ကောင်က လဲကျသွားသည့် ကြက်၏ ကိုယ်ပေါ်တွင် မတ်မတ်ရပ်နေပြီးနောက် ပွဲအဆုံးတွင် အနိုင်ရသူကို ကြေညာလိုက်သည်။
စုရုံးနေသော လူအုပ်ထံမှ အောင်ပွဲခံသံများနှင့် ရှုံးညည်း ညည်းသံများလည်း ပေါ်ထွက်လာခဲ့သည်။ အမျိုးသားများကလည်း အနိုင်ရရှိသောလောင်းကြေးကို ရယူရန် စာရင်းကိုင်စားပွဲသို့ ချက်ခြင်းဆိုသလို စုပြုံရောက်ရှိသွားကြသည်။ စာရင်းကိုင်သူက သူမ၏ ရှုပ်ထွေးလှသော လက်ရေးဖြင့် ရေးမှတ်ထားသည့် စာရင်းမှ အမည်နှင့် နံပါတ်များကို တိုက်စစ်ကာ သပ်သပ်ရပ်ရပ်ခေါက်ထားသော ကျပ်ငွေအုပ်များကို ထုတ်ပေးနေသည်။
“ရဲအမှုထမ်းတွေ၊ အာဏာပိုင်တွေနဲ့ အစိုးရက ဒီနေရာအကြောင်းကို သိကြပါတယ်” ဟု ကြက်ပွဲကို လာရောက်ကြည့်ရှုသည့် မွန်ပြည်နယ်မှ ကျောင်းဆရာတစ်ဦးဖြစ်သူ အသက် ၄၉ နှစ်အရွယ် ဦးမြင့်သက်က ဆိုသည်။ “ကျွန်တော်တို့က သူတို့ကို ပိုက်ဆံပေးလိုက်ရုံပါပဲ။ ပြီးတော့ သူတို့က ကျွန်တော်တို့ကို မသိချင်ယောင် ဆောင်လိုက်ကြပါတယ်” ဟု ၎င်းကပြောသည်။
ပြုံးရွှင်နေသော ဦးမြတ်သီဟက ၎င်း အနိုင်ရခဲ့သည့် ငွေများကို ထုတ်ပြပါသည်။ ဤည၏ ပထမဆုံးပွဲအတွက် ကျပ် ၄၀၀,၀၀၀ ရရှိခဲ့ပြီး ဤပမာဏမှာ ပြောပလောက်ဖွယ်မရှိသော အနိုင်ရရှိမှုပင် ဖြစ်သည်။
“ဒီခေတ်မှာ ပွဲကြီးပွဲကောင်းတွေအတွက် ကျပ် သိန်း ၅၀ ကနေ သိန်း ၁၀၀ လောက်အထိရှိတဲ့ လောင်းကြေးက သာမန်လောက်ပါဘဲ” ဟု ဦးမြတ်သီဟက ဆိုသည်။ “အချို့ အပျော်တန်းအဆင့် ကြက်ပွဲတွေမှာတော့ သူတို့က ကျပ် ၄၀,၀၀၀ ဒါမှမဟုတ် ၅၀,၀၀၀ လောက်နဲ့ စလေ့ရှိပါတယ်” ဟုလည်း ၎င်းကပြောသည်။
သို့သော် အနိုင်၊ အရှုံးအကြောင်းကို ပြောကြားရန်မှာ အချိန်အနည်းငယ်မျှသာ ကြာမြင့်ပေသည်။ ကွင်းအတွင်းသို့ အခြားတိုက်ကြက်တစ်စုံ ဝင်ရောက်လာသောကြောင့်ပင်ဖြစ်သည်။ အမျိုးသားများကလည်း ကွင်း၏ လေးဘက်လေးတန်တွင် စတင်စုရုံးနေကြပြီး စတင် တိုက်ခိုက်လိုက်သည်နှင့်တစ်ပြိုင်နက် ကြက်ပွဲမှာ ပြန်လည်စည်ကားလာလေတော့သည်။
* ပါဝင်သော လူအမည်များအား ပြောင်းလဲထားပါသည်။
အောင်မင်း ဘာသာပြန်သည်။